ငါဘယ်တုန်းကမှ မရှုံးဘူး၊ ဒါကြောင့်ဒီမေးခွန်းအတွက် အဖြေမရှိဘူး ... ။
Vol. 75 Ch. 896
“ ဟမ့် ... ဒီရွှမ်ဟွမ်ကြယ်စုရဲ့ ကောင်းကင်တာအိုက အပိုင်းပိုင်း ပြတ်နေတာလား ... ။ ”
ရုတ်တရက် လှံကိုင်အမျိုးသမီးက မျက်မှောင်ကြုတ်သွားသည်။ ရွှမ်ဟွမ်ကြယ်စု၏ ဗဟိုချက်မဖြစ်သော အရိုင်းမြေကိုးပါးရှိ ဥပဒေ စည်းမျဉ်းများတွင် ပြဿနာများရှိနေခဲ့ချေပြီ။
ယင်းသည် နဂါးများလွတ်လပ်စွာ ပျော်မြူးနိုင်သော သမုဒ္ဒရာတစ်စင်းမဟုတ်ဘဲ ရွှံ့ညွန်အိုင်တစ်ခုမျှသာ ဖြစ်နေ၏။
“ ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် အစွမ်းထက်တဲ့နဂါးတွေ ... ထွက်ပေါ်လာ နိုင်မှာလဲ။ ”
ထိုအဖိုးကြီးသည် သူမကို လိမ်ညာခဲ့ခြင်းဖြစ်နိုင်သည်ဟု ခံစားလိုက် ရတော့သည်။
သို့သော်လည်း ရောက်လာမှတော့ တစ်ခေါက်သွားကြည့်သင့်သည်ဟု ဆုံးဖြတ်ကာ ကျင့်ကြံမှုကို ဖိနှိမ်လျက်လှမ်းဝင်လိုက်၏။
“ ဟမ့် ... မလုံလောက်ဘူးလား။ ”
ရုတ်တရက် မမြင်ရသော စွမ်းအားတစ်ခုသည် နယ်ပယ်ဘုရင်သူမကို တိုက်ခိုက်လာသဖြင့် ဧကရာဇ်အဆင့်အထိ ထပ်မံနှိမ်ချလိုက်ရသည်။
“ စိတ်ပျက်စရာပဲ ... ။ ”
ဤအတွေ့အကြုံကြောင့်ပင် သည်ခရီးစဉ်အပေါ် မျှော်လင့်ချက် မရှိတော့ဘဲ ခေါင်းရမ်းလိုက်မိ၏။
ထို့နောက်တွင် နီးစပ်ရာ မြို့တစ်မြို့အတွင်းဝင်ရောက်ကာ၊
“ နန်းတော်သခင်ကွမ်ကျူးကိုသိလား။ ”
-ဟု မေးမြန်းလိုက်သည်။
အမေးခံရသူသည် ထိုမြို့ရှိ အစွမ်းအထက်ဆုံးဟုယူဆရသော ကျင့်ကြံသူ တစ်ဦးဖြစ်ချေ၏။ ရွှမ်ကျောက်အဆင့်ဟူသည် သူမအမြင်တွင် မြက်ပင်နှင့်မခြားချေ။
“ မ ... မသိပါဘူး ... ။ ”
ထိုအဖိုးကြီးမှာ ချွေးပြန်လျက် တုန်တုန်ရင်ရင် ပြန်ဖြေ၏။ လှံကိုင်အမျိုးသမီးမှ မျက်မှောင်ကြုတ်လိုက်ပြီး၊
“ သူ့ကို ခေတ်တစ်ခေတ်ရဲ့ အုပ်စိုးရှင်ဒဏ္ဍာရီပုဂ္ဂိုလ်အဖြစ် သတ်မှတ်တယ် ကြယ်ဗဟိုဒေသကို သူ့ဓားနဲ့ နှိမ်နင်းခဲ့တယ်လို့ ပြောတယ် မင်းကြားဖူးတာသေချာလား။ ”
-ဟု ထပ်မံမေးမြန်းလိုက်၏။
ထိုအဖိုးကြီး ပြောခဲ့သည်မှာ တစ်ဖက်လူအမည်ကို မည်သူ့မဆိုမေးမြန်း နိုင်ကြောင်း ပြောကြားခဲ့သည်မှာ ဟုတ်ပုံ မရတော့ချေ။
“ အဲဒါတော့ မသိပါဘူး ဒါပေမယ့် ဒီအရိုင်းမြေမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးတော့ ရှိပါတယ် ...
