← Chapters

ပြန်လာပြီ

Vol. 45 Ch. 661

ပြန်လာပြီ

Vol. 45 Ch. 661

"ငါ အဲဒီမပြောသင့်သူနဲ့ နောက်တစ်ကြိမ် ထပ်တွေ့တဲ့အခါ ငါ့ကိုယ်ငါ ကာကွယ်နိုင်စွမ်း ရှိလာလိမ့်မယ်"

လူဘယ်လောက်များများရှိနေပါစေ၊ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါများ မည်မျှ ရောက်လာပါစေ ကောင်းမင်အတွက်မူ အဓိပ္ပာယ်မရှိတော့ချေ။စိတ်ဖောက်ပြန်မှုကို တစ်ကြိမ်မျှ အသုံးပြုလိုက်သည်နှင့် သူကိုယ်တိုင်အပါအဝင် လူတိုင်းသည် ကြောက်စရာကောင်းသော ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

"တူညီတဲ့ ရူးသွပ်မှု တူညီတဲ့ သေခြင်းတရား၊ အိပ်မက်က ဘာလို့ ဒီစွမ်းရည်ကို ပင်မယဇ်ပလ္လင်ထဲမှာ ချိပ်ပိတ်ထားခဲ့သလဲဆိုတာ အံ့သြစရာမရှိတော့ဘူး၊ ဒါက အားနည်းသူက သန်မာတဲ့သူကို ပြန်ထိုးနိုင်မယ့် အဆိပ်လူးဓားပဲ"

နံပါတ် ၂ က ကောင်းမင်၏သနားစဖွယ် အခြေအနေကို ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။ ကောင်းမင်သည် သာမန်လျှံကာ ထိတွေ့မိရုံနှင့်ပင် သေလုနီးပါး ဖြစ်သွားခဲ့ရသည်။ ဤကဲ့သို့ ရူးသွပ်သည့် စွမ်းရည်မျိုးကို အရူးတစ်ယောက်ကသာ တန်ဖိုးထားပေလိမ့်မည်။

"အိပ်မက်ချိုးဖျက်မြို့ရဲ့ နက်ရှိုင်းအဆင့် အိပ်မက်ဆိုးက အိပ်မက်ရဲ့ သာမန်ယဇ်ပလ္လင်ကို အခြေခံပြီး တည်ဆောက်ထားတာ၊ တကယ်လို့ ငါသာ အိပ်မက်ရဲ့ပင်မယဇ်ပလ္လင်ကို ဗဟိုချက်ထားပြီး အိပ်မက်ဆိုးတစ်ခု တည်ဆောက်လိုက်ရင် ဒီအိပ်မက်ဆိုးက ပိုတည်ငြိမ်ပြီး ပိုခိုင်မာလာလိမ့်မယ်၊ အဲ့ဒီအခါကျရင် မပြောသင့်သူတောင် အလွယ်တကူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ၊ ပြီးရင် သူတို့အားလုံး ရူးသွပ်သွားအောင် စိတ်ဖောက်ပြန်မှုစွမ်းအားကို သုံးရမယ်"

ကောင်းမင်သည် တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားလာလေသည်။

"ငါ့အထင်တော့ မပြောသင့်သူ ရူးမသွားခင် မင်းအရင်ပြိုလဲသွားလိမ့်မယ်၊ မင်းရဲ့ ကိုယ်ပိုင်လက္ခဏာကို မေ့လျော့သွားမယ်၊ မင်းစွမ်းရည်တွေကို မေ့လျော့သွားမယ်၊ မင်းကိုယ်တိုင် အိပ်မက်ထဲမှာ ရှင်သန်နေတယ် ဆိုတာတောင် မေ့သွားလိမ့်မယ်"

နံပါတ် ၂ က ကောင်းမင်ကို ရေအေးတစ်ခွက် လောင်းချလိုက်သည်။

"စိတ်ဖောက်ပြန်မှုက သာမန်နည်းဗျူဟာတစ်ခု မဟုတ်ဘူး ၊ အဲ့ဒါက ရောဂါတစ်ခုပဲ၊ အဲ့ဒါအပေါ် မမှီခိုမိစေနဲ့"

