ဆိုးဝါးလာသော အခြေအနေ
Vol. 45 Ch. 662
“ဟန်ဟိုင်းက ငါထွက်သွားတဲ့အချိန်တုန်းကနဲ့ နဲနဲမတူတော့သလိုပဲ”
အနက်ရောင်မြူများက မြို့တော်ကြီးကို သီးခြားခွဲထုတ်ထားလိုက်ရာ အမှန်တရားကို ဖုံးကွယ်ထား၍ မရတော့ချေ။ အရိပ်ကမ္ဘာ၏ ကျူးကျော်ဝင်ရောက်မှုမှာလည်း ပိုမိုမြန်ဆန်လာသည်။ ကောင်းမင် ဟန်ဟိုင်းမှ ထွက်ခွာသွားချိန်တွင် အခြေအနေအရပ်ရပ်သည် အလွန်အမင်း ဖရိုဖရဲဖြစ်နေပြီး ပြောင်းလဲမှုများဖြင့် ပြည့်နှက်နေသော အချိန်အခါဖြစ်သည်။
အလောင်းများပေါ်မှ အန္တရာယ်ကာကွယ်ရေးဝတ်စုံများကို ဖယ်ရှားလိုက်ရာ အတွင်းတွင် သနားစဖွယ် သာမန်လူသားများကိုသာ တွေ့လိုက်ရသည်။ သူတို့သည် အနက်ရောင်ဆက်သွယ်ရေးစက် ဝတ်ဆင်ထားသော စုံစမ်းရေးမှူးများလည်း မဟုတ်သလို ခြောက်ခြားဇာတ်လမ်းများနှင့် ကြုံတွေ့ဖူးသည့် ခြောက်ခြားဂိမ်းကစားသမားများလည်း မဟုတ်ကြပေ။ သရဲများ သို့မဟုတ် မကောင်းဆိုးဝါးများကို ရင်ဆိုင်နိုင်စွမ်းမရှိသော ထိုလူသားများသည် ထိုအဆောက်အအုံထဲသို့ အတင်းအကျပ် ထည့်ထားခံရပုံရသည်။
“သေလောက်တဲ့ ဒဏ်ရာမျိုးမရှိဘူး”
ကောင်းမင် အလောင်းများကို ဆွဲလှန်ကြည့်လိုက်ရာ နောက်ဆုံးတွင် သူတို့၏ မျက်လုံးများကို သတိထားမိသွားသည်။ အလောင်းများ၏ မျက်လုံးများသည် ကွဲအက်နေသော ဖန်ဂေါ်လီလုံးများကဲ့သို့ ဖြစ်နေပြီး ဆံပင်မျှင်များစွာဖြင့် ပြည့်နှက်နေလေသည်။
“ဒီအလောင်းတွေက နတ်ဆိုးဝိညာဉ်တွေဆီမှာ ယဇ်ပူဇော်ခံလိုက်ရပြီး ဝိညာဉ်ဆုံးရှုံးသွားတာပဲ”
ကောင်းမင်သည် ထိုနေရာမှ အလျင်စလို ထွက်မသွားသေးဘဲ အိပ်မက်၏ တတိယမြောက် ယဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။ အိပ်မက်၏ ယဇ်ပလ္လင်များကို ဆက်တိုက်သိမ်းပိုက်ခြင်းက တန်ပြန်သက်ရောက်မှု ရှိနိုင်ကြောင်း သူသိသော်လည်း ယင်းသည် သူ့ခွန်အားကို အမြန်ဆုံးမြှင့်တင်နိုင်မည့် နည်းလမ်းပင် ဖြစ်သည်။သူ့လက်ချောင်းငါးချောင်းက နှလုံးသားဆီသို့ ထိတွေ့လိုက်သည်။ သွေးများက နတ်ဘုရားသရဲတစ်ကောင်အဖြစ် စုစည်းသွားပြီး ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်သွားတော့သည်။
အိပ်မက်တက်တူးအမှတ်အသားသည် ဧရာမလိပ်ပြာတောင်ပံကြီးနှစ်ခု ဆွဲဖြဲခံလိုက်ရသည့်အလား ပြောင်းလဲသွားသည်။ သားစားကြူးနတ်ဘုရားက အိပ်မက်၏ ကျန်ရှိနေသော နတ်ဘုရားရာထူးကို ဝါးမြိုပစ်လိုက်သည်။
