← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

“အချို့သော အသိဉာဏ်ရှိတဲ့ သတ္တဝါတွေက သားရဲစိတ်နည်းပြီး လူသားဆန်တတ်ကြတယ်လို့ ကျွန်တော် ကြားဖူးတယ်ဗျ”

ဟွမ်လေက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျွန်တော့်အဘိုးက ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ်။ သူငယ်ငယ်တုန်းက လိပ်ကလေးတစ်ကောင်ကို ကယ်ပြီး ရေကန်ထဲကို ပြန်လွှတ်ပေးခဲ့ဖူးသတဲ့။

အဲဒီလိပ်ကလေးရဲ့ အခွံက အမည်းရောင်ဖြစ်ပြီး အလယ်တည့်တည့်မှာ အဖြူစက်လေး တစ်စက်ပါတယ်။ ဒါကြောင့် အဘိုးက အဲဒါကို သေသေချာချာ မှတ်မိနေတာ။

နောက်ပိုင်း နှစ်ပေါင်း ၄၀ ကြာတဲ့အခါမှာတော့ တစ်ညမှာ အဘိုးက အဲဒီရေကန်ထဲကို ပြုတ်ကျသွားခဲ့တယ်။ သေပြီလို့ပဲ ထင်နေတုန်းမှာ ဧရာမလိပ်ကြီးတစ်ကောင်က သူ့ကို ကယ်ပြီး ကမ်းစပ်အထိ တင်ပေးခဲ့တယ်။ အဲဒီလိပ်ကြီးက လူတစ်ယောက်ထက်တောင် ပိုကြီးနေပြီး သူ့ရဲ့အခွံအလယ်မှာလည်း အဘိုးမှတ်မိနေတဲ့ အဖြူစက်လေး အတူတူပဲ ပါနေတယ်လေ။

အဘိုးကတော့ အဲဒီလိပ်ကြီးက ကျေးဇူးဆပ်တာလို့ ပြောပြပေမဲ့ ကျွန်တော်ကတော့ ဒါက ပုံပြင်တစ်ပုဒ်ပဲလို့ အမြဲထင်ခဲ့တာ”

“စဉ်းစားကြည့်ရင် ဒီဝက်ဝံနက်ဝိညာဉ်က အခုထိ ဘယ်သူ့ကိုမှ အန္တရာယ်မပြုသေးဘူးပဲ”

အခြားဓားပြတစ်ဦးက ဝင်ပြောသည်။

လူတိုင်း ပြန်စဉ်းစားကြည့်လိုက်သည့်အခါ ထိုစကားမှာ မှန်ကန်နေကြောင်း သိလိုက်ရသည်။ ဝက်ဝံနက်ဝိညာဉ်သည် ဂိုဏ်း၏ အတွင်းသိုလှောင်ရုံထဲကို ခိုးဝင်ပြီး အစားအစာ ခိုးယူလေ့ရှိသည်မှာ မှန်သော်လည်း ၎င်း၏ ခွန်အားနှင့်ဆိုလျှင် အစားအစာကို အတင်းအဓမ္မ လုယူရန်ပင် လွယ်ကူလှသည်။ သို့သော် ၎င်းက ခိုးယူခြင်းကိုသာ ရွေးချယ်ခဲ့သည်။

အခြားသူများ၏ စကားကို ကြားရသည့်အခါ လုံယီသည်လည်း ဝက်ဝံနက်ဝိညာဉ်ကို သတ်ဖြတ်လိုသည့်စိတ် ပျောက်ဆုံးသွားတော့သည်။

လူကြီးလူကောင်းဆိုတာ လုပ်ရပ်နဲ့ပဲ ဆုံးဖြတ်ရတယ် ရည်ရွယ်ချက်နဲ့ မဆုံးဖြတ်ရဘူး ဟူသော ဆိုရိုးစကားအတိုင်း အသိဉာဏ်ရှိသော သတ္တဝါများအတွက်လည်း အတူတူပင် ဖြစ်ပေလိမည်။

၎င်းက မည်သူ့ကိုမှ အန္တရာယ်မပြုခဲ့သလို ပြုရန်လည်း မကြိုးစားခဲ့ပါက အဘယ်ကြောင့် သတ်ဖြတ်နေရတော့မှာလဲ။

“သွားတော့... သွားတော့။ နောက်တစ်ခါ အစားအစာ လာမခိုးနဲ့တော့နော်”