နံပါတ် ၂ က ကောင်းမင်ကို အလေးအနက် အကြံပေးနေချိန်တွင် ပင်မယဇ်ပလ္လင်ကို အလုံးစုံ သိမ်းပိုက်ထားသော သားစားကြူးနတ်ဘုရားထံမှ ဟိန်းဟောက်သံကြီးသည် အိပ်မက်ချိုးဖျက်မြို့တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ ၎င်း၏ အရေပြားပေါ်ရှိ နတ်ဘုရားပုံစံကွက်များသည် ပိုမိုရှုပ်ထွေးလာလေသည်။ ပုပ်သိုးဆွေးမြေ့နေသော ဒဏ်ရာများ ပွင့်ထွက်သွားပြီး လက်မောင်းအသစ် ရှစ်ဖက်ထွက်ပေါ်လာသည်။ လက်တစ်ဖက်စီတွင် လက်နက်ပုံစံကွက်များ ထွင်းထုထားသည်။

ထိုအရာများသည် သာမန် ဓား၊ လှံ သို့မဟုတ် ကောက်ရိတ်တံစဉ်များ မဟုတ်ကြပေ။ အိပ်မက်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။ သားစားကြူးနတ်ဘုရား၏ လက်နက်များသည် စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု၊ အသားကိုးကွယ်ယုံကြည်မှုနှင့် သန္ဓေပြောင်း အကြမ်းဖက်မှုတို့ဖြင့် ဆက်စပ်နေကာ လူတို့အား အခြေခံအကျဆုံး ကြောက်ရွံ့မှုများကို ပေးစွမ်းနိုင်သည်။

"နတ်ဘုရားပုံစံကွက်တွေထဲမှာ မွေးဖွားလာတဲ့ လက်နက်တွေလား၊ ဘယ်လိုမျိုး ညစ်ညမ်းတဲ့ အရာတွေလဲ"

ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ လက်မောင်းကို ထိတွေ့ကြည့်လိုက်သည်။ ထိုလက်နက်များထဲတွင် အဆပေါင်းစွာ ပွားများနိုင်သော အင်းဆက်ဥများ၊ မှတ်ဉာဏ်များကို ပြန်လည်တည်ဆောက်နိုင်သော ပေတံတစ်ချောင်း၊ ယုံကြည်မှုကို ညစ်ညမ်းစေသော အသားအစိုင်အခဲများနှင့် အရှိတရားနှင့် အိပ်မက်တို့ကို ဖောက်ပြန်ပျက်စီးစေသော ချက်ကြိုးနှင့်တူသည့် ပြွန်တစ်ခုတို့ ပါဝင်နေသည်။

ကောင်းမင်သည် ၎င်းတို့ တစ်ဝက်ခန့်ကို ကြည့်ပြီးနောက် သူ့ဦးနှောက်သည် တစ်စုံတစ်ခုသော ညစ်ညမ်းမှုနှင့် ထိတွေ့လိုက်ရသည့်အလား ခေါင်းမူးလာသလို ခံစားလိုက်ရပြီး မျက်စိသူငယ်အိမ်များ ဝေဝါးလာတော့သည်။

ပုံမှန်အားဖြင့် ထိုလက်နက်များသည် နတ်ဘုရားပုံစံကွက်များထဲတွင် ကွယ်ဝှက်နေခြင်းဖြစ်ပြီး သားစားကြူးနတ်ဘုရား အသုံးပြုသည့်အခါမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထူးဆန်းပြီး အမြီးအမောက်မတည့်သော လက်နက်ရှစ်ခုကို ပိုင်ဆိုင်ပြီးနောက် သားစားကြူးနတ်ဘုရား နှင့် သွေးမြို့တော်သရဲတက်တူးတို့သည် ပိုမိုနက်ရှိုင်းသော ပေါင်းစပ်မှုအဆင့်သို့ ရရှိသွားခဲ့ကြပြီ ဖြစ်သည်။

“သူ ထပ်သန်မာလာပြန်ပြီ”

သားစားကြူးနတ်ဘုရား၏ စွမ်းအားသည် ကျောင်းအုပ်ယန်ရှီကျီးကိုပင် ကျော်လွန်သွားပြီဖြစ်ပြီး ၎င်း၏ ကြီးထွားနှုန်းက အလွန်အမင်းမြန်ဆန်နေကြောင်း ကောင်းမင် ခံစားမိသည်။

“သွေးမြို့တော် ဖျက်ဆီးခံလိုက်ရတာနဲ့ ဟန်ဟိုင်းထဲက အိပ်မက်သရဲတွေဟာ မပြောသင့်သူတွေထက် အများကြီး အားနည်းသွားခဲ့ရတယ်၊ သူတို့ခွန်အားတိုးတက်ဖို့က အရမ်းခက်ခဲပြီး ကန့်သတ်ချက်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် သားစားကြူးနတ်ဘုရားကတော့ ဘာကန့်သတ်ချက်မှ မရှိသလိုပဲ ဆက်တိုက် ကြီးထွားနေတာ”

