← Chapters

စာအိတ်

Vol. 45 Ch. 667

စာအိတ်

Vol. 45 Ch. 667

ခေါင်မိုးပေါ်တွင် သေလုမတတ် တိတ်ဆိတ်သွား၏။ အဖွဲ့ခေါင်းဆောင် လက်ကောက်ဝတ်ရှိ နာရီလက်တံများသည် သူ့နှလုံးသားထဲမှ ပြင်းထန်သော အတက်အကျများကဲ့သို့ တဆတ်ဆတ် တုန်ရင်နေသည်။

“မင်းက ရှင်းလုရဲ့ အရင်းအမြစ်တွေနဲ့ ဟန်ဟိုင်းကို စနစ်တကျပြန်တည်ဆောက်ချင်တာလား၊ ဒါမှမဟုတ် တခြားသွေးမြို့တော်တွေက ရှင်းလုကို ဝိုင်းပြီး ခွဲယူသွားတာကို မြင်ချင်တာလား”

ကောင်းမင်သည် အိပ်မက်သရဲနှင့် ပတ်သက်သော မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုထားပေ။သို့သော်လည်း သူ့အသံမှာ ပြင်းထန်သော ဖိအားများကို ဆောင်ကြဉ်းနေဆဲ ဖြစ်သည်။

အချိန်တော်ကြာမှ အဖွဲ့ခေါင်းဆောင်က ခေါင်းမော့လာသည်။

“ရှင်းလုက အသက်ရှင်နေတဲ့သူတွေက မင်းအတွက် ဘာအသုံးဝင်မှာလဲ၊ သူတို့က ဘယ်လို အရင်းအမြစ်တွေလဲ၊ တကယ်လို့ မင်းက သူတို့ရဲ့ နာကျင်မှုတွေ၊ အဆိုးမြင်စိတ်ခံစားချက်တွေနဲ့ အသက်တွေကို ယဇ်ပူဇော်ပြီး အိပ်မက်သရဲတွေ ဖန်တီးမယ်ဆိုရင် မင်းနဲ့ တခြားသွေးမြို့တော်က နတ်ဘုရားသရဲတွေနဲ့ ဘာကွာတော့မှာလဲ”

“ယဇ်ပူဇော်မှုသက်သက်နဲ့ အဆင့်တက်လာတဲ့ အိပ်မက်သရဲက မပြောသင့်သူကို ဘယ်လို ယှဉ်နိုင်မှာလဲ”

ကောင်းမင်က အဖွဲ့ခေါင်းဆောင်၏ ပုခုံးကို ပုတ်လိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ငါက သာမန်လူတွေကို ပစ်မှတ်ထားမှာ မဟုတ်ပါဘူး၊ ငါ့ရဲ့ ရည်မှန်းချက်က တခြားနတ်ဘုရားသရဲတွေကို အမဲလိုက်ဖို့ပဲ၊ ငါ လက်တွေ့ကမ္ဘာမှာ မတော်တဆနဲ့ အိပ်မက်သရဲ ဖြစ်လာခဲ့တယ်၊ အဲ့ဒီကနေ တစ်ခုသိလိုက်ရတာက အဲ့ဒီနတ်ဘုရားသရဲတွေရဲ့ ယဇ်ပလ္လင်တွေနဲ့ ယုံကြည်မှုတွေက အိပ်မက်သရဲတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်ဆိုတာပဲ”

သားစားကြူးနတ်ဘုရားသည် အိပ်မက်ချိုးဖျက်မြို့တွင် နောက်ဆုံးအဆင့်ကို တက်လှမ်းခဲ့ခြင်းဖြစ်သည်။ သူသည် မြို့ထဲရှိ နတ်ဘုရားသရဲအများစုကို ဝါးမြိုခဲ့ပြီး ယုံကြည်မှုစွမ်းအားများ၏ အကူအညီဖြင့် အသွင်ပြောင်းခြင်းကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဟန်ဟိုင်းထဲမှာသာ ရှိနေပါက သားစားကြူးနတ်ဘုရားသည် နောက်ဆုံးခြေလှမ်းတွင် ထာဝရပိတ်မိနေပေလိမ့်မည်။ သူ့ကဲ့သို့သော နတ်ဘုရားသရဲအနည်းငယ်တော့ ရှိနေဦးမည်ဖြစ်သည်။

“သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ဖို့ အကြီးစားပြင်ဆင်မှုတွေ အများကြီး လိုအပ်တယ်၊ ဟန်ဟိုင်းက အခွံသက်သက်ပဲ ကျန်တော့တာ၊ မင်း အောင်မြင်ချင်ရင်တော့ လုယက်တိုက်ခိုက်တာတွေကို မဖြစ်မနေလုပ်ရလိမ့်မယ်”

အဖွဲ့ခေါင်းဆောင်မှာ အခြေအနေကို အဆိုးမြင်နေသော်လည်း အင်အားမဲ့နေရသည်။ သူသည် ကောင်းမင်၏ စိတ်ကို မပြောင်းလဲနိုင်သလို ဟန်ဟိုင်းနှင့် ရှင်းလုကိုလည်း မကယ်တင်နိုင်ပေ။ သူ့လက်ရှိအင်အားသည်လည်း မလုံလောက်သေးချေ။

“ငါ တတ်နိုင်သမျှ ရှင်းလုကို ကာကွယ်ပေးမယ်လို့ပဲ ကတိပေးနိုင်တယ်”

ကောင်းမင်၏ စကားသည် အဖွဲ့ခေါင်းဆောင်ကိုသာမက ညှဉ်းပန်းနှိပ်စက်ခန်းထဲမှ နံပါတ် ၂ ကိုပါ ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်နှင့် မတူဘဲ ကျန်ရှိသော အခြားခြောက်ခြားဂိမ်းကစားသမားများမှာမူ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။ ကောင်းမင်က လူတိုင်းအတွက် လမ်းပြပေးလိုက်ပြီ ဖြစ်ရာ အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် သူတို့၏ရန်သူစစ်စစ်မှာ မည်သူဖြစ်ကြောင်းနှင့် မျှော်လင့်ချက် ရှိရာအရပ်ကို သိရှိသွားကြပြီ ဖြစ်သည်။

“မင်းတို့အားလုံး ဟန်ဟိုင်းက လူနာဆောင်အားလုံးရဲ့ အချက်အလက်တွေကို စုစည်းပေးဖို့ လိုတယ်၊ ငါကိုယ်တိုင် လူနာဆောင် တစ်ခုချင်းစီကိုသွားပြီး အဲ့ဒီက ပိုင်ရှင်တွေနဲ့ သွားတွေ့မယ်”

ထိုစကားကို တခြားတစ်ယောက်ယောက် ပြောလျှင် ထိုလူရူးနေပြီဟု ထင်ကြမည် ဖြစ်သည်။ သို့သော်လည်း ကောင်းမင်နူတ်မှ ထွက်လာသည်ဖြစ်ရာ မည်သူမျှ သံသယမရှိကြတော့ပေ။

“မြို့သားတွေ နေထိုင်တဲ့ ဟန်ဟိုင်းကို ရှန်ဟိုင်းမြို့သစ်ရဲ့ ကယ်တင်ရှင်တွေက တည်ဆောက်ခဲ့တာ၊ အရိပ်တွေ ဖုံးလွှမ်းနေတဲ့ အဲ့ဒီလူနာဆောင်တွေက အခုဟန်ဟိုင်းရဲ့ ပုံစံအစစ်အမှန်ပဲ၊ တစ်နည်းအားဖြင့် ပြောရရင် ငါတို့က အဲ့ဒီနတ်ဘုရားသရဲတွေရဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်နေကြတာပဲ”

ကောင်းမင်၏ စကားများက ထိတ်လန့်စရာကောင်းလှပြီး ထိပ်တန်းခြောက်ခြားဂိမ်းကစားသမား များ၏ စိတ်ပိုင်းဆိုင်ရာကို များစွာ ရိုက်ခတ်စေခဲ့သည်။

