← Chapters

အခန်း (၃၁၅)

Vol. 31 Ch. 315

အခန်း (၃၁၅)

Vol. 31 Ch. 315

ရွှမ်ဝူကျိသည် အမှောင်ထဲတွင် စဉ်းစားခန်းဖွင့်နေမိသည်။

ဒီကောင်က ယန်မိသားစုက မဟုတ်ဘူးလား။ ယန်မိသားစုက စစ်ပညာသည်မျိုးရိုးပဲလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်တဲ့ သန့်စင်မြင့်မြတ်သားရဲ ဆင့်ခေါ်သူကို လက်အောက်ခံဖြစ်အောင် သိမ်းသွင်းနိုင်ခဲ့တာလဲ။

တီဟုန်မြို့တော် ကဲ့သို့သော နေရာမျိုးမှာပင် မြို့စားမင်း၏ လက်အောက်၌ သန့်စင်မြင့်မြတ်သားရဲ ဆင့်ခေါ်သူ နှစ်ဦးသာ ရှိသည်မှာ လူတိုင်းသိသည့် အချက်ဖြစ်သည်။

ထိုကောင်လေး ယွမ်ပုဖောကလည်း သူတို့ကို ကူညီမည်မဟုတ်သည်မှာ သေချာသည်။ ယန်ချန်းလန်ကလည်း ခွန်အားများ ပြန်လည်ရရှိထားသည့်အပြင် သန့်စင်မြင့်မြတ်သားရဲ ဆင့်ခေါ်သူ နှင့် စစ်မှူးအဆင့်ရှိ မိစ္ဆာသားရဲတို့ပါ ပေါင်းလိုက်လျှင် တစ်ဖက်လူ၏ အင်အားမှာ သူတို့ထက် လုံးဝမနိမ့်ကျတော့ချေ။

"မိန်မိန်း... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်"

ရွှမ်ဝူကျိသည် နောက်ဆုံးတွင် အခြေအနေကို သုံးသပ်နိုင်စွမ်း ရှိသေးသဖြင့် စွန့်စားမှု မပြုလိုတော့ပေ။

ရွှမ်မိန်မိန်းမှာ အလွန်ပင် မကျေမနပ် ဖြစ်နေသော်လည်း ယွင်ရှန်း၏ နောက်ကွယ်ရှိ အင်အားမှာ မသေးလှကြောင်း သူမလည်း မြင်နိုင်သည်။ ထို့ကြောင့် ထိုမောင်နှမနှစ်ဦးမှာ ရန်ငြိုးများဖြင့် ယွင်ရှန်းတို့ကို ကြည့်ကာ ချုံမင်ငှက်ကို စီးနင်းလျက် ထွက်ခွာသွားကြတော့သည်။

သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ယွမ်ပုဖောသည်လည်း သိသိသာသာပင် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ အကယ်၍ ရွှမ်မိသားစုမောင်နှမနှင့် ယန်မိသားစု ဦးလေး၊ တူမတို့ တကယ်တိုက်ခိုက်ကြလျှင် သူ မည်သည့်ဘက်က ကူညီရမည်ကို သူကိုယ်တိုင်ပင် မဝေခွဲနိုင်ခဲ့ချေ။

သူသည် ယန်ချန်းလန်ကို မနှစ်သက်သော်လည်း သူ၏အစ်မဖြစ်သူမှာမူ...

ယွမ်ပုဖော စဉ်းစားနေစဉ်မှာပင် သူ့ထံသို့ စူးစိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

"ရှင်က အရှက်ဆိုတာရော သိရဲ့လား။ ငါတို့သခင်လေးရဲ့လက်ကို ဘယ်အချိန်အထိ ဆုပ်ကိုင်ထားဦးမှာလဲ"

ဟွမ်ချွဲ သတိရလာခြင်းပင်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ထိုပုလွေသမားက သူမသခင်မလေး၏ လက်ကို ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် ကြက်မကြီးက ကြက်ကလေးကို ကာကွယ်သကဲ့သို့ ယွင်ရှန်းကို ချက်ချင်းပင် ပြန်လည်ဆွဲခေါ်လိုက်တော့သည်။

ထိုအခါမှသာ ယွမ်ပုဖောသည် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ရှားရှားပါးပါးပင် ရှက်ကိုးရှက်ကန်း မျက်နှာပေးဖြင့့့်