အိပ်မက်၏ နောက်ဆုံးအငွေ့အသက်များကို အသွေးအသားများဖြင့် ဖုံးလွှမ်းသွားပြီးနောက် သားစားကြူးနတ်ဘုရားထံတွင် မရေမတွက်နိုင်သော မျက်နှာများ ထွက်ပေါ်လာသည်။ ထိုမျက်နှာများထဲတွင် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ချမ်းမြေ့ခြင်း စသည့် ကမ္ဘာကြီး၏ အရာအားလုံး ပါဝင်နေလေသည်။
“သူ့ကို အခုချက်ချင်း အကုန်သိမ်းပိုက်ခွင့် မပေးလိုက်နဲ့ဦး၊ တခြား သွေးမြို့တော်တွေရဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတွေက ဟန်ဟိုင်းကို စောင့်ကြည့်နေကြတာ၊ သူ့စွမ်းအားက ကန့်သတ်ချက်တစ်ခုကို ကျော်သွားရင် အမည်မသိအင်အားစုတွေကို ဆွဲဆောင်မိလိမ့်မယ်”
နံပါတ် ၂ သည် အလွန်အမင်း စေ့စပ်သေချာလွန်းသည် သို့မဟုတ် ဉာဏ်များလွန်းသည်ဟု ဆိုရပေမည်။
“မင်းရဲ့ အထူးအစီအစဉ်ကို ငါမသိပေမယ့် အရိပ်ထဲကနေ လှုပ်ရှားတာက မင်းအတွက် ပိုအကျိုးရှိလိမ့်မယ်”
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”
သားစားကြူးနတ်ဘုရား၏ အသွင်ကူးပြောင်းမှုမှာ နောက်ဆုံးအခိုက်အတန့်တွင် ရပ်တန့်သွားသည်။ သူသည် နောက်ဆုံးခြေလှမ်းကို အချိန်မရွေး အပြီးသတ်နိုင်သော်လည်း အားနည်းချက်မှာ အိပ်မက်ယဇ်ပလ္လင်ကို ရွှေ့ပြောင်း၍ မရခြင်းပင်။ ဟန်ဟိုင်းကို စောင့်ကြည့်နေသူများ သတိမထားမိစေရန် ကောင်းမင်အနေနှင့် ယဇ်ပလ္လင်အား ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ လောလောဆယ် ယူဆောင်သွား၍ မရသေးပေ။
“အိပ်မက်ကို ဝါးမြိုထားတဲ့ ယဇ်ပလ္လင်နှစ်ခုက သားစားကြူးနတ်ဘုရားကို ကန့်သတ်ချက်တချို့ ချိုးဖျက်စေနိုင်ခဲ့တယ်၊ တကယ်လို့ တတိယမြောက် ယဇ်ပလ္လင်ကိုပါ ချေဖျက်နိုင်ရင် သူ့မှာ မပြောသင့်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်မယ့် အခွင့်အရေး ရှိလာလိမ့်မယ်”
ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့မှာ တစ်ဦးတည်းပင်ဖြစ်သည်။ သူတို့သည် ဟန်ဟိုင်းထဲတွင် အဆုံးမဲ့ကြီးထွားလာနိုင်သည့် တစ်ဦးတည်းသော အိပ်မက်သရဲများ ဖြစ်ကြသည်။
ယဇ်ပလ္လင်တံခါးကို ပိတ်ကာ ဖုန်ထူနေသော အနက်ရောင်အဝတ်စဖြင့် ပြန်လည်ဖုံးအုပ်ပြီးနောက် ကောင်းမင်သည် အလောင်းများကြားမှ ဖြတ်ကျော်၍ ကော်ရစ်ဒါထဲသို့ ဝင်ရောက်သွားခဲ့သည်။
မြို့စွန်တွင် တည်ရှိသော ဤအဆောက်အဦးသည် သာမန်လူနေအဆောက်အဦးနှင့် တူသော်လည်း အတွင်း၌မူ အိမ်သုံးပစ္စည်းများအကြားတွင် မသေဆေးကုမ္ပဏီ၏ ရှုပ်ထွေးလှသော စက်ကိရိယာများကို ဝှက်ထားပေသည်။
“ဒီအဆောက်အဦးက ဟန်ပြသက်သက်ပဲ၊ ဒါက ဟန်ဟိုင်းထဲမှာရှိတဲ့ မသေဆေးကုမ္ပဏီရဲ့ အခြေစိုက်စခန်းတွေထဲက တစ်ခုပဲ၊ အဆောက်အဦးတစ်ခုလုံးက ယဇ်ပလ္လင်ကို ဖုံးကွယ်ထားဖို့ တည်ရှိနေတာ”
