← Chapters

ဟန်ဟိုင်းအလွန်မှ

Vol. 45 Ch. 665

ဟန်ဟိုင်းအလွန်မှ

Vol. 45 Ch. 665

"ကိုယ်ကျင့်တရား ကောင်းမွန်စင်ကြယ်နေရင် ဘာကိုမှ ကြောက်နေစရာ မလိုဘူး" ဟူသည့် ဆိုရိုးစကားရှိသော်လည်း...

သုတေသနဌာန၏ ဒါရိုက်တာဝေကမူ လူပေါင်းများစွာကို ဒုက္ခပေးခဲ့ဖူးသူ ဖြစ်သည်။ သူသည် ခြောက်ခြားဂိမ်းကစားသမားပေါင်းများစွာ၏ အလောင်းများကို ကိုယ်တိုင် ခွဲစိတ်စမ်းသပ်ခဲ့သူ ဖြစ်ရာ ယခုအချိန်တွင် ဒါရိုက်တာဝေမှာ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေတော့သည်။ သူသည် စောင့်ကြည့်ရေးကင်မရာများကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး သူ၏ အဖြူရောင်ကုတ်အင်္ကျီအောက်တွင် သေနတ်တစ်လက်ကို အသင့်ဝှက်ထားသည်။

မိနစ်အနည်းငယ်အကြာတွင် မရင်းနှီးသော ယာဉ်တစ်စီးက စခန်းဂိတ်တံခါးဝအား မရပ်တန့်ဘဲ အရှိန်ဖြင့် ဖြတ်မောင်းသွားသည်။ ဒါရိုက်တာဝေက ၎င်းမှာ ခြောက်ခြားဂိမ်းကစားသမားများ၏ လှည့်ကွက်ဟု ထင်နေသော်လည်း နောက်ထပ် ယာဉ်များစွာမှာလည်း မရပ်တန့်ဘဲ တစ်စီးပြီးတစ်စီး ဖြတ်မောင်းသွားသည့်အခါမှ အခြေအနေ တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း သူသတိပြုမိသွားသည်။

ကားမီးရောင်များ နေရာအနှံ့မှ စုပြုံလာကြသည်မှာ ကြယ်တာရာများက လမင်းကြီးကို ဝန်းရံထားသကဲ့သို့ပင်။

"ဟန်ဟိုင်းပလာဇာလား"

...

အရိပ်ထဲတွင် ဧရာမခွေးနက်ကြီးတစ်ကောင်သည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလေသည်။ လူစားထိုးခံထားရသော သရဲအရောင်းဝန်ထမ်း ၁၁၇ ယောက်လုံးမှာ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ အတင်းအကျပ် မောင်းထည့်ခံလိုက်ရသည်။ ကောင်းမင်သည် ဟန်ဟိုင်း မြို့တော်ဈေးဝယ်စင်တာကြီးကို ရှင်းလင်းလိုက်သည်။ထို့နောက် ဝရန်တာအစွန်းတွင် ထိုင်ကာ အပြင်ဘက်ရှိ လူသူကင်းမဲ့နေသော ပလာဇာကြီးကို ငုံ့ကြည့်နေမိသည်။

ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော သရဲအရောင်းဝန်ထမ်းများ ပြန်လည်ထွက်ပေါ်လာသောအခါ သူတို့သည် သိသိသာသာ ယဉ်ကျေးသွားကြသည်။ သူတို့သည် ကောင်းမင်၏ နှလုံး၊ အသည်း၊ သရက်ရွက်၊ အစာအိမ်နှင့် ကျောက်ကပ်တို့၏ တန်ဖိုးများကို မမေးမြန်းကြတော့သလို သူတို့၏ မှန်ဗီရိုများထဲမှ ပုပ်သိုးနေသော လူ့အင်္ဂါအစိတ်အပိုင်းများကိုလည်း ရောင်းချရန် မကြိုးစားကြတော့ပေ။

"ငါက အတင်းအကျပ် အရောင်းအဝယ်လုပ်တာကို မုန်းတယ်၊ ကုန်သည်ဆိုတာ အရည်အသွေးကို ဦးစားပေးသင့်တယ်"

ကောင်းမင်သည် သရဲနီတစ်ကောင်၏ ဦးခေါင်းကို ဆော့ကစားရင်း ဈေးဝယ်စင်တာ၏ သခင်အသစ် ဖြစ်လာခဲ့ပြီဖြစ်သည်။