“ကယ်တင်ရှင်တွေက လူသားတွေနဲ့သရဲတွေ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ကမ္ဘာတစ်ခု ဖန်တီးချင်ခဲ့ကြတာ၊ ဒါက တကယ့်ကို ကောင်းမွန်တဲ့ အကြံတစ်ခုပဲ၊ အခု ငါတို့အတွက်လည်း ဒါက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ငါတို့မှာ ဘုံရန်သူ ရှိနေလို့ပဲ”

ကောင်းမင် အမိုးစွန်းသို့ လျှောက်သွားလိုက်သည်။

“အသတ်ခံခဲ့ရတဲ့ သွေးမြို့တော်က ကျန်ရစ်တဲ့ ဝိညာဉ်တွေ၊ မြို့ကြီးရဲ့ မပျက်သွားစီးလိုတဲ့ စိတ်ဆန္ဒတွေ၊ လှည့်စားပြီး စွန့်ပစ်ခံလိုက်ရတဲ့ ရှင်းလုက လူသစ်တွေနဲ့ ဒီမှာအကျဉ်းကျနေတဲ့ တခြားသရဲတွေ... ငါတို့ဟာ နေရာအသီးသီးက လာကြပြီး အတွေ့အကြုံတွေက လုံးဝကွဲပြားကြတယ်၊ တကယ်လို့ ကံကြမ္မာရဲ့ နှိပ်စက်မှုနဲ့ ခြယ်လှယ်မှုသာ မရှိခဲ့ဘူးဆိုရင် ငါတို့ ဘယ်တော့မှ ဒီလိုဆုံတွေ့ကြမှာ မဟုတ်ဘူး”

“ဟုတ်တယ်၊ ငါတို့က လူလား သရဲလားဆိုတာ ဘာလို့ ဂရုစိုက်နေမှာလဲ၊ ငါတို့မှာ ပန်းတိုင်တစ်ခုတည်း ရှိရင် ငါတို့အားလုံးက မိတ်ဆွေတွေပဲ”

ဝတ်ရုံနက်အောက်မှ ကြောက်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုလူက သူမ၏ ခေါင်းစွပ်ဦးထုပ်ကို ချွတ်ချလိုက်သည်။သူမ၏ မျက်လုံးအိမ်များနှင့် နှာခေါင်းနေရာများတွင် ပါးစပ်များစွာ ရှိသည့် ခြောက်ခြားဖွယ်မျက်နှာတစ်ခု ပေါ်လာလေသည်။ သူမသည် ကောင်းမင်နောက်သို့ အစောဆုံး လိုက်ပါခဲ့သည့် အငြိုးကြီးသရဲ 'အတင်းအဖျင်းပြောတတ်သည့် အဘွားအို' ပင် ဖြစ်သည်။ သူမသည် အခြားသရဲများနှင့်မတူဘဲ စကားပြောရသည်ကို အလွန်နှစ်သက်ပြီး တစ်ဦးတည်း နေတတ်သူမဟုတ်ပေ။ သူမသည် ခြောက်ခြားဂိမ်းကစားသမား အဖြစ် မှတ်ပုံတင်ပြီးနောက် အရိပ်လူနာဆောင်များထဲတွင် လှုပ်ရှားခဲ့သူဖြစ်ရာ ယခုအခါ သူမ၏ ခွန်အားက ယခင်ကထက် များစွာသန်မာလာခဲ့ပြီ ဖြစ်သည်။

“အဆောက်အဦးထဲက နေထိုင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြပြီ၊ အသက်တွေကို ကစားစရာလို သဘောထားနေတဲ့ အဲ့ဒီအထက်က စောင့်ကြည့်သူတွေကို တွေးမိတိုင်း သူတို့မျက်နှာတွေကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်လာတယ်”

“လူနာဆောင်က ဆရာကြီးတွေနဲ့ ငါသွားညှိနှိုင်းမယ်၊ မင်းတို့ အခုလောလောဆယ် ဘာမှထူးထူးခြားခြား လုပ်စရာ မလိုသေးဘူး၊ အားလုံး ပုံမှန်အတိုင်း နေကြပါ”