နံပါတ် ၂ သည် အရာအားလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ယင်းကို နားလည်ရန် မခက်ခဲပေ။

“ဟန်ဟိုင်းထဲက အိပ်မက်သရဲတွေက သွေးမြို့တော်ရဲ့ ချိပ်ပိတ်အချုပ်အနှောင်ကို မချိုးဖျက်နိုင်ကြဘူး၊ ဒါပေမယ့် မင်းကတော့ သွေးမြို့တော်စည်းမျဉ်းတွေကို ကျော်ဖြတ်ပြီး အိပ်မက်ယဇ်ပလ္လင်နဲ့ ပေါင်းစပ်နိုင်ခဲ့တယ်၊ မသေဆေးကုမ္ပဏီ သိမ်းဆည်းထားတဲ့ တခြားယဇ်ပလ္လင်တွေကိုသာ မင်းရှာတွေ့ခဲ့ရင် သူ့ခွန်အားက တစ်နေ့ကျရင် မင်းတို့က အိပ်မက်ကို လုံးဝအစားထိုးနိုင်တဲ့အထိ ဒါမှမဟုတ် အိပ်မက်က မင်းတို့ခန္ဓာကိုယ်ထဲမှာ ပြန်မွေးဖွားလာတဲ့အထိ ဆက်တိုးတက်နေဦးမှာပဲ”

လူတိုင်းတွင် ကိုယ်ပိုင်ရွေးချယ်မှု ရှိကြသည်။ နံပါတ် ၂ အနေဖြင့် ကောင်းမင်ကို တားဆီးရန် မည်သည့်အရာမှ လုပ်မည်မဟုတ်ပေ။ သူသည် သူ၏စိုးရိမ်ပူပန်မှုများကို သူ့ရင်ထဲတွင်သာ သိမ်းဆည်းထားပြီး ဘေးမှ တစ်ခါတရံ သတိပေးရုံသာရှိပေမည်။

“မသေဆေးကုမ္ပဏီက သိပ်မကြာခင် ပျောက်ဆုံးသွားတဲ့ လမ်းကြောင်းအကြောင်း သတင်းရတော့မယ်၊ သူတို့က တခြားထူးဆန်းတဲ့ အရာတွေ ယူလာမှာ စိုးတယ်၊ မင်း စောစောပြင်ဆင်ထားတာ အကောင်းဆုံးပဲ”

“မင်းပြောတာ မှန်တယ်”

ကောင်းမင်သည် အိပ်မက်ချိုးဖျက်မြို့မှ အသက်ရှင်ကျန်ရစ်သူများကို တစ်ခွန်းမျှ မဆိုတော့ဘဲ ယဇ်ပလ္လင်မှတစ်ဆင့် တိုက်ရိုက်ထွက်ခွာသွား၏။

ပြင်းထန်သော ဆေးနံ့များသည် သူ့နှာခေါင်းထဲ တိုးဝင်လာပြီး ကောင်းမင်ကို စွမ်းအင်လှိုင်းများက ဝန်းရံသွားသည်။ ကျန်းတင်း၏ စိုးရိမ်ပူပန်မှုများလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

"မင်း မသေဘူးဆိုတာ ငါသိသားပဲ"

လက်တွေ့ကမ္ဘာရှိ ပင်လယ်ဓာတ်ခွဲခန်းထဲသို့ ပြန်ရောက်လာသောအခါ သင်္ဘောကြီးကို လွှမ်းခြုံထားသည့် ဖိအားများအားလုံး လုံးဝကွယ်ပျောက်သွား၏။ ကောင်းမင်သည် ပင်မယဇ်ပလ္လင်ကို မူလနေရာတွင် ပြန်ထားလိုက်သည်။သို့သော်လည်း ယခုအခါ ယဇ်ပလ္လင်ထဲရှိ ရုပ်တုသည် သားစားကြူးနတ်ဘုရားနှင့် အစားထိုးခံလိုက်ရပြီ ဖြစ်သည်။

"အရင်က ဟန်ဟိုင်းထဲကို ဝင်သွားတဲ့သူတွေ ပြန်မလာနိုင်ခဲ့တာက အိပ်မက်ရဲ့ ပင်မယဇ်ပလ္လင်ကို မပြောသင့်သူရုပ်တု သုံးခုက သိမ်းပိုက်ပြီး လမ်းပိတ်ထားလို့ပဲ၊ အခုတော့ သားစားကြူးနတ်ဘုရားက ယဇ်ပလ္လင်ရဲ့ အရှင်သခင် ဖြစ်သွားပြီ၊ ပြီးတော့ သူ့ရုပ်တုက လမ်းကြောင်းကိုဖွင့်ဖို့ သော့ချက်ပဲ၊ ငါကလည်း ဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသောလူတစ်ယောက် ဖြစ်လာလိမ့်မယ်"

