ပြန်သူနှင့် လာသူ ... ။
Vol. 75 Ch. 895
ထို့ကြောင့် ငြင်းဆန်ရန် ပြင်လိုက်သော်လည်း အမျိုးသမီးမျက်ဝန်းများ အေးစက်သွားကာ၊
“ မင်း ငါ့ကို လိမ်နေတာလား ... ငါ့ကိုတိုက်ခိုက်ဖို့ပဲသိတဲ့ အရူးမလို့ထင်ပြီး လိမ်လည်တဲ့သူတွေကို ငါအမုန်းဆုံးပဲ။ ”
-ဟု ပြောကြားလိုက်၏။
“ စီနီယာ ... ။ ”
အပ်ချုပ်သမားသည် လည်ပင်းသို့ တေ့ထားသောလှံဖျား ထိုးဖောက်ဝင်ရောက် လာသဖြင့် မျက်လုံးပြူးလျက် အမှုန်အမွှားများ အဖြစ် ချက်ချင်းပျက်စီးသွားတော့သည်။
ဤသည်မှာ အရူးမဟုတ် မည်သူသည် အရူးမည်နည်း။ အပ်ချုပ်သမားကဲ့သို့ ပရိယာယ် ကြွယ်ဝသော ကြယ်ဘီလူးကြီးသည်ပင် ထိုမျှ ကျိုးကြောင်းမဲ့လွန်းသည့် အရူးမတစ်ယောက် ထံပါးတွင် အချည်းနှီး ဖြစ်သွားခဲ့ရ၏။
အမျိုးသမီးက ဟင်းလင်းပြင်အတွင်း ဖမ်းဆုပ်လိုက်ရာ အပ်ချုပ်သမား၏ ရောင်ဝါ ကြိုးမျှတစ်စကိုရလိုက်သည်။
ထို့နောက် လိပ်ခွံတစ်ခုထုတ်ကာ ထိုကြိုးမျှင်ထည့်သွင်းပြီး အပ်ချုပ်သမား၏ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာဖွေခဲ့၏။
အလင်းရောင်များ ထွက်ပေါ်လာပြီး ဝေးကွာလှသော ကြယ်တစ်လုံးပေါ်တွင် အရက် သောက်နေသော အပ်ချုပ်သမား၏ ပုံရိပ်ကို မြင်လိုက်ရတော့သည်။
“ တွေ့ပြီ ... ။ ”
အမည်မသိ အမျိုးသမီးက ဟင်းလင်းပြင်ကိုထိုးဖောက်ကာ လက်သည်းဖြင့် ကုပ်ယူလိုက်တော့၏။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် ရုတ်တရက် ဟင်းလင်းပြင် အက်ကွဲလာသဖြင့် အပ်ချုပ်သမားတစ်ယောက် လှစ်ခနဲထွက်ပြေးလိုက်ရတော့သည်။
ထိုမြင်ကွင်းကြောင့် အမည်မသိ အမျိုးသမီးခမျာမျက်ခုံးပင့်လျက် မှတ်ချက်ပေး လိုက်တော့၏။
“ ဒီကောင် အရမ်းမြန်တယ် ... ဒီလိုထွက်ပြေးဖို့ ကျင့်သားရနေပုံပဲ။ ”
***
ထိုအချိန်တွင် တိုက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်သဖြင့် စုရီက မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သည့်နောက် အခြားသူများသည်လည်း ဆင်းသက်လာ၏။
“ ကောင်မလေး ... အတိတ်ကို မေ့ပစ်လိုက်ပါ ဒီနေ့ကစပြီး လောကကြီးမှာ မင်းရဲ့ဆရာ လောကသခင်ဆိုတာ မရှိတော့ဘူး ငါဆိုတာတစ်ချိန်က လောကသခင်ဖြစ်ပေမယ့် အခုဘဝမှာတော့စုရီပဲ ... အနာဂါတ်မှာ ငါက စုရီအဖြစ်ပဲ ဆက်ရှိနေလိမ့်မယ်။ ”
ထိုသို့ပြောပြီးနောက် စုရီရောင်ဝါသည် ချက်ချင်းလျော့ကျလာပြီး ပေါ့ပါးတည်ငြိမ်သော မူလအသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။