လုံယီက လက်ယမ်းပြလိုက်ရင်း ဝက်ဝံနက်ဝိညာဉ်ကို ထွက်ခွာခွင့်ပေးလိုက်သည်။

ဝက်ဝံနက်ဝိညာဉ်သည် လူ့စကားကို တကယ်ပင် နားလည်ပုံရပြီး ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ဦးအကြိမ်ကြိမ် ညွှတ်ကာ အလေးပြုတော့သည်။ ၎င်း၏ ခန္ဓာကိုယ်က အလွန်ထွားကျိုင်းသဖြင့် ဦးညွှတ်လိုက်တိုင်း မြေပြင်မှ ဘုန်းဘုန်း မြည်သံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ သစ်ရွက်များပင် လွင့်စင်ကုန်၏။

ထို့နောက် ၎င်းသည် ဖြည်းဖြည်းချင်း လှည့်ထွက်သွားတော့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လျှောက်လိုက်တိုင်း လုံယီက စကားမတည်ဘဲ နောက်က လိုက်လာမလားဟူသော စိုးရိမ်စိတ်ဖြင့် လှည့်လှည့်ကြည့်နေသေးသည်။

“မြန်မြန် သွားတော့လေ”

လုံယီက စိတ်မရှည်သလို အော်လိုက်သည်။

ထိုအခါမှသာ ဝက်ဝံနက်ဝိညာဉ်သည် နောက်ဆုံးတစ်ခါ ထပ်မံဦးညွှတ်နှုတ်ဆက်ပြီးနောက် နောက်လှည့်မကြည့်တော့ဘဲ ထူထပ်သော တောအုပ်အတွင်းသို့ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“ကဲ... အမဲလိုက်ကြရအောင်”

ဝက်ဝံနက်ကိစ္စက သတ်ဖြတ်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီဖြစ်ရာ လုံယီအနေဖြင့် လက်ဗလာနှင့်တော့ ပြန်ရန် အစီအစဉ်မရှိချေ။

သူ၏လက်ထဲမှ ခဲပစ်ဂွသည် ရှု... ဟူသော အသံနှင့်အတူ ဝေ့ဝဲနေပြီး ကျောက်ခဲတစ်လုံး ပစ်လိုက်တိုင်း ငှက် သို့မဟုတ် သားရဲတစ်ကောင်မှာ မြေသို့ ခွေခနဲ လဲကျသွားတော့သည်။ ဓားပြများကလည်း ထိုအမဲသားများကို နောင်တွင် ရိက္ခာအဖြစ် အသုံးပြုရန် ပျော်ရွှင်စွာ လိုက်လံကောက်ယူကြတော့သည်။

ရွှူး… ရွှူး… ရွှူး

ဟွမ်လေ၏ မြားပစ်စွမ်းရည်မှာ အံ့မခန်းပင်။ နေဝင်တောင်တစ်ခုလုံးတွင် သူသည် အတော်ဆုံးဖြစ်ပြီး ပစ်သမျှတစ်ချက်မလွဲဘဲ ထိမှန်ရာ သူ၏ အမဲလိုက်နိုင်စွမ်းမှာ လုံယီနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

အားလုံးသည် နေဝင်ရီတရောအချိန်အထိ အမဲလိုက်ခဲ့ကြပြီး တစ်ယောက်ချင်းစီ၏ လက်ထဲတွင် ယုန်များ သို့မဟုတ် ငှက်များ အသီးသီး ပါလာကြကာ တောင်ပေါ်စခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။ ထိုစဉ် တောအုပ်နောက်ဘက်မှ တရှဲရှဲ အသံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း သတိထားလိုက်ကြ၏။

သို့သော် သစ်ပင်များနောက်မှ ဧရာမ အမည်းရောင် သတ္တဝါကြီးတစ်ကောင် ထိုးထွက်လာသည့်အခါ အားလုံး မှင်တက်သွားကြတော့သည်။ ၎င်းမှာ အခြားသူမဟုတ်ပေ။ ဝက်ဝံနက်

