အနာဂတ်မှာ ငါမြင်ခဲ့တဲ့လူတွေ
Vol. 45 Ch. 663
အဘွားအို၏ အသံတွင် ပူဆွေးဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
"ငါ့သမီးနဲ့ သမက်ကတော့ ဆုံးသွားကြပြီ၊ သူတို့က မသန့်ရှင်းတဲ့ တစ်ခုခုနဲ့ ထိတွေ့မိပြီး အိမ်ပြန်လာတဲ့အခါကျတော့ ရူးသွားကြတာပဲ၊ ညဘက်ဆိုရင် သူတို့ အမူအရာတွေတွေက ပုံမှန်နဲ့ လုံးဝမတူတော့ဘူး၊ တစ်ဘက်ခန်းမှာတောင် ငါ့ကို ဘယ်လိုမျိုး ပျော်စရာကောင်းအောင် သတ်ရမလဲ တိုင်ပင်နေကြတာ..."
အရေးအကြောင်းများပြည့်နေသော သူမ၏ လက်အစုံမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက်ရှိသည်။ အဘွားအိုသည် လေတစ်ချက်ရှူသွင်းပြီးနောက် ဆက်ပြောသည်။
"နောက်တော့ စုံစမ်းစစ်ဆေးရေးဌာနက လူတွေရောက်လာတယ်၊ သူတို့က အရိပ်တွေနဲ့ အစားထိုးခံလိုက်ရပြီဆိုပြီး ခေါ်သွားကြတယ်၊ တစ်ပတ်လောက်ကြာတော့ ငါသန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်ရခဲ့ပြီး စွန့်ပစ်ဖို့စောင့်နေတဲ့ အမှိုက်ပုံထဲမှာ သူတို့အလောင်းတွေကို ပြန်တွေ့ခဲ့ရတာပဲ"
"သန့်ရှင်းရေးကုမ္ပဏီ… သန့်ရှင်းရေးသမားတွေလား"
ကောင်းမင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့နဲ့ စုံစမ်းစစ်ဆေးရေးဌာနနဲ့က ဘယ်လို ပတ်သက်နေတာလဲ၊ မကြောက်ပါနဲ့၊ ကျုပ်က စုံစမ်းစစ်ဆေးရေးဌာနက မဟုတ်ပါဘူး၊ ခင်ဗျားတို့ကို ဘာမှမလုပ်ပါဘူး"
ကောင်းမင်က အကြိမ်ကြိမ် အာမခံလိုက်သည့်အခါမှ ဘေးနားရှိ အနည်းငယ် တည်ငြိမ်လာသော လူကြီးက ဝင်ပြောရဲတော့သည်။
"ဟန်ဟိုင်းတစ်ခုလုံးကတော့ လုံးဝဖရိုဖရဲ ဖြစ်နေပြီ၊ စုံစမ်းစစ်ဆေးရေးဌာနချုပ်ကလည်း အနက်ရောင်မြူတွေကို ကိုင်တွယ်ဖို့ပဲ အလုပ်ရှုပ်နေပြီး ငါတို့အသက်တွေကို ဂရုမစိုက်နိုင်တော့ဘူး၊ အခုဆိုရင် နယ်မြေအလိုက် ခွဲထားတဲ့ စုံစမ်းစစ်ဆေးရေးဌာနခွဲတွေကပဲ ဘေးကပ်ဆိုးကြီးကို ခုခံနေရတာ၊ ဒါပေမယ့် လူအင်အားက မလုံလောက်ဘူးလေ၊ ငါတို့လို လူနာဆောင်တွေထဲမှာ ပိတ်မိနေတဲ့သူတွေက အပြင်ထွက်လို့မရသလို ဘာထူးခြားတဲ့ စွမ်းရည်မှလည်း မရှိကြဘူး၊ အသက်ရှင်ဖို့အတွက် ဌာနခွဲတွေက ဖွင့်ထားတဲ့ သန့်ရှင်းရေး၊ ဆေးဘက်ဆိုင်ရာနဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေမှာပဲ အန္တရာယ်သိပ်မများတဲ့ အလုပ်ကြမ်းတွေကို ဝင်လုပ်နေကြရတာပေါ့"
"အားလုံး ပရမ်းပတာဖြစ်နေတာလား"
