အာကာသအတွင်းမှ အမည်မသိအမျိုးသမီး ... ။
Vol. 75 Ch. 894
ရွှမ်ဟွမ်ကြယ်စုအပြင်တွင် အာကာပြင်ကြီးသည် ကြယ်တာရာများဖြင့် အလင်းရောင်များ တောက်ပနေသည်။
အနက်ရောင်ဟင်းလင်းပြင်ကို နောက်ခံပြုလျက် မရေမတွက်နိုင်လှသော ကြယ်စုများအဆုံးမဲ့ လွင့်မျောနေတော့၏။
“ ဝမ် ... ။ ”
ထိုလွင့်မျောနေသော ကြယ်အပျက်အစီး တစ်ခုပေါ်တွင် အလင်းရောင်များ ရုတ်တရက် တောက်ပလာပြီး အနက်ဝတ်အဘိုးကြီးတစ်ဦး ရုတ်ချည်းပေါ်လာခဲ့သည်။
ဤသည်မှာ အပ်ချုပ်သမား၏ အစစ်အမှန်ပုံပန်းသဏ္ဌာန်ပေပင်။ သူ့လက်ထဲ၌ လူ့အရေခွံတစ်ခုကို ဒေါသတကြီး ဆုပ်ကိုင်ထားသည်။
ဤသည်မှာ ဘုန်းကြီးကျိယွမ်၏ အရေပြားပေပင်။ လက်တစ်ချက်လှုပ်ပြလိုက်ရာ ထိုအရေပြားသည် ရုတ်တရက်မီးလောင်လျက် အနက်ရောင်အမှုန်များအဖြစ် ပြောင်းလဲသွား၏။
“ ဟမ့် ... ဒီတစ်ကြိမ် ငါထွက်ပြေးရရင်တောင် မင်းပြန်ဝင်စားတယ် ဆိုတာ သေချာနေသရွေ့ ... ငါ့အတွက် လုံလောက်နေပါပြီ။ ”
“ ဟမ့် ... ။ ”
အပ်ချုပ်သမားတစ်ယောက် အံကြိတ်ပြီး ညည်တွားလိုက်သည်။ ထိုစဉ်ရုတ်ချည်းတစ်ခုခု ခံစားလိုက်ရသဖြင့် ချက်ချင်းမော့ကြည့်၏။
“ ဖြန်း ... ။ ”
အာကာသအတွင်း ဓားတစ်လက် ချက်ချင်းပေါ်လာပြီး သူ့ပါးကိုဖြန်းခနဲရိုက်ချ လာလေသည်။ သူ တုံ့ပြန်တော့မည့်အချိန်တွင် ထိုဓားသည် ချက်ချင်းပျောက်ကွယ်သွား၏။
ယင်းသည် အပ်ချုပ်သမားကို မျက်နှာ နီမြန်းစေလျက် နှလုံးသား၌သွေးစိမ်းများရှင်ရှင် ကျဆင်းလာစေသည်။
မျက်နှာအပေါ်မှ နာကျင်မှုထက် နှလုံးသားသည် ပို၍နာကျင်ချေ၏။ ကြီးစွာသော အရှက်ခွဲခြင်း ခံရခြင်း ပေပင်။
ထိုသစ်နက်ဓားသည် သူ့ကို သတ်နိုင်သော်လည်း မသတ်ဘဲ ပါးရိုက်ကာ ဆုတ်ခွာသွားခြင်းဖြစ်ချေ၏။
အလွန်မထီမဲ့မြင်ပြုလွန်းနေသည်။ ဤသည်မှာသူ့မာနကိုနင်းချေကာ အရှက်ခွဲရန် ရည်ရွယ်ထားကြောင်း မြင်သာချေ၏။
သူသည် တစ်ပါးသူ၏ ကိုယ်ပွား ဖြစ်နေသော်မှ ချက်ချင်းပြန်လှည့်ကာ သေရှင် တိုက်ပွဲဝင်လိုစိတ်များ ဖြစ်ပေါ်လာသည်။
သို့သော် အဆုံးတွင် သူ့ကိုယ့်သူ ထိန်းချုပ်နိုင်ခဲ့ကာ၊
“ လောကသခင် မင်းစောင့်နေပါ မင်းရဲ့အရေခွံကိုခွာပြီး ခန္ဓာကိုယ်တစ်ခုအဖြစ် ချုပ်ဖို့အတွက် ကောင်းကင်အပ် ငါသုံးမယ် ... မင်းငါ့ရှေ့မှာ ထာဝရဒူးထောက်စေပြီး ပါးပြန်ရိုက်ပြမယ်။ ”
-ဟု အံကြိတ်ကတိပြုလိုက်သည်။
စကားဆုံးသည်နှင့် အပ်ချုပ်သမား တစ်ယောက် ချက်ချင်းပင် လှည့်ထွက်သွား၏။ သူ့အသွင်သည် အနက်ရောင်ကြိုးမျှင်အလား အာကာသအတွင်း ဖြတ်သန်းနေတော့သည်။