ဝိညာဉ်ပင်။ ထိုသတ္ထဝါက ပြန်လာခဲ့ခြင်းပင်။

သို့သော် ယခုတစ်ခေါက်တွင်မူ ၎င်း၏ လက်ဖဝါးတွင် သုံးလေးပေခန့် ကျယ်ဝန်းသော ဧရာမ ပျားအုံကြီးတစ်ခုကို ဆွဲယူလာပြီး လုံယီကို လူသားတစ်ဦးကဲ့သို့ ဖားသည့်မျက်နှာထားဖြင့် ကြည့်ကာ ပျားအုံကို ကမ်းဆက်သည်။

“ဒါ ငါ့အတွက်လား”

လုံယီသည် ပျားအုံကို လှမ်းယူလိုက်သည်။ ဝက်ဝံနက်ကြီးသည် ပြန်သွားမည့် အရိပ်အယောင်မပြဘဲ ရှိနေသည်ကို မြင်သောအခါ လုံယီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး “မင်း ငါ့နောက်ကို လိုက်ချင်နေတာလား” ဟု မေးလိုက်သည်။

ဝက်ဝံနက်ကြီးသည် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြပြီးနောက် မြေပြင်ပေါ်၌ ဝပ်စင်းကာ ဦးတိုက်တော့သည်။ ဤမြင်ကွင်းကို ကြည့်ပြီး ဓားပြများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရကာ လုံယီမှာမူ အတွေးနက်သွားတော့သည်။

...

ထိုင်မြို့၊ အစွန်းရောက်လက်သီးဂိုဏ်း၊ သိုင်းလေ့ကျင့်ရေးကွင်း။

လေးလံသောဓားဂိုဏ်း၏ နောက်ဆုံး သတိပေးချက် သက်တမ်းကုန်ဆုံးရန် တစ်ရက်သာ လိုတော့သည်။

အစွန်းရောက်လက်သီးဂိုဏ်းအတွင်း၌ အတွင်းစည်းနှင့် အပြင်စည်းတပည့်များမှလွဲ၍ ထွက်ခွာနိုင်သူ အားလုံးနီးပါး ထွက်သွားကြပြီဖြစ်သည်။ ဂိုဏ်းနှင့် နီးစပ်သော လူနေအိမ်အချို့ပင်လျှင် ဘေးမသင့်စေရန်အတွက် လူအများကို ယာယီ ရွှေ့ပြောင်းပေးထားရသည်။

“သခင်လေး... သခင်ကြီးက သခင်လေးကို ပြန်ခေါ်ခိုင်းလိုက်ပါတယ်”

ဖန်းအမည်ရှိသော အစောင့်တစ်ဦးသည် ကျန်းဝေတထံသို့ လာရောက်ကာ ထွက်ခွာရန် ဖျောင်းဖျနေသည်။

သို့သော် ကျန်းဝေတက ခေါင်းယမ်းလိုက်ပြီး “ဦးလေးဖန်း ဦးလေးပဲ အရင်ပြန်နှင့်ပါ။ အဖေ့ကို ပြောပေးပါ... ကျွန်တော်က ကျန်းမိသားစုရဲ့ သခင်လေး ဖြစ်ပေမဲ့ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်လည်း ဖြစ်တယ်လို့”

ထိုစကားကို ကြားရသည့်အခါ အစောင့်ဖန်း၏ မျက်နှာ ပျက်သွားပြီး ကျန်းဝေတကို အတင်းအဓမ္မ ခေါ်ဆောင်သွားချင်သော်လည်း အစွန်းရောက်လက်သီးဂိုဏ်းအတွင်း ပညာရှင်များစွာ ရှိနေသဖြင့် မရမ်းဝံ့ဘဲ မကျေမနပ်ဖြင့်သာ ပြန်လှည့်သွားရတော့သည်။

“ဟွန်း... မင်းမှာ နည်းနည်းတော့ အရိုးရှိသားပဲ။ ဒါက ငါ့ကို အံ့သြစေတယ်”

အနီးအနားမှ ကျိုးယန်သည် တောင်ဝှေးကို အားပြုလျက် လျှောက်လာပြီးနောက် လှောင်ပြောင်သည့် လေသံဖြင့် “ဒါပေမဲ့ မင်းရဲ့ ညီအစ်ကိုကောင်း လုံယီကော ဘယ်မှာလဲ

သူ့မှာ မွေးရာပါ နတ်ဘုရားခွန်အားရှိတယ်။ ပါရမီက အတုမရှိဘူးဆိုပြီး အသံကောင်းဟစ်နေကြတာ မဟုတ်လား အခု ဂိုဏ်းက အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ သူ ဘယ်မှာ ပုန်းနေတာလဲ”