ကောင်းမင် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"ငါ စီတုအန်းနဲ့ ရှရန်ကို ဖမ်းဆီးခဲ့ပြီးပြီ၊ သွေးမြို့တော်ရဲ့ အသိစိတ်အကြွင်းအကျန်ကို ကိုယ်စားပြုတဲ့ အားဖန်ကလည်း ညှဉ်းပန်းနှိပ်စက်ခန်းထဲမှာ ရှိနေတာ၊ ဟန်ဟိုင်းမှာ ကျင်းထောင်ရှန်းနဲ့ စုံစမ်းစစ်ဆေးရေးဌာနကို တားဆီးနိုင်မယ့်သူ မရှိလောက်တော့ဘူး၊ ဒါပေမယ့် အခုအခြေအနေအရ သူတို့က တခြားအခက်အခဲတွေနဲ့ ကြုံနေရပြီး အခြေအနေကို မထိန်းချုပ်နိုင်သေးပုံပဲ"
ထိုလူ၏ စကားများတွင် ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနအပေါ် မကျေနပ်မှုများ ပါဝင်နေလေသည်။ ယင်းကို ကောင်လေးက ပို၍ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုလိုက်သည်။
"တကယ်လို့ စုံစမ်းစစ်ဆေးရေးဌာနက အမှန်တရားကို မဖုံးကွယ်ထားခဲ့ရင် လူတိုင်း ဒီလိုမျိုး သတိလက်လွတ်နေမိမှာ မဟုတ်ဘူး၊ လူတွေအများကြီးလည်း အလဟဿ သေသွားမှာမဟုတ်ဘူး၊ နောက်မှ ပြင်ဆင်ဖို့ ကြိုးစားတာက အရမ်းနောက်ကျသွားပြီ"
"အကြီးအကဲစီတုသာ ရှိနေသေးရင် အခြေအနေတွေက ဒီထက်ကောင်းမှာပဲ၊ သူက ဘေးကပ်ဆိုး ကျရောက်တော့မယ်ဆိုတာကို တစ်မြို့လုံးသိအောင် အသက်နဲ့ရင်းပြီး သတိပေးခဲ့တာ၊ ကံမကောင်းတာက လူကောင်းတွေက အသက်မရှည်ကြဘူး၊ သူပျောက်ကွယ်သွားပြီးနောက်တော့ မြို့တော်အရှေ့ပိုင်းက ဟန်ဟိုင်းမှာ ပထမဆုံး လုံးဝကျဆုံးသွားတဲ့ နယ်မြေဖြစ်သွားခဲ့ရတယ်၊ စုံစမ်းစစ်ဆေးရေးဌာနကတော့ အကြီးအကဲစီတုကို ကလဲ့စားချေဖို့ပဲ အာရုံစိုက်နေပြီး မြို့တော်အရှေ့ပိုင်းက သန်းနဲ့ချီတဲ့ မြို့သားတွေကို စွန့်ပစ်ထားခဲ့တယ်"
ဦးလေးချီဟု ခေါ်သောလူသည် ပြောရင်းနှင့် ပိုစိတ်လှုပ်ရှားလာသည်။
"ခင်ဗျားပြောတဲ့ အကြီးအကဲစီတုဆိုတာ... သူ့နာမည်အပြည့်အစုံက စီတုအန်းမဟုတ်လား"
ကောင်းမင် မသေချာသဖြင့် မေးလိုက်သည်။ အကြောင်းမှာ ထိုလူဖော်ပြနေသော အကြီးအကဲစီတုသည် သူမှတ်မိသော စီတုအန်းနှင့် လုံးဝကွာခြားနေသောကြောင့် ဖြစ်သည်။
"ဟုတ်တယ်၊ သူပဲ… ငါက မြို့တော်အရှေ့ပိုင်းကနေ ထွက်ပြေးလာခဲ့တာ၊ အကြီးအကဲစီတု တာဝန်ယူခဲ့တုန်းက မြို့တော်အရှေ့ပိုင်းဟာ ဟန်ဟိုင်းမှာ အစည်ကားဆုံးဧရိယာပဲ၊ သူနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဖြစ်ပြီးနောက်တော့ အခြေအနေတွေက ချက်ချင်းထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့တာပဲ"
ထိုလူသည် စီတုအန်းရှိခဲ့သည့် နေ့ရက်များကို လွမ်းဆွတ်နေလေသည်။သို့သော်လည်း အမှန်တကယ်တွင် မြို့တော်အရှေ့ပိုင်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုသည် အရိပ်ကမ္ဘာနှင့် ပူးပေါင်းနေသော စီတုအန်းပင်ဖြစ်ကြောင်း သူမသိရှာပေ။
