အခန်း (၃၀၉)
Vol. 31 Ch. 309
ကျုံးရန်၏ ပြောစကားကို ကြားလိုက်ရသောအခါ ယွင်ရှန်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သို့သော် လွန်ခဲ့သော တစ်လလုံးလုံး ကျုံးရန်၏ စုံစမ်းမှုများမှာ မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာခဲ့ခြင်းဖြစ်ကြောင်း သူမ ချက်ချင်းပင် သဘောပေါက်လိုက်သည်။
"လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကို ရောက်ခဲ့သေးလား။ ဒေသခံရွာသားတွေကိုရော မေးကြည့်ခဲ့ရဲ့လား"
သတ္တုကြောကို လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်ကတည်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ရာ ရွာသားများအနေဖြင့် တစ်စုံတစ်ရာ သိရှိထားကြလိမ့်မည်ဟု ယွင်ရှန်းက ယုံကြည်နေခြင်းပင်။
"ရွာသားတွေအကြောင်း ပြောရရင်တော့... ငါ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ကြုံခဲ့ရတယ်။ မကြာသေးခင်က ကျိုးအင်ပါယာ နယ်စပ်နားမှာရှိတဲ့ ရွာတွေကို လူအုပ်နဲ့ ဝင်ရောက်လုယက်ဖျက်ဆီးတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်နေတာ။ တစ်ညတည်းနဲ့တင် ရွာတစ်ရွာလုံးက လူတွေ အရိပ်အယောင်တောင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ကြတယ်"
ကျုံးရန်သည်လည်း အနီးနားရှိ ရွာသားများကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မည်သည့်
သတင်းအချက်အလက်မျှ မရရှိခဲ့ဘဲ ထိုအစား ရွာအချို့တွင် ဖြစ်ပွားနေသည့် ကြောက်မက်
ဖွယ်ရာ ဖြစ်ရပ်များကိုသာ သိရှိခဲ့ရခြင်းပင်။
"အို... မင်းပြောတဲ့ အဲဒီရွာတွေက ဘယ်မှာလဲ"
ယွင်ရှန်းက မေးမြန်းပြီးနောက် ထိုရွာများရှိရာသို့ ကျုံးရန်နှင့်အတူ လိုက်သွားရန် ပြင်လိုက်သည်။
"အနီးနားမှာပါပဲ ဒါပေမဲ့ အခုတော့ အဲဒီရွာတွေကို ဒေသခံအစိုးရရုံးတွေက ချိပ်ပိတ်ထားလိုက်ပြီ"
ကျုံးရန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ သန့်စင်သောသားရဲဆင့်ခေါ်သူ တစ်ဦးဖြစ်ပါလျက်နှင့် ဤကဲ့သို့သော ကိစ္စလေးတစ်ခုကိုပင် သေသေချာချာ မကိုင်တွယ်နိုင်ခဲ့သဖြင့် သူ စိတ်ပျက်နေမိသည်။
"ဒါဆိုရင်တော့ တခြားနည်းလမ်းတစ်ခု စဉ်းစားရမှာပေါ့။ လာ... ဦးလေးတို့ဆီ ပြန်ပြီး ဆုံကြရအောင်"
ယွင်ရှန်းလည်း လောလောဆယ်တွင် အကြံအိုက်သွားတော့သည်။
သူတို့အုပ်စု စားသောက်ဆိုင်မှ ထွက်လာစဉ်မှာပင် ရုတ်တရက် ဆူညံပွက်လောရိုက်နေသံကို ကြားလိုက်ရသည်။ စားသောက်ဆိုင်မှာ မြို့လေး၏ အစည်ကားဆုံးနေရာဖြစ်သော ဈေးအဝင်ဝတွင် တည်ရှိခြင်းပင်။ ယခုမှာ မွန်းတည့်ချိန်ဖြစ်ရာ ဈေးအတွင်း လူအစည်ကားဆုံး အချိန်လည်း ဖြစ်သည်။