"အဲဒါက... ခုနကအတွက် ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက သေးငယ်တဲ့ ကိစ္စလေးတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော့်မှာ မေးစရာတစ်ခုရှိတယ်။ ခုနက ရွှမ်ဝူကျိ ပြောသွားတာတွေက တကယ်ပဲလား။ ယွမ်ရှာဟူ... ဆိုတဲ့ ခင်ဗျားရဲ့အစ်မက ရွှမ်ဝူကျိနဲ့ အိမ်ထောင်မကျသေးဘူးဆိုရင် အခု သူ ဘယ်မှာလဲ"

ယွင်ရှန်း စကားပြောလိုက်သည်နှင့် ယန်ချန်းလန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

"ရှန်းအာ"

ယွင်ရှန်းမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူမသည် သူမ၏ ဒုတိယဦးလေးကို ကြည့်လိုက်ရာ သူသည် မည်သည့်မေးခွန်းကိုမျှ မေးမြန်းရန် စိတ်ကူးပင် မရှိသည်ကို တွေ့လိုက်ရသည်။

"ဟွန့်... မင်းက ဒါကို ဘာလို့မေးတာလဲ။ ငါ့အစ်မက ရွှမ်ဝူကျိနဲ့ အိမ်ထောင်မကျခဲ့ဘူး ဆိုရင်တောင်မှ မင်းဦးလေးနဲ့တော့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ သူက ငါ့အစ်မနဲ့ မတန်ဘူး"

ယွမ်ပုဖောသည် သူ၏အစ်မအမည်ကို ကြားလိုက်ရသောအခါ ယခုအခါ သူမ ရင်ဆိုင်နေရသော သနားစရာကောင်းသည့် အခြေအနေကို ပြန်လည်တွေးမိသွားသည်။ သူမသည် တီဟုန်မြို့တော်သို့ ပြန်၍မရတော့ဘဲ သက်လတ်ပိုင်းအရွယ်အထိ အိမ်ထဲ၌သာ ပိတ်လှောင်ခံထားရသည်ကို တွေးမိရင်း သူ၏နှလုံးသားမှာ ပိုမိုစိတ်ပျက်အားမလိုအားမရ ဖြစ်လာတော့သည်။

သူသည် ယွင်ရှန်းကို တစ်ချက်ကြည့်ကာ ကိုယ်ကိုလှည့်၍ ထွက်ခွာသွားတော့သည်။

ယန်ချန်းလန်သည်လည်း စိတ်မချမ်းမမြေ့ဖြစ်ကာ လှည့်ထွက်သွားခဲ့ရာ ယွင်ရှန်း၊ ဟွမ်ချွဲနှင့် ဇဝေဇဝါဖြစ်နေသော ကျုံးရန်တို့သာ ကျန်ရစ်ခဲ့တော့သည်။

"ဟင်း... မြို့ထဲကိုပဲ အရင်ပြန်ကြရအောင်။ ဒီလူနှစ်ယောက်ရဲ့ နှလုံးသားက အဖုအထုံးတွေကို ဖြေရှင်းဖို့ တော်တော်လေး အချိန်ယူရဦးမယ့်ပုံပဲ"

"နေပါဦး... ခုနက ယွမ်ပုဖော ပြောသွားတာတွေက တကယ်ပဲလား"

ယွင်ရှန်းသည် အချို့သောကိစ္စများကို သူမတစ်ဦးတည်းဖြင့် မဖြေရှင်းနိုင်ကြောင်း နားလည်ထားသည်။ သို့သော် အစောပိုင်းက အခြေအနေများကြောင့် သူမသည် အချို့သော သဲလွန်စများကို ရိပ်မိလိုက်သည်။

သူမ၏ ဒုတိယဦးလေးမှာ ရန်ငြိုးဒေါသများကြောင့် မျက်စိမှောင်ကျနေသဖြင့် အရိပ်အယောင်အမျိုးမျိုးကို သတိမမူမိခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ယွင်ရှန်းကမူ ယွမ်ပုဖောသည် ယန်ချန်းလန်အပေါ် နက်ရှိုင်းသော ရန်ငြိုးထားရှိနေသည်ကို မြင်နိုင်သည်။ အကယ်၍ ထိုစဉ်က ယွမ်ရှာဟူသာ ယန်ချန်းလန်ကို တကယ်သစ္စာဖောက်ခဲ့မည်ဆိုလျှင် ယွမ်ပုဖောက ဤကဲ့သို့ ပြုမူလိမ့်မည် မဟုတ်ပေ။

ဤနေရာတွင် တစ်စုံတစ်ရာ နားလည်မှုလွဲမှားနေခြင်းပင်။

ဘာပဲဖြစ်ဖြစ်...