ဘေးနားရှိ အဘွားအိုမှာ စကားမပြောရဲသော်လည်း သူမ၏ မျက်နှာအမူအရာက ဦးလေးချီ၏ စကားကို ထောက်ခံနေပုံရသည်။
ထိုအုပ်စု၏ အမူအရာများကို ကြည့်ရင်း ကောင်းမင်သည် ရယ်စရာကောင်းသည်ဟုသာ ခံစားရသည်။ နေရာအနှံ့တွင် မူမမှန်မှုများကို ဖန်တီးပြီး လူသားများကို ယဇ်ပူဇော်ခဲ့သည့် စီတုအန်းသည် မြို့သူမြို့သားများ၏ မျက်စိထဲတွင် သူရဲကောင်းတစ်ဦး ဖြစ်နေခဲ့လေသည်။အဘယ်ကြောင့်ဆိုသော် စီတုအန်းသည် ကောင်းမင်၏ သတ်ဖြတ်မခံရမီကတည်းကပင် စုံစမ်းစစ်ဆေးရေးဌာနကို သူနှင့်အတူ အပါခေါ်သွားရန် ကြိုတင်စီစဉ်ထားခဲ့ပြီး အမှန်တရားဟု ဆိုသောအရာများကို ထုတ်ဖော်ကာ သူကျူးလွန်ခဲ့သမျှ အရာအားလုံးကို စုံစမ်းစစ်ဆေးရေးဌာနအပေါ် ပုံချခဲ့သောကြောင့် ဖြစ်သည်။
အနက်ရောင်မြူခိုးများ နီးကပ်လာပြီး ဘေးကပ်ဆိုးကို ဖုံးကွယ်မရတော့သည့်အခါသာ ဌာနက သတင်းအချက်အလက်အချို့ကို ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။ ထိုအချက်က စီတုအန်း၏ ကြိုတင်သတိပေးချက်သည် မှန်ကန်ကြောင်း သက်သေပြသလို ဖြစ်သွားခဲ့သည်။
"ဒီကောင်က တကယ်ဒုက္ခပေးတဲ့ကောင်ပဲ၊ တကယ်လို့ လူတွေရဲ့ အမြင်ကို အမှန်မပြင်ပေးနိုင်ရင် စီတုအန်းက ဟန်ဟိုင်းမှာ သူ့အတွက် ယဇ်ပလ္လင်တစ်ခုတောင် ဆောက်သွားနိုင်တယ်"
ကောင်းမင်သည် မသိလိုက်မသိဘာသာဖြင့် သန့်ရှင်းရေးသမား သုံးဦးဆီသို့ လျှောက်သွားလိုက်သည်။ သူတို့သည်လည်း ကောင်းမင်ရှိနေခြင်းကို နေသားကျသွားပုံရပြီး ရန်လိုစိတ် မရှိကြတော့ပေ။
"အခု ကပ်ဆိုးကြီးကို စုံစမ်းစစ်ဆေးရေးဌာန တစ်ခုတည်းပဲ တိုက်ခိုက်နေတာလား၊ တခြား အင်အားကြီးတဲ့ အဖွဲ့အစည်းတွေရော မရှိဘူးလား"
ကောင်းမင်က မျက်တောင်ခတ်ရင်း မေးလိုက်သည်။
"ခြောက်ခြားဂိမ်းကစားသမားတွေအကြောင်း ကြားဖူးလား"
"ကြားဖူးတာပေါ့"
ကောင်လေးက စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ တောက်ပလာ၏။
"သူတို့က စုံစမ်းစစ်ဆေးရေးဌာနပြီးရင် ဟန်ဟိုင်းမှာ အဆန်းကြယ်ဆုံးနဲ့ အင်အားအကြီးဆုံး အဖွဲ့ပဲ၊ သူတို့က မကောင်းဆိုးဝါးတွေကို အမဲလိုက်ပြီး ကျိန်စာတွေစုဆောင်းရင်းနဲ့ နယ်မြေအသီးသီးက လူနာဆောင်တွေမှာ လှုပ်ရှားနေကြတာလေ၊ ခြောက်ခြားဂိမ်းကစားသမား တစ်ယောက်ဖြစ်ဖို့ဆိုတာ မြို့သားတွေရဲ့ အိပ်မက်ပဲ၊ ဒါပေမယ့် သူတို့ရဲ့ လူသစ်လက်ခံတဲ့ စည်းကမ်းချက်တွေက အရမ်းတင်းကျပ်လွန်းတယ်"