ဈေးအဝင်ဝတွင် လူငယ်လေးတစ်ဦး ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ရှေ့တွင် စာလုံးကြီးကြီးဖြင့် ရေးထားသော ဆိုင်းဘုတ်တစ်ခု ရှိနေပြီး ၎င်းမှာ "လက်စားချေရန်အတွက် မိမိကိုယ်ကိုယ် ရောင်းမည်" ဟူ၍ ဖြစ်သည်။
လူအများမှာ မိဘကို သင်္ဂြိုဟ်ရန် မိမိကိုယ်ကိုယ် ရောင်းသည်ကိုသာ မြင်ဖူးကြသော်လည်း လက်စားချေရန်အတွက် မိမိကိုယ်ကိုယ် ရောင်းသည်ဟူသောအချက်မှာ တစ်ခါမျှ မကြားဖူးသော ထူးဆန်းသည့် ကိစ္စဖြစ်နေတော့သည်။
ထို့ပြင် များသောအားဖြင့် မိဘကို သင်္ဂြိုဟ်ရန် မိမိကိုယ်ကိုယ် ရောင်းလေ့ရှိသူများမှာ နုနယ်အားနွဲ့သော မိန်းကလေးငယ်များသာ ဖြစ်ကြသော်လည်း ယခု သူတို့ရှေ့တွင် ဒူးထောက်နေသူမှာမူ လူငယ်အမျိုးသားတစ်ဦး ဖြစ်နေသည်။
ယွင်ရှန်းသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမျှ မကြုံဖူးသဖြင့် အတော်ပင် စိတ်ဝင်စားသွားကာ ရှေ့သို့ တိုး၍ ကြည့်လိုက်မိသည်။
ဆိုင်းဘုတ်ပေါ်တွင် စာသားများစွာ ရေးသားထားရာ အဓိကဆိုလိုရင်းမှာထိုလူငယ်လေးသည် နက်နဲလှသော အာဃာတနှင့် လက်စားမချေနိုင်သေးသော ရန်ကြွေးများကို ထမ်းပိုးထားရသူ ဖြစ်သည်။ သူ့အား အစွမ်းထက်သော ကိုယ်ခံပညာ သို့မဟုတ် မှော်အတတ်ပညာများ သင်ကြားပေးနိုင်မည့်သူထံတွင် တစ်သက်လုံး ကျွန်အဖြစ် အမှုထမ်းရန် ဆန္ဒရှိနေခြင်းပင်။
အောင်မြင်စွာ လက်စားချေနိုင်သရွေ့ သူသည် သူ၏ ကျေးဇူးရှင်အပေါ် တစ်သက်ပတ်လုံး သစ္စာရှိသော အစေခံတစ်ဦးအဖြစ် ကျေးဇူးဆပ်သွားမည် ဖြစ်သည်။
ဤသည်မှာ တကယ့်ကို ရှားပါးလှသော ကိစ္စပင်။ ထို့ထက် ပိုသည်မှာ ထိုလူငယ်၏ ဆိုင်းဘုတ်တွင် သူ၏ရန်သူမှာ မည်သူဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။
ယွင်ရှန်းသည် ထိုလူငယ်ကို ဘေးမှနေ၍ အကဲခတ်ကြည့်ရာ သူသည် ဟွမ်ချွဲနှင့် အသက်အရွယ်ချင်း ဆင်တူပြီး တောင့်တင်းသော ကိုယ်ခန္ဓာနှင့် ကြီးမားသော ခြေလက်များကို ပိုင်ဆိုင်ထားသဖြင့် ကိုယ်ခံပညာ လေ့ကျင့်ထားသူတစ်ဦး ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။ သူ၏ ရုပ်ရည်မှာ သာမန်ကာလျှံကာသာဖြစ်ပြီး မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် ကျေးလက်တောင်သူတစ်ဦး၏ သားနှင့် တူလှသည်။
သူ၏ပတ်ဝန်းကျင်တွင် မှော်စွမ်းအင် လှုပ်ခတ်မှုများ မရှိသလို ခန္ဓာကိုယ် တည်ဆောက်ပုံမှာလည်း ပျမ်းမျှအဆင့်သာ ရှိသည်။
ယွင်ရှန်း၏ အတွေးမှာလည်း ဘေးမှ ဝိုင်းကြည့်နေသူများနှင့် ဆင်တူလှသည်။ သာမန်ပါရမီသာရှိသော လူငယ်တစ်ဦးအတွက်နှင့် မည်သူမှန်းမသိသော ရန်သူတစ်ဦးကို ရန်သူတော်ပြုရန် မည်သူမျှ အလိုမရှိကြချေ။ ထို့ကြောင့် ကြည့်ရှုသူ များပြားသော်လည်း အမှန်တကယ် စုံစမ်းမေးမြန်းသူမှာမူ အလွန်ပင် နည်းပါးလှသည်။
