အပ်ချုပ်သမား (၁) ... ။
Vol. 75 Ch. 892
“ ဘရူး ... ။ ”
ဤသည်မှာ သူ့နောက်ထံပါးမှ လာခြင်းဖြစ်၏။ ထိုဓားမြည်သံ ထွက်ပေါ်လာ သည်နှင့်တပြိုင်နက် အမှောင်ကမ္ဘာကြီးသည် ပြင်းစွာတုန်ခါသွားပြီး ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
“ ခရစ် ... ။ ”
စူးရှသော အလင်းတန်းများသည် ထိုအက်ကွဲကြောင်းများကြားမှ တိုးဝင်လျက်ဖြင့် အာရုံခြောက်ပါး ပြန်လည်ကြည်လင်လာ၏။
ထိုခဏ၌ပင် သူရှေ့တစ်လံခန့်အကွာသို့ ရောက်ရှိနေသည့် အပ်ချုပ်သမားလက်ဖဝါးကို မြင်တွေ့လိုက်ရသည်။
“ ဝှစ် ... ။ ”
သို့သော် အပ်ချုပ်သမားသည် တစ်စုံတစ်ရာအပေါ် ကြောက်လန့်သွားသကဲ့သို့ ချက်ချင်းလက်ကို ပြန်ရုတ်ပြီး နောက်ထံပါးဆီ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားတော့၏။
မူလ သူရှိနေသော လေဟာနယ်တွင် ဓားရောင်ဝါများသည် မုန်တိုင်းတစ်စင်းကဲ့သို့ ဖြတ်တိုက်သွားပြီး ပေတစ်ရာခန့် စုပ်ဝဲကြီး အသွင်ဖြစ်ပေါ်လာသည်။
အကယ်၍သာ အပ်ချုပ်သမားသည် အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိခဲ့သော် ထိုဓား ရောင်ဝါအောက်တွင် ကြေမွသွားပေလိမ့်မည်။ ဤမြင်ကွင်းကြောင့် စုရီမှ အံ့သြသွားရ၏။
အပ်ချုပ်သမား၏ လှည့်ကွက်အပေါ် ငရဲဘုံကိုးပါးဓားထုတ်သုံးကြည့်ရန် ပြင်လိုက်စဉ် ထိုဓားသံပေါ်ထွက်လာခြင်းပေပင်။
အမှောင်ထုကြီးသည် ၎င်းအောက်၌ လုံးဝပေါက်ကွဲပျက်စီးသွားပြီး အလင်းရောင်များ ပြန်လည်လွှမ်းမိုးလာ၏။
အဝေးတစ်နေရာတွင် အပ်ချုပ်သမား၏ မျက်နှာသည် မယုံကြည်နိုင်လောက်အောင်ပင် တုန်လှုပ်မှုများထင်ဟပ်လာခဲ့သည်။
သူ၏ အိပ်မက်ဆိုးကမ္ဘာသည် နယ်ပယ်ဘုရင်တစ်ပါးကိုပင် အလွယ်တကူ ပိတ်လှောင် သတ်ဖြတ်နိုင်နေသော်လည်း ယခုအခါတွင် ပျက်စီးသွားရ၏။
စုရီက ချင်းတန်ထံ လှည့်ကြည့်သည်။ ချင်းတန် လက်ထဲတွင်ကြေးညိုဓားအိမ်တစ်ခုကို လက်နှစ်ဖက်ဖြင့် ကိုင်းထားကြောင်း မြင်လိုက်ရ၏။
ဓားမြည်သံသည် ထိုဓားအိမ်အတွင်းမှ လာခြင်းဖြစ်လေသည်။ သူမမျက်နှာထက်တွင် အလွန်အမင်း စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက် နေတော့၏။