ကောင်းမင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမရှိသည့် အတောအတွင်း ရေသေဖိုရမ်သည် ကောင်းစွာ ဖွံ့ဖြိုးလာပုံရသည်။
"အခု ဘယ်ခြောက်ခြားဂိမ်းကစားသမားတွေက နာမည်ကြီးလဲ၊ သူတို့က စုံစမ်းစစ်ဆေးရေးဌာနနဲ့ ပူးပေါင်းနေကြတာလား"
"နာမည်ကြီးတဲ့လူတွေကတော့ အများကြီးပဲ၊ သူတို့အားလုံးက သူရဲကောင်းတွေပဲ"
ကောင်လေးသည် ခြောက်ခြားဂိမ်းကစားသမားများအပေါ် အလွန်အမင်း အထင်ကြီးနေပုံရသည်။ သူ၏စိတ်လှုပ်ရှားမှုကို မြင်သဖြင့် အဘွားအိုက ကောင်လေး၏ ပုခုံးကိုကိုင်၍ ရှင်းပြလိုက်သည်။
"ဒီကလေးရဲ့ အစ်ကိုကလည်း ခြောက်ခြားဂိမ်းကစားသမား တစ်ယောက်ပါပဲ၊ ကပ်ဘေးကြီး မဖြစ်ခင်တုန်းက သူက အိမ်ထဲမှာပဲ အမြဲနေတတ်တာ၊ နောက်ပိုင်းကျတော့ သူက သရဲစွမ်းအားတွေ ရလာခဲ့တယ်၊ သူ့အစ်ကိုက အဆောက်အအုံတစ်ခုထဲက လူတွေကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ အမှောင်ထုထဲမှာ ပျောက်ကွယ်သွားခဲ့ရတယ်"
သန့်ရှင်းရေးကုမ္ပဏီ၏ သန့်ရှင်းရေးသမားတိုင်းတွင် ကိုယ်စီအတိတ်များ ရှိနေကြသည်။ ဘေးကပ်ဆိုးကြီးက သူတို့ဘဝများကို ပြောင်းလဲပစ်ခဲ့သော်လည်း သူတို့၏ မျှော်လင့်ချက်ကိုတော့ မဖျက်ဆီးနိုင်ခဲ့ပေ။
"စုံစမ်းစစ်ဆေးရေးဌာနရဲ့ ရှုပ်ထွေးတဲ့ ဆုပေးစနစ်နဲ့ မတူတာက ရေသေဖိုရမ်မှာ လူထုအကျိုးပြုမှုအဆင့်စာရင်းတစ်ခု ရှိတယ်၊ မကောင်းဆိုးဝါးတွေကို သတ်တာ၊ မူမမှန်ဖြစ်ရပ်တွေကို သန့်စင်တာနဲ့ လူတွေကိုကယ်ဆယ်တာတွေက အကျိုးပြုမှတ်တွေ တိုးစေတယ်၊ ခြောက်ခြားဂိမ်းကစားသမားတွေအကြောင်း သိချင်ရင် အဲ့ဒီစာရင်းကို ကြည့်ရုံပဲ"
ဦးလေးချီက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောသည်။
"ဘေးကပ်ဆိုးနယ်ပယ်ရဲ့ အကျိုးသက်ရောက်မှု ကျယ်ပြန့်လာတာနဲ့အမျှ ခြောက်ခြားဂိမ်းကစားသမားတွေရဲ့ အဆင့်အတန်းကလည်း မြင့်မားလာတယ်၊ စာရင်းထဲက ကစားသမားအများစုက သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ထုတ်ပြထားကြတယ်၊ အခု လက်ရှိ နံပါတ် (၁)အဆင့် ကစားသမားကိုတော့ ဖန်လီလို့ ခေါ်တယ်၊ သူက တကယ့်ကို စံပြလူသားတစ်ယောက်ပဲ၊ သူက ရဲရင့်တယ်၊ ရိုးသားတယ်၊ နှိမ့်ချတတ်ပြီး ဖြောင့်မတ်တယ်၊ စွမ်းအားကြီးပေမယ့် မာန်မာန မရှိဘူး၊ သူ့ကို တွေ့ဖူးတဲ့ မြို့သားတိုင်းက သူဟာ ခေါင်းဆောင်တစ်ယောက်အဖြစ်မွေးဖွားလာသူလို့ ပြောကြတယ်"