ထိုလူငယ်မှာ ခေါင်းငုံ့ကာ ဒူးထောက်နေပြီး ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာကိုပင် မကြည့်ဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားရှာသည်။
"သခင်မလေး... သွားကြရအောင်။ ဒီကလေးက ပါရမီကလည်း သာမန်ပဲ။ သိပ်ပြီးတော့လည်း ထက်မြက်ပုံမရဘူး"
ကျုံးရန်က လူအကဲခတ်တော်သော သူ၏ မျက်လုံးများဖြင့် ကြည့်ကာ ခေါင်းခါရင်း လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
ယနေ့ခေတ်ကာလတွင် စစ်မက်နှင့် ရုန်းရင်းဆန်ခတ်မှုများ မရှိသော်လည်း နယ်စပ်ဒေသများ၌ လုယက်သတ်ဖြတ်မှုများမှာ အမြဲတစေ ရှိနေတတ်သည်။ ဤလူငယ်သည် သူ၏မိသားစုတွင် ဘေးဒုက္ခတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရပြီး သူကိုယ်တိုင် လက်စားမချေနိုင်သဖြင့် ဤနေရာ၌ လာရောက် ဒူးထောက်နေခြင်း ဖြစ်ပေလိမ့်မည်။
ဟွမ်ချွဲမှာမူ သူမကိုယ်တိုင်လည်း ဆင်းရဲသားမိသားစုမှ လာသူဖြစ်သဖြင့် ကူညီပေးချင်စိတ် ဖြစ်ပေါ်နေမိသည်။ သို့သော် သူမကိုယ်တိုင်မှာလည်း အစွမ်းထက်သော မှော်ဆရာ သို့မဟုတ် ကိုယ်ခံပညာရှင် မဟုတ်သည့်အတွက် ဘေးမှ ရပ်ကြည့်နေရုံသာ တတ်နိုင်ရှာသည်။
လူအုပ်ကြီးမှာ တဖြည်းဖြည်း လူစုကွဲသွားကြပြီး ယွင်ရှန်းတို့အုပ်စု ထွက်ခွာတော့မည့် အချိန်မှာပင်….
စားသောက်ဆိုင်အတွင်းမှ စားပွဲထိုးတစ်ဦး ထွက်လာပြီး သစ်သားရုပ်တုတစ်ခုလို မြေကြီးပေါ်တွင် ဒူးထောက်နေသော လူငယ်လေးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
"မင်းနောက်တစ်ခါ ပြန်လာပြန်ပြီလား လျိုကျိ ငါတို့ဆိုင်ရှေ့မှာ လာမပိတ်ပါနဲ့လို့ ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ ကျက်သရေမရှိရှိလိုက်တာ"
စားပွဲထိုးသည် ပြောပြောဆိုဆိုဖြင့် လူငယ်လေးကို တွန်းထုတ်ရန် လက်ကို မြှောက်လိုက်သည်။
အသက် ၂၃၊ ၂၄ ခန့်ရှိသော ထိုစားပွဲထိုးမှာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသူဖြစ်ရာ သူ၏တွန်းထုတ်မှုကြောင့် သတိမမူမိသော လူငယ်လေးမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကောင်လေးမှာ အသက်မရှိတော့သည့်အလား မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည်။
"သွားပြီ... လူသေသွားပြီ ထင်တယ်"
ဘေးမှ ဝိုင်းကြည့်နေသူများက တိုးတိုးတိတ်တိတ် ဝေဖန်နေကြသည်။
စားသောက်ဆိုင်မှ စားပွဲထိုးမှာလည်း ထိတ်လန့်သွားသဖြင့် မျက်နှာမှာ ဖြူလျော်သွားတော့သည်။ သူက အသာလေး တွန်းလိုက်ရုံသာ ရှိသေးသည်။
ဘယ်လိုဖြစ်ပြီး လူသေသွားရတာလဲ။
"သူ သတိမေ့သွားတာပါ။ သူ့ကို ဘေးကို အရင်ရွှေ့လိုက်ကြ။ ငါက သမားတော်တစ်ယောက်ပါ၊ ငါ ကြည့်ပေးပါ့မယ်"
ယွင်ရှန်းသည် လျိုကျိ၏ ထူးထူးခြားခြား ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