နံပါတ် ၂ က လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ရပ်တစ်ခုကို ပြန်လည်အမှတ်သွားသည်။
“ဒီလိုစခန်းတွေ အများကြီး ရှိသေးတယ်၊ မင်း ဟန်ဟိုင်းမှာ ရှင်းလုက လာတယ်လို့ ပြောတဲ့ စုံစမ်းရေးမှူးတချို့ကို မြင်ဖူးတယ်မလား၊ သူတို့က မသေဆေးကုမ္ပဏီရဲ့ ဦးနှောက်ခွဲစိတ်မှုခံထားတဲ့ စေတနာ့ဝန်ထမ်းတွေပဲ၊ သူတို့က အိပ်မက်ယဇ်ပလ္လင်ကို တည်နေရာအဖြစ် သုံးပြီး ဒီကို ရောက်လာကြတာ၊ ပြီးတော့ သူတို့မှတ်ဉာဏ်ထဲက သဲလွန်စတွေနောက်လိုက်ပြီး ဒီစခန်းတွေကို ရှာကြတယ်၊ သူတို့ရဲ့ ကိုယ်ပိုင်အထောက်အထားတွေကို စုဆောင်းပြီး သူတို့ဦးနှောက်ထဲမှာ မြှုပ်နှံထားတဲ့ တာဝန်တွေကို အပြီးသတ်ကြတယ်”
“ငါ အမြဲသိချင်နေတဲ့ အချက်တစ်ခု ရှိတယ် ၊ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနနဲ့ မသေဆေးကုမ္ပဏီက ဘယ်လို ပတ်သက်နေတာလဲ”
“ထာဝရ ဖုံးကွယ်ထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူးလေ၊ မူလစုံစမ်းစစ်ဆေးရေးဌာနကို အမှန်တရားကို သိချင်တဲ့ ဟန်ဟိုင်းမြို့သားတချို့က တည်ထောင်ခဲ့ကြတာ၊ သူတို့တွေ အမှန်တရားနဲ့ နီးစပ်လာခါနီးတိုင်း အမည်မသိအင်အားစုတွေရဲ့ သတ်ဖြတ်ခံခဲ့ရတယ်၊ ဒါပေမယ့် သူတို့က မြက်ပင်တွေလိုပဲ၊ ဘယ်လိုသတ်သတ်လို့ သတ်လို့မကုန်နိုင်ဘူး၊ နောက်ပိုင်းမှာ မသေဆေးကုမ္ပဏီရဲ့ နံပါတ် (၀)အသစ်က စတင်ပါဝင်လာတယ်၊ သူက ဟန်ဟိုင်းကို သူ့စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်မယ့် အဖွဲ့အစည်းတစ်ခု တည်ဆောက်ချင်ခဲ့တာ၊ အဲ့ဒါရဲ့ ရလဒ်ကတော့ အခုမင်းမြင်နေရတဲ့ ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနပဲ”
နံပါတ် ၂ က ပိုမိုတိကျစွာ ရှင်းပြသည်။
“ရှင်းလုကလာတဲ့ စုံစမ်းရေးမှူးတွေက သရဲတက်တူးစွမ်းအားကို အသုံးပြုကြတယ်၊ သူတို့က စုံစမ်းစစ်ဆေးရေးဌာနလက်ထဲက ချွန်ထက်တဲ့ ဓားတွေပဲ၊ သူတို့က အရိပ်ကမ္ဘာထဲက အန္တရာယ်တွေကို ဖြေရှင်းဖို့ တာဝန်ယူရတယ်၊ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့က သိပ်မတည့်ကြဘူး၊ ဌာနက နံပါတ်(၀)ရဲ့ လွှမ်းမိုးမှုကို အမြဲတမ်း ဖယ်ရှားချင်ပြီး လူမဆန်တဲ့စမ်းသပ်မှုတွေ အများကြီး လျှို့ဝှက်လုပ်ဆောင်ခဲ့ကြတယ်၊ အတိုချုပ်ပြောရရင် သူတို့အားလုံး လူဆိုးတွေချည်းပဲ”