"ပုပ်သိုးနေတဲ့ ဒီလူ့အင်္ဂါတွေထဲမှာ နာကျည်းမှုနဲ့ မုန်းတီးမှုတွေ ပါနေတယ်၊ ဒါတွေက ကျိန်စာတွေကို သိုလှောင်ထားဖို့ အကောင်းဆုံး ကွန်တိန်နာတွေပဲ၊ တကယ်လို့ ပုံမှန်အတိုင်းသာ အရောင်းအဝယ်လုပ်ရင် ဒါတွေကို လိုချင်တဲ့ ခြောက်ခြားဇာတ်လမ်းဝါသနာရှင်တွေနဲ့ သုတေသီတွေ ရှိလာမှာ အသေအချာပဲ၊ လူသားနဲ့သရဲတွေဆိုတာ အပြန်အလှန်အကျိုးပြုပြီး ယှဉ်တွဲနေထိုင်လို့ရပါတယ်ကွာ"

ကောင်းမင်သည် သရဲနီ၏ဦးခေါင်းကို ကိုင်ထားရင်း မျက်လုံးများကို မှေးကျဉ်းကာ စိုက်ကြည့်လိုက်သည်။

"မင်းလည်း အဲ့လိုပဲ ထင်တယ်မဟုတ်လား"

စင်တာတစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်သည့် တစ်ကောင်တည်းသော ထိုသရဲနီမှာ အရိပ်ကမ္ဘာမှ လာသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကြောက်စရာကောင်းသော်လည်း ၎င်းတွင် အလှအပအပေါ် စွဲလမ်းသည့် အစွဲအလမ်းတစ်ခုရှိနေသည်။ ထို့ကြောင့် ၎င်းသည် ပွဲတစ်ခုလာလုပ်သည့် အမျိုးသမီးဆယ်လီတစ်ဦးကို ပူးကပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။ထိုအမျိုးသမီးဆယ်လီသည် စင်တာထဲတွင် အလှပဆုံး အမျိုးသမီးဖြစ်သောကြောင့်ပင်။

၎င်း၏ လှပမှုကို စွဲလမ်းသည့်စိတ်ကြောင့် ဖြစ်နိုင်သည်။ ထိုမကောင်းဆိုးဝါးသည် အမျိုးသမီးဆယ်လီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သော်လည်း သူမ၏ဝိညာဉ်ကို ဖျက်ဆီးမပစ်ဘဲ အတွင်းစိတ်၏ နက်ရှိုင်းသော နေရာတွင် ပိတ်လှောင်ထားခဲ့သည်။ ယင်းသည်လည်း ကောင်းမင်က ထိုသရဲနီကို သတ်မပစ်ရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။

ကောင်းမင်၏ လက်ချောင်းများက သူမ၏ ဆံပင်ရှည်များကြားတွင် ရစ်ပတ်ဆော့ကစားနေခဲ့သည်။ ဧရာမမကောင်းဆိုးဝါးခေါင်းကြီးသည် တဆတ်ဆတ် တုန်ရီနေပြီး သူ့ဝိညာဉ် ပျက်စီးတော့မည်ကို ကြောက်လန့်နေရှာသည်။ ထိုစဉ် ကောင်းမင်သည် ရုတ်တရက်အကြည့်လွှဲလိုက်ပြီး ပလာဇာအစွန်းရှိ လမ်းမကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

အင်ဂျင်သံကြီးများက လေထုထဲတွင် ဟိန်းထွက်လာပြီး များစွာသော ကားများသည် ဖုံးကွယ်ခြင်းမရှိဘဲ ပလာဇာဆီသို့ ဦးတည်မောင်းနှင်လာကြသည်။ သူ့တည်နေရာကို ဖန်လီ တစ်ဦးတည်းသာ သိသည်ဖြစ်ရာ ထိုလူများမှာ ကောင်းမင်ကို လာကြိုကြသူများ ဖြစ်ကြောင်း ထင်ရှားလှသည်။