စားပွဲထိုးသည်လည်း လူသတ်မှုတွင် မပတ်သက်လိုသဖြင့် ကျုံးရန်အား ကူညီ၍ လျိုကျိကို စားသောက်ဆိုင်ဘေးရှိ အရိပ်ရသော နေရာတစ်ခုသို့ အမြန်ရွှေ့ပေးလိုက်သည်။ ယွင်ရှန်းသည် သူ၏ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းကို စစ်ဆေးလိုက်ရာ နှာခေါင်းပေါက်လေးများမှာ အနည်းငယ် လှုပ်ခတ်နေသည်ကို တွေ့ရသည်။
ထိုစဉ် သူမ၏နှာခေါင်းထဲသို့ ပုပ်စော်နံသော သွေးနံ့တစ်ခု တိုးဝင်လာသည်။
လျိုကျိ၏ ကျောပေါ်မှ အင်္ကျီကို မလိုက်ကြသောအခါ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြရသည်။ လျိုကျိ၏ ကျောပြင်တစ်ခုလုံးတွင် မြားဒဏ်ရာများနှင့် နှင်တံဖြင့် ရိုက်နှက်ခံထားရသော ဒဏ်ရာများမှာ အပြည့်ပင်။ ဒဏ်ရာအချို့မှာ အရိုးပေါ်သည်အထိ နက်ရှိုင်းလှသည်။
ဤကဲ့သို့သော ဒဏ်ရာမျိုးမှာ သာမန်လူဆိုလျှင် အိပ်ရာထဲတွင် လဲနေရမည် ဖြစ်သော်လည်း ဤကောင်လေးမှာမူ ထိုဒဏ်ရာများကို အံတုရင်း ဒူးထောက်နေခဲ့ခြင်း ဖြစ်သည်။ လျိုကျိအနေဖြင့် အသက်ရှင်ရုံမျှဖြင့် ထွက်ပြေးလာနိုင်ရန် မည်မျှအထိ ပြင်းထန်သော နာကျင်မှုကို အောင့်အည်းသည်းခံခဲ့ရမလဲဆိုသည်မှာ တွေးကြည့်ရုံနှင့် သိနိုင်သည်။
ယွင်ရှန်းသည် လျိုကျိ၏ ကျောပေါ်မှ ပုပ်ပွနေသော အသားစများကို ဖယ်ရှားပေးလိုက်ပြီးနောက် သူမ၏ သွေးတိတ်ဆေးကို ဒဏ်ရာများပေါ်တွင် လိမ်းပေးလိုက်ရာ မကြာမီမှာပင် သွေးများ တိတ်သွားတော့သည်။
"သခင်မလေး... ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါနော်။ သူက လွန်ခဲ့တဲ့နှစ်တွေက ဆုံးပါးသွားတဲ့ ကျွန်မရဲ့ မောင်လေးနဲ့ အရမ်းတူလို့ပါ။ ချွဲအာ တောင်းပန်ပါတယ်ရှင်"
ဟွမ်ချွဲသည် ဘေးမှနေ၍ ယွင်ရှန်းအား အသနားခံ တောင်းပန်ရှာသည်။
"စားပွဲထိုး... ဒီလူငယ်က ဘယ်ကလဲ။ ဘာလို့ မင်းတို့ဆိုင်ရှေ့မှာ လာပြီး ဒူးထောက်နေရတာလဲ"
ယွင်ရှန်းသည် စားပွဲထိုး၏ စကားများကို ကြားဖြတ်မေးမြန်းလိုက်သည်။ စားပွဲထိုး၏ လေသံအရ သူသည် ထိုလူငယ်ကို သိထားပုံရသောကြောင့်ပင်။
"ဧည့်သည်တော်... ကြည့်ပါဦး... သူ အဆင်ပြေပါ့မလားဟင်။ ကျွန်တော် တကယ်ပဲ သူ့ကို အန္တရာယ်ပြုဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဒီလူငယ်ကို ကျွန်တော် သိပါတယ်။ သူ့အဖေ လျိုလန်က မုဆိုးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဒီကောင်လေးဟာ သူ့အဖေနဲ့အတူ ကျွန်တော်တို့ဆိုင်ကို အမဲသားတွေ လာလာပို့လေ့ရှိတယ်"
ယွင်ရှန်းသည် ငယ်ရွယ်သော်လည်း သမားတော်တစ်ဦးဖြစ်ကြောင်း သိထားသဖြင့် စားပွဲထိုးမှာ မလိမ်ရဲတော့ဘဲ လျိုကျိ၏ အကြောင်းစုံကို ဖွင့်ဟပြောပြတော့သည်။
"သူ့မိသားစုကရော"
ယွင်ရှန်းအတွက်မူ အမည်မသိလူငယ်တစ်ဦးကို ခရီးစဉ်တွင် ခေါ်ဆောင်သွားရန်မှာ အလွန်ပင် အဆင်မပြေလှချေ။