ကျိုးယန်၏ မေးခွန်းထုတ်သံကို ကြားရသည့်အခါ အခြားတပည့်များသည်လည်း စူးစမ်းသော မျက်လုံးများဖြင့် ဝိုင်းကြည့်လာကြသည်။

အမှန်တကယ်တော့ သူတို့ထဲမှ လူအတော်များများမှာ ထွက်မသွားချင်ကြသည် မဟုတ်ပေ။ အသက်ရှင်ချင်စိတ်က လူတိုင်းတွင် ရှိစမြဲပင်။ သို့သော် ဂိုဏ်း၏ စည်းကမ်းများနှင့် လောကနီတိများက သူတို့အား တားဆီးထားသည်။ အကယ်၍သာ သစ္စာဖောက်မှု ကျူးလွန်ခဲ့ပါက ဂိုဏ်း၏ အကြီးအကဲများက စံနမူနာပြအနေဖြင့် သူတို့ကို ချက်ချင်းပင် ကွပ်မျက်ပစ်မည်မဟုတ်ကြောင်း မည်သူမျှ အာမမခံနိုင်ချေ။

“ဟွန်း လုံယီက မြို့ပြင်က သူငယ်ချင်းတွေ သားရဲလှိုင်းဘေးကနေ လွတ်အောင် သွားကူညီဖို့ ခွင့်ယူထားတာပါ”

ကျန်းဝေတက ရှင်းပြလိုက်သည်။

“ဟုတ်လို့လား ဘာလို့ ဒီလိုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေရတာလဲ”

ကျိုးယန်၏ မျက်နှာထက်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

“ဒါမှမဟုတ် အခြေအနေတွေကို ကြားပြီး မပေါ်ရဲတော့တာလား”

“ပါးစပ်ပိတ်ထားစမ်း လျှောက်ပြီး နာမည်မဖျက်နဲ့”

ကျန်းဝေတသည် ထိုစကားကို ကြားရသည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

လုံယီ၏ စရိုက်ကို သူ ကောင်းကောင်းသိသည်။ လုံယီသည် ဤကဲ့သို့ ယုတ်ညံ့သော အလုပ်မျိုးကို ဘယ်သောအခါမှ လုပ်မည့်သူမဟုတ်ကြောင်း သူ ယုံကြည်သည်။ သို့သော် ဂိုဏ်းအတွင်းရှိ အခြားသူများကမူ ထိုသို့ မဟုတ်ကြချေ။ လူအများစု၏ မျက်လုံးများထဲတွင် သံသယစိတ်နှင့် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပေါ်လာကြသည်။

“လုံယီက အဲဒီလိုလူမျိုး မဟုတ်ဘူး”

ကျင်းဖုန်း၊ နွီဖန်းနှင့် ဟယ်ယွီ တို့ကဲ့သို့သော အတန်းဖော်ဟောင်း အနည်းငယ်ကလည်း လုံယီဘက်မှ ရှေ့နေလိုက်ပေးကြသည်။

“ကျွန်တော် မှတ်မိသလောက်ဆိုရင် လုံယီ ခွင့်ယူတုန်းက လေးလံသောဓားဂိုဏ်းချုပ်က အဆင့်မတက်သေးဘူး။ သူက အနာဂတ်ကို ကြိုမြင်နိုင်တဲ့သူမှ မဟုတ်တာ”

ချန်းမူကျုကလည်း လုံယီအတွက် တရားမျှတသော စကားတစ်ခွန်းကို ထရပ်ပြောပေးသည်။

ထိုအခါမှသာ မေးခွန်းထုတ်သံများ အနည်းငယ် ငြိမ်ကျသွားတော့သည်။ သို့သော်လည်း လေးလံသောဓားဂိုဏ်းအပေါ် ကြောက်ရွံ့မှု၊ အနာဂတ်အတွက် စိုးရိမ်မှုနှင့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ခံစားချက်များမှာမူ အစွန်းရောက်လက်သီးဂိုဏ်းသားများ၏ ရင်ထဲတွင် မပြယ်နိုင်ဘဲ ရှိနေဆဲပင်။

“မကောင်းတော့ဘူး လေးလံသောဓားဂိုဏ်းက လမ်းတွေကို ပိတ်ဆို့ထားလိုက်ပြီ”

လူတစ်ယောက် အပြေးအလွှား ဝင်လာပြီး အမင်္ဂလာသတင်းကို သယ်ဆောင်လာခဲ့သည်။

“ဘာ...”