တာယာများက ရွှံ့နွံလွင့်စင်သွားစေပြီး သစ်ကိုင်းခြောက်များကို ကြိတ်ခြေသွားသည်။ကားဟွန်းသံများ ဆူညံသွားပြီး အဝေးမှ ကားများစွာလည်း ထပ်မံရောက်ရှိလာကြသည်။ အချို့သည် လုံခြုံရေးအတွက် ပြတင်းပေါက်များကို အနက်ရောင်မှန်များ တပ်ဆင်ထားကြသည်။ အချို့မှာမူ ‘ခြောက်ခြားဂိမ်းကစားသမား’ အသိုင်းအဝိုင်းရှိ အချို့သော စူးစမ်းလေ့လာရေးအဖွဲ့အလံများကို ဂုဏ်ယူဝင့်ကြွားစွာ တပ်ဆင်ထားကြသည်။

ကောင်းမင်သည် ပထမရောက်လာသည့် ကားအနည်းငယ်ကို သည်းခံနိုင်သော်လည်း အရပ်မျက်နှာ အသီးသီးမှ များစွာသော ကားများ ထပ်မံရောက်ရှိလာကြပြန်သည်။ အများစုမှာ ဟန်ဟိုင်းရှိ အခြားနယ်မြေများမှ လိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားကြသည်။

"ဖန်လီတစ်ယောက် လူဘယ်လောက်တောင် ခေါ်လိုက်တာလဲဟ"

ကောင်းမင် လူအများကြီးနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း မကုန်နိုင်မခမ်းနိုင် ရောက်လာသော ကားတန်းကြီးကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ သူသည် မီးရောင်စုံအောက်တွင် ထွက်ပြလာမည့် အရွယ်မဟုတ်တော့ချေ။ ထို့ကြောင့် ဦးလေးချီ ပေးထားသော ဖုန်းကို ထုတ်၍ သူ့အကောင့်ထဲ ဝင်လိုက်သည်။ ဖန်လီကို ဆူပူသည့် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီး အမိုးပေါ်ရှိ အရိပ်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ဟန်ဟိုင်းပလာဇာတွင် ပို၍ ပို၍များသော ကားများ ရပ်တန့်သွားပြီး ထူးထူးဆန်းဆန်း ဝတ်စုံများ ဝတ်ဆင်ထားသည့် ကစားသမားများက လူနာဆောင်အတွင်းသို့ ဝင်ရောက်လာကြတော့သည်။ အချို့သည် သစ္စာရှိညီအစ်ကိုများ ဖြစ်ကြသလို၊ အချို့မှာမူ ရန်သူများ ဖြစ်ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ သူတို့၏ ရန်ငြိုးများကို ခေတ္တဘေးဖယ်ထားကြလေသည်။

ပလာဇာဧရိယာအပြင်ဘက် တောအုပ်ထဲတွင် မြို့တော်အနောက်ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ စောင့်ကြည့်ရေးယာဉ်များ ပုန်းအောင်းလျက် ရှိကြသည်။ အတွင်းရှိ စုံစမ်းရေးမှူးများသည် အစွမ်းကုန် အာရုံစိုက်ထားကြသည်။သူတို့သည် စိတ်လှုပ်ရှားလွန်း၍ လက်ဖဝါးများတွင် ချွေးများ စိုရွှဲနေတော့သည်။

ပုံမှန်အားဖြင့် အထူးစွမ်းအားများ ရရှိလာသူများသည် မာနကြီးကာ စည်းကမ်းမဲ့ လုပ်တတ်ကြသည်။သို့သော်လည်း ယခုတွင်မူ ဤမျှများပြားလှသော ကစားသမားများကို ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေအောင် လုပ်နိုင်သူ ရှိနေသည်မှာ အံ့သြစရာပင်။

မိနစ်အနည်းငယ်ကြာပြီးနောက် တာယာများ၌ အရိုးများ ကပ်ထားပြီး ကားဘော်ဒီတစ်ခုလုံး သွေးကွက်များဖြင့် ပြုပြင်ထားသည့် ဘတ်စ်ကားတစ်စီးသည် ပလာဇာထဲသို့ မောင်းဝင်လာသည်။ ခြောက်ခြားဂိမ်းကစားသမားများမှာ ထိုကားအတွက် လမ်းကို ကြည်ကြည်ဖြူဖြူ ဖယ်ပေးလိုက်ကြသည်။

