← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

သို့သော် အကြီးအကဲကျန်း၏ ခန့်မှန်းချက်မှာ မကြာမီပင် မှားယွင်းကြောင်း သက်သေပြခြင်း ခံလိုက်ရသည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် အစွန်းရောက်လက်သီးဂိုဏ်းနှင့် မလှမ်းမကမ်းရှိ လမ်းကြားအချို့၌ ကပ်ထားသော အသိပေးစာများကို တပည့်တစ်ဦးက စတင်တွေ့ရှိခဲ့သည်။ ထိုစာများကို သွေးကဲ့သို့ နီမြန်းသော စာလုံးများဖြင့် ရေးသားထားသည်မှာ

“မင်းတို့ ထွက်ခွာသွားဖို့ သုံးရက်အချိန်ပေးမယ်၊ ဒါဆိုရင် ဘာပြဿနာမှ တက်မှာမဟုတ်ဘူး။ သုံးရက်ကျော်တာနဲ့ မင်းတို့ဂိုဏ်းကို မြေလှန်ပစ်မယ်၊ ကြက်ကလေး၊ ခွေးကလေးကအစ အသက်ချန်ထားမှာ မဟုတ်ဘူး။ ငါတို့ သတိမပေးဘူးလို့ မပြောနဲ့”

ထိုစာထဲတွင် မည်သည့်အမည်ကိုမျှ ဖော်ပြမထားပေ။ သို့သော် ဖြူဖွေးသော စက္ကူပေါ်မှ သွေးစာလုံးများနှင့် စက္ကူကိုပင် ဖောက်ထွက်တော့မည့်အလား ထက်မြက်နေသော အရှိန်အဝါကို မြင်တွေ့ရသူတိုင်း ခံစားမိကြသည်။ အစွန်းရောက်လက်သီးဂိုဏ်းမှ အကြီးအကဲတစ်ဦးက ထိုစာများကို အမြန်ဆုံး ဆုတ်ဖြဲပစ်ခဲ့သော်လည်း ဤသတင်းမှာ ဂိုဏ်းအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်း သိရှိသွားကြတော့သည်။

ခဏချင်းမှာပင် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။

“လေးလံသောဓားဂိုဏ်းက တကယ်ပဲ ဒီလောက်အထိ လုပ်ရဲပါ့မလား”

“ရယ်စရာပဲ။ ငါတို့ အစွန်းရောက်လက်သီးဂိုဏ်းကလည်း အနိုင်ကျင့်ခံရမယ့် အကောင်တွေ မဟုတ်ပါဘူး။ ပြီးတော့ လေးလံသောဓားဂိုဏ်းက ဒီလောက်အထိ ရမ်းကားနေတာကို မြို့စားမင်းအိမ်တော်က ဒီအတိုင်း ထိုင်ကြည့်နေမှာတဲ့လား”

သို့သော် နောက်ထပ် သတင်းများ ဆက်တိုက် ရောက်ရှိလာသည့်အခါတွင်မူ အစပိုင်းက အကောင်းမြင်နေသူများပင် တိတ်ဆိတ်သွားကြရသည်။

“မုန်တိုင်းတာဝါရဲ့ ဆိုင်ပိုင်ရှင်ကို ဒီမနက် သူ့ကုတင်ပေါ်မှာပဲ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံထားရတာ တွေ့လိုက်ရတယ်တဲ့။ အောက်ထပ် တံခါးဝအထိ သွေးတွေ စီးကျလာတဲ့အထိ တကယ့်ကို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ”

“ငါမှတ်မိသလောက်ဆိုရင် အဲဒီဆိုင်ပိုင်ရှင်က ဟိုးအရင်တုန်းက အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် သေဆုံးမှုနဲ့ ပတ်သက်နေတာ။ ဒါပေမဲ့ သူ့ရဲ့ သမက်က မြို့စားမင်းအိမ်တော်က ဗိုလ်မှူးတစ်ယောက် မဟုတ်ဘူးလား။ လေးလံသောဓားဂိုဏ်းက တော်တော်လေး လက်ရဲဇက်ရဲ ရှိလာပြီပဲ...”