နာရီဝက်အကြာတွင် ထိုအနက်ရောင် ကြိုးမျှင်သည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အဖိုးအိုတစ်ဦးအဖြစ် ပြန်ပေါ်လာကာ ရှေ့သို့မျှော်ကြည့်လိုက်၏။
အမျိုးသမီးတစ်ဦး ထိုအရပ်၌ ရပ်နေသည်။ မီးခိုးရောင်ဝတ်ရုံနှင့် ကောက်ရိုးခြေညှပ်ဖိနပ်ကို စီးထားပြီး အနက်ရောင်ဆံပင်များကို အနီရောင် ကြိုးဖြင့် စည်းနှောင်ထား၏။
ကြေးဝါမျက်နှာဖုံးတစ်ခုသည် သူမမျက်နှာကိုတဝက်တိတိ ဖုံးအုပ်နေခဲ့ပြီး ခရမ်းရောင်ဖျော့ဖျော့ မျက်ဝန်းတစ်စုံကို ပေါ်လွင်နေစေသည်။
ညာဘက်လက်တွင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားကာ ရောင်ဝါများသိမ်းထား၏။ ထိုမှတပါးအခြား ရတနာများ မပါရှိချေ။
အာကာသကြီးကို သူမ ခြေထောက်အောက်တွင် နင်းထားသကဲ့သို့ ပေါ့ပေါ့ပါးပါး ရပ်နေသည်။
သို့သော်လုံးဝလွှမ်းမိုးမှုနှင့် ပြိုင်ဘက်ကင်း ယှဉ်နိုင်စရာမရှိသော စွမ်းအား၏အရှိန်အဝါကို ထိုအသွင်ကပင် ထုတ်ဖော်ပြသနေ၏။
အပ်ချုပ်သမားတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားကာ၊
“ ငါက လမ်းသွားလမ်းလာပါ ... ဒီမှာမျှော်လင့်ဘဲ ဆုံတွေ့ရပြီး ရန်ငြိုးတွေမရှိတဲ့ အတွက် ရန်သူတွေမဟုတ်ပါဘူး ... မင်းင့ါကို လမ်းဖယ်ပေးနိုင်မလား ဒီကျေးဇူးကို ငါပြန်ပေးဆပ်ပါမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ပတ်ဝန်းကျင် အာကာပြင်တဝိုက် လှံတစ်စင်းရောင်ဝါဖြင့် ချည်နှောင်ထားကြောင်း သူခံစားမိလိုက်သောကြောင့် လမ်းကြောင်း ပြောင်းရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ညှိနှိုင်းခြင်းသည်သာ ရွေးချယ်စရာရှိ၏။
“ ဟမ့် ... ကံမကောင်းစွာနဲ့ပဲ၊ ကိုယ်ပွားလေးတစ်ယောက် ဖြစ်နေတယ်။ ”
သို့သော် လှံသမားအမျိုးသမီးက ထိုအရာများကိုလျစ်လျူရှုကာ စိတ်ပျက်စွာနှင့် ညည်းညူလိုက်၏။
အပ်ချုပ်သမားတစ်ယောက် တိတ်ဆိတ်နေခဲ့ရပြီး ခါးသီးသောခံစားချက် တစ်ခု ပေါက်ဖွားလာခဲ့သည်။
ဤမတိုင်မီ သစ်နက်ဓားဖြင့် ပါးရိုက်ရန်စခြင်းခံရကာ ယခုမူအမည်မသိ ထိုအမျိုးသမီး၏ စော်ကားခြင်းခံနေရ၏။
( ဘာတွေဖြစ်နေတာလဲ ဒီအမျိုးသမီးက ဘယ်သူလဲ။ )
ယနေ့တွင် သူ့အတွက် ပြဿဒါး ဖြစ်နေပုံပေပင်။ သူ့အပေါ် မြင်သူတိုင်းသည် အလွဘ်တကူ အနိုင်ကျင့်၍ရသည်ဟု ထင်နေကြသည်လော။
“ မင်းရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ်က ဘယ်လောက်အစွမ်းထက်လဲ။ ”