ဘတ်စ်ကားသည် ဈေးဝယ်စင်တာအနီးတွင် ရပ်တန့်သွားပြီး တံခါးပွင့်လာသောအခါ သရဲမျက်နှာဖုံးတစ်ဝက်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဆင်းလာလေသည်။

ထိုလူသည် အမာရွက်များ ပြည့်နှက်နေပြီး သူ့အရေပြားပေါ်တွင် အနက်ရောင်သရဲပုံစံကွက်များကို နက်ရှိုင်းစွာ ထွင်းထုထားသည်။ သူသည် စုံစမ်းစစ်ဆေးရေးဌာနကဲ့သို့ အဆင့်မြင့် စက်ကိရိယာများ မရှိသော်လည်း ပြင်းပြသော စိတ်ဓာတ်ကြံ့ခိုင်မှုရှိသည်။ သူသည် သရဲပုံစံကွက်များကို ကျိန်စာသင့်ပစ္စည်းများတွင် ကပ်ထားပြီးနောက် ထိုကျိန်စာသင့်ပစ္စည်းများကို သူ့အသားထဲသို့ နာကျင်စွာ ထွင်းထုထားခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တစ်ခုလုံးသည် နီရဲနေသော သံပူဖြင့် ခန္ဓာကိုယ်ပေါ်တွင် ပုံဖော်သကဲ့သို့ဖြစ်ရာ သူခံစားရသည့် နာကျင်မှုမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။

ဘေးပတ်ဝန်းကျင်ရှိ ခြောက်ခြားဂိမ်းကစားသမားများက ထိုလူအား အလွန်အမင်း ရိုသေလေးစားစွာ ကြည့်ရှုနေကြသည်။ ဖန်လီသည် အင်အားအကြီးဆုံး ကစားသမား မဟုတ်နိုင်သော်လည်း သက်ရှိလူသားများကို အများဆုံးကယ်တင်ခဲ့သူ ဖြစ်သည်။ ဤနေရာရှိ ကစားသမား အများစုသည်လည်း ဖန်လီ၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးသူများဖြစ်သည်။ သူသည် အစစ်အမှန် သူရဲကောင်းတစ်ယောက်ပင် ဖြစ်သည်။

"ဟယ်လို အစ်ကိုကြီးဖန်"

"အရာရှိ ဖန်"

လူတိုင်းကို အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီးနောက် ဖန်လီသည် အထူးဆက်သွယ်ရေးကိရိယာတစ်ခုကို ကိုင်ကာ ဈေးဝယ်စင်တာအတွင်းသို့ လှမ်းဝင်သွား၏။

အမြင်စူးရှသော ခြောက်ခြားဂိမ်းကစားသမားအချို့မှာမူ သရဲများနှင့် နတ်ဆိုးများ ရှေ့တွင်ပင် နောက်မဆုတ်တမ်း ရင်ဆိုင်တတ်သော ဖန်လီသည် ယခုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေကြောင်း သတိပြုမိကြသည်။

“သူ အမှားလုပ်မိထားသလိုပဲ”

ခြောက်ခြားဂိမ်းကစားသမား အများစုမှာ အပြင်ဘက်တွင်သာ နေခဲ့ကြပြီး အနည်းငယ်မျှသာ ဖန်လီနောက်မှ စင်တာထဲသို့ လိုက်သွားကြသည်။ သူတို့အများစုသည် ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြပြီး သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ပန်းများညှိုးနွမ်းသွား၏။ အပူချိန်မှာလည်း သိသိသာသာ ကျဆင်းသွားသည်။

ပလာဇာအစွန်းတွင် ပုန်းနေသော ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနမှ အဖွဲ့ဝင်များသည်လည်း ခြောက်ခြားဂိမ်းကစားသမားများ အဘယ်ကြောင့် ရုတ်တရက် စုဝေးလာကြကြောင်းကို အလွန်သိချင်နေကြသည်။ သို့သော် အခြေအနေကို မသိရသေးမီ သူတို့ယာဉ်များအတွင်းရှိ ဆက်သွယ်ရေးအားလုံး ပြတ်တောက်သွားပြီး အချက်ပြလှိုင်းများ လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။ အဝေးတစ်နေရာမှ "ရှင်းလု စုံစမ်းစစ်ဆေးရေးဌာန" ဟု ရေးသားထားသော ကားတန်းကြီးသည် ပလာဇာအတွင်းသို့ ဖြည်းညှင်းစွာ မောင်းဝင်လာလေသည်။