နံပါတ် ၂ ပြောပြသည့် သတင်းအချက်အလက်များသည် ကောင်းမင်၏ မှတ်ဉာဏ်များနှင့် ကိုက်ညီနေသည်။ ထိုစဉ်က စုံစမ်းစစ်ဆေးရေးဌာနသည် အတိတ်နတ်ဘုရားရုပ်တု နှင့် အနာဂတ် နတ်ဘုရားရုပ်တုကို သုံး၍ လူနေရပ်ကွက်တစ်ခုတွင် ထောင်ချောက်ဆင်ခဲ့ဖူးသည်။ သူတို့သည် ခြောက်ခြားဂိမ်းကစားသမားများကို ကိုယ်စားပြုသည့် ကောင်းမင်ကိုသာမက ရှင်းလုစုံစမ်းရေးမှူးများကို ကိုယ်စားပြုသည့် ဝမ်ကျားကိုပါ သတ်ဖြတ်ချင်ခဲ့ကြသည်။ဌာနသည် သူတို့ကို ခြေမှုန်းရန် နတ်ဘုရားသရဲရုပ်တုနှင့် ပူပေါင်းဆောင်ရွက်ခဲ့ကြသည်။
“ဌာနထဲမှာ အိပ်မက်သရဲ ဘယ်နှစ်ကောင်လောက်ပုန်းနေလဲ သိလား”
ကောင်းမင်က သူအသိချင်ဆုံး မေးခွန်းကို မေးလိုက်သည်။
“ငါလည်း မသိဘူး”
နံပါတ် ၂သည် ခဏမျှ ဆွံ့အသွားပြီးမှ ပြန်ပြောသည်။
“နံပါတ် (၀)နဲ့ တခြားသွေးမြို့တော်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ ဒီအဆင့်အထိ ကြီးထွားလာနိုင်ဖို့ဆိုတာ ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနက မရိုးရှင်းဘူး၊ သူတို့က အရမ်းကို လျှို့ဝှက်ထားကြတာ”
လှေကားထစ်အတိုင်း ဆင်းလာသည်နှင့်အမျှ အလောင်းများကို ပိုတွေ့လာရသည်။ အားလုံးမှာ လောလောလတ်လတ် သေဆုံးထားခြင်းဖြစ်ပြီး ပုပ်သိုးခြင်း မရှိသေးပေ။
ကောင်းမင် ပထမထပ်သို့ ရောက်လာသောအခါ ပြတင်းပေါက်အပြင်ဘက်၌ အသက်ရှင်နေသူအချို့ကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
အရပ်အမောင်း မတူညီသည့် လူသုံးယောက်သည် အန္တရာယ်ကာကွယ်ရေးဝတ်စုံများနှင့် နှာခေါင်းစည်းများကို ဝတ်ဆင်ထားပြီး အလောင်းများကို အလွန်အမင်း ဂရုတစိုက် သယ်ယူနေကြသည်။ အလောင်းတိုင်းသည် ရောဂါပိုးမွှားများနှင့် ကပ်ရောဂါများကို သယ်ဆောင်ထားသည့် အရင်းအမြစ်များဖြစ်နေသည့်အလားပင်။
“ဦးလေးချီ… ဟိုမှာ လူတစ်ယောက်… အိမ်ထဲမှာ လူတစ်ယောက်ရှိနေတယ်”
အရပ်အပုဆုံး ကလေးက မတော်တဆ လှမ်းကြည့်လိုက်ရာ ကောင်းမင်နှင့် မျက်လုံးချင်း ဆုံမိသွားပြီး ထိတ်လန့်သွားကာ အလောင်းကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။
လှေကားရင်းကို ကျောပေးရပ်နေသော အရပ်ရှည်ရှည်လူကြီးသည် ချက်ချင်းတောင့်တင်းသွားပြီး သူ့သေတမ်းစာကိုပင် ရွတ်ဖတ်နေပုံရသည်။ ၎င်းတို့ဘေးရှိ အန္တရာယ်ကာကွယ်ရေးဝတ်စုံ ဝတ်ထားသော အဘွားအိုကမူ အတည်ငြိမ်ဆုံးဖြစ်ပြီး ကျန်နှစ်ယောက်ကို တွန်းဖယ်လိုက်ကာ အော်ဟစ်လိုက်သည်။
“ပြေးကြ”
ထိုသုံးဦးသည် အလောင်းများကို ပစ်ချလိုက်ပြီး လမ်းဘေးတွင် ရပ်ထားသော ကားတစ်စီးဆီသို့ သုတ်ခြေတင် ပြေးကြတော့သည်။
“ငါက အဲ့လောက်တောင် ကြောက်စရာကောင်းလို့လားဟ”