“အချိန်က တစ်ရက်တောင် ကျန်သေးတာ မဟုတ်ဘူးလား”

လူတိုင်းမှာ ထိတ်လန့်သွားကြပြီး အခြေအနေကို ကြည့်ရန် အပြင်သို့ ပြေးထွက်သွားကြသည်။ အစွန်းရောက်လက်သီးဂိုဏ်းကို ဝန်းရံထားသည့် အဓိကလမ်းမကြီးများပေါ်တွင် လမ်းတစ်ခုစီ၌ အနည်းဆုံး သိုင်းပညာရှင် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်စီ ရှိနေကြောင်း တွေ့လိုက်ရသည်။

သူတို့အားလုံးမှာ အနီရောင်ဝတ်ရုံများကို ဆင်မြန်းထားပြီး သားရေဖိနပ်အမြင့်များကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ကျောဘက်တွင်မူ သာမန်ဓားများထက် နှစ်ဆခန့် ပိုမိုကျယ်ဝန်းသည့် လေးလံသောဓားကြီးများကို လွယ်ထားကြသည်။

ထိုအရာက... တရားဝင် စစ်ကြေညာလိုက်ခြင်းပင်။

လူတိုင်း၏ ရင်ထဲတွင် ကြောက်မက်ဖွယ်ရာ အမှန်တရားတစ်ခုကို ရိပ်မိသွားကြတော့သည်။

“မင်းတို့ ဘာလုပ်ဖို့ ကြံနေတာလဲ ပုန်ကန်ချင်နေတာလား”

ထိုအချိန်တွင် အကြီးအကဲကျန်းက ထွက်လာပြီး လေးလံသောဓားဂိုဏ်းဝင်များကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ငါတို့က မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းတို့ကမှ တန်ဖိုးမထားတာ။ အခု ထွက်သွားဖို့ ဆိုတာကတော့ နောက်ကျသွားပြီ”

လမ်းဆုံတွင် ပုံပန်းသဏ္ဍာန် ဆင်တူသော သက်ကြီးရွယ်အို နှစ်ဦး ပေါ်လာသည်။ သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်းမရှိသော သတ်ဖြတ်လိုသည့် အရိပ်အယောင်များဖြင့် လှောင်ပြောင်နေကြ၏။

ထိုနှစ်ဦးမှာ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိပုံရပြီး ဆံပင်များမှာ ဖြူဖွေးနေသော်လည်း မျက်နှာများမှာမူ နီမြန်းကာ အရေးအကြောင်းပင် မရှိသလောက်ပင်။ သူတို့၏ သွေးနှင့်ချီစွမ်းအင်မှာ မည်မျှပင် ပြင်းထန်နေသလဲဆိုလျှင် အဝေးမှပင် ပူရှိန်းသော အရှိန်အဝါကို ခံစားနေရပြီး လူသားပုံစံ မီးဖိုကြီး နှစ်ခုနှင့်ပင် တူနေတော့သည်။

သူတို့မှာ လေးလံသောဓားဂိုဏ်း၏ နာမည်ကျော် မုညီအစ်ကို အကြီးအကဲများ ဖြစ်ကြပြီး စွမ်းအင်စက်ဝန်းပြည့်အဆင့်ရှိသော သိုင်းပညာရှင်များ ဖြစ်ကြသည်။

“ဟွန်း... မင်းတို့ လေးလံသောဓားဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် ဘုရင်လို့ ထင်နေပြီး သူတစ်ပါးရဲ့ အသက်ကို စိတ်ကြိုက် စီရင်နိုင်တယ်လို့ ထင်နေတာလား”

အကြီးအကဲကျန်းက အခြားလမ်းတစ်ခုမှ ထွက်လာသည်။ သူ၏နောက်တွင် အစိမ်းရောင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပါလာပြီး ၎င်းမှာ အကြီးအကဲကျန်း ခေါ်ဆောင်လာသော အကူအညီပင်။

“ဒါ ဗိုလ်ကြီးဝမ်ပဲ”