နံပါတ် ၂ ၏ အကူအညီဖြင့် ကောင်းမင်သည် အိပ်မက်ထဲဝင်သည့် စက်ကိရိယာများအားလုံးကို နှိုးဆွလိုက်သည်။ မရေမတွက်နိုင်သော အချက်ပြမီးများ လင်းထိန်လာရာ မှောင်မည်းနေသော အာဟာရဖြည့်ကန်ကြီးသည် ကြယ်များဖြင့် ပြည့်နှက်နေသလို ထင်မှတ်ရချေသည်။

ဟန်ဟိုင်းသို့ သွားရာ အဓိကလမ်းကြောင်းသည် ပြန်ပွင့်သွားခဲ့ပြီဖြစ်သည်။ ကောင်းမင်သည် အရန်ပစ္စည်းကိရိယာများ အားလုံးကို ဝတ်ဆင်၍ သားစားကြူးနတ်ဘုရားရုပ်တုကို ကောက်ယူလိုက်သည်။

"ကောင်းမင်၊ မင်းခန္ဓာကိုယ်ကို စောင့်ကြည့်ပေးဖို့ တစ်ယောက်ယောက် မလိုတာ သေချာရဲ့လား"

နံပါတ် ၂ က လက်မလျှော့ချင်သေးပေ။

"မသေဆေးကုမ္ပဏီက တခြားထူးဆန်းတဲ့ဖြစ်တည်မှုတွေ ရောက်လာနိုင်တယ်၊ တကယ်လို့ မင်းက မင်းခန္ဓာကိုယ်ကို လက်တွေ့ကမ္ဘာမှာ ထားခဲ့ပြီး တစ်ခုခုဖြစ်လာရင်..."

"မင်း စိုးရိမ်စရာ မလိုပါဘူး၊ ငါ သူ့ခန္ဓာကိုယ်ကို သေချာစောင့်ရှောက်ပေးထားမယ်"

လူအရေခွံဖြင့် ပတ်ထားသော ကျန်းတင်း ထွက်ပေါ်လာသည်။

"ငါ့ဝိညာဉ် လုံးဝ မပျက်စီးသွားသရွေ့တော့ ဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး"

သူဌေးကျန်းသည် ကောင်းမင်ဘေးနားရှိ အားအကိုးရဆုံးသော သရဲအနည်းငယ်ထဲမှ တစ်ကောင်ဖြစ်ပြီး ကောင်းမင်ကလည်း သူ့ကို အပြည့်အဝ ယုံကြည်ပေသည်။

ဘာမှ ထပ်မဆိုတော့ဘဲ ကောင်းမင်သည် အိပ်မက်၏ ပင်မယဇ်ပလ္လင်ကို ဖွင့်လိုက်သောအခါ စက်ပစ္စည်းအားလုံး တစ်ပြိုင်နက် အလုပ်လုပ်လာကြသည်။

ခန္ဓာကိုယ် ပေါ့ပါးသွားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ အရင်က ဦးနှောက်နယ်ပယ် ဂိမ်းစမ်းသပ်မှုတွင် ပါဝင်ခဲ့စဉ်ကနှင့်မတူဘဲ ကောင်းမင်သည် မျက်လုံးများ မှိတ်မသွားသလို လမ်းကြောင်းလည်း ပျောက်မသွားပေ။ သူသည် ယဇ်ပလ္လင်ကို အဆုံးစွန်သော တည်ငြိမ်မှုဖြင့် စိုက်ကြည့်နေလေသည်။

အကယ်၍ လက်တွေ့ကမ္ဘာသည် အိပ်မက်အားလုံး၏ မိခင်ဆိုပါက ပင်မယဇ်ပလ္လင်မှ ဆန့်ထွက်နေသော လမ်းကြောင်းများသည် မပြတ်တောက်နိုင်သည့် ချက်ကြိုးများနှင့် တူပေသည်။ ကောင်းမင်သည် ထိုလမ်းကြောင်းများ တစ်ခုနှင့်တစ်ခု ရစ်ပတ်လိမ်ယှက်နေသည်ကို ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သားစားကြူးနတ်ဘုရား၏ ထိန်းချုပ်မှုအောက်၌ တည်ငြိမ်သော လမ်းကြောင်းတစ်ခုအဖြစ် တည်ဆောက်သွားသည်ကို မြင်လိုက်ရသည်။

