← Chapters

ဒါက ငါ့ကို ရည်ရွယ်တာပဲ

Vol. 45 Ch. 664

ဒါက ငါ့ကို ရည်ရွယ်တာပဲ

Vol. 45 Ch. 664

“အဖွဲ့တစ်လား”

ကောင်းမင်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာ၏။ ဝမ်ကျား ဦးဆောင်ခဲ့သော လုံခြုံရေးများထဲ၌ အဖွဲ့တစ်ခေါင်းဆောင်သည် သူ့အပေါ် နက်ရှိုင်းသော အထင်အမြင်ရှိစေခဲ့သူ ဖြစ်သည်။ ထိုလူသည် အလုပ်ကို အလွန်အလုပ်ကြိုးစားတတ်သော ရုံးဝန်ထမ်းတစ်ယောက်နှင့် တူပြီး အမြဲတမ်းလိုလို ဝတ်စုံအပြည့်နှင့် နက်ကတိုင် တပ်ထားလေ့ရှိသည်။သို့သော်လည်း သူ့စွမ်းအားအပြည့်ကို ထုတ်သုံးရသည်အထိ တစ်ခါမှ တွန်းအားပေးခံခဲ့ရပုံ မရချေ။

“သူလည်း ခြောက်ခြားဂိမ်းကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

“ခင်ဗျား မထင်ထားတဲ့ အရာတွေ အများကြီး ရှိသေးတယ်၊ အရင်မှတ်ဉာဏ်တွေ မပျောက်သေးတဲ့ သရဲတွေတောင် ကျွန်တော်တို့နဲ့အတူ အရိပ်တွေကို တိုက်ခိုက်ဖို့ ခြောက်ခြားဂိမ်းကစားသမားတွေထဲ ဝင်လာကြတယ်လို့ ပြောကြတာပဲ၊ ဒါက စုံစမ်းစစ်ဆေးရေးဌာနထက် အများကြီး ပိုကောင်းတယ်၊ စုံစမ်းစစ်ဆေးရေးဌာနက ကျွန်ပြုဖို့နဲ့ ထိန်းချုပ်ဖို့ စမ်းသပ်မှုတွေ လုပ်ဖို့လောက်ပဲ စဉ်းစားနေတာ၊ ကျွန်တော် သရဲဖြစ်လာရင်လည်း ခြောက်ခြားဂိမ်းကစားသမား တစ်ယောက် ဖြစ်လာဖို့ပဲ ရွေးချယ်မိမှာ”

ကောင်လေးသည် တစ်စုံတစ်ယောက်နှင့် ဤကဲ့သို့ စကားမပြောရသည်မှာ အတော်ကြာပြီဖြစ်ပုံရသည်။ သန့်ရှင်းရေးကုမ္ပဏီသည် စုံစမ်းစစ်ဆေးရေးဌာန၏ လက်အောက်ခံဖြစ်သောကြောင့် ပုံမှန်အားဖြင့် မည်သူမျှ ခြောက်ခြားဂိမ်း ကစားသမားများအကြောင်းကို ပေါ်ပေါ်ထင်ထင် ဆွေးနွေးဝံ့ကြသည်မဟုတ်ပေ။

အဘွားအိုမှာမူ ကောင်လေး၏ နောက်မှနေ၍ အဝတ်စကို အကြိမ်ကြိမ်ဆွဲကာ အကုန်လုံး ထုတ်မပြောရန် အချက်ပြနေလေသည်။

ကောင်းမင်က နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ကောင်လေး၏ အမူအရာကြောင့် ပြုံးမိသွားသည်။ ဘေးကပ်ဆိုးများက ဤကလေးကို မကြောက်ရွံ့စေခဲ့သလို ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရခြင်းကလည်း သူ့ကို စိတ်ဓာတ်ကျမသွားစေခဲ့ပေ။ ကောင်းမင်သည် ထိုကလေး၏ မျက်ဝန်းထဲတွင် အကြောက်တရားကင်းမဲ့သော အလင်းရောင်ကိုသာ မြင်တွေ့ရသည်။ ဤသည်မှာ ကောင်းမင် ဟန်ဟိုင်းသို့ ပြန်လာရခြင်း၏ အဓိပ္ပာယ် ဖြစ်နိုင်ပေသည်။

ထိုကောင်လေးကဲ့သို့သော မြို့သားအများအပြား ရှိနေသေးသည်ဖြစ်ရာ သူတို့ကို စွန့်ပစ်ထား၍ မသင့်တော်ပါချေ။