အမျိုးသမီးက မေးသည်။ အပ်ချုပ်သမားမှ သူ့ကိုယ်သူတည်ငြိမ်အောင်ထားပြီး အေးစက်စွာ တုန့်ပြန်လိုက်၏။
“ ပြောရခက်တယ် ... ငါကိုယ်ငါ အရမ်းအစွမ်းထက်တယ်လို့ မပြောပေမယ့် ငါက အလွယ်တကူ ရန်ဆလို့ရတဲ့လူ မဟုတ်ဘူး ... တာအိုမိတ်တွေ မင်းဘာလို့ ဒီမေးခွန်းတွေ မေးနေတာလဲ။ ”
“ ငါ့ကို ရိုက်ပါ။ ”
“ ဘာကြီး ... ။ ”
အပ်ချုပ်သမားက မျက်ခုံးပင့်သွား၏။
“ ငါ့ကိုမင်းရဲ့ ခန္ဓာကိုယ်အစစ်အမှန်ဆီ ခေါ်သွားပြီးတိုက်ပါ။ ”
“ ဟမ့် ငါတို့ ရန်ငြိုးရှိလား။ ”
“ မင်းရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ်က ငါ့ရဲ့ တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိရင် မင်းကိုငါ့ရဲ့ လက်အောက်ငယ်သားအဖြစ် အကာအကွယ် ပေးဖို့ အခွင့်အရေးပေးမယ်။ ”
“ မင်း ... ။ ”
အပ်ချုပ်သမားခမျာ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့နားကိုပင်မယုံနိုင်အောင် ဖြစ်သွားလေသည်။ သူသည် အာကာသအတွင်း နှစ်ပေါင်းများစွာ လှည့်လည်သွားလာဖူး၏။
ကြယ်ဗဟိုဒေသကြီး၌ပင် ကြောက်စရာအကောင်းဆုံးသော ကြယ်ဘီလူး တစ်ကောင်အဖြစ် သတ်မှတ်ခံထားရ၏။
သူ့ဂုဏ်သတင်းသည် ကမ္ဘာ့ဘုရင်အဆင့် ကျွမ်းကျင်သူများကို တုန်လှုပ်သွားစေနိုင်မည်။ သို့သော် ဤအမည်မသိအမျိုးသမီးသည် သူ့အပေါ်အထင်သေးဝံ့နေ၏။
“ မြန်မြန်လုပ် ... ။ ”
အမည်မသိအမျိုးသမီးက တိုက်တွန်း၏။ ထို့ကြောင့် ဒေါသများဖြင့် မရေမရာဖြစ်သွားပြီး တိုက်ခိုက်လိုစိတ်ကိုဖိနှိပ်ကာ၊
“ မင်းရဲ့တိုက်ခိုက်မှုကို ငါတားဆီးနိုင်ရင် ငါ့အတွက်လမ်းဖယ်ပေးမလား။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
ရုတ်ချည်း အာကာပြင်ကြီး ကျုံ့ဝင်နေသကဲ့သို့ ကြယ်တွေပြည့်နှက်နေသည့် ကောင်းကင်ခမျာ ပြင်းထန်စွာတုန်ခါသွားပြီး အရာအားလုံး မှိန်ဖျော့သွားလေသည်။
စူးရှသော လှံဖျားတစ်လက်က အာကာပြင်ကို ထိုးဖောက်ဝင်ရောက်လာပြီး ချက်ချင်းပင် အပ်ချုပ်သမားလည်ပင်းထံ စူးဝင်လာ၏။
“ မင်း ... မပိတ်ဆို့နိုင်ဘူး။”
အမည်မသိအမျိုးသမီးက ပြောကြားလိုက်သည်။ အပ်ချုပ်သမားခမျာ မျက်နှာအမူအရာ ဖြူဖျော့သွားတော့၏။
စူးရှသောလှံဖျားသည် သူ့လည်မျိုအတွင်း ဖိတေ့ခံထားရသဖြင့် ချွေးစေးများပြန်လာသည်။ မည်မျှ မြန်ဆန်လွန်းသနည်း။
“ စီနီယာ ... မင်း ... မင်းက ကောင်းကင်လမ်းအပေါ်ကို ကျော်လွန်နေတဲ့ အင်မော်တယ်လား။ ”