ယွမ်ပုဖော နယ်စပ်ဒေသသို့ ရောက်ရှိနေခြင်းမှာ ယွမ်ရှာဟူသည်လည်း ဤအနီးအနားတွင် ရှိနေနိုင်သည်ဟု ဆိုလိုခြင်းပင်။ ယွင်ရှန်းသည် ခရမ်းရွှေမိုင်းရှိ ဖြစ်ရပ်ကို အရင်ဖြေရှင်းပြီးနောက် သူမ၏ ဒုတိယဦးလေးနှင့် အနာဂတ်ဦးလေးကတော်တို့ကြားက ရစ်ပတ်နေသော အဖုအထုံးများကို ဖြေဖျောက်ရန် ယွမ်မောင်နှမများ၏ တည်နေရာကို ရှာဖွေရန် စီစဉ်လိုက်သည်။

"သခင်... ခုနက ကျွန်တော် သူတို့နောက်ကို လိုက်သွားတုန်းက တစ်ခုခုကို တွေ့ခဲ့တယ်"

ကျုံးရန်သည် မြောက်ဘက်သို့ လိုက်ရှာနေစဉ် စွန့်ပစ်ထားသော ကျေးရွာတစ်ခုကို မတော်တဆ ဖြတ်သန်းသွားခဲ့ခြင်းပင်။

"အော်... ဘာတွေ့ခဲ့လို့လဲ"

"အဲဒီရွာက စွန့်ပစ်ခံထားရတာ မကြာသေးတဲ့ပုံပဲ။ အခြေအနေတွေက ခုနက လျှိုကျိဆိုတဲ့ ကောင်လေးတို့ရွာမှာ ကြုံခဲ့ရတာနဲ့ တစ်ထေရာတည်းပဲ။ ရွာထိပ်မှာ ကျိုးနိုင်ငံရဲ့ ကင်းစောင့်

စစ်သည်တချို့ စောင့်နေကြတာတွေ့လို့ သူတို့ သတိမထားမိတဲ့အချိန်မှာ ကျွန်တော် ရွာထဲကို ခိုးဝင်ကြည့်ခဲ့တယ်။ အဲဒီမှာ မိစ္ဆာသားရဲတွေရဲ့ အငွေ့အသက်ကို ကျွန်တော် တွေ့ခဲ့ရတယ်"

သားရဲဆင့်ခေါ်ဆရာဖြစ်သူ ကျုံးရန်သည် မိစ္ဆာသားရဲများ၏ တည်ရှိမှုကို သိရှိနိုင်စွမ်းတွင် အလွန်ထက်မြက်သူ ဖြစ်သည်။

"မိစ္ဆာသားရဲတွေရဲ့ အငွေ့အသက်လား ခင်ဗျား သေချာရဲ့လား"

ဤစကားကို ကြားလိုက်ရသောအခါ ယွင်ရှန်းသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်းပင် ခံစားလိုက်ရသည်။

ကျိုးနိုင်ငံ၏ နယ်စပ်ဒေသသည် နိုင်ငံသုံးနိုင်ငံ ဆုံရာနေရာဖြစ်သော်လည်း လူနေထိုင်ရာ ဒေသများဖြစ်သောကြောင့် မိစ္ဆာသားရဲများကို အနီးအနားတွင် တွေ့ရခဲလှသည်။ သာမန်အရပ်သားများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ မိစ္ဆာသားရဲအုပ်စုများ ဝင်ရောက်လာသည်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

"သေချာပါတယ်။ အဲဒီဝန်းကျင်က အမှတ်အသားတွေကို ကြည့်ပြီး ကျွန်တော် တစ်ခု တွေ့ခဲ့သေးတယ်။ ရွာအပြင်ဘက်မှာတော့ မိစ္ဆာသားရဲတွေရဲ့ ခြေရာမတွေ့ရပေမဲ့ ရွာထဲမှာတော့ ရှိနေတယ်"

ကျုံးရန်သည် သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။

သူနှင့် ယွင်ရှန်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်းမှာပင် အနီးအနားတွင် နားနေသော လင်းနို့ဘုရင်ထံသို့ အကြည့်များ ရောက်သွားကြတော့သည်။

ပျံသန်းနိုင်သော မိစ္ဆာသားရဲများကို မွေးမြူဖူးသည့် အတွေ့အကြုံရှိသူ မည်သူမဆို ဤအမှတ်အသားများသည် ထိုသားရဲများ ချန်ရစ်ခဲ့သည့် အစအနများဖြစ်ကြောင်း သိနိုင်သည်။

ဤသည်မှာ ရွာကို ဖျက်ဆီးမွှေနှောက်သွားပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည့် ယုတ်မာသော ဓားပြအုပ်စုမှာ ပျံသန်းနိုင်သော မိစ္ဆာသားရဲများကို စီးနင်း၍ လာရောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သက်သေပြနေသည်။

"အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ မြို့ထဲကို အရင်ပြန်ကြရအောင်"

ယွင်ရှန်းနှင့် ကျုံးရန်တို့သည် မြို့အတွင်းသို့ အတူတူ ပြန်လာခဲ့ကြသည်။

ယန်ချန်းလန်မှာ မြို့သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ယွင်ရှန်း အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လျှိုကျိဟု ခေါ်သော လူငယ်လေးမှာ ယန်ချန်းလန်၏ ရှေ့တွင် ဒူးထောက်နေပြီး ထရန် ငြင်းဆန်နေသည်ကို မြင်လိုက်ရသည်။

ယွင်ရှန်း ခန့်မှန်းထားသည့်အတိုင်းပင် လျှိုကျိမှာ ညနေစောင်းတွင် သတိပြန်ရလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သတိရလာပြီးနောက် ကျိုးချွမ်တို့က မည်သို့ပင် မေးမြန်းစေကာမူ သူသည် စကားတစ်လုံးမျှ မဟဘဲ နှုတ်ဆိတ်နေခဲ့သည်။

ယန်ချန်းလန် ပြန်ရောက်လာပြီးနောက် သူ့ကို မြင်လိုက်ရသောအခါမှသာ လျှိုကျိမှာ စကားတစ်ခွန်းမျှ မပြောဘဲ ခုတင်ပေါ်မှ ဆင်းကာ ယန်ချန်းလန်၏ ရှေ့တွင် ကြမ်းပြင်နှင့် နဖူးတိုက်၍ အကြိမ်ကြိမ် ဦးတိုက်တော့သည်။

"အရင်ထစမ်းပါ ဘာအကြောင်းမှမရှိဘဲ ငါ့ရှေ့မှာ ဘာလို့ ဒူးထောက်နေရတာလဲ။ မှတ်ထားပါ... ယောက်ျားတစ်ယောက်ရဲ့ ဒူးဟာ ရွှေထက်တန်ဖိုးရှိတယ်။ မိုးမြေနဲ့ မိဘကိုပဲ ဒူးထောက်ရမယ်"

ယန်ချန်းလန်သည် ဤအခြေအနေကို မြင်လိုက်ရသောအခါ သူ့ကို အမြန်ထူမပေးလိုက်သည်။

"မဟုတ်ပါဘူး အရှင်... ကျေးဇူးပြုပြီး ကျွန်တော် လျှိုကျိရဲ့ ဦးချမှုကို လက်ခံပေးပါ။ ကျွန်တော့်ကို အရှင်ရဲ့ တပည့်အဖြစ် လက်ခံပေးပါလို့ အနူးအညွတ် တောင်းပန်ပါတယ်"

လျှိုကျိ၏ မျက်နှာမှာ အလွန်အမင်း အလေးအနက်ထားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

တော်လိုက်တဲ့ကောင်လေး မင်းမှာ လူရွေးတော်တဲ့ မျက်စိရှိသားပဲ။

ယွင်ရှန်းသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ ရှိသမျှလူထဲတွင် အခြားသူကို မရွေးဘဲ ယန်ချန်းလန်ကိုသာ ကွက်တိရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ်တွင်လည်း ဤနေရာရှိလူအားလုံးထဲ၌ ယန်ချန်းလန်တစ်ဦးတည်းသာ လျှိုကျိ၏ စံနှုန်းနှင့် ကိုက်ညီသူဖြစ်သည်။

စစ်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် စစ်သိုင်းဂိုဏ်းချုပ်အဆင့်ရှိသူဖြစ်ရာ ကျိုးနိုင်ငံတစ်ဝှမ်းလုံးတွင် လေးစားခြင်းခံရသူ ဖြစ်သည်။

ယန်ချန်းလန်သည် မြေပြင်ပေါ်ရှိ လျှိုကျိကို ရှုပ်ထွေးသော အကြည့်များဖြင့် ငုံ့ကြည့်နေသည်။ ဝူကျိတိုက်ကြီး၏ စည်းမျဉ်းများအရ စစ်သိုင်းဂိုဏ်းချုပ် အဆင့်သို့ ရောက်ရှိသူတစ်ဦးသည် ကိုယ်ပိုင်သိုင်းခန်းမဖွင့်လှစ်နိုင်သည့်အပြင် တပည့်များလက်ခံသင်ကြားပေးနိုင်သည့် အရည်အချင်းရှိနေပြီဖြစ်သည်။

သူ၏ ငယ်စဉ်ဘဝတွင် စစ်သူကြီးတစ်ဦး ဖြစ်ခဲ့သဖြင့် တပည့်လက်ခံရန် အခွင့်မသာခဲ့ချေ။ သို့သော် ယခုအခါ သူသည် အနားယူထားသော သက်လတ်ပိုင်းအရွယ်ဖြစ်ရာ သူ၏ပညာရပ်များကို ဆက်ခံမည့် သင့်တော်သော တပည့်တစ်ဦးကို ရှာဖွေခြင်းမှာ ကျိုးကြောင်းဆီလျော်လှသည်။

သို့သော် သူ၏ရှေ့မှ ဤလူငယ်လေးမှာမူ...

ယန်ချန်းလန်၏ အကဲခတ်နိုင်စွမ်းမှာ ယွင်ရှန်းထက် မနိမ့်လှပေ။ ဤလူငယ်၏ ပါရမီမှာ အလွန်ပင် သာမန်ကာလျှံကာသာရှိသည်ကို သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထိုကဲ့သို့သောသူမျိုးကို သူ၏ ပထမဆုံးတပည့်အဖြစ် လက်ခံရန်မှာ အကောင်းဆုံးရွေးချယ်မှု မဟုတ်ချေ။

ယန်ချန်းလန်၏ တွန့်ဆုတ်နေမှုကို သတိထားမိသွားပုံရသော လူငယ်လေးသည် သူ၏အတွေးကို ရိပ်မိသွားကာ "ဘုန်း... ဘုန်း... ဘုန်း" ဟု အသံမြည်အောင် ကြမ်းပြင်နှင့် နဖူးကို အကြိမ်ကြိမ် ဆောင့်၍ ဦးတိုက်တော့သည်။ သူ၏ ကြိုးစားမှုမှာ ပြင်းထန်လွန်းလှသဖြင့် သူ၏နဖူးထက်တွင် သွေးစများ ချက်ချင်းပင် စီးကျလာခဲ့သည်။

သူက အားမာန်ပါပါဖြင့် ပြောလိုက်သည်။

"ကျွန်တော် လျှိုကျိ ကိုယ့်ပါရမီကိုယ် သိပါတယ်။ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်က ဝီရိယရှိပါတယ်။ အရှင်ကသာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမယ်ဆိုရင် တစ်နေ့ကို ၂၄ နာရီလုံး မအိပ်မနေဘဲ ကြိုးစားအားထုတ်သွားဖို့ အသင့်ရှိပါတယ်။ အရှင်ရဲ့ ဂုဏ်သိက္ခာကိုလည်း ဘယ်တော့မှ ညိုးနွမ်းအောင် မလုပ်ပါဘူး"

သူသည် ယန်ချန်းလန်၏ အဆင့်အတန်းကို မသိရှိသော်လည်း လူငယ်တစ်ဦး၏ ပင်ကိုအသိစိတ်အရ ယန်ချန်းလန်သည် သူ၏ဆရာဖြစ်ရန် အသင့်တော်ဆုံးသူဖြစ်ကြောင်း ယုံကြည်နေခြင်း ဖြစ်သည်။ သူ၏ရင်ထဲတွင် ကွယ်လွန်သွားသော မိဘများ၏ မှာကြားချက်နှင့် ရွာသူရွာသားအားလုံး၏ သေခြင်းရှင်ခြင်းကိစ္စများကို ထမ်းပိုးထားရသည်ဖြစ်ရာ မည်မျှပင် ခက်ခဲပါစေ သူ တောင့်ခံသွားရန် အသင့်ရှိနေတော့သည်။

All Chapters