စုံစမ်းစစ်ဆေးရေးဌာန မလုပ်နိုင်သည်များကို ကောင်းမင် လုပ်ဆောင်ရပေလိမ့်မည်။ ဤမြို့တော်ကြီးသည် ရောဂါကျွမ်းနေပြီဖြစ်ရာ အနာပုတ်များအားလုံးကို ဖယ်ရှားရန် အရေးပေါ် ကုသမှုများ လိုအပ်နေပြီ ဖြစ်သည်။

နောက်ထပ် အပြန်အလှန် အနည်းငယ်စကားပြောလိုက်ပြီးနောက် ကောင်းမင်သည် ထိုသာမန်သန့်ရှင်းရေးဝန်ထမ်းများထံမှ အကန့်အသတ်ရှိသော သတင်းအချက်အလက်များကိုသာ ရရှိခဲ့သည်။ သူတို့သည် နက်ရှိုင်းသော လျှို့ဝှက်ချက်များကို မသိနိုင်သကဲ့သို့ အမှန်တရားကိုလည်း မြင်နိုင်စွမ်း မရှိကြချေ။ ဟန်ဟိုင်း၏ လက်ရှိအခြေအနေကို သိနိုင်ရန်အတွက် ခြောက်ခြားဂိမ်းကစားသမားများနှင့် ဆက်သွယ်ရန် လိုအပ်ပေသည်။

“ဒီနေရာက ဖျားနာနေတဲ့ ဧရိယာတစ်ခုပဲ၊ အဆောက်အအုံတိုင်းမှာ သရဲတွေ ပုန်းနေနိုင်လို့ အရမ်းအန္တရာယ်များတယ်၊ ကျွန်တော်တို့နဲ့အတူ ဘေးကင်းဇုန်ကို ပြန်လိုက်လာပါလား”

ကောင်လေးတွင် မည်သည့်မကောင်းစိတ်မှ မရှိချေ။သူသည် ကောင်းမင်မှာ လူဆိုးတစ်ယောက်နှင့် မတူဟု ယူဆသဖြင့် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

သူ စကားပြောပြီးသည်နှင့် အဘွားအိုနှင့် ဦးလေးချီတို့၏ အမူအရာများ ပျက်ယွင်းသွားကြသည်။ အဘွားအိုက ကောင်လေးကို သူမနောက်သို့ ဆွဲလိုက်ပြီး ဦးလေးချီက ခက်ခက်ခဲခဲ ဆိုလိုက်သည်။

“စိတ်မရှိပါနဲ့ဗျာ၊ ဒီသန့်ရှင်းရေးကားက ကုမ္ပဏီပိုင် ဖြစ်နေလို့ပါ၊ ကားမှာ စောင့်ကြည့်ထောက်လှမ်းရေး ကိရိယာတွေ တပ်ထားတော့ ပြင်ပလူတွေကို တင်လာရင် အချက်ပေးသံ မြည်လာပါလိမ့်မယ်”

“ခင်ဗျားတို့ဘာသာပဲ ပြန်ကြပါ၊ ကျုပ်ကို လာကြိုမယ့်သူ ရှိပါတယ်”

ကောင်းမင် သူ့အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။ထိုအခါမှ သူ့ဖုန်းသည် ငရဲသန္ဓေသား၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်ကို သတိရသွားသည်။

“ခင်ဗျားတို့မှာ ဖုန်း ဒါမှမဟုတ် တခြားဆက်သွယ်ရေးကိရိယာတစ်ခုခု ရှိလား၊ ကျုပ် ဖုန်းတစ်ချက်လောက် ခေါ်ချင်လို့ပါ”

ဦးလေးချီနှင့် အဘွားအိုတို့သည် ဤကဲ့သို့သော လူနာဆောင်ထဲအထိ ကောင်းမင်ကို လာကြိုမည့်သူ ရှိမည်ဟု မယုံကြည်ကြချေ။ ဟန်ဟိုင်းရှိ အရေးကြီးပုဂ္ဂိုလ်များ၏ မိသားစုဝင်များသာ ထိုကဲ့သို့သော အခွင့်အရေးကို ရရှိလေ့ရှိသောကြောင့် ဖြစ်သည်။

ကောင်းမင် လက်ဖြန့်လာသည်ကို မြင်သောအခါ ဦးလေးချီက ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီး သူ၏ အကာအကွယ်ဝတ်စုံ အိတ်ကပ်ထဲမှ ဟောင်းနွမ်းနေသော ဖုန်းတစ်လုံးကို ထုတ်ပေးလိုက်သည်။