စုရီမှ လှည့်ကြည့်လာသည်ကို မြင်လိုက်သောအခါ အိပ်မက်မှနိုးထလာသကဲ့သို့ ဖြစ်သွားပြီး ဦးညွှတ်လျက် ထိုကြေးညို ဓားအိမ်ကို ပေးအပ်လာခဲ့သည်။
“ ဆရာ... ဒါက တပည့်ပေးတဲ့ နောက်ဆုံးလက်ဆောင်ပါ ဒီဓားကို ဆရာ တစ်ယောက်တည်းသာ ဆွဲနိုင်မှာပါ။ ”
“ ကလစ် ... ။ ”
ချင်းတန်၏ အသံမှာ တုန်ရီနေ၏။ စုရီတစ်ယောက် လက်မလှမ်းမီမှာပင် ဓားအိမ်ရှိ တံဆိပ်သည် ရုတ်ချည်းပွင့်ထွက်သွားသည်။
“ ဘရူး ... ။ ”
ထို့နောက် သစ်သားကဲ့သို့ အနက်ရောင်ဓားတစ်လက် ထွက်ပေါ်လာပြီး စုရီအနားတွင် ဝမ်းသာအားရပတ်ချာလည် လှည့်ပတ်ပျံသန်းတော့၏။
ဓားကိုယ်ထည်တွင် ရှန်းယွီဟူသော စာလုံးနှစ်လုံးကို ရေးထိုးထားသည်။ အရိုး၌မူ ဒေါင်လိုက် မျက်ဝန်းပုံစံပါရှိ၏။
စုရီမှ လှမ်းကိုင်လိုက်သောအခါ သူနှင့်ရောယှက်သွားသကဲ့သို့ ရင်းနှီးလွန်းသည့် ခံစားချက်များ ပေါ်လာသည်။
“ ကလန် ... ။ ”
အသိစိတ်ပင်လယ်အတွင်းရှိ ငရဲဘုံကိုးပါးဓားသည်လည်း ပြင်းစွာတုန်ခါပြီး သံကြိုးတစ်ချောင်းသည် လွတ်မြောက်လိုဟန် ဟိန်းဟောက်ယိမ်းထိုးလာ၏။
“ ဘရူး ... ။ ”
သစ်နက်သားဓားမှ တုန့်ပြန်သည့်အနေဖြင့် သူ့ရောင်ဝါများထုတ်လွှတ်ပြသပြီး မိုင်သောင်းချီ လွှမ်းမိုးတော့သည်။
ထိုရောင်ဝါအောက်တွင် လူတိုင်း မိမိကိုယ်ကိုယ်အလွန်သေးငယ်သော ဖားသူငယ် များကဲ့သို့ ခံစားရစေ၏။ ယင်းသည် နတ်ဘုရား တစ်ပါး၏ ရောင်ဝါကဲ့သို့ ကြီးစိုးလှသည်။
“ အဲဒီဓားလား ... မဖြစ်နိုင်ဘူး အဲဒီဓားကတံငါသည်လှေကို ဖိနှိမ်ထားလို့သာ ခုချိန်ထံ သူ မလွတ်မြောက်နိုင်သေးတာ။ ”
အပ်ချုပ်သများက တုန်လှုပ်သွား၏။ ရိုရှသည်ပင် အဝေးမှချွေးအေးများ စီးကျလာ တော့သည်။
“ ဓားတစ်လက်က ... ကံကြမ္မာကို ဖြတ်တောက်နိုင်တယ်။ ”
ချင်းတန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤဓားသည် ဆရာဖြစ်သူ အမြတ်နိုးဆုံးဓားဖြစ်ပြီး အထိန်းအကွပ်မဲ့ကာ လွတ်လပ်သောအဓိပ္ပာယ်ဆောင်၏။
“ နန်းတော်သခင်လား ... ။ ”
အပ်ချုပ်သမား တစ်ယောက် လေးနက်သွားသည်။ တစ်ဖက်လူခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် နတ်ဘုရား တစ်ပါး ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ပြောင်းလဲနေချေပြီ။ စုရီက မျက်ဝန်းများ တည်ငြိမ်သွားပြီး၊