သူ၏ စိတ်ဆန္ဒအရ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှ ကွာထွက်သွားပြီး ကောင်းမင်သည် လမ်းကြောင်းထဲသို့ လှမ်းဝင်လိုက်သည်။ ဤအချိန်တွင် သူသည် နောက်ကြောင်းပြန်လှည့်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ အိပ်ပျော်ရင်း လမ်းလျှောက်နေသူတစ်ယောက်ကို အလွယ်တကူ နှိုးမရသကဲ့သို့ပင်။ သူသည် လက်တွေ့ကမ္ဘာရှိ မည်သည့်အရာကိုမှ ကြည့်မရတော့ဘဲ အိပ်မက်ထဲမှ တည်နေရာဆီသို့သာ ဆက်လက်နစ်မြုပ်သွားတော့သည်။

သားစားကြူးနတ်ဘုရားက နောက်မှ လိုက်ပါလာပြီး ညှဉ်းပန်းနှိပ်စက်ခန်းထဲရှိ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများကလည်း ဟိန်းဟောက်အော်ဟစ်နေကြသည်။ လမ်းကြောင်း၏ အဆုံးသတ်ကို ကောင်းမင် စိုက်ကြည့်လိုက်သည်။ အဆုံးမဲ့သော အသိစိတ်ပင်လယ်ထဲတွင် ကံဆိုးမှုအလွှာများနှင့် သွေးစွန်းကွက်များ ဖုံးလွှမ်းနေသော ဂူသင်္ချိုင်းကြီး တစ်ခုရှိနေလေသည်။၎င်းသည် ဟန်ဟိုင်းဟုခေါ်သော အိပ်မက်ထဲရှိ တခြားယဇ်ပလ္လင်တစ်ခု၏ ပုန်းအောင်းရာ နေရာပင်ဖြစ်တော့သည်။

"အိပ်မက်ထဲမှာ ယဇ်ပလ္လင်ငါးခု ကျန်သေးတယ်၊ ဒါက တတိယမြောက်ပဲ"

လမ်းကြောင်းအဆုံးသို့ ရောက်လာသောအခါ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့ရှေ့ရှိ တံခါးကို တွန်းဖွင့်လိုက်ကြသည်…။

ထူထပ်မှောင်မည်းနေသော တိမ်တိုက်များသည် မြို့တော်ကြီးကို ဖုံးလွှမ်းထားပြီး စိုထိုင်းထိုင်းလေထုထဲတွင် သွေးနံ့ ခပ်ပါးပါးတစ်ခု ပါဝင်နေခဲ့သည်။

မိုးဖွဲလေးများက သူ့ပေါ်သို့ ကျဆင်းလာပြီး သူ့အဝတ်အစားနှင့် ဆံပင်များကို စိုစွတ်သွားစေသည်။ ကောင်းမင်က အသက်ဝဝရှူသွင်းလိုက်သောအခါ လွမ်းဆွတ်နေမိသော ရင်းနှီးမှုများက ရင်ထဲတွင် လှိုက်တက်လာလေသည်။

"ငါ ပြန်လာပြီ"

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လောလောလတ်လတ် သေဆုံးထားသော အလောင်းအချို့နှင့် ယင်ကောင်တသိုက်ကသာ ကောင်းမင်ကို ကြိုဆိုနေကြသည်။

ဟန်ဟိုင်းထဲရှိ အချိန်စီးဆင်းမှုသည် လက်တွေ့ကမ္ဘာနှင့် မတူညီပေ။ ဤသည်မှာ ပုံမှန်ဟုထင်ရသော်လည်း အမှန်စင်စစ်တွင် လုံးဝသေဆုံးနေသော ထူးဆန်းခြောက်ခြားဖွယ် မြို့တော်ကြီး တစ်ခုဖြစ်ပေသည်။

"ငါ ထွက်သွားတာ ဘယ်လောက်ကြာသွားပြီလဲ သိချင်မိတယ်၊ ပြီးတော့ အနက်ရောင်မြူခိုးတွေ ပေါ်လာတာ ဘယ်နှစ်ရက်ရှိသွားပြီလဲ"

မြေပြင်ပေါ်ရှိ အလောင်းများကို စစ်ဆေးကြည့်လိုက်သောအခါ ၎င်းတို့သည် အန္တရာယ်ကာကွယ်ရေးဝတ်စုံများကို အပြည့်အစုံ ဝတ်ဆင်ထားကြသည်။ ကောင်းမင် ရောက်နေသော အဆောက်အအုံသည် ယခုလေးတင် ဘေးကပ်ဆိုးတစ်မျိုး ရင်ဆိုင်လိုက်ရပုံရသည်။

All Chapters