“ဒါကို လွန်ခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက အလောင်းတစ်လောင်းဆီကနေ ရခဲ့တာလေ၊ သုံးလို့ရသေးတယ်၊ မင်းကိုပဲ ပေးလိုက်ပါ့မယ်”

“ကျေးဇူးတင်ပါတယ်”

ကောင်းမင်က ဖုန်းကို ယူလိုက်ပြီးနောက် တစ်ခုခုကို သတိရသွား၏။

“ဒါနဲ့… ဒီနားမှာ ရှာရလွယ်တဲ့ ထင်ရှားတဲ့ နေရာတစ်ခုခု ရှိလား၊ အန္တရာယ်တွေအတွက်တော့ ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး”

ဦးလေးချီသည် ကောင်းမင်မှာ ဟန်ဆောင်ကောင်းလွန်းသည်ဟု တွေးနေမိသည်။သို့သော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြရဲပေ။

“အရှေ့ဘက်ကို နည်းနည်းသွားလိုက်ရင် ဟန်ဟိုင်းပလာဇာကို မင်းတွေ့လိမ့်မယ် မြို့တော်အနောက်ပိုင်းမှာတော့ အတော်လေး နာမည်ကြီးတဲ့ အဆောက်အဦးပဲ၊ လွန်ခဲ့တဲ့ အချိန်တွေတုန်းက ငါးဖမ်းရာသီ ဖွင့်ပွဲအခမ်းအနားတွေကို အဲ့ဒီမှာ ကျင်းပခဲ့တယ်လို့ ပြောကြတယ်”

ကောင်းမင်သည် ရေသေဖိုရမ်ထဲသို့ သူ၏ အက်ဒမင်အကောင့်ဖြင့် ဝင်လိုက်ပြီး ဖန်လီထံသို့ မက်ဆေ့တစ်စောင် ပို့လိုက်သည်။ ဟန်ဟိုင်းပလာဇာသို့ လူတစ်ယောက် အမြန်ဆုံးလွှတ်ပေးရန် သူညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ဘေးနားရှိ သန့်ရှင်းရေးဝန်ထမ်းများသည် ကောင်းမင်က သူတို့အပေါ် အာရုံမရှိတော့မှန်း သတိပြုမိသည်နှင့် ကောင်လေးကို ဆွဲခေါ်ကာ ကားထဲဝင်၍ အလျင်အမြန် မောင်းထွက်သွားကြတော့သည်။

“သူတို့က တော်တော် ဂရုစိုက်ကြတာပဲ”

ကောင်းမင်သည် ဖုန်းကို ကိုင်ထားရင်း ခပ်ပါးပါးပြုံး၍ ဘေးကပ်ဆိုးကြောင့် စွန့်ပစ်ခံထားရသော ပလာဇာဆီသို့ လျှောက်သွားလိုက်သည်။

...

သန့်ရှင်းရေးကားအတွင်း၌ ကောင်လေးသည် ပြတင်းပေါက်ကို မှီ၍ စိုးရိမ်စိတ်ဖြင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။သူသည် ကောင်းမင်တစ်ဦးတည်း လမ်းလျှောက်သွားနေသည်ကို မြင်နေရဆဲ ဖြစ်သည်။

“ဦးလေးချီ ကျွန်တော်တို့ သူ့ကို တကယ်ခေါ်မသွားဘူးလား၊ သူတစ်ယောက်တည်း လူနာဆောင်ထဲမှာ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူးနော်၊ တကယ်လို့ သူကျိန်စာကူးစက်ခံရရင် အသေဆိုးနဲ့ သေရလိမ့်မယ်”

“ကျိန်စာကူးစက်ခံရရင် အသေဆိုးနဲ့ သေရမယ်ဆိုတာတော့ မင်းသိသေးတယ်ပေါ့”

ဦးလေးချီ၏ အသံက တင်းမာနေ၏။

“လူနာဆောင်ထဲက အသက်ရှင်ကျန်ရစ်သူတွေဆိုတာ အကြောက်တရားရဲ့ နေ့ရောညရော နှိပ်စက်ခံရမှုတွေကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေပြီး အရိုးပေါ် အရေတင် ဖြစ်နေကြတာ၊ သူက အသက်ရှင်ကျန်ရစ်သူနဲ့ တူလို့လား”