“ယွမ်မိသားစုရဲ့ ဧည့်သည်တော် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိတဲ့ ပညာရှင်ကလည်း မနေ့က ပျောက်သွားပြီး ဒီနေ့ တောထဲမှာ အလောင်းပဲ ပြန်တွေ့ရတယ်တဲ့”

“ဒီဧည့်သည်တော်က ဟိုးအရင်ကတည်းက ဆုတ်ယုတ်သွားတဲ့ ဓားအလင်းဂိုဏ်းရဲ့ မျိုးဆက်လေ။ သူတို့က လေးလံသောဓားဂိုဏ်းနဲ့ အမြဲတမ်း ရန်ဘက်တွေ။ ဓားအလင်းဂိုဏ်းက ရှုံးနိမ့်သွားတယ်ဆိုပေမဲ့ သူတို့ရဲ့ အမွေအနှစ်ကတော့ မပျောက်သေးဘူး။ ဒါနဲ့ ယွမ်မိသားစုက ဘာလို့ သူတို့ဧည့်သည်ကို မကာကွယ်ပေးတာလဲ”

“သူတို့က ဘယ်မှာ ကာကွယ်ရဲပါ့မလဲ သူတို့ကိုယ်သူတို့တောင် မနည်းကာကွယ်နေရတာ။ အခု လေးလံသောဓားဂိုဏ်းမှာ ရှိတဲ့ သိုင်းပညာရှင်က ယွမ်မိသားစုတစ်စုလုံးကို မြေလှန်ပစ်နိုင်တဲ့ အစွမ်းရှိတာလေ”

လေးလံသောဓားဂိုဏ်း၏ ရက်စက်သော လုပ်ရပ်များက သူတို့နှင့် သဘောထားကွဲလွဲသူ မှန်သမျှကို ရန်ငြိုးရှင်းမည်ဖြစ်ကြောင်း လူတိုင်းကို သတိပေးနေခြင်းပင်။ သို့ဆိုလျှင် လေးလံသောဓားဂိုဏ်းနှင့် အနက်ရှိုင်းဆုံး ရန်ငြိုးများ၊ ပတ်သက်မှုများ ရှိနေသည့်ဂိုဏ်းမှာ အစွန်းရောက်လက်သီးဂိုဏ်းပင်။

ထိုင်မြို့တွင် ကြီးပြင်းလာသူဖြစ်ပါက ခုနစ်နှစ်အရွယ် ကလေးငယ်ပင်လျှင် ၎င်းမှာ အစွန်းရောက်လက်သီးဂိုဏ်း ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။

အစွန်းရောက်လက်သီးဂိုဏ်းအတွင်းရှိ လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့က လေးလံသော အထုပ်ကြီးတစ်ခုအလား ဖိစီးနေသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေကြသည်။

အကယ်၍ အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရပါက အစွန်းရောက်လက်သီးဂိုဏ်းအနေဖြင့် လေးလံသောဓားဂိုဏ်း၏ တိုက်ခိုက်မှုကို ခုခံနိုင်ပါမလား။ ဤမေးခွန်း၏ အဖြေကို လူတိုင်း၏ ရင်ထဲတွင် သိရှိပြီးသား ဖြစ်သည်။

ပထမဆုံး စတင်ထွက်ပြေးသူမှာ အိမ်သာဆေးကြောရေးတာဝန်ခံ အဘွားအိုတစ်ဦး ဖြစ်သည်။ သူမသည် သူမ၏ အထုပ်အပိုးလေးကိုပိုက်ကာ နောက်ဖေးတံခါးမှ တိတ်တဆိတ် ထွက်ခွာရန် ကြိုးစားစဉ် တောင်ဝှေးကို အားပြုထားရသော ကျိုးယန်က ဒေါသတကြီး တားဆီးလိုက်သည်။

“ဘာလုပ်တာလဲ ငါတို့ဂိုဏ်းကို သစ္စာဖောက်ဖို့ ကြံနေတာလား”

အဘွားအိုမှာ မှင်တက်သွားပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။

“ထားလိုက်ပါ... သူ့ကို သွားခွင့်ပြုလိုက်ပါ”

အမြဲတမ်း ဒေါသကြီးတတ်သော အကြီးအကဲကျန်းက ယခုမူ အသံတိုးတိုးဖြင့် ကြားဝင်ဖျန်ဖြေပေးလိုက်သည်။

“ဒါပေမဲ့ ဒါက...”