... ဒါပေမဲ့ သူ့အမည်ကတော့ နန်းတော်သခင်ကွမ်ကျူးတော့ မဟုတ်ပါဘူး သူ့အမည်စုရီပါ ... နတ်ဓားရှင်ရွှမ်ကြွယ် ပြန်ဝင်စားလာသူပါ။ ”
အဖိုးကြီး၏ စကားမဆုံးခင်မှာပင် အမျိုးသမီးက စိတ်ဝင်တစားဖြင့်၊
“ ဟမ့် ... လူဝင်စားလား ငါ့ကိုအသေးစိတ်ပြောစမ်း။ ”
-ဟု ထပ်မေးသည်။
ထို့ကြောင့် ရွှမ်ကျောက်ဧကရာဇ် အဖိုးကြီးသည် စုရီနှင့်ပတ်သက်သမျှအပေါ် အကုန်အစင်ပြောပြလိုက်၏။
“ စီနီယာ ငါသတိရပြီ မနေ့ကတိုက်ပွဲမှာ ကြယ်ဗဟိုဒေသကနေလာတဲ့ လူတချို့က သူ့ကို လောကသခင်လို့ ခေါ်နေသံကြားပါတယ် အကြီးအကဲမေးနေတဲ့ နန်းတော်သခင် ဟုတ်မဟုတ် ငါမသိပါဘူး။ ”
ဤတစ်ကြိမ်တွင် အမျိုးသမီး၏ ခရမ်းဖျော့ရောင် မျက်ဝန်းများသည် ချက်ချင်း တောက်ပသွား၏။
“ နန်းတော်သခင်၊ နတ်ဓားရှင်၊ စုရီ ... ဒီလူသုံးယောက်က ကံကြမ္မာစက်ဝန်းထဲမှာ အကြိမ်ကြိမ်ဝင်စားပြီး ကျင့်ကြံနေတာလား ... ဘဘ်လောက် စိတ်ဝင်စားစရာကောင်းလဲ။ ”
ထို့နောက် ကောင်းကင် လှိုဏ်ဂူသွားရာလမ်းကို မေးမြန်းလိုက်၏။ ရွှမ်ကျောက်ဧကရာဇ်မှ လမ်းညွှန်မှုပြီးနောက် ချက်ချင်းပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် စုရီသည် ချင်းတန် ထိန်းသိမ်းပေးထားသော ဘဏ္ဍာတိုက်အတွင်း စစ်ဆေးကြည့်ရာ ရွှမ်ဟွမ်မိခင်ချီပါရှိသော ရတနာ(၁၃)ခုကို တွေ့ရှိလိုက်ရသည်။
ဤပမာဏသည် ရွှမ်ဟဲအဆင့်သို့ တက်လှမ်းနိုင်ရန်လုံလောက်ချေ၏။ အုတ်မြစ် သည်ပင် အတိတ်ဘဝထက် သာလွန်နိုင်မည်။ ထိုစဉ် ကျင်းခွိုက် ရောက်ရှိလာပြီး ရဟန်းအိုကြီး နိုးလာပြီဖြစ်ကြောင်း သတင်းပို့သည်။
တစ်ဖက်လူသည် အပ်ချုပ်သမား၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရသဖြင့် သေလုမျောပါး ဖြစ်ခဲ့ရသူပေပင်။
သည့်နောက် ကျောက်တုံးနှလုံးသားက ကျေးဇူးတင်စကားဆိုကာ အပ်ချုပ်သမား၏ အန္တရာယ်ကို သတိပေးလာသည်။
စုရီသည်လည်း နားလည်ကြောင်း ခေါင်းညိတ်ပြ၏။ အပ်ချုပ်သမားသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘဲ ဝိညာဉ်ခွဲ တစ်ခုသာ ဆုံးရှုံးခဲ့ခြင်းဖြစ်သဖြင့် တစ်နေ့တွင် ပြန်လာဦးမည်မှာ သေချာသည်။
ကျောက်တုံးနှလုံးသားတစ်ယောက် ပြန်ခါနီးတွင် စုရီက ကောင်းကင်လမ်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို မှတ်တမ်း တင်ထားသည့် ကျောက်စိမ်းပြား လက်ဆောင်ပေးလိုက်၏။
ကျောက်တုံးနှလုံးသား ထွက်ခွာသွား ပြီးနောက် စုရီကဂူဗိမာန်ထဲသို့ ပြန်ဝင်ရန်ပြင်စဉ် ရုတ်တရက် လေထုအလယ်၌ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ဟောင်းနွမ်းနေသော ဝတ်ရုံနှင့် ကြေးဝါမျက်နှာဖုံးစွပ်ထားကာ လက်ထဲတွင် လှံရှည်တစ်စင်းကို ကိုင်ထားသည်။
ခြေထောက်တွင်လည်း ကောက်ရိုးဖိနပ်တစ်ရံ စီးနင်းထား၏။ ထိုအသွင် အပြင်အရ လူစိမ်းတစ်ဦးဖြစ်ကြောင်း မြင်သာလေသည်။