“ဟုတ်တယ်၊ တကယ်လို့ သူက မစ်ရှင်နဲ့လာတဲ့ ခြောက်ခြားဂိမ်းကစားသမား မဟုတ်ရင် သရဲတစ်ကောင် ပူးကပ်ခံထားရတဲ့ လူပဲ ဖြစ်ရမယ်”

အဘွားအိုမှာလည်း အလွန်အမင်း ထိတ်လန့်နေဆဲဖြစ်သည်။ သူမ၏ နှလုံးခုန်သံက ပုံမှန်အခြေအနေသို့ ပြန်မရောက်သေးပေ။

“ဒါပေမယ့် သူက လူဆိုးနဲ့ မတူဘူးလို့ ခံစားရတယ်၊ သူ့မျက်လုံးတွေက ပူးကပ်ခံရတဲ့သူတွေရဲ့ မျက်လုံးနဲ့ မတူဘူးလေ”

ကောင်လေး၏ အသံက တိုးဝင်သွားသည်။ ဤလူအုပ်စုလေးထဲတွင် သူ့စကားက အရာမရောက်လှပေ။

“လူကောင်းလား လူဆိုးလားဆိုတာ မျက်မြင်ကြည့်ရုံနဲ့ မသိနိုင်ဘူး၊ ငါက ကြင်နာတတ်ပေမယ့် ငါတို့သုံးယောက်ရဲ့ အသက်နဲ့တော့ လောင်းကြေးမထပ်နိုင်ဘူး”

ထိုလူသည် ကားကို အလွန်လျင်မြန်စွာ မောင်းနှင်နေသည်။ မိနစ်လေးဆယ်ခန့်အကြာ စခန်းသို့ ရောက်ခါနီးတွင် ကားပေါ်ရှိဆက်သွယ်ရေးကိရိယာမှ ရုတ်တရက် အချက်ပေးသံ မြည်လာလေသည်။ ကုမ္ပဏီထံမှ နောက်ဆုံးရမစ်ရှင်ညွှန်ကြားချက်များ ရောက်ရှိလာခြင်း ဖြစ်သည်။

“A4 နဲ့ စတဲ့ အိုင်ဒီနံပါတ်ပါတဲ့ သန့်ရှင်းရေးဝန်ထမ်းများအားလုံး သတိပြုရန်၊ အလုပ်ခဏရပ်ပါ ၊ အခုချက်ချင်း ရပ်တန့်ပါ၊ အနီးဆုံးစခန်းမှာ ခိုလှုံကြပါ၊ ထပ်သတိပေးမယ်၊ A4 နဲ့ စတဲ့ အိုင်ဒီနံပါတ်ပါတဲ့ သန့်ရှင်းရေးဝန်ထမ်းအားလုံး အခုချက်ချင်း အလုပ်ရပ်နားကြပါ”

“A4 နဲ့ စတဲ့ အိုင်ဒီတွေလား၊ မြို့တော်အနောက်ပိုင်း ချန်နန်၊ တိုင်းမ်သိပ္ပံပန်းခြံ၊ မြို့တော်ပလာဇာ ဈေးဝယ်စင်တာအားလုံးက A4 နဲ့ စတာပဲ၊ ငါတို့ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေတာလဲ”

ကောင်လေး သန့်ရှင်းရေးအဖွဲ့ထဲ ဝင်ပြီးကတည်းက ယင်းကဲ့သို့ အရေးပေါ်သတိပေးချက်မျိုးကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်သည်။

ဦးလေးချီက မျက်မှောင်ကြုတ်လိုက်သည်။သူသည်က် ဆက်သွယ်ရေးခလုတ်ကို နှိပ်ကာ ညွှန်ကြားချက်ကို အကြိမ်ပေါင်းများစွာ မေးမြန်းနေသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

“စခန်းကို အရင်ပြန်ကြစို့”

ကားသည် လူသူကင်းမဲ့နေသော စွန့်ပစ်လွင်ပြင်ကို ဖြတ်ကျော်လာပြီး ကားစက်ရုံဟောင်းတစ်ခုမှ ပြောင်းလဲထားသည့် စခန်းထဲသို့ ဝင်ရောက်သွားသည်။ ထိုနေရာတွင် ကုမ္ပဏီအသီးသီးမှ လူများသာမက စုံစမ်းစစ်ဆေးရေးဌာနမှ သုတေသီများလည်း ရှိနေသည်။ စခန်းမန်နေဂျာသည် ဝေမျိုးရိုးဖြစ်သည်။သူသည် ယခင်က စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ လက်အောက်ခံ သုတေသနဌာနတစ်ခုမှ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ဖူးပြီး အဖြူရောင်ဆက်သွယ်ရေးစက်ကို ဝတ်ဆင်ထားသည်။