ကျိုးယန်၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားသော်လည်း နောက်ထပ် ဘာမှ ဆက်မပြောတော့ချေ။

ဂိုဏ်း၏ ထိုကဲ့သို့သော လျော့ရဲသည့် သဘောထားကို မြင်လိုက်ရသည့်အခါ

ဂိုဏ်းအတွင်းရှိ အခြေခံအလုပ်သမားများမှာလည်း စိတ်ကူးများ စတင်ပြောင်းလဲလာကြတော့သည်။ စားဖိုမှူးများ၊ ဥယျာဉ်မှူးများ၊ အိမ်ဖော်များ စသူတို့မှာ သိုင်းပညာလည်း မတတ်ကြသလို ဂိုဏ်းနှင့်လည်း နက်ရှိုင်းသော ပတ်သက်မှု မရှိကြချေ။ သူတို့နှင့် ဂိုဏ်း၏ ဆက်ဆံရေးမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျှသာ ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် သစ္စာစောင့်သိမှု ဟူသော မေးခွန်းမှာ အရေးမပါလှပေ။

အိမ်သာဆေးသည့် အဘွားအို ထွက်သွားပြီးနောက် ထိုအလုပ်သမားများမှာလည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြရာ သိုင်းသင်တန်းကျောင်းအတွင်းရှိ လူဦးရေမှာ တစ်ခဏချင်းမှာပင် ထက်ဝက်ခန့် လျော့နည်းသွားပြီး အထီးကျန်ခြောက်ကပ်သွားတော့သည်။

မကြာမီမှာပင် အပြင်စည်းတပည့်တစ်သုတ်မှာလည်း ဂိုဏ်းမှ ထွက်ခွာရန် ခွင့်တောင်းကြပြန်သည်။ အပြင်စည်းတပည့်များသည် ငွေကြေး သို့မဟုတ် အဆက်အသွယ်ကို အသုံးပြု၍ ဝင်လာသူများဖြစ်ပြီး အသက်ရှူကျင့်စဉ် များကိုပင် မသင်ယူရသေးသူများ ဖြစ်ကြသည်။ သူတို့သည် ဂိုဏ်း၏ အစွန်အဖျားတွင်သာ ရှိနေသူများဖြစ်သဖြင့် ဂိုဏ်းအနေဖြင့်လည်း သူတို့ ထွက်သွားခြင်းကို လုံးဝ ဂရုမစိုက်ပေ။

သို့သော် အပြင်စည်းတပည့်အားလုံး ထွက်သွားကြသည်တော့ မဟုတ်ပေ။ ဂိုဏ်းအပေါ် သံယောဇဉ်ကြီးသူများ သို့မဟုတ် ကိုယ်ကျင့်တရားအရ ပစ်မထားနိုင်သူအချို့မှာမူ ကျန်ရစ်ခဲ့ကြသည်။

လုံယီ၏ အခန်းဖော်ဟောင်းများဖြစ်ကြသော နွီဖုန်း၊ ဟယ်ယွီနှင့် ကျဲပိုင်တို့မှာမူ ထွက်မသွားဘဲ ကျန်ရစ်ခဲ့ကြသူများထဲတွင် ပါဝင်သည်။

သို့သော် သူတို့ မည်မျှအထိ ဆက်လက်တောင့်ခံနိုင်မလဲဆိုသည်မှာမူ မသေချာချေ။

အသက်ရှူကျင့်စဉ်များကို သင်ယူထားပြီးဖြစ်သည့် အတွင်းစည်းတပည့်များနှင့် အတားအဆီးများကို ကျော်ဖြတ်ကာ သိုင်းသမားအဆင့် ရောက်ရှိနေပြီဖြစ်သော အတွင်းတပည့်များမှာမူ ယခုအချိန်အထိ မည်သည့်တုံ့ပြန်မှုမျှ မလုပ်ရဲသေးပေ။ အကြောင်းမှာ ဂိုဏ်းသို့ ဝင်ရောက်လာသော တပည့်တိုင်းသည် ဂိုဏ်း၏ စည်းကမ်းများကို သင်ယူခဲ့ရပြီးဖြစ်ရာ ပထမဆုံး စည်းကမ်းမှာ ဆရာကို သစ္စာမဖောက်ရ ဟူသောအချက် ဖြစ်သောကြောင့်ပင်။

...