အဆင့်သတ်မှတ်ချက်စာရင်းတွင် နံပါတ် (၁) ရခြင်းမှာ သူသည် အသန်မာဆုံးဟု မဆိုလိုသော်လည်း သူသည် ဟန်ဟိုင်းအတွက် အကြီးမားဆုံး အကျိုးပြုခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဖန်လီသည် ကောင်းမင်၏ မျှော်လင့်ချက်ကို စိတ်မပျက်စေဘဲ အနာဂတ်တွင် အကောင်းဆုံးပုံစံဖြင့် ရှင်သန်နေခဲ့ပြီ ဖြစ်သည်။
"စာရင်းရဲ့ နံပါတ် (၂) ကနေ နံပါတ် (၄) အထိကတော့ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြတယ်၊ နံပါတ် (၅) ကတော့ လော်တုန်းတဲ့၊ သူက ဟန်ဟိုင်း မြို့တော်အရှေ့ပိုင်းက ခြောက်ခြားဂိမ်းကစားသမားအားလုံးကို ဦးဆောင်နေတာလေ၊ သူက အဖွဲ့တွေကို သုံးကြိမ်တိုင်တိုင် ဦးဆောင်ပြီး လူနာဆောင်တွေထဲအထိ ထိုးဖောက်ဝင်ရောက်ပြီးတော့ အကြီးစား စုပေါင်းမစ်ရှင်တွေကို လုပ်ဆောင်ခဲ့တယ်"
ကောင်လေးသည် ခြောက်ခြားဂိမ်းကစားသမားများအကြောင်းကို ဦးလေးချီနှင့် အဘွားအိုထက် ပိုသိနေပုံရသည်။
"အကြီးအကဲစီတု ပျောက်ကွယ်သွားကတည်းက မြို့တော်အရှေ့ပိုင်းဒေသဟာ သရဲတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရတယ်၊ စုံစမ်းစစ်ဆေးရေးဌာနက မြို့တော်အရှေ့ပိုင်းကို ပိတ်ဆို့ထားပြီး အနက်ရောင်မြူတွေကို တားဆီးဖို့ အာရုံစိုက်နေခဲ့တယ်၊ အဲ့ဒီအချိန်မှာ လော်တုန်းကတော့ ကန့်ကွက်မှုတွေကြားထဲက မြို့တော်အရှေ့ပိုင်းထဲ ဝင်သွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေအတွက် မျှော်လင့်ချက် ယူဆောင်ပေးခဲ့တယ်၊ သူ့ကို မြို့တော်အရှေ့ပိုင်းရဲ့ ယာယီအကြီးအကဲအဖြစ် မြို့သားတွေကြားမှာ လူသိများကြတာပေါ့"
ကောင်းမင် ကြိုမြင်ခဲ့သော အနာဂတ်သည် မူလလမ်းကြောင်းအတိုင်း ပုံစံတစ်မျိုးဖြင့် အကောင်အထည် ပေါ်လာနေခဲ့ပြီ ဖြစ်သည်။
"စာရင်းရဲ့ ထိပ်တန်း ၁၀ ယောက်ထဲမှာ သူ့တို့ကိုသူတို့ ဖုံးကွယ်ထားတဲ့သူတွေအပြင် အသန်မာဆုံးကတော့ နံပါတ် (၁၀) ပဲ၊ သူက တစ်ချိန်တုန်းက စုံစမ်းစစ်ဆေးရေးဌာန လုံခြုံရေးအဖွဲ့ရဲ့ ခေါင်းဆောင်လို့ ပြောကြပေမယ့် နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးရေးဌာနနဲ့ လမ်းခွဲပြီး ခြောက်ခြားဂိမ်းကစားသမား ဖြစ်လာခဲ့တာ"
ကောင်လေးက ကောင်းမင်အား လျှို့ဝှက်ချက်တစ်ခု ပြောပြသလိုမျိုး ဆန်းကြယ်စွာ ဆိုလိုက်သည်။
"တချို့ကလည်း နံပါတ် (၁၀) က လူတစ်ယောက်တည်း မဟုတ်ဘူး၊ လုံခြုံရေးအဖွဲ့ တစ်ခုလုံးလို့ ပြောကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ နာမည်က ရှင်းလုအထူးကာကွယ်ရေး အဖွဲ့တစ်လို့ ခေါ်လို့ပဲ"