“ ဒီဘဝမှာ ... ငါက သူ မဟုတ်တော့ဘူး။ ”
-ဟု ပြန်ဖြေလိုက်သည်။
“ တကယ်လား ... ။ ”
အပ်ချုပ်သမားမှ တွန့်ဆုတ်နေဆဲဖြစ်၏။
“ ဘာလို့ မစမ်းကြည့်တာလဲ ကြောက်နေတာလား။ ”
စုရီမှ လှောင်ပြောင်လိုက်ပြီး သစ်နက်ဓားကိုဝှေ့ယမ်းကာ ပေတစ်ထောင် အကွာမှပင် ခုတ်ပိုင်းချလိုက်တော့သည်။
“ အသက်ဝင် ... ။ ”
“ ဝုန်း ... ။ ”
အပ်ချုပ်သမားခမျာ အစွမ်းကုန် ခုခံရန်ကြိုးစားလိုက်၏။ သို့သော် ထိုဓားချက် အောက်တွင် သူကိုယ်သူကာကွယ်ထားသော အမှောင်နံရံမှာ တဖွဲဖွဲကြွေကျသွားသည်။
“ ဝေါ့ ... ။ ”
အပ်ချုပ်သမားတစ်ယောက် ခြေလှမ်းကိုးလှမ်းခန့် နောက်ဆုတ်သွားခဲ့ပြီး ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်နှင့် သွေးအချို့ အန်ထုတ်လိုက်ရ၏။
လူတိုင်းမျက်လုံးပြူးကုန်သည်။ အစောပိုင်းက အရှိန်အဝါ ကြီးမားလွန်းလှသော အပ်ချုပ်သမားသည် သစ်နက်ဓားအောက်တွင် တစ်ချက်တည်းဖြင့် သွေးအန်သွားရချေပြီ။
“ ငါနားလည်ပြီ ... လောကသခင် ချန်ထားခဲ့တဲ့ စွမ်းအားတွေကို သုံးနေခဲ့တာပဲ ဒါပေမယ့် ... အဲဒီစွမ်းအားက ကြာကြာမခံမှာ ငါကြောက်မိတယ်။ ”
အပ်ချုပ်သမားက ဒဏ်ရာရရှိသွားသော်လည်း ပြုံးရွှင်စွာဖြင့် တုန့်ပြန်ပြောကြားလိုက်သည်။
“ မင်းကို သတ်ဖို့အတွက်တော့... လုံလောက်ပါတယ်။ ”
စုရီက ဓားကိုကိုင်ဆွဲလျက် ရှေ့သို့ တိုးဝင်လိုက်တော့သည်။ စူးရှသောရောင်ဝါများ ပတ်ဝန်းကျင်အနှံ့ပျံ့နှံ့လာစဉ် အပ်ချုပ်သမား သည်လည်း အိပ်မက်ခိုးယူခြင်းဥပဒေကို ချက်ချင်းထုတ်သုံးလိုက်ရ၏။
“ အသက်ဝင် ... ။ ”
စုရီက ပြုံးသည်။
“ အဖိုးကြီး ... မင်းလိုကြွက်အိုကြီး တစ်ကောင်က အသိုက်ထဲကနေထွက်လာပြီး အခုလိုထုတ်ဖော်ပြတာက မင်းရဲ့အကြီးမားဆုံး အားသာချက်ကို ဆုံးရှုံးသွားစေပြီ။ ”
“ ဝုန်း ... ။ ”
စကားဆုံးသည်နှင့် စုရီက ဓားချက်များကို ထပ်မံထုတ်ဖော်လိုက်၏။ ဓားရည်ရွယ်ချက်များ လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်လာပြီး အမှောင်ထု အပေါ် အပိုင်းပိုင်းဖြတ်တောက်ပစ်သည်။
ခဏချင်းမှာပင် အပ်ချုပ်သမား၏ ခန္ဓာကိုယ်ပေါ်၌ သွေးစို့နေသော ပြတ်ရှရာများ ပေါ်ထွက်လာပြီး အရိုးများမြင်လာရ၏။