တစ်ချိန်တည်းမှာပင်

လုံယီနှင့် ဝက်ဝံနက်ဝိညာဉ်တို့သည် ဂူအတွင်း၌ အနီးကပ် တိုက်ပွဲဝင်နေကြသည်။

ဘုန်း ဘုန်း ဘုန်း…

ဒုန်း ဒုန်း ဒုန်း…

ပြင်းထန်လှသော တုန်ခါသံများက အဝေးသို့ ပျံ့နှံ့သွားသဖြင့် ကျူတာရွေ့၊ ဟွမ်လေနှင့် အခြားသူများကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့ ရောက်ရှိလာသည့်အခါ သူတို့ရှေ့မှ အံ့မခန်းမြင်ကွင်းကြောင့် မှင်တက်သွားကြရတော့သည်။

အရပ် ငါးမီတာခန့် မြင့်သော ဧရာမ ဝက်ဝံနက်ဝိညာဉ်ကြီးသည် ၎င်း၏ ခါးလောက်ပင် အရပ်မရှိသော လူသားတစ်ဦး၏ အပြင်းအထန် အရိုက်အနှက် ခံနေရခြင်းပင်။

ဝုန်း ဝုန်း ဝုန်း ဝုန်း..

ကျောက်တုံးများ ကွဲအက်ကုန်ပြီး သစ်ပင်များ ကျိုးပဲ့ကာ မြေမှုန့်များမှာ ကမ္ဘာပျက်တော့မည့်

အလား လွင့်စင်နေသည်။ လုံယီ၏ တစ်ကိုယ်လုံးတွင် သွေးနှင့်ချီစွမ်းအင်များ ဟုန်းဟုန်းတောက် ပေါက်ကွဲနေပြီး ကြွက်သားများမှာ တောင်ကုန်းငယ်များသဖွယ် ဖောင်းကားလာကာ သူဝတ်ထားသော အဝတ်အစားများမှာပင် စုတ်ပြဲလုနီးပါး တင်းကျပ်နေသည်။

ထူးဆန်းသည်မှာ သူ၏ အရေပြားပေါ်တွင် နီမြန်းသော အစင်းကြောင်းများမှာ အကြောများနှင့် သွေးကြောများ အရေပြားကို ဖောက်ထွက်တော့မည့်အလား ထင်ရှားစွာ မြင်နေရခြင်းပင်။

ဂျိမ်း…

လက်သီးတစ်ချက်က ကျောက်ဆောင်တစ်ခုကို ထိမှန်သွားရာ လူတစ်ရပ်စာရှိသော ကျောက်တုံးကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး အစအနများ ဘေးဘက်သို့ လွင့်စင်သွားတော့သည်။ နောက်ထပ် လက်သီးတစ်ချက်က ဝက်ဝံနက်ဝိညာဉ်၏ ဝမ်းဗိုက်သို့ အားပါပါ ကျရောက်သွားရာ ဝက်ဝံကြီးမှာ နာကျင်လွန်းသဖြင့် ခါးကြီးကိုင်းကာ ဝမ်းဗိုက်ကို ပွေ့ဖက်လျက် အော့အန်နေတော့သည်။

၎င်း၏ နက်မှောင်သော မျက်လုံးအစုံမှာလည်း အပြင်သို့ ပြူးထွက်လာတော့မည့်အတိုင်းပင်။ ဝက်ဝံနက်ဝိညာဉ်သည် လုံယီကို ပြန်လည် တိုက်ခိုက်ရန် ကြိုးစားတိုင်း လုံယီသည် အရိပ်တစ်ခုအလား လျင်မြန်ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး အသံများမှာလည်း တုန်လှုပ်ဖွယ်ရာ ကောင်းလှသော်လည်း အမှန်တကယ်တွင် ဝက်ဝံနက်ဝိညာဉ်မှာ လုံယီ၏ တရစပ်ထိုးနှက်မှုကို ခံနေရခြင်းဖြစ်ပြီး ဝက်ဝံသား သဲအိတ် တစ်လုံးအလား ဖြစ်နေရရှာသည်။ ကြည့်ရသည်မှာ တကယ့်ကို သနားစရာပင်။

ဘုန်း…

“အု”

ဘုန်း

“အု”

ဝက်ဝံနက်ဝိညာဉ်သည် တအိအိ နောက်ဆုတ်ရင်း မရပ်မနား အော်ဟစ်နေရသည်။ အမှန်အတိုင်းပြောရလျှင် ဤဝက်ဝံနက်မှာ သာမန်ဝိညာဉ်သားရဲများထက် အဆပေါင်းများစွာ သန်မာလှသည်။ လုံယီ၏ လက်သီးချက်ပေါင်းများစွာကို ခံထားရသော်လည်း သေလောက်အောင် ဒဏ်ရာရသည့် အရိပ်အယောင်မပြဘဲ လူးလွန့်လှုပ်ရှားနိုင်ဆဲပင်။ ၎င်း၏ ခွန်အားမှာလည်း ကြောက်ခမန်းလိလိဖြစ်ရာ လက်တစ်ချက်ယမ်းရုံနှင့် ကျောက်တုံးများကို ကြေမွစေပြီး သစ်ပင်များကို ကျိုးပဲ့စေနိုင်သည်။

