အခန်း (၃၁၀)
Vol. 31 Ch. 310
"အို... သခင်လေးရယ် သခင်လေးက မြို့ကြီးပြကြီးက လာတာဆိုတော့ ကျွန်တော်တို့ နယ်စပ်မြို့လေးတွေနဲ့ ကျေးရွာတွေရဲ့ အခြေအနေကို လုံးဝ မသိသေးတာပဲ"
စားပွဲထိုးက ဘာမှမဟုတ်သလိုမျိုး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"နန်ယာမြို့ အပါအဝင် အနီးနားက ကျေးရွာတွေဟာ အစိုးရရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးဗျ။ ကြည့်လေ... ဒီမှာ ဟောက်ချင်၊ ကျိုးနဲ့ ထန်ယွမ်နိုင်ငံသားတွေ အကုန်ရောနှောနေတာ။ ဘယ်အစိုးရရုံးကမှ သေသေချာချာ မအုပ်ချုပ်ရဲကြဘူး"
စားပွဲထိုးသည် ဒေသတွင်း အခြေအနေအချို့ကို ယွင်ရှန်းအား ပြောပြနေခြင်းပင်။
ဤအချက်များမှာ မြို့တော်ယွီကျင်မှ လာသော ယွင်ရှန်းအတွက်မူ လုံးဝ မသိရှိခဲ့သော အကြောင်းအရာများ ဖြစ်နေသည်။ နန်ယာမြို့တွင် စီရင်ပိုင်ခွင့်အာဏာမှာ ဒေသခံအစိုးရရုံးများထံ၌ မရှိဘဲ အနီးနားရှိ စစ်စခန်းထံ၌သာ ရှိသည်။
ယွင်ရှန်း သတိရလိုက်သည်မှာသူမ၏ဦးလေး ယခင်က ပြောပြဖူးသည်မှာ ဤနေရာရှိ စစ်စခန်းကို ဝေ့ယွမ်နယ်စားမင်း၏ တူဖြစ်သူက အုပ်ချုပ်နေခြင်း ဖြစ်သည်။ ဝေ့ယွမ်နယ်စားမင်းသည် ယန်စစ်သူကြီးအိမ်တော်ပြီးလျှင် နန်းတွင်း၌ ဒုတိယမြောက် အရှိန်အဝါအကြီးဆုံး စစ်ဗိုလ်ချုပ်လည်း ဖြစ်သည်။
ယခင်က အနီးနားရှိ ကျေးရွာများတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင် စစ်စခန်းက သတင်းရရှိပြီးနောက် ရက်အနည်းငယ်အကြာမှသာ ရောက်ရှိလာတတ်သည်။ သို့သော် သူတို့သည် စစ်သည်အချို့ကိုသာ ခေါ်လာပြီး ရွာကို ချိပ်ပိတ်ခြင်း၊ စစ်ဆေးခြင်းတို့သာ လုပ်ဆောင်ကြကာ မည်သည့်သဲလွန်စမျှ မတွေ့ရှိပါက ကိစ္စကို ထိုအတိုင်းပင် လက်စဖျောက်လိုက်ကြသည်။
ဤအကြောင်းများကြောင့် အနီးနားရှိ ကျေးရွာသားအားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။ ချမ်းသာသော ရွာများမှာမူ အမဲလိုက်စစ်သည် များကို ငှားရမ်းကာ ကာကွယ်ခိုင်းကြသော်လည်း ဆင်းရဲသော ရွာများမှာမူ ဘေးဒုက္ခများ မိမိတို့ဆီသို့ မကျရောက်ပါစေရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက်သာ ကောင်းကင်ဘုံ၌ ဆုတောင်းနေကြရရှာသည်။
စားသောက်ဆိုင် စားပွဲထိုးကိုယ်တိုင်လည်း အနီးနားရှိ ရွာတစ်ရွာမှ လာသူဖြစ်ရာ တစ်နေ့နေ့တွင် သူ၏အိမ်သို့ မည်သူမှန်းမသိသော ဓားပြများ ရောက်ရှိလာမည်ကို နေ့ညမပြတ် စိုးရိမ်နေရသည်။ ထိုဓားပြများအကြောင်းကို ပြောရလျှင် အလွန်ပင် ဆန်းကြယ်လှသည်။ သူတို့သည် အရိပ်အယောင်မပြဘဲ လာတတ်သလို မည်သည့်ခြေရာလက်ရာမျှ မချန်ဘဲ ပြန်သွားတတ်ကြသည်။ သူတို့ကို လိုက်လံဖမ်းဆီးလိုသော အစိုးရအရာရှိများပင် မည်သည့်သဲလွန်စမျှ ရှာမတွေ့ကြချေ။
ထိုအကျိုးဆက်ကြောင့် ရွာသားများနှင့် တိရစ္ဆာန်များ အကြောင်းမဲ့ ပျောက်ကွယ်သွားရသည့် ကောလာဟလများမှာ ပို၍ပင် ယုတ္တိမရှိအောင် ဆန်းပြားလာတော့သည်။
"ကျုံးရန်... စားပွဲထိုးလေးပြောတဲ့ ကျင်းခိုရွာ ဆိုတာ မင်းစောစောကပြောတဲ့ အတိုက်ခိုက်ခံရတဲ့ ရွာတွေထဲက တစ်ရွာလား"
ယွင်ရှန်းက မေးလိုက်သည်။
"ဟုတ်ပါတယ် သခင်လေး"
ကျုံးရန်က ခေါင်းညိတ်ပြသည်။ စားပွဲထိုးလေး၏ ပြောပြချက်များကို နားထောင်ပြီးနောက် လူတိုင်းမှာ ထိုရွာသားများအပေါ် ပို၍ပင် သနားဂရုဏာ သက်မိသွားကြသည်။ ကျုံးရန် စုဆောင်းထားသော သတင်းအချက်အလက်များမှာလည်း စားပွဲထိုးလေး ပြောပြသည်နှင့် များစွာမခြားနားလှပေဤဆန်းကြယ်သော ဓားပြအုပ်စုမှာ အရိပ်အယောင်မပြဘဲ လာတတ်ကြပြီး ကျုံးရန်ကိုယ်တိုင်ပင် မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။
"အရင်ဆုံး သူ့ကို တို့နဲ့အတူ ခေါ်သွားကြရအောင်။ သူနိုးလာပြီဆိုမှ နည်းလမ်းတစ်ခုခု စဉ်းစားကြတာပေါ့"
ယွင်ရှန်း၏ စိတ်ထဲတွင် လျိုကျိနှင့် ပတ်သက်၍ မျှော်လင့်မထားသော အရာအချို့ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု ခံစားနေမိသည်။
ယွင်ရှန်း တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ကျိုးချွမ်သည် အမဲလိုက်စစ်သည်များကို သေသေချာချာ နေရာချထားပေးပြီးဖြစ်သည်။
"ဦးလေးရော"
ယွင်ရှန်းသည် သူမရရှိထားသော သတင်းအချက်အလက်များကို ယန်ချန်းလန်နှင့် ဆွေးနွေးလိုသလို သူ၏ ထင်မြင်ချက်ကိုလည်း သိလိုသည်။ ယန်ချန်းလန်သည် ယခင်က နယ်စပ်ဒေသတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသူဖြစ်ရာ ပတ်ဝန်းကျင်အကြောင်းကို ပိုမိုသိရှိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဝေ့ယွမ်နယ်စားမင်း၏ စစ်စခန်းအကြောင်း သတင်းများကိုလည်း ဦးလေးဖြစ်သူမှတစ်ဆင့် စုံစမ်းလိုသေးသည်။
"တပ်မှူး အပြင်ထွက်သွားတယ်။ ဘယ်သွားတယ်ဆိုတာတော့ မပြောသွားဘူး။ အစောပိုင်းကတော့ ကျွန်တော်တို့တွေနဲ့အတူ ရှိနေသေးတာ။ ဝေ့ယွမ်နယ်စားမင်းရဲ့ စစ်စခန်းဆီကို သွားလည်ဦးမယ်လို့ ပြောပြီး ခဏနေတော့ ပျောက်သွားတာပဲ"
ယွင်ရှန်းက ဒဏ်ရာရထားသော လူငယ်လေးတစ်ဦးကို ခေါ်လာသည်ကို မြင်သောအခါ ကျိုးချွမ်လည်း အတော်ပင် အံ့အားသင့်သွားသည်။
ယွင်ရှန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ယန်ချန်းလန်မှာ အလွန်အမင်း အလျင်လိုစွာ ထွက်သွားခြင်းဖြစ်ကြောင်း သတိပြုမိသည်။ သူ၏မြင်းကိုပင် ခေါ်မသွားခဲ့ချေ။ အကယ်၍ သူသည် မြေပြင်အနေအထားကို စစ်ဆေးရန် ထွက်သွားခြင်းဖြစ်ပါက မြင်းကို သေချာပေါက် ခေါ်သွားမည်ဖြစ်သည်။
"တစ်ယောက်တည်း ထွက်သွားတာလား။ ဘာစကားမှရော ပါးမသွားဘူးလား"
ယွင်ရှန်း ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမသိသလောက် သူမ၏ဦးလေးမှာ အပြင်တွင် ကိစ္စတစ်ခုခုရှိပါက သူမကို အရင်ဆုံး အသိပေးလေ့ရှိသူ ဖြစ်သည်။
"ထင်တာပဲ... အမှန်က အဲဒီအချိန်တုန်းက ငါလည်း နည်းနည်း စိတ်လေနေတာနဲ့"
ကျိုးချွမ်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်ပြီး "ငါတို့တွေ အပြင်မှာ မြင်းတွေနဲ့ ကုန်ထုပ်တွေကို နေရာချနေတုန်း လမ်းဘေးက ဖျော်ဖြေရေးသမားတစ်ယောက်က တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ ဂီတတစ်ခုကို တီးခတ်နေတာ။ ငါလည်း အဲဒါကို နားထောင်ရင်း စိတ်လွတ်သွားတာပဲ"
ကျိုးချွမ်တစ်ယောက်တည်း မဟုတ်ဘဲ ထိုနေရာတွင် ရှိနေခဲ့ကြသော အခြားအမဲလိုက်စစ်သည်များမှာလည်း ထိုနည်းတူပင် ဖြစ်ပျက်ခဲ့ကြခြင်း ဖြစ်သည်။
"ဘယ်လို ဖျော်ဖြေရေးသမားမျိုးလဲ"
ယွင်ရှန်းက လမ်းမတစ်လျှောက် ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သည့် ဖျော်ဖြေရေးသမားကိုမျှ မတွေ့ရတော့ချေ။
"ပုလွေမှုတ်နေတဲ့ လူငယ်တစ်ယောက်ထင်တာပဲ"
ကျိုးချွမ်က အသည်းအသန် စဉ်းစားသော်လည်း ထိုလမ်းဘေးဖျော်ဖြေသူ၏ ရုပ်ရည်သွင်ပြင် အတိအကျကိုမူ မမှတ်မိတော့ပေ။
"မင်းတို့ သူ့ကို သေချာစောင့်ရှောက်ထားလိုက်ကြ။ သူနိုးလာရင် စိတ်ငြိမ်အောင် အရင်လုပ်ပေးပါ။ ကျုံးရန်၊ ဟွမ်ချွဲနဲ့ ငါကတော့ ဦးလေးကိုသွားရှာဖို့ မြို့ပြင်ကို ထွက်ကြမယ်"
ယွင်ရှန်း၏ စိတ်ထဲတွင် မတင်မကျဖြစ်ကာ စိုးရိမ်စိတ်များ တိုးလာတော့သည်။ ထိုလမ်းဘေးဖျော်ဖြေသူမှာ သာမန်လူတစ်ယောက် မဟုတ်နိုင်ကြောင်း သူမ ခပ်ရေးရေး ခံစားနေမိသည်။
သို့သော် မြို့အဝင်တွင် ရပ်ကြည့်လိုက်သောအခါ လမ်းမကြီးမှာ နှစ်ခွကွဲနေသည်။ တစ်လမ်းက တောင်ဘက်သို့ ဦးတည်ပြီး နောက်တစ်လမ်းက မြောက်ဘက်သို့ ဖြစ်ရာ ယန်ချန်းလန် မည်သည့်ဘက်သို့ သွားခဲ့သည်မှာ မသေချာလှပေ။ ရှာဖွေရလွယ်ကူစေရန် ယွင်ရှန်းနှင့် ကျုံးရန်တို့သည် လူခွဲ၍ ရှာဖွေရန် ဆုံးဖြတ်လိုက်ကြပြီး အကယ်၍ ယန်ချန်းလန်ကို ရှာမတွေ့ခဲ့ပါက နေမဝင်မီ တည်းခိုခန်းသို့ ပြန်လာရန် ကတိပြုခဲ့ကြသည်။
ဟွမ်ချွဲ၏ ကြံ့ခိုင်မှုမှာ ယွင်ရှန်းလောက် မကောင်းသဖြင့် ယွင်ရှန်းသည် သူမအပေါ်တွင် လေဟာနယ် လွင့်မျောခြင်းအတတ်ကို အသုံးပြုပေးလိုက်ပြီးနောက် သူတို့နှစ်ဦးမှာ မြို့၏ တောင်ဘက်ခြမ်းသို့ ဦးတည်ရှာဖွေခဲ့ကြသည်။
"သခင်မလေး... အရမ်း စိုးရိမ်နေတာလားဟင်။ စစ်သူကြီး တစ်ခုခု ဖြစ်သွားမှာကို ကြောက်နေလို့လား"
ဟွမ်ချွဲသည် ယွင်ရှန်းကို ကောင်းစွာ သိထားသည်။ ပုံမှန်ဆိုလျှင် ယွင်ရှန်းသည် သူမရှေ့တွင် ထိုင်စန်းတောင်ကြီး ပြိုကျလာလျှင်ပင် မျက်နှာပျက်မည့်သူ မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် ယွင်ရှန်း၏ မျက်နှာမှာ တင်းမာခက်ထန်နေသဖြင့် သူမပါ လိုက်လံစိုးရိမ်နေမိခြင်း ဖြစ်သည်။
"ဟုတ်တယ်... မင်း သတိမထားမိလိုက်ဘူးလား။ ငါ ခုနက ပြန်လာတုန်းက ကျိုးချွမ်တို့ရဲ့ မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်နေတာ။ သူတို့တွေ တစ်စုံတစ်ယောက်ရဲ့ အထူးနည်းလမ်းနဲ့ စိတ်ညှို့ခြင်းခံလိုက်ရတာ ထင်ရှားတယ်"
ယွင်ရှန်း၏ ရှန်းနုန်မျက်ဝန်းသည်လည်း အလားတူ အစွမ်းမျိုး ရှိသည်။
သို့သော် သူမ၏ လက်ရှိ ရှန်းနုန်မျက်ဝန်း စွမ်းအားဖြင့် ယန်ချန်းလန်ကဲ့သို့သော နယ်စားမင်းအဆင့်ရှိသည့် ဆရာတစ်ဦးကို စိတ်ညှို့ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူမကိုယ်တိုင် ဝန်ခံထားသည်။ တစ်ဖက်လူက လမ်းဘေးဖျော်ဖြေသူအဖြစ် ရုပ်ဖျက်ကာ ကျိုးချွမ်တို့ကို စိတ်ညှို့ပြီး ယန်ချန်းလန်ကို ခေါ်ဆောင်သွားနိုင်သည်ဆိုလျှင်ထိုသူ၏ စွမ်းအားမှာ အနည်းဆုံး စိတ်ညှို့ခြင်းအတတ်တွင် သူမထက် များစွာ သာလွန်နေပေလိမ့်မည်။
ယွင်ရှန်း၏ စိတ်ထဲတွင် ချက်ချင်း တွေးမိလိုက်သည်မှာ ဤမျှအစွမ်းထက်သော စိတ်ညှို့အတတ်ပညာရှင်မျိုးသည် တီဟုန်မြို့တော်မှ လူများသာ ဖြစ်နိုင်ပေတော့သည်။
သူတို့နှစ်ဦးသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြရာ ငါးမိုင်၊ ခြောက်မိုင်ခန့် ခရီးပေါက်သွားသည်ကိုပင် သတိမထားမိလိုက်ကြချေ။ မြို့ပြင်သို့ ရောက်လာသည်နှင့်အမျှ ရှေ့မှ ပတ်ဝန်းကျင်မှာ အလွန်ပင် ခြောက်ကပ်ပြီး လူသူကင်းမဲ့လာသည်။
ရှေ့ဆက်သွားလျှင် ကျိုး၊ ဟောက်ချင်နှင့် ထန်ယွမ် အင်ပါယာသုံးခု၏ နယ်စပ်မျဉ်းသို့ ရောက်တော့မည်ဖြစ်သည်။ ဤနယ်မြေမှာ ဝေးလံခေါင်ဖျားလွန်းသဖြင့် လူမျိုးစုံ ရောနှောနေထိုင်ရာ ဒေသဖြစ်ရာ ယွင်ရှန်းအနေဖြင့် သူမ၏ လှုပ်ရှားမှုအတတ်ကို အရှိန်လျှော့လိုက်ရတော့သည်။ သို့သော်လည်း ရှေ့တွင် ယန်ချန်းလန်၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်ရီပျိုးစပြုလာပြီဖြစ်ရာ နေဝင်ရီတရောအချိန်သို့ ရောက်လုနီးပြီဖြစ်သည်။ ယန်ချန်းလန်၏ သဲလွန်စကို ရှာမတွေ့သေးသဖြင့် ယွင်ရှန်းအနေဖြင့် သူမ လမ်းမှားရွေးမိသွားပြီလားဟုပင် တွေးတောမိတော့သည်။ ကျုံးရန်ဘက်တွင်သာ ကံကောင်းပါစေဟု ဆုတောင်းနေမိတော့သည်။
ယွင်ရှန်း မြို့ထဲသို့ ပြန်လှည့်ရန် ပြင်လိုက်စဉ်မှာပင် သူမနှင့် ဟွမ်ချွဲတို့နှစ်ဦးစလုံး ရုတ်တရက် ခြေလှမ်းများ တန့်သွားကြသည်။
ယွင်ရှန်းနှင့် ဟွမ်ချွဲတို့ အကြည့်ချင်း ဆုံသွားကြသည်။
"ဟွမ်ချွဲ... မင်း တစ်ခုခု ကြားလိုက်လား"
ယွင်ရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ပုလွေသံနဲ့ တူတယ်... ဒီသံစဉ်က ကြားဖူးသလိုပဲ"
ဟွမ်ချွဲက သေသေချာချာ မသေချာသော်လည်း ရှေ့ဘက်သို့ မျှော်ကြည့်ရင်း ပြောလိုက်သည်။
"ပုလွေသံပဲ သေချာပေါက် အနီးအနားမှာ ရှိနေတာ။ ဧကရာဇ်ရဲ့ သီချင်းပဲ... ဒီသံစဉ်က မင်းအရင်က တီးခတ်နေကျ မဆုံးသေးတဲ့ သီချင်းတွေနဲ့ အရမ်းတူတယ်"
ယွင်ရှန်း သတိကြီးစွာ ထားလိုက်သည်။
ဤကဲ့သို့သော နေရာမျိုးတွင် ရင်းနှီးနေသော ဧကရာဇ်ရဲ့ သီချင်းကို ကြားလိုက်ရခြင်းဖြစ်ပြီး ထိုဂီတမှာ ဟွမ်ချွဲ ယခင်က တီးခတ်ခဲ့သည်များထက် များစွာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး စီးဆင်းမှု ရှိလှသည်။
ဒါက တီဟုန်မြို့တော်က လူတွေ ရောက်လာပြီဆိုတဲ့ အဓိပ္ပာယ်လား။
ယွင်ရှန်းသည် ဂီတတွင် အလွန်အမင်း ကျွမ်းကျင်သူ မဟုတ်သော်လည်း မှတ်ဉာဏ်မှာမူ ထူးကဲလှသည်။ ယန်ချန်းလန်က သူမကို ဧကရာဇ်ရဲ့ သီချင်းမှ အခန်းသုံးခန်း သင်ကြားပေးဖူးသည်။ သူမသည် ထပ်မံတွေဝေမနေတော့ဘဲ ရှေ့သို့ အမြန်ပြေးထွက်ခဲ့သည်။
ရှေ့မှ မြင်ကွင်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ သို့သော် သူတို့မျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယွင်ရှန်းနှင့် ဟွမ်ချွဲတို့မှာ အလိုအလျောက်ပင် ခြေစုံရပ်သွားကြရတော့သည်။