“ ချိုးဖြတ်စမ်း ... ။ ”
အပ်ချုပ်သမားက အသည်းအသန် ရုန်းထွက်ရန်ကြိုးစားသော်လည်း မအောင်မြင် ခဲ့ချေ။ သစ်နက်သားဓားသည် ကောင်းကင်မှ ကျဆင်းဖိနှိပ်လာ၏။
“ ခရစ် ... ။ ”
“ ဝေါ့ ... ။ ”
အပ်ချုပ်သမား၏ လက်နက်မှာ အပိုင်းပိုင်းပြတ်တောက်သွားပြီး သွေးများစွာ အန်လျက် ကောင်းကင်မှပြုတ်ကျသွားတော့၏။
“ ဝုန်း ... ။ ”
မြေပြင်၌ကြီးမားသော တွင်းနက်ကြီး တစ်ခုဖြစ်ပေါ်လာသည်။ တွင်းအောက်ခြေတွင် အပ်ချုပ်သမားသည် သွေးအိုင်ထဲ လူးလွန့် နေတော့၏။ မြင်ရသည်မှာ အလွန်ပင် ရင်နာစရာ ကောင်းလှချေပြီ။
“ ဒါက တကယ်ပဲ ဘီလူးစုလား။ ”
ပေ့ကျန်းမှ အသက်ရှူမှားသွားသည်။ အစောပိုင်းက ချင်းတန်သည် နယ်ပယ်ဘုရင် အဆင့် နီးပါးခွန်အားကို ပြသခဲ့သော်လည်း အပ်ချုပ်သမားရှေ့တွင် ခုခံနိုင်စွမ်းမဲ့ခဲ့၏။
သို့သော် ယခုအခါတွင် သစ်နက်ဓားကိုကိုင်ထားသော စုရီ၏ရှေ့တွင်မူ အပ်ချုပ်သမားခမျာ အားကိုးရာမဲ့ ဖြစ်နေခဲ့တော့သည်။
“ ဆရာ ... ။ ”
ရုတ်တရက် ရောင်ဝါနှင့် တိုက်ပွဲဝင်ပုံစံ ပြောင်းလဲသွားသောကြောင့် တပည့်များအားလုံး မှင်သပ်ကုန်၏။ သူတို့ဆရာသည် တစ်စုံတစ်ဦး အဖြစ် အသွင်ပြောင်းသွားချေပြီ။ လွတ်လပ် ပေါ့ပါးပြီး အထိန်းအကွပ်မဲ့နေ၏။
ဤမြင်ကွင်းက ချင်းတန်၏ ဖြူလျော်နေသောနှုတ်ခမ်းလွှာကို တုန်ရီစေ၏။ ထိုရောင်ဝါကို သူမ အလွန်ရင်းနှီးလှသည်။
ယင်းသည် ကောင်းကင်မှ နတ်ဘုရားများသည်ပင် သူ့ရှေ့ဦးညွှတ်ရမည်ဟု ကြွေးကြော်ထားသည့် ကြယ်တာရာဗဟိုဒေသမှ ဒဏ္ဍာရီလာဓားသမားကြီးပေပင်။
ထိုစဉ် စုရီက လေထုအလယ်ရပ်လျက် မြေတွင်းကြီးထဲရှိအပ်ချုပ်သမားကို ငုံ့ကြည့်ကာ လှောင်ပြုံးဖြင့်၊
“ အဖိုးကြီး ... မင်းလိုကိုယ်ပွားလေး တစ်ယောက်က ဒီလောက်အထိ ကြောက်လန့် နေစရာလား ကြည့်ရတာ အတိတ်ကငါ့ရဲ့ဓားနဲ့ မင်းရဲ့မာနကို ချိုးပစ်ခဲ့မိပြီထင်တယ်။ ”
-ဟု ပြောကြားလိုက်၏။
အပ်ချုပ်သမားဘဝတွင် တစ်ကြိမ်တည်းသောအရှုံးသည် လောကသခင် လက်၌ဖြစ်ချေပြီ။ ထို့ကြောင့် အပ်ချုပ်သမားက အော်ဟစ်ရယ်မောလိုက်၏။
“ ဟားဟားဟား ... မင်းတကယ် အသက်ရှင်နေသေးရင်တော့ ... ငါကိုချက်ချင်း ပြေးမိစေလိမ့်မယ် အခုတော့ မင်းက ...