ကောင်းမင်က မျက်မှောင်ကြုတ်သွားပြီး သူ၏ အိပ်မက်သရဲစွမ်းအားကို အသုံးပြုလိုက်သည်။ အရပ်ရှည်ရှည် လူကြီးမှာ ခဏတာကြောင်အသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။သူသည် အချိန်အတန်ကြာအောင် ပြန်မထနိုင်တော့ပေ။ ကျန်နှစ်ယောက်မှာမူ အလွန်သစ္စာရှိကြပြီး ထိုလူကို ပစ်မထားခဲ့ကြသဖြင့် ကောင်းမင်အတွက် အမီလိုက်ရန် အချိန်ရသွားသည်။
ကောင်းမင်က ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး လက်ကို မြှောက်ပြလိုက်သည်။
“မစိုးရိမ်ကြပါနဲ့၊ သေချာကြည့်ပါ၊ ကျုပ်က လူပါ၊ သရဲမဟုတ်ဘူး”
ကောင်းမင်က သူ့အရိပ်ကို ညွှန်ပြလိုက်သည်။ ကြောင်အနေသော ခွေးကြီးက သာမန်လူသားတစ်ယောက်၏ပုံရိပ်အဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။
နှစ်ဖက်စလုံးမှာ ငါးမီတာခန့် အကွာအဝေးတွင် ရပ်နေကြသည်။ အဘွားအိုက ကောင်းမင်ကို အတန်ကြာအောင် စိုက်ကြည့်နေပြီး စိုးရိမ်နေသေးသည်။
“မင်းက ဘယ်သူလဲ၊ ဘာလို့ လူနာဆောင်ထဲ ရောက်နေတာလဲ”
“လူနာဆောင်လား”
“ငါတို့မြို့က နေမကောင်းဖြစ်နေတာ၊ အရိပ်တွေ ကျူးကျော်လာတယ်၊ အနက်ရောင်မြူတွေ ဖုံးလွှမ်းသွားပြီး အသက်ရှင်ကျန်နေတဲ့လူတွေလည်း ရူးကုန်ကြပြီ၊ မူမမှန်ဖြစ်ရပ်တွေ ဖြစ်ပျက်နေတဲ့ ဘယ်နေရာမဆို 'လူနာဆောင်' လို့ ခေါ်တယ်၊ ဒီထဲမှာ သေသွားရင် မင်းအလောင်းကို အပြင်ကို ယူသွားလို့ မရဘူး”
မူလတန်းကျောင်းသားအရွယ်သာ ရှိသေးသော ကောင်လေးက သတ္တိမွေးကာ အဘွားအိုဘေးတွင် ရပ်လိုက်သည်။
“ခင်ဗျား ဒါလေးတောင် မသိဘူးလား၊ ခင်ဗျားက လူနာဆောင်ထဲမှာ ပုန်းနေတဲ့ အသက်ရှင်ကျန်ရစ်သူလား”
“ဟုတ်တယ်၊ ငါက အန္တရာယ်ကို စောစောသိထားလို့ အစားအသောက်နဲ့ ရေတွေ အလုံအလောက် ပြင်ထားခဲ့တာ၊ အခုချိန်ထိ မြေအောက်ခန်းထဲမှာ ပုန်းနေခဲ့တာလေ”
ကောင်းမင်က အလိုက်သင့် လိမ်ပြောလိုက်သည်။
“ဟန်ဟိုင်းက အခုအခြေအနေ ဘယ်လိုရှိလဲ ငါ့ကို ပြောပြနိုင်မလား၊ စုံစမ်းစစ်ဆေးရေးဌာနနဲ့ ခြောက်ခြားဂိမ်းကစားသမားတွေကော အရိပ်ကမ္ဘာရဲ့ ကျူးကျော်မှုကို ခုခံနိုင်ကြရဲ့လား”
“ဒါပေမယ့် ခင်ဗျားက အပေါ်ထပ်က ဆင်းလာတာ သိသာနေ...”
ကောင်လေး၏ စကားမဆုံးခင် အဘွားအိုက ကြားဖြတ်လိုက်သည်။သူမက ကောင်းမင်စကားကို ထောက်ခံသည့်အနေဖြင့် ပြောလိုက်သည်။
“တခြားနေရာတွေကိုတော့ ငါမသိဘူး၊ ဒါပေမယ့် ငါတို့ရှိနေတဲ့ ဟန်ဟိုင်း အနောက်ဘက်ဆင်ခြေဖုံးရဲ့ လေးပုံတစ်ပုံကတော့ လူနာဆောင်ဖြစ်သွားပြီ၊ မူမမှန်မှုတွေ သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေက မြေကြီးပေါ်က အလောင်းစက်တွေလိုပဲ နေ့တိုင်းပြန့်နှံ့နေပြီး လူတွေလည်း နေ့တိုင်း သေနေကြတယ်”