"အားလုံး မရှိတော့ဘူးဗျ"
စားပွဲထိုးက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောရင်း ဒဏ်ရာများပြည့်နှက်နေသော လျိုကျိကို ကြည့်ကာ အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
လျိုကျိ၏ မိသားစုမှာ မူလက အလွန်ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းခဲ့သည်။ သူ့တွင် အဖေနှင့် အမေရှိပြီး နန်ယာမြို့နှင့် မဝေးလှသော ကျင်းခိုရွာ တွင် နေထိုင်ကြသည်။ ထိုရွာသည် မြို့ထဲသို့ အမဲသားများနှင့် ဆန်စပါးများကို မကြာခဏ လာရောက်ရောင်းချလေ့ရှိသည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ညတစ်ညတွင် ရက်စက်ကြမ်းကြုတ်သော ဓားပြအုပ်စုတစ်စုသည် ကျင်းခိုရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းကာ ရှိသမျှအရာအားလုံးကို လုယက်သွားကြပြီး တိရစ္ဆာန်တစ်ကောင်ကိုမျှပင် ချန်မထားခဲ့ကြချေ။ လျိုကျိမှာ ကံကောင်းထောက်မစွာဖြင့်သာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းပင်။
သို့သော် ဤကလေးမှာ အလွန်ပင် ခေါင်းမာလှသည်။ လွတ်မြောက်လာပြီးနောက် ကျင်းခိုရွာမှ ထွက်မသွားဘဲ သူသည် သူ၏ဘိုးဘေးပိုင် သံလေးကို ပေါင်နှံကာ လက်စားချေရန် ကြိုးစားခဲ့သည်။ ပထမဦးစွာ မြို့ထဲ၌ ငှားရမ်း၍ရသော အမဲလိုက်စစ်သည်တစ်ဦးကို ရှိသမျှငွေပုံအောကာ ငှားရမ်းခဲ့သည်။ သို့သော် ခဏအကြာမှာပင် ထိုစစ်သည်မှာ အသတ်ခံလိုက်ရကြောင်း သတင်းရခဲ့သည်။
လျိုကျိမှာ ကံကောင်း၍ ထပ်မံလွတ်မြောက်လာခဲ့သော်လည်း အလွန်ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သည်။ ဒဏ်ရာများကို ကုသရန် ငွေကြေးမရှိသည့်အပြင် လက်စားချေလိုစိတ်ကလည်း ပြင်းပြနေသဖြင့် သူသည် မြို့၏ အစည်ကားဆုံးနေရာများတွင် နေ့စဉ်ဒူးထောက်ကာ သူ့အား ပညာသင်ပေးမည့် ဆရာတစ်ဦးကို လိုက်လံရှာဖွေနေခဲ့ခြင်းပင်။
အချိန်ကြာလာသည်နှင့်အမျှ မြို့ပေါ်ရှိ ဆိုင်ရှင်များမှာ သူ့ကို ကြောက်ရွံ့လာကြပြီး သူတို့၏ ဆိုင်ရှေ့တွင် လာရောက် အဟန့်အတားဖြစ်နေသည်ကို အလိုမရှိကြတော့ချေ။ စားသောက်ဆိုင် စားပွဲထိုးမှာလည်း သူ၏သူဌေးခိုင်းသည့်အတိုင်း လူမောင်းထုတ်ခြင်းကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အစာရေစာပြတ်လတ်ကာ ဒဏ်ရာများကြောင့် အားအင်ချည့်နဲ့နေသော လျိုကျိ သတိမေ့လဲကျသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ရွာတစ်ရွာလုံး ပျောက်သွားတယ် ဟုတ်လား။ သူတို့ ဘယ်ရောက်ကုန်မှန်းလည်း မသိရဘူးပေါ့။ ဒါကို ဒေသခံအစိုးရရုံးတွေ ဒါမှမဟုတ် အနီးနားက စစ်တပ်က ဘာမှ မလုပ်ပေးဘူးလား"
ယွင်ရှန်းသည် ထိုအကြောင်းကို ကြားလိုက်ရသောအခါ အလွန်ပင် နားမလည်နိုင်အောင် ဖြစ်သွားရတော့သည်။