အခြားတပည့်များနှင့် သူမိတ်ဆွေများ အားလုံး သူ့နောက်မှလိုက်ပါလျက် ကောင်းကင် လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။
“ မင်းအဲဒီမှာ ဘာလုပ်နေတာလဲ ... ငါ့ကိုကြိုဆိုမယ်လို့ပြောခဲ့တာ မေ့နေပြီလား။ ”
တစ်ဖက်တွင် တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့သော ချင်းတန်ကိုလှည့်ကြည့်ကာ စုရီက ဖိတ်ခေါ်လိုက်သည်။
စုရီမှ ခွင့်လွှတ်ခြင်းကို မရရှိသေးသော ချင်းတန်တစ်ယောက် စိုးရိမ်စိတ်များဖြင့်ရပ်ပြီး ကျန်နေခဲ့စဉ် ထိုဖိတ်ခေါ်မှုကြောင့် မျက်ဝန်းများ နီမြန်းသွားတော့သည်။
ကောင်းကင်လှိုဏ်ဂူ တောင်ထိပ်။ တောင်တန်းကြီးတစ်ခုလုံး တိမ်တိုက်များ ရစ်သိုင်းကာ မြင့်မြတ်သောအလင်းတန်းများ ဖြာထွက်နေသည်။
အဝေးမှကြည့်သော် ဤလောကနှင့် ခွဲထွက်နေသော ပြင်ပကမ္ဘာရှိသုခမြေကဲ့သို့ ထင်မှားစေ၏။
တောင်ထိပ်တစ်နေရာတွင် သောက်ပွဲတည်ခင်းထားသည့် ဧည့်ခံပွဲတစ်ခု ကျင်းပနေသည်။
စုရီသည် အလယ်ဗဟို အဓိကနေရာတွင် ထိုင်နေပြီး ပေ့ကျန်း၊ ယွဲ့ရင်အစရှိသော သက်ရှိ ရုပ်ကြွင်းကြီးများနှင့် စကားစမြည် ပြောဆိုနေ၏။
စုရွှမ်ကြွယ်ဘဝ၌ အရိုင်းမြေကိုးပါးတွင် သူနှင့်အတူ အရက်သောက်နိုင်သူများသည် ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်ခဲ့ကြသည်။
ချင်းတန်က မနီးမဝေးတွင် တိတ်ဆိတ်စွာထိုင်နေ၏။ ဆရာဖြစ်သူနှင့် စီနီယာမောင်နှမများသည် သူမကိုခွင့်လွှတ်ခဲ့ပြီ ဖြစ်သော်လည်း အရာအားလုံးသည် အတိတ် ကဲ့သို့ မဖြစ်နိုင်တော့ချေ။
စားသောက်ဝိုင်းတွင် စုရီသည် ကောင်းကင်လမ်း၏ လျှို့ဝှက်ချက်များနှင့် ရွှမ်ဟွမ်မိခင်ချီပါရှိရာ လျှို့ဝှက်ရတနာများ အကြောင်း ပြောပြလိုက်သည်။
သက်ရှိရုပ်ကြွင်း အဖိုးကြီးများခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြတော့၏။
သူတို့သည် နယ်ပယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် လမ်းပျောက်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ ဤသတင်းသည် သူတို့ ဘဝထက်မက တန်ကြေးရှိ၏။
ထိုမျှတန်ဖိုးရှိသော လျှို့ဝှက်ချက်ကို သာမန်စကားဝိုင်းတွင်ပြောသကဲ့သို့ ပွင့်လင်းစွာ ပြောပြနိုင်ခြင်းသည် အမှန်ပင် အံ့မခန်းသည့် စိတ်ထားကြီးမြတ်မှု ဖြစ်ပေသည်။
အရက်သောက်ပွဲအပြီး၊ တောင်ထိပ်ရှိ နန်းဆောင်တစ်ခုတွင် စုရီကကုလားထိုင်ဖြင့် လှဲလျောင်းကာ အဝေးသို့ငေးမောနေ၏။
သူ့ဘေးတွင် ချင်းတန်က တိတ်ဆိတ်စွာမတ်တပ်ရပ်နေသည်။ သူမသည် အစောပိုင်းတိုက်ပွဲကြောင့် ဒဏ်ရာပြင်းထန်ကာ မျက်နှာမှာဖြူလျော်နေသော်လည်း ဂရုမစိုက် ဟန်ရှိနေ၏။