ခြောက်ခြားဂိမ်းကစားသမားများနှင့် ယှဉ်လျှင် ရှင်းလုမှလာသော ထိုလုံခြုံရေးအဖွဲ့ဝင်များသည် ပိုစနစ်ကျပြီး ပရော်ဖက်ရှင်နယ် ဆန်လှသည်။ သူတို့သည် ရောက်မလာခင်ကပင် ထိုနယ်မြေတစ်ခုလုံးကို ရှင်းလင်းထားပြီး ဖြစ်သည်။

ကားများပေါ်မှ စာတန်းများကို မြင်သည့်အခါ ခြောက်ခြားဂိမ်းကစားသမားများစွာသည် မကျေမနပ် ဖြစ်သွားကြသော်လည်း မည်သူမျှ ရှေ့ထွက်ရန် ဆန္ဒမရှိဘဲ နာခံစွာ လမ်းဖယ်ပေးလိုက်ကြသည်။

ကားတန်းကြီးမှာ ဖန်လီ၏ ဘတ်စ်ကားဘေးတွင် ရပ်တန့်သွားပြီးနောက် ဝတ်စုံအပြည့်နှင့် နက်ကတိုင် တပ်ထားသော လူတစ်ယောက် ဆင်းလာသည်။ သူသည် ရှင်းလုလုံခြုံရေးအဖွဲ့ဝင်များ၏ သွေးနီရောင် ဆက်သွယ်ရေးစက်ကို ဝတ်ဆင်ထား၏။သူ့မျက်နှာက အမူအရာကင်းမဲ့နေလေသည်။ တစ်ချိန်က အနက်ရောင်ဖြစ်ခဲ့သော သူ့ဆံပင်များသည် ယခုအခါ လုံးဝဖြူဖွေးနေခဲ့ပြီ ဖြစ်သည်။

"ဒါ အဖွဲ့ခေါင်းဆောင်ပဲ၊ သူလည်း ဒီရောက်လာတာလာ"

"စုံစမ်းစစ်ဆေးရေးဌာနက ဒီသစ္စာဖောက်က အရင်က ငါတို့လူတွေကို အများကြီး သတ်ခဲ့တာကွ"

"မင်းအသံကို တိုးတိုးပြောစမ်း၊ အဲ့ဒီလူက ကြောက်စရာကောင်းလောက်အောင် သန်မာတာကွ"

အပြင်ဘက်မှ ဆူညံသံများက အဖွဲ့ခေါင်းဆောင်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိချေ။ သူသည် အဆောက်အအုံအတွင်းသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဝင်သွားခဲ့သည်။ သူသည် တစ်ထပ်ပြီးတစ်ထပ် တက်လာပြီးနောက် အမိုးပေါ်သို့ တက်သည့် တံခါးကို တွန်းဖွင့်လိုက်လေသည်။

အကြည့်များက တစ်နေရာတည်းသို့ ချက်ချင်းစုပြုံသွားကြသည်။ ဆံပင်ဖြူများမှာ လေပြေထဲတွင် မြောလွင့်နေလေသည်။ အဖွဲ့ခေါင်းဆောင်သည် အရိပ်ထဲတွင် ရပ်နေသော လူငယ်ကို စိုက်ကြည့်ရင်း နာမည်တစ်ခုကို မသိစိတ်မှ ရေရွတ်လိုက်မိသည်။

"ကောင်းမင်"

မည်းမှောင်နေသော တိမ်တိုက်များက စုပြုံလာလေသည်။ ထိပ်သီးအဆင့် ခြောက်ခြားဂိမ်းကစားသမား အားလုံးမှာ ထိုအရပ်သို့ လှမ်းကြည့်လိုက်ကြသည်။

ရင်းနှီးနေသော မျက်နှာများကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း ကောင်းမင် ပြုံးလိုက်သည်။

"ငါ ပြန်လာပြီ"

သူ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မြို့စွန်ရှိ အနက်ရောင်မြူခိုးများဆီသို့ ညွှန်ပြလိုက်သည်။

"ဟန်ဟိုင်းရဲ့ ဟိုဘက်အခြမ်းကနေပေါ့"

All Chapters