စုရီတစ်ယောက် သူမကို မြင်သည်နှင့် အဆိပ်ဘုရင်ထျန်းဟူ ပြောပြခဲ့ဖူးသော လှံကိုင် အမျိုးသမီးအကြောင်း သတိရသွား၏။
“ ကောင်လေး ... ဒီနေရာက ကောင်းကင်လှိုင်ဂူလား။”
အမျိုးသမီးက လေထုအလယ် ရပ်တန့်လျက် စုရီကို မေးမြန်းလိုက်သည်။
“ ဟုတ်တယ် ... ။ ”
စုရီမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ မင်း ... စုရွှမ်ကြွယ်ကို သိလား။ ”
အမျိုးသမီးက ဆက်မေးသည်။ စုရီက သူ့လည်ပင်းကို ပွတ်သပ်လျက်၊
“ မင်း ဒီကိုဆင်းလာပြီး ... စကားပြောရင်ကောင်းမယ် ငါ့လည်ပင်းက မော့လို့မရဘူး။ ”
-ဟု တုန့်ပြန်လိုက်၏။ အမျိုးသမီးခမျာ မျက်မှောင်ကြုတ်သွားသော်လည်း စကားမဆို တော့ဘဲ တောင်ထိပ်ပေါ် ဆင်းလိုက်သည်။
“ ပြောပါ ဘယ်မှာလဲ စုရွှမ်ကြွယ်။ ”
“ မင်းမှာ ကိစ္စရှိလား။ ”
“ ရှိတယ် ... ငါ သူနဲ့တိုက်ဖို့လာတာ သူအရမ်းသန်မာတယ်လို့ကြားတယ် ပြီးတော့ ဝင်စားခြင်းသံသရာထဲမှာ ပြန်လေ့ကျင့်နေတာ မဟုတ်လား။ ”
ဤတစ်ကြိမ်၌ စုရီကမျက်ခုံးပင့်လျက် အံ့အားသင့်သွားပြီး၊
“ မင်းတကယ်ပဲ ငါနဲ့တိုက်ခိုက်ဖို့ သက်သက်ပဲလား။ ”
-ဟု မေးမြန်းလိုက်တော့သည်။
“ ဟမ့် ... မင်းစုရွှမ်ကြွယ်လား ... ။ ”
အမျိုးသမီးခမျာ မျက်ခုံးပင့်လျက် စုရီကိုအထက်အောက် ပြန်ကြည့်သည်။ စုရီက လက်နှစ်ဖက်နောက်ပို့ကာ၊
“ ဒီမှာ ငါ့အပြင် အခြားလူ ရှိနေတာ မင်းမြင်လို့လား။ ”
-ဟု ဖြေကြားလိုက်၏။ အမျိုးသမီးက ထိုအဖြေကြောင့် အနည်းငယ် အံ့အားသင့်ပြီး အဆုံး၌ သဘောကျစွာပြုံးသည်။
“ မှန်တယ် ... ငါကတိုက်ပွဲကို ကြိုက်တယ် တခြားမကောင်းတဲ့ စိတ်ကူးမရှိပါဘူး ... မင်းက စုရွှမ်ကြွယ်တပည့်ထင်တယ် မင်းဆရာကို ထွက်လာဖို့ သွားခေါ်ပေးပါ ...
... အကယ်၍ သူသာ ငါ့ရဲ့ တစ်ချက်တည်းသောတိုက်ခိုက်မှုကို ခံနိုင်ခဲ့ရင် သူ့ကိုငါ့ရဲ့လက်အောက်ခံအဖြစ် လက်ခံဖို့ ဝန်မလေးပါဘူး။ ”
ဤတစ်ကြိမ်တွင် စုရီသည် နဖူးကို အသာအယာပွတ်ကာ အဆင်မပြေဖြစ်သွားပြီး၊
“ မင်းမှားနေပြီ ... ငါ့က စုရွှမ်ကြွယ်ပါ မိန်းမတစ်ယောက်ရဲ့ အကာအကွယ်အပေါ် ငါ ဘယ်တုန်းကမှ မလိုခဲ့ဘူး ...
... ဒါပေမယ့် မင်းတကယ်ပဲ တိုက်ချင်တယ်ဆိုရင်တော့ ... ငါမင်းနဲ့ အဆုံးထိ တိုက်ပေးပါ့မယ်။ ”
“ ဟမ့် ... နင်တကယ် အဲဒီနန်းတော်သခင် ကွမ်ကျုံးလား ဒါပေမဲ့ နင့်ရဲ့ကျင့်ကြံမှုအဆင့်က ဘာလို့ဒီလောက် အားနည်းနေရတာလဲ။ ”
စုရီခမျာ သူမမေးခွန်းကြောင့် မျက်လုံးပြူးသွားသည်။ ယင်းသည် သူ့တသက် တစ်ကြိမ်သာကြုံဖူးသော အထင်သေးမှု၊ ရှုံ့ချမှုတစ်ခုပေပင်။
အမျိုးသမီးက သူမ၏စကားသည် အနည်းငယ်လွန်သွားသည်ဟု ခံစားမိပုံရကာ ထပ်မံရှင်းပြလိုဟန်ဖြင့်၊
“ ငါအရင်က ထင်ထားတာက နန်းတော်သခင်ကွမ်ကျုံးရဲ့ လူဝင်စားဟာ အရမ်းအစွမ်းထက်နေလိမ့်မယ်လို့ပဲ ...
... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်... မင်းကတကယ့်ကို အားနည်းလွန်းနေတယ် ငါပြောတာနားလည်လား။ ”
-ဟု ပြောကြားလိုက်၏။
“ မင်းနဲ့ငါ့ကြား ကျင့်ကြံမှုကွာခြားချက် ကြီးမားတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး ဒါပေမယ့် တူညီတဲ့အဆင့်မှာဆိုရင်တော့ မင်းငါ့ကို မယှဉ်နိုင်တာ အာမခံတယ်။ ”
စုရီအတွက် မာနဟူသည် အခြားသူတစ်ယောက်မှ သူ့ရှေ့တွင် မာန်ဝင့်ပြ ရအောင် ညံ့ဖျင်းသူမဟုတ်ချေ။
“ ဟုတ်လား ... ။ ”
လှံကိုင်အမျိုးသမီးက စိတ်ဝင်စားသွားဟန်ဖြင့်၊
“ ငါလည်း မင်းကိုပြောချင်တာရှိတယ် ငါ့ရဲ့ကျင့်ကြံခြင်းလမ်းမှာ ငါဟာဘယ်တော့မှ ကျင့်ကြံမှုအဆင့်နဲ့ ပြိုင်ဘက်ကို ဖိနှိပ်လေ့မရှိဘူး။ ”
-ဟု ပြောကြားလာ၏။ ထို့နောက် လက်ညှိုးတစ်ချောင်းထောင်လျက်၊
“ ငါတို့အဆင့်တူချင်း ယှဉ်ပြိုင်မယ် မင်းသာငါ့ရဲ့ တိုက်ခိုက်မှုတစ်ကြိမ်ကိုခံနိုင်ရင် မင်းကိုငါကာကွယ်ပေးမယ် ...
... အကယ်၍သာ လှုပ်ရှားမှု(၁၀)ကြိမ် ကျော်တဲ့အထိ မရှုံးဘဲ ခံနိုင်ရည်ရှိနေရင်တော့ တာအိုမိတ်ဆွေအဖြစ် ငါလက်ခံမယ်။ ”
“ မင်း ရှုံးသွားရင်ကော။ ”
စုရီမေးခွန်းကြောင့် အမျိုးသမီး၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံး တစ်ပွင့်ပေါ်လာသည်။
“ မေးခွန်းကောင်းတယ် ဒါပေမယ့် ငါ့သက်တမ်းတလျှောက် ဘယ်တုန်းကမှ အရှုံး မရှိခဲ့ဘူး ... ငါနဲ့မတိုက်ချင်လို့ ရှောင်နေတဲ့ အဖိုးကြီးအနည်းငယ်ကလွဲရင် ...
... ငါတိုက်ဖူးသမျှထဲမှာ (၁၀)ကြိမ် ကျော်အောင်ခံနိုင်တဲ့သူ သုံးယောက်ပဲရှိတယ် ငါ့ကို နိုင်တဲ့သူဆိုတာကတော့... အခုထိ မပေါ်သေးဘူး ...
... ဒါကြောင့် ဒီမင်းခွန်းအတွက် ငါစဉ်းစားထားတာမရှိဘူး မင်းသာ ငါ့ကိုနိုင်ရင် မင်းတောင်းဆိုသမျှ အရာအားလုံးကို ငါ ဖြည့်ဆည်းပေးမယ် ဘယ်လိုလဲ။ ”
“ ငါက ဘာလို့ ... ဒါတွေကို ဂရုစိုက်နေရမှာလဲ မင်းရှုံးရင်သာ ငါ့ကိုကိစ္စ တစ်ခုပဲ ဖြေပေးရင်ရပြီ။ ”
“ ကောင်းပြီ ... ဒါဆို ငါနဲ့လိုက်ခဲ့ပါ မင်းနေရာကသိပ်ပြီး တိုက်ခိုက်လို့မကောင်းဘူး အာကာပြင်ထဲသွားရအောင်။ ”
ထို့နောက်တွင် အမျိုးသမီးသည် စုရီကိုကိုင်ဆွဲလျက် ကောင်းကင်ပေါ်ပျံသန်းကာ လူသူကင်းမဲ့နေသော ကြယ်အပိုင်းအစအပေါ် ဆင်းသက်လိုက်တော့၏။
***