သို့သော် ကံဆိုးစွာပင် လုံယီကဲ့သို့သော လူထူးလူဆန်း နှင့် သွားတိုးနေခြင်းပင်။ လုံယီ၏ ခွန်အားမှာလည်း ၎င်းထက်မနိမ့်ကျသည့်အပြင် ခြေကုပ်ယူပုံမှာလည်း အံ့မခန်းဖြစ်ပြီး အရေးကြီးဆုံးမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသဖြင့် ဝက်ဝံကြီးအနေဖြင့် လုံယီ၏ အဝတ်စွန်းကိုပင် မထိနိုင်ဘဲ ဖြစ်နေရသည်။

“ဝေါင်း”

နှစ်ဖက်စလုံး ခဏမျှ လုံးထွေးသတ်ပုဒ်ပြီးနောက် ဝက်ဝံနက်ဝိညာဉ်သည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ၎င်း၏ အမွေးအမှင်များမှာ သံဆူးများအလား ထောင်ထွက်လာတော့သည်။ လုံယီသည် သတိမပေါ့ဘဲ ပြန်လည်တိုက်ခိုက်လာမည်ကို ကာကွယ်ရန် နောက်သို့ ခြေလှမ်းအနည်းငယ် ချက်ချင်း ဆုတ်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ ဝက်ဝံနက်ကြီးမှာ ဟိန်းဟောက်ပြီးသည်နှင့် လှည့်၍ ထွက်ပြေးလေတော့သည်။ ခြေလေးဖက်လုံး မြေပြင်ပေါ်ချကာ မျောက်တစ်ကောင်အလား ပါးနပ်စွာ ခုန်ပျံပြေးလွှားနေ၏။

“ဘယ်ကို ပြေးမလို့လဲ”

လုံယီသည် သူ၏ လျင်မြန်ခြင်းပါရမီကို ထပ်မံအသက်သွင်းလိုက်ရာ သူ၏ခြေထောက်များမှာ အနည်းငယ် ကွေးညွတ်သွားပြီးနောက် ဝက်ဝံနက်ကြီး၏ နောက်ကျောဆီသို့ အမြှောက်ဆန်တစ်ခုအလား ထိုးထွက်သွားတော့သည်။

ဂျိမ်း…

နောက်ထပ် လက်သီးတစ်ချက်က ဝက်ဝံနက်ကြီးကို မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားစေသည်။

“ဝူး... ဝူး ဝူး...”

ဝက်ဝံနက်ကြီးသည် သူ၏ဦးခေါင်းကို အုပ်ထားကာ ဝမ်းနည်းပူဆွေးစွာဖြင့် ညည်းညူနေတော့သည်။ ထို့နောက် မယုံနိုင်စရာကောင်းလောက်အောင်ပင် ၎င်းသည် လူသားတစ်ဦးကဲ့သို့ ဒူးထောက်လိုက်ပြီး လုံယီကို အသက်ချမ်းသာပေးရန် ဦးတိုက်တောင်းပန်နေတော့သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ ယပ်တောင်အလား ကြီးမားလှသော လက်ဖဝါးကြီးများကို ရင်ဘတ်ရှေ့တွင် စုယှက်ကာ ရှိခိုးသည့် ပုံစံမျိုး လုပ်နေပြန်သည်။ ဤအတတ်ကို မည်သူက သင်ပေးထားသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ လုံယီပင်လျှင် ဤမြင်ကွင်းကို ကြည့်ပြီး မှင်တက်ကာ အံ့အားသင့်သွားရသည်။

“ဘုရားရေ... ဒီဝက်ဝံကြီးက တကယ်ပဲ ဒူးထောက်နေတာလား”

ကျူတာရွေ့က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

“ရှိတောင် ရှိခိုးနေသေးတယ်ဗျ”

ဓားပြများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မယုံကြည်နိုင်သော မျက်နှာများဖြင့် အံ့ဩနေကြတော့သည်။

All Chapters