ကောင်းမင်က ညွှန်ကြားလိုက်သည်။

“အရိပ်လူနာဆောင်တွေနဲ့ သဘောတူညီချက် ရပြီဆိုရင် ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနချုပ်ကို သွားမယ်”

“စုံစမ်းစစ်ဆေးရေးဌာနချုပ်ကိုလား”

ဤတစ်ကြိမ်တွင်မူ အဖွဲ့ခေါင်းဆောင်သာမက အခြားခြောက်ခြားဂိမ်းကစားသမားများပါ အံ့အားသင့်သွားကြသည်။

“ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနချုပ်က အင်အားကို လျှိုထားတာ၊ မြို့သူမြို့သားတွေကိုသာမက တခြားသွေးမြို့တော်က စောင့်ကြည့်သူတွေကိုပါ လှည့်စားထားတယ်၊ ဒါကြောင့် သူတို့ဆီ မသွားခင် ငါ့ဘေးနားက အင်အားစုတွေကို အရင်စုစည်းဖို့ လိုတယ်”

ကောင်းမင်က ပုံပျက်နေသော သံလက်ရန်းကို ဆုပ်ကိုင်လိုက်သည်။ လူများကို ကာကွယ်ပေးရန် ရည်ရွယ်ခဲ့သော သံချေးတက်နေသည့် ထိုသံတိုင်များသည် ယခုအခါ လုံးဝချောင်ထွက်နေပြီ ဖြစ်သည်။

“တကယ်လို့ သူတို့ပူးပေါင်းဖို့ ဆန္ဒရှိရင် ငါတို့ အင်အားချင်း ပေါင်းကြတာပေါ့”

“သူတို့အကြောင်း ငါသိသလောက်ဆိုရင်တော့ မင်းစိတ်ပျက်ရဖို့ များပါတယ်”

အဖွဲ့ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။

“ငါ ဝမ်ကျားကိုတောင် မကယ်နိုင်သေးဘူး၊ အဖွဲ့ဝင်တချို့နဲ့ပဲ ထွက်ပြေးလာနိုင်ခဲ့တာ”

“သူတို့ သဘောမတူရင်တော့ အိပ်မက်သရဲနေရာကို သူတို့အတွက် ချန်မထားတော့ဘူး၊ သူတို့နဲ့ပဲ စကြတာပေါ့”

ကောင်းမင်၏ အပြုံးများက ပျောက်ကွယ်သွားသည်။သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။

“သွေးမြို့တော်ကို ပြန်တည်ဆောက်မယ်၊ ဟန်ဟိုင်းက လူတိုင်းကို ခေါ်ထုတ်သွားမယ်၊ ပြီးရင် ဘယ်တော့မှ မပြောင်းလဲခဲ့တဲ့ ဒီမည်းမှောင်နေတဲ့ တိမ်တိုက်တွေကို ကောင်းကင်ကနေ ဖယ်ရှားပစ်မယ်”

ထိုအခိုက်အတန့်တွင် ကောင်းမင်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို လူတိုင်း ခံစားလိုက်ရသည်။ သေရမည်ကို မတွန့်ဆုတ်သောသတ္တိနှင့် ဘာမဆို လုပ်ဝံ့သော ပြတ်သားမှုပင်။

ပလာဇာရင်ပြင်တွင် စုဝေးနေကြသည့် ခြောက်ခြားဂိမ်းကစားသမားများစွာမှာ ဤမြင်ကွင်းကို မမြင်ရသော်လည်း ကောင်းကင်ယံကြီးက ခေတ္တတာ လင်းလက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

“အသိုက်ပျက်ရင် ဥမကျန်ဘူးဆိုသလိုပဲ၊ ငါအခုချက်ချင်း ပြန်သွားပြီး အဖိုးကို သတင်းပို့လိုက်မယ်”

ကောင်းမင် ယူဆောင်လာသော သတင်းအချက်အလက်များက မည်မျှအရေးကြီးကြောင်း ဝမ်ကျား ကောင်းကောင်းသိသည်။