“ ဆရာ ... ဒီနှစ်တွေ တလျှောက်လုံး ဒီတပည့်က ဆရာ့ကို ဖုံးကွယ်ထားခဲ့မိပါတယ် ... ဒီအတွက် ... ။ ”
ထို့နောက် ချင်းတန် လေသံသည် တိုးညှင်းသွားပြီး၊
“ နားလည်မှုလွဲတာတွေ ပြေလည် သွားပေမယ့်လည်း ဆရာကတပည့်ကို အရင်လို ဆက်ဆံမှာ မဟုတ်တော့ဘူးဆိုတာ နားလည်နိုင်ပါတယ်။ ”
-ဟု ပြောကြားလိုက်၏။ စုရီက သူမကိုလှည့်ကြည့်လိုက်ပြီး၊
“ မင်းထွက်သွားတော့ မလို့လား။ ”
-ဟု မေးမြန်းသည်။
“ ဟုတ်ကဲ့ ... တပည့်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ မသွားခင် ဆရာနဲ့ စကား နည်းနည်းပြောချင်လို့ပါ။ ”
“ ကောင်းပြီ ပြောပါ ... ။ ”
ထို့နောက်တွင် ချင်းတန်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြ လာတော့၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက လူသားနန်းတော်တွင် နန်းတော်သခင် ကွမ်ကျူး နှင့် သူ၏တစ်ဦးတည်းသော တပည့် ချင်းတန် အပြင် အစေခံအဖိုးအိုတစ်ဦးသာရှိခဲ့သည်။
ချင်းတန်သည် ထိပ်တန်း ရှေးဟောင်းမျိုးနွယ်ဝင်ဖြစ်ပြီး အသက် (၇)နှစ် အရွယ်တွင် သူမမျိုးနွယ်စုတစ်ခုလုံး သတ်ဖြတ်ခြင်းခံခဲ့ရ၏။
ထိုစဉ်က သူမလည်ပင်းတွင် ဆွဲထားသောဓားပုံစံ ကျောက်စိမ်းဆွဲသီးကြောင့် အသက်ရှင်ခဲ့ပြီး နန်းတော်သခင်ကွမ်ကျူး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
နန်းတော်သခင်မှ သူမအတွက် ကလဲ့စားချေပေးမည်ဟု ကတိပေးခဲ့သော်လည်း ငြင်းပယ်ကာ ကိုယ်တိုင်ကလဲ့စားချေနိုင်ရန် တပည့်အဖြစ်ခံယူခဲ့ခြင်းပေပင်။
ထို့နောက် နန်းတော်သခင်နှင့်အတူ နှစ်ပေါင်း (၃,၀၀၀)ကြာ အာကာပြင်အနှံ့အပြား လှည့်လည်ကျင့်ကြံခဲ့သည်။
တစ်နေ့တွင် သူမ တစ်ဦးတည်း ကလဲ့စားချေရန် သွားချိန်တွင် ရန်သူများမှာ အကုန်သေဆုံးနေခဲ့ပြီဖြစ်၏။
ထိုသေဆုံးမှုတွင် နောက်ကွယ်၌ လျှို့ဝှက်ချက်များ ရှိနေကြောင်း မြင်သာသဖြင့် ဆရာ့ကို မေးမြန်ရန်ပြန်လာခဲ့သည်။
သို့သော်ဆရာသခင်သည် ဝင်စားခြင်းလမ်းကြောင်းကို ရွေးချယ်လျက် ထွက်သွားပြီးဖြစ်ခဲ့၏။ ထို့ကြောင့် သဲလွန်စများ ရှာဖွေကာ ရွှမ်ဟွမ်ကြယ်စုသို့ ရောက်ရှိလာပြီး စုရွှမ်ကြွယ်တပည့်ခံယူခဲ့သည်။
သူမအားကံဆိုးစေသည်မှ စုရွှမ်ကြွယ်သည် အတိတ်မှတ်ဉာဏ်များ မနိုးထသဖြင့် ရိုရှအပေါ် မောင်းထုတ်စဉ် သူမကို အပြစ်ပေးခဲ့၏။ စုရီက အကြောင်းအရာများသိရှိပြီး သက်ပြင်းချကာ၊
“ နန်းတော်သခင်က မင်းကိုအဲဒီတုန်းက မပြောပြခဲ့တာဟာ အရမ်းအန္တရာယ်များလို့ပဲ ဖြစ်ရမယ် ဒီကိစ္စက မင်းတစ်ယောက်တည်း ဖြေရှင်းနိုင်တဲ့အရာ မဟုတ်လောက်ဘူး။”
-ဟု နှစ်သိမ့်လိုက်သည်။ ချင်းတန်မှ တိတ်ဆိတ်သွား၏။ စုရီကပင်။
“ ငါက မင်းရဲ့ဆရာ နန်းတော်သခင် ... မဟုတ်တော့ပေမယ့် သူပြန်ဝင်စားလာတာမို့ သူ့ရဲ့အတိတ်ဘဝ အမှတ်တရတွေနဲ့ ကံကြမ္မာတွေကို တစ်နေ့ဆက်ခံရမှာပါ အဲဒီအချိန် ငါ မင်းကို ကူညီပေးမယ်။ ”
-ဟု ကတိပေးလိုက်၏။ ချင်းတန်တစ်ယောက် တုန်လှုပ်သွားပြီး၊
“ ဆရာ... တပည့်တော် စိတ်ထဲမှာ အရှက်ရနေပါပြီ ဆရာ့ကို ဒုက္ခမပေးဝံ့ တော့ပါဘူး ... ။ ”
-ဟု ခေါင်းငုံ့ကာဆိုသည်။
“ နားလည်မှုလွဲတာတွေ ပြီးသွားပြီပဲ၊ အရှက်ရနေစရာမလိုပါဘူး လောကသခင်ဘဝ တုန်းက ငါကမင်းရဲ့ဆရာဖြစ်ခဲ့ဖူးသလို ...
... စုရွှမ်ကြွယ်ဘဝမှာလည်း မင်းရဲ့ဆရာ ဖြစ်ခဲ့ပါတယ် ... ဒါကြောင့်အနာဂတ်မှာလည်း ငါကမင်းရဲ့ဆရာပါပဲ။ ”
ထိုစကားကြောင့် ချင်းတန် မျက်နှာထက်တွင် နေရောင်ခြည်အလင်းကဲ့သို့ တောက်ပသော အပြုံးတစ်ပွင့်ပေါ်လာပြီး၊
“ ဆရာ့ဆီက ဒီစကားကြားရတာ ဝမ်းသာပါတယ် ကြယ်ဗဟိုဒေသကနေ ဆရာ့ကို တပည့်စောင့်ကြိုနေပါ့မယ်။ ”
-ဟု ဆိုကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
တစ်ရက်အကြာတွင် ချင်းတန်သည် မည်သူ့ကိုမျှ အသိမပေးတော့ဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားရန်ပြင်တော့၏။
သို့သော် ကောင်းကင်လှိုဏ်ဂူ တောင်တံခါးဝသို့ ရောက်သောအခါ ဆရာ ဖြစ်သူနှင့် စီနီယာမောင်နှမများက သူမကို နှုတ်ဆက်ရန် စောင့်ဆိုင်းနေခဲ့ကြသဖြင့် မှင်သပ်သွားတော့သည်။
“ ဂျူနီယာညီမလေး ... ဂရုစိုက်ပါ။ ”
ကျင်းခွိုက်က နူးညံ့စွာမှာကြားသည်။ တခြားသော တပည့်များသည်လည်း ပြုံးလျက် လက်ဝှေ့ယမ်း နှုတ်ဆက်လာကြ၏။
ချင်းတန်သည်လည်း ပြုံးရွှင်လျက် ပြန်လည်ဦးညွှတ်ကာ၊
“ ဆရာနဲ့ စီနီယာအစ်ကိုတို့ အစ်မတို့လည်း ဂရုစိုက်ကြပါ။ ”
-ဟု နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
ဤသည်မှာ အရိုင်းမြေကိုးပါး ကောင်းကင်လှိုဏ်ဂူကို နှစ်ပေါင်း(၅၀၀)တိုင် အုပ်စိုးခဲ့သောဧကရီ၏ အပြန်ခရီးပေပင်။
ထိုနေ့မှာပင် ထူးဆန်းသော လှံကိုင်အမျိုးသမီးတစ်ဦးသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရွှမ်ဟွမ်ကြယ်စုသို့ ရောက်ရှိလာသည်။
“ နန်းတော်သခင် ... မင်းငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ရအောင်။ ”
သူမမျက်ဝန်းများတွင် ခရမ်းရောင်အလင်းများ တောက်ပလျက်ဖြင့် အဝေးရှိကြယ်စုကြီးထံ ငေးကြည့်လိုက်၏။
***