... ဒီလောကမှာ မရှိတော့သလို လူသားနန်းတော်ဂိုဏ်းလည်း ပျက်စီးသွားပြီ နောက်ဆုံးတော့ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးလဲ မင်းသိသင့်ပါတယ်။ ”
စကားဆုံးသည်နှင့် သွေးအိုင်ထဲမှ ထရပ်လိုက်ကာ အပ်ချုပ်သမားတစ်ယောက် လေထဲပျံတက်လာခဲ့သည်။ သို့သော် စုရီမှ ခွင့်မပြုတော့ချေ။
လက်ကိုဆန့်ထုတ်လိုက်ရာ လေဟာနယ် ပေါက်ကွဲသွားပြီး ကြီးမားလှသောလက်ဖဝါးကြီး တစ်ဖက် အပ်ချုပ်သမားထံအုပ်မိုးလာခဲ့၏။
“ မကောင်းတော့ဘူး ... ။ ”
အပ်ချုပ်သမားခမျာ ကောင်းကင် ခိုးယူခြင်းတံဆိပ်ဖြင့် ပြန်လည်ခုခံခဲ့သော်လည်း ချက်ချင်းပျက်ပြယ်ကာ ယင်ကောင်တစ်ကောင် ကဲ့သို့ ဖမ်းဆီးခြင်းခံလိုက်ရလေသည်။
“ ငါက ဒီလောကမှာ ... မရှိတော့ဘူးဆိုရင်တောင် မင်းလိုကိုယ်ပွားက ငါ့ရှေ့မှာ မောက်မာပြနိုင်မယ် ထင်နေတာလား တကယ် အရိုက်ခံချင်နေပြီထင်တယ်။ ”
“ မင်း ... ။ ”
စကားဆုံးသည်နှင့် စုရီက အပ်ချုပ်သမားနဖူးကို လက်ညှိုးဖြင့်ထိလိုက်ပြီး ကျင့်ကြံမှုအပေါ် ချက်ချင်းကန့်သတ်ပစ်၏။ ထို့နောက် ချင်းတန်ထံ ပစ်ပေးလိုက်ကာ၊
“ သူ့ကို ခဏစောင့်ကြည့်ထား။ ”
-ဟုဆိုလျက် ရိုရှထံလှည့်ကြည့်လေသည်။
ရုတ်တရက် စုရီကဲ့သို့လူမှ သူမအပေါ် အာရုံစိုက်လာသဖြင့် ရိုရှခမျာ ထိတ်လန့်တုန်ရင် သွားပြီး အရိုးဖြူမီးတောက်ထီးကို ချက်ချင်း ထုတ်ယူလိုက်တော့သည်။
“ တကယ်ပဲ ... မင်းကကျုံးမျိုးနွယ်ရဲ့ မျိုးဆက်ဖြစ်နေတာကိုး။ ”
“ ဝှစ် ... ။ ”
စုရီက ရေရွတ်လိုက်ပြီးနောက် သစ်နက်ဓားဖြင့် ကိုးကြိမ်တိုင်အောင် ထိုးသွင်း ပစ်လိုက်လေသည်။
“ ခရစ် ... ။ ”
လေဟာနယ်ပြိုကျလျက် အရိုးဖြူ မီးတောက်ထီးသည် အပိုင်းပိုင်းပြတ်တောက် သွားကာ တာအိုရူရ်များ ပျက်စီးကုန်တော့၏။
“ ဝုန်း ... ။ ”
အဆုံးတွင် နယ်ပယ်ဘုရင်များ၏ တိုက်ခိုက်မှုများကိုပင် ဟန့်တားပေးနိုင်သော ထိုရတနာသည် အမှုန့်ဖြစ်သွားရသည်။
“ ဝှစ် ... ။ ”
ရိုရှတစ်ယောက် အသည်းအသန်ဖြင့် ထီးဖြူကြီးကိုပစ်ချကာ လျှို့ဝှက်တံဆိပ်တစ်ခု အသက်သွင်းကာ ချက်ချင်းဆုတ်ခွာလိုက်၏။ ရုတ်ချည်းဆိုသလိုပင် တံဆိပ်ထံမှ ထူးခြားသော ရောင်ဝါများ ထွက်လာပေါ်ပြီး၊
“ ဟမ့် ... ဘယ်လိုလူမိုက်က ငါ့ရဲ့ကျုံးမျိုးနွယ်အပေါ် တိုက်ခိုက်ဝံ့တာလဲ မင်းတကယ်ပဲ ... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ ”
-ဟု အော်ငေါက်လာတော့၏။
***