“ငါတို့ မင်းဘက်က လုံးဝရပ်တည်မှာပါ”

“ကျုပ် ရေသေဖိုရမ်ကို အကြောင်းကြားပြီး မစ်ရှင်တချို့ကို ပြင်ဆင်ခိုင်းလိုက်မယ်”

ဖန်လီသည် ကောင်းမင်ရှေ့တွင် အနည်းငယ် ရိုသေကိုင်ရှိုင်းနေဆဲ ဖြစ်သည်။

“ဒါနဲ့ အရင်က ဖိုရမ်ခေါင်းဆောင် ရွှမ်ဝမ်လည်း ခင်ဗျားနဲ့အတူ ပျောက်သွားခဲ့တာ”

“ငါ့မှာ ရွှမ်ဝမ်နဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ချို့ ရှိတယ်”

အဖွဲ့ခေါင်းဆောင်က ရုတ်တရက် ဝင်ပြောသည်။

“ငါတို့ ရှင်းလုက လုံခြုံရေးအဖွဲ့ဝင်တွေမှာ ကိုယ်ပိုင်စခန်းတွေ ရှိတယ်၊ အရမ်းလျှို့ဝှက်ပြီး ပြင်ပလူတွေ ရှာရခက်တယ်၊ ငါတို့ မစ်ရှင်တစ်ခု လုပ်နေတုန်း လုံခြုံရေးစာရွက်စာတမ်းတွေထဲမှာ မပါတဲ့ စခန်းတစ်ခုကို မတော်တဆ ရှာတွေ့ခဲ့တယ်၊ အဲ့ဒီစခန်းရှိတဲ့ အဆောက်အဦးပိုင်ရှင်က ရွှမ်ဝမ်ပဲ၊ အဲ့ဒီထဲမှာ မင်းနဲ့ပတ်သက်တဲ့ အရာတွေအများကြီး ငါတို့တွေ့ခဲ့ရတယ်...”

အဖွဲ့ခေါင်းဆောင်က ကောင်းမင်ကို တစ်ချက်ကြည့်လိုက်သည်။

“သုတေသန အစီရင်ခံစာတွေ၊ ပုံမှန်မဟုတ်တဲ့ ဆေးဘက်ဆိုင်ရာ သတိပေးချက်တွေနဲ့ ဒါကိုလည်း တွေ့ခဲ့ရတယ်”

သူသည် သူ့အဝတ်အစားထဲမှ သွေးများပေကျံနေပြီး လိပ်စာတစ်ခု ရေးထားသော်လည်း မပို့ရသေးသည့် စာအိတ်လေးတစ်ခုကို ထုတ်ပေးလိုက်သည်။

“ဒါက ရွှမ်ဝမ် မင်းဆီကို ပို့ဖို့လုပ်ထားတာပဲ၊ ငါတို့ မဖွင့်ကြည့်ရသေးဘူး၊ ဒီစာအိတ်ကို ငါတို့ ထိလိုက်တာနဲ့ အဆောက်အဦးတစ်ခုလုံးကို အရိပ်တွေဝါးမြိုသွားပြီး ငါလည်း အဲ့ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်”

စာအိတ်ပေါ်ရှိ ထင်ရှားနေသော သွေးစွန်းကွက်များကို ကြည့်ရုံနှင့် မည်မျှအန္တရာယ်များကြောင်း ကောင်းမင်ပြောနိုင်သည်။ သူသည် စာအိတ်ကိုယူ၍ ဖွင့်ကြည့်လိုက်သည်။ စာအိတ်အတွင်းတွင် အလွန် ရိုးရှင်းသော အိမ်သော့တစ်ချောင်းနှင့် ရွှမ်ဝမ်ချန်ထားခဲ့သော စာတိုတစ်ကြောင်း ပါရှိသည်။

“ရှင့် အဖေနဲ့အမေက အိမ်ထဲမှာ ပိတ်မိနေတယ်၊ အိမ် အမြန်ပြန်ပါ”

All Chapters