“ အင်မော်တယ်လား ... ။ ”
အမည်မသိအမျိုးသမီးက ခေတ္တမျှ စဉ်းစားပြီးနောက်၊
“ ဒါက နာမည်တစ်ခုပါပဲ ... တကယ်လို့ ဒီလောကမှာ အင်မော်တယ်ဆိုတာ ရှိနေခဲ့ရင် ငါက ‘တောင်ရွှေ့သမား’ပဲ။ ”
-ဟု ပြန်ဖြေလိုက်၏။
“ တောင်ရွှေ့သမား ... ။ ”
အပ်ချုပ်သမားမှ တိုးတိုးလေးရေရွတ်ပြီး တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားချေသည်။ အင်မော်တယ်ဟူသည် တောင်ပေါ်တွင်ရှိသော လူသားကို ဆိုလိုခြင်းဖြစ်၏။
ထိုတောင်ကို ဖယ်ရှားလိုက်သော် အင်မော်တယ်များသည် ‘သေမျိုး’ ပြန်ဖြစ်သွား ပေလိမ့်မည်။ တစ်ချိန်တုန်းက လောကသခင် ပြောကြားခဲ့ဖူးသည့် စကားတစ်ခွန်းကို ရုတ်ချည်း ပြန်လည်အမှတ်ရလာ၏။
“ ကောင်းကင်ကြီးမှာ တကယ်ပဲ အင်မော်တယ်တွေရှိနေတယ် ဆိုရင်တောင် သူတို့တွေအားလုံး လူ့လောကကိုဆင်းလာဝံ့ရင် ငါကိုယ်တိုင် ခေါင်းငုံ့ခိုင်းမယ်။ ”
“ မင်းရှုံးပြီ၊ ငါ့ကို မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ဆီ ခေါ်သွားတော့။ ”
အပ်ချုပ်သမားတစ်ယောက် အတွေးထဲ လွင့်မျောနေစဉ် အမည်မသိ အမျိုးသမီးသည် စိတ်မရှည်စွာပြောကြားလာ၏။
အပ်ချုပ်သမားက ဝေခွဲမရဖြစ်လာသည်။ ရန်ငြိုးရန်စမရှိဘဲ ထိုသို့အကြောင်းမဲ့တိုက်ခိုက် ဖမ်းဆီးခံရသည်မှာ အဓိပ္ပာယ်မဲ့လွန်း၏။ ထိုစဉ် ရုတ်တရက် အကြံတစ်ခုရလာပြီး၊
“ စီနီယာ ... မင်းအတွက် ပြိုင်ဘက်ကောင်းကို ရှာနေတာလား ဒါဆိုရင် ငါ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ ...
.. သူက ဒီလောကကြီးမှာ ... အင်မော်တယ်တွေရှိနေတယ် ဆိုရင်တောင် သူ့ရှေ့ပေါ်လာဝံ့ရင် ခေါင်းငုံ့နေရမယ်လို့ ပြောခဲ့ဖူးပါတယ်။ ”
-ဟု အလျင်အမြန်ပြောကြားလိုက်၏။
“ ဘယ်သူလဲ၊ အခု ဘယ်မှာလဲ။ ”
အမည်မသိအမျိုးသမီးက ချက်ချင်း စိတ်ဝင်စားသွားသည်။ သို့မှသာ အပ်ချုပ်သမား တစ်ယောက် စိတ်သက်သာရာရသွား၏။
“ သူက လူသားနန်းတော်ရဲ့ ... လောကသခင်ပါ ဓားတစ်လက်နဲ့ ကြယ်ဗဟို ဒေသကြီးကို တုန်လှုပ်စေပါတယ် သူ့အတွက် ပြိုင်ဘက်တွေရှားပါးလွန်းလို့ အမြဲတမ်းပဲ ...
.... အထီးကျန်နေတယ်လို့ ဝင့်ကြွားညည်းတွားလေ့ရှိပါတယ် ... အခု ရွှမ်ဟွမ်ကြယ်မှာ ရှိနေပါတယ်။ ”
“ မင်း ... လိုက်ပို့ပေး။ ”
အမည်မဲ့အမျိုးသမီးက ချက်ချင်း ပြောလိုက်၏။ အပ်ချုပ်သမားတစ်ယောက် သေချင်စိတ်ပေါက်သွားသည်။
သူသည် ယခုပင် ထိုကြယ်စုမှ အသက်လု ထွက်ပြေးလာရခြင်းဖြစ်ရာ မည်သို့ပြန်သွားဝံ့ပါ မည်နည်း။
***