“ဟောင် ... မြို့တော်အနောက်ပိုမှာ ဘာဖြစ်နေလဲ မင်းသိလား”

ကားကို ပိုးသတ်ရန် ပို့ဆောင်ပြီးနောက် ဦးလေးချီက စီးကရက်တစ်ဘူး ထုတ်၍ တာဝန်ကျဝန်ထမ်းကို မေးလိုက်သည်။

“ငါတို့ အခုချက်ချင်း ပြန်လာဖို့ အမိန့်ရလို့လေ”

“မင်းတို့လို အပြင်ကို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့သူတွေပဲ ပစ္စည်းကောင်းတွေ ရတတ်တယ်”

အသက် ၅၀ ကျော် ဟောင်သည် ဝါကျင့်ကျင့်သွားများရှိပြီး အရပ်ပုပျက်ပျက်နှင့် ဖြစ်သည်။သို့သော်လည်း သူသည်အလွန်ပင် ဖျတ်လတ်တက်ကြွနေလေသည်။

“အသေးစိတ်တော့ ငါမသိဘူး၊ ဒါပေမယ့် ခြောက်ခြားဂိမ်းကစားသမားတွေနဲ့ ပတ်သက်နေပုံပဲ”

“ခြောက်ခြားဂိမ်းကစားသမားတွေ ဟုတ်လား”

“ဟုတ်တယ်၊ သူတို့ ဘာဖြစ်နေကြလဲ မသိဘူး၊ ကျိုင်းကောင်အုပ်ကြီးတွေလိုပဲ အရပ်ရှစ်မျက်နှာကနေ မြို့တော်အနောက်ပိုင်းကို စုပြုံတိုးဝင်လာနေကြတာ၊ သူတို့ရဲ့ ပစ်မှတ်က ဟန်ဟိုင်းပလာဇာ ဖြစ်မယ်ထင်တယ်”

ဟောင်က စီးကရက်ဘူးကို ဖွင့်ကာ အနံ့ခံကြည့်ပြီးနောက် ကျေနပ်စွာဖြင့် အင်္ကျီအတွင်းအိတ်ထဲသို့ ထိုးထည့်လိုက်သည်။

“ဟန်ဟိုင်းပလာဇာ...”

“ဝုန်း”

စခန်းဂိတ်တံခါးကြီးက ဆောင့်ပိတ်သွားပြီး အစောင့်များသည် အရပ်ရှစ်မျက်နှာသို့ အစွမ်းကုန် သတိကြီးကြီး ထားနေကြသည်။ မြို့တော်အနောက်ပိုင်းဌာနခွဲမှ စုံစမ်းရေးမှူးများသည်လည်း ခြောက်ခြားဂိမ်းကစားသမားများ သူတို့နယ်မြေထဲတွင် မည်သည့်အရာရှာတွေ့သွားသည်ကို မသိနိုင်သဖြင့် အလွန်အမင်း အလုပ်ရှုပ်နေကြတော့သည်။

ရုံးခန်းအတွင်း၌ ဒါရိုက်တာဝေသည် စိုးရိမ်တကြီးအမူအရာဖြင့် စခရင်ကို စိုက်ကြည့်နေလေသည်။ စုံစမ်းစစ်ဆေးရေးဌာနသည် ခြောက်ခြားဂိမ်းကစားသမားများနှင့် ပူးပေါင်းရန် သဘောတူခဲ့သော်လည်း ခြောက်ခြားဂိမ်းကစားသမားများအနေနှင့် စုံစမ်းစစ်ဆေးရေးဌာနတွင် သူတို့၏ အိုင်ဒီများကို မှတ်ပုံတင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးရေးဌာနက ခြေရာခံနိုင်ရန် ဟူသော စည်းကမ်းချက်ဖြင့် သဘောတူထားခြင်းဖြစ်သည်။

ယခုမူ ဒါရိုက်တာဝေ၏ စခရင်ပေါ်တွင် များစွာသော အလင်းစက်လေးများ စုပြုံနေပြီး အဖွဲ့လိုက်မစ်ရှင် တစ်ခု၏ ကန့်သတ်ချက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

“သူတို့ရဲ့ ပစ်မှတ်က... ငါများလား”

All Chapters