ထိုသူကို မြင်လိုက်ရသည့်အခါ အစွန်းရောက်လက်သီးဂိုဏ်းဝင်များမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ မြို့စားမင်းအိမ်တော်က ကြားဝင်စွက်ဖက်ပြီဆိုလျှင် သူတို့ ဘေးကင်းပြီ မဟုတ်ပါလား ဤကဲ့သို့ သားရဲလှိုင်းများ လာတော့မည့် အရေးပေါ်ကာလတွင် မြို့စားမင်းအနေဖြင့် မည်သည့် အင်အားစုကိုမျှ အလဟဿ အဆုံးရှုံးခံမည် မဟုတ်ချေ။ အများအကျိုးအတွက် မည်သည့် ရန်ငြိုးဟောင်းမျိုးမဆို ဘေးဖယ်ထားရမည်သာ။

ဗိုလ်ကြီးဝမ်၏ ပြတ်သားသောအသံ ထွက်ပေါ်လာသည်။

“အကြီးအကဲမု... မြို့စားမင်းက သားရဲလှိုင်းတွေ မရောက်ခင်မှာ ဘယ်သူမှ ပြဿနာမရှာရဘူး။ အများအကျိုးကိုပဲ ကြည့်ရမယ်လို့ အမိန့်ထုတ်ထားတယ်။ အခုချက်ချင်း ဆုတ်ခွာကြစမ်း”

သို့သော် လေးလံသောဓားဂိုဏ်းဝင်များမှာ မကြားသလိုပင် ရုပ်သေးရုပ်များအလား မလှုပ်မယှက် ရပ်နေကြသည်။

“ဘာလုပ်နေကြတာလဲ”

ဗိုလ်ကြီးဝမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အို... ဝမ်လေးရာ သူတစ်ပါးရဲ့ ရန်ငြိုးတွေကို သူတို့ဘာသာ ရှင်းကြတာပဲ။ မြို့စားမင်းအိမ်တော်က အမိန့်အာဏာနဲ့ ဖိအားမပေးသင့်ပါဘူး။ အကယ်၍ မြို့စားမင်းသာ သိသွားရင် မင်းက သူ့နာမည်ကို သုံးပြီး ကြားဝင်နှောင့်ယှက်နေတာကို သူ ဘယ်လိုလုပ်မယ် ထင်သလဲ”

အနီရောင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး မုညီအစ်ကိုများ၏ နောက်ကွယ်မှ ထွက်လာသည်။ သူ၏ ဝတ်စုံမှာ ပန်းထိုးလက်ရာများဖြင့် ခန့်ညားလှပြီး ဗိုလ်ကြီးဝမ်ထက် အဆင့်အတန်း မြင့်မားကြောင်း ထင်ရှားလှသည်။

“ဗိုလ်မှူးကြီးဂေါင်”

ဗိုလ်ကြီးဝမ်သည် ထိုသူကို မြင်သောအခါ မျက်နှာပျက်သွားပြီး “လူကြီးမင်းက ဘာလုပ်ဖို့ ကြံနေတာလဲ” ဟု မေးလိုက်သည်။

သို့သော် ထိုအနီရောင်ဝတ် အရာရှိကြီးမှာ သူ၏လက်ထဲမှ အနက်ရောင် ကျားပုံပါသော တံဆိပ်တစ်ခုကို ထုတ်ပြလိုက်သည်။

“မြို့စားမင်း မထွက်ခွာခင်မှာ အိမ်တော်ရဲ့ ကိစ္စအဝဝကို ငါ့ကို ယာယီ လွှဲအပ်ခဲ့တယ်။ မင်းက အမိန့်ကို ဖီဆန်ချင်တာလား အခုချက်ချင်း ဆုတ်ခွာစမ်း”

ဗိုလ်ကြီးဝမ်၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် အကြီးအကဲကျန်းကို အားနာသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ဦးညွှတ်နှုတ်ဆက်ပြီးနောက် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

“အများအကျိုးဆိုတာ ဘာလဲ ငါပြောပြမယ်။ မင်းတို့မှာ သိုင်းပညာရှင်အဆင့် စွမ်းအားရှိရင် အဲဒါက အများအကျိုးပဲ”

မုညီအစ်ကိုများက ဝင့်ကြွားစွာ ပြောလိုက်ကြသည်။

ဤမြင်ကွင်းကို ကြည့်နေရသော အစွန်းရောက်လက်သီးဂိုဏ်းဝင် အားလုံးမှာ ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters