အခန်း (၃၁၁)
Vol. 31 Ch. 311
လွန်ခဲ့သော တစ်နာရီခန့်၊ ယွင်ရှန်း မြို့ထဲသို့ ထွက်ခွာသွားပြီး မကြာမီအချိန်က ယန်ချန်းလန်သည် အမဲလိုက်စစ်သည်များအတွက် တည်းခိုရန်နေရာများကို စီစဉ်ပေးပြီးနောက် ယွင်ရှန်း ပြန်မရောက်သေးသည်ကို သတိပြုမိသည်။ သူသည် ဝေ့ယွမ်နယ်စားမင်း၏ စစ်စခန်းသို့သွားကာ သတင်းအချက်အလက်အချို့ စုံစမ်းရန် သင့်မသင့်ကို ကျိုးချွမ်နှင့် တိုင်ပင်နေခဲ့သည်။
ယန်မိသားစုစစ်တပ် ဆုတ်ခွာသွားပြီးနောက် ဝေ့ယွမ်နယ်စားမင်းသည် အခွင့်အရေးကို အရယူကာ ကျိုးဧကရာဇ်ထံ၌ သူ၏တူဖြစ်သူအတွက် ဤနေရာတွင် ရာထူးတစ်ခု တောင်းခံခဲ့ခြင်း ဖြစ်သည်။
ယန်ချန်းလန်နှင့် ကျိုးချွမ်တို့ ဆွေးနွေးနေကြစဉ်မှာပင် လမ်းမထက်မှ စိတ်ညှို့ဓာတ်ပါသော ဆန်းကြယ်သည့် ဂီတသံတစ်ခု ပျံ့လွင့်လာသည်ကို သူရုတ်တရက် ကြားလိုက်ရသည်။ ထိုဂီတသံကို ကြားရသည်နှင့် ယန်ချန်းလန်၏ တစ်ကိုယ်လုံး တုန်ရင်သွားတော့သည်။
သူ၏နှလုံးသား နက်ရှိုင်းရာတွင် မြှုပ်နှံထားခဲ့ပြီး အချိန်အတော်ကြာအောင် ထုတ်မပြောဘဲ နေခဲ့သည့် အမည်နာမတစ်ခုမှာ သူ၏ဦးနှောက်အတွင်းသို့ အတင်းအကျပ် တိုးဝင်လာခဲ့သည်။
ရှာဟူ….
ဤသံစဉ်မှာ သူနှင့် ရှာဟူတို့ ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်က ရှာဟူ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်သည့်အနေဖြင့် သူမ တီးခတ်ပြခဲ့ဖူးသော သံစဉ်ပင်။
သူ၏လက်များ ဒဏ်ရာရရှိခဲ့ပြီးကတည်းက ယန်ချန်းလန်သည် တူရိယာတစ်ခုကိုမျှ ထပ်မံမကိုင်တွယ်တော့ချေ။ ထို့အတူ ရှာဟူအပေါ် ထားရှိသော သူ၏ တမ်းတမှုများကိုလည်း နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး မြှုပ်နှံထားခဲ့သည်။ ရှာဟူအပေါ်ရှိသော သူ၏ သံယောဇဉ်များကို ဖြတ်တောက်ရန်အတွက် ထိုစဉ်က သူမ၏ လှည့်စားမှုများကိုသာ ကိုယ့်
ကိုယ်ကိုယ် အမြဲသတိပေးခဲ့ပြီး ရှာဟူမှာလည်း အခြားတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ကျသွားလောက်ပြီဟုသာ တွေးတောခဲ့သည်။
သို့သော် ထိုဂီတသံကို ကြားလိုက်ရသော ခဏချင်းမှာပင် သူ၏ ခုခံကာကွယ်မှုများအားလုံး တစစီ ပျက်စီးသွားတော့သည်။ သို့သော် နာကျင်ဖွယ်ကောင်းလှသော ထိုရိပ်ပုံရိပ်လေးကို ရှာဖွေရန် သူ မနေနိုင်ဘဲ လှည့်ကြည့်မိတော့သည်။
လူအုပ်ကြီးအတွင်း သူသည် ရှာဟူကို ရှာမတွေ့ခဲ့ပေ။ ထိုဂီတသံက သူ့ကို လမ်းပြခေါ်
ဆောင်သွားရာ သူသည် ကျိုးချွမ်တို့အား နှုတ်ပင်မဆက်နိုင်အားတော့ဘဲ နန်ယာမြို့ပြင်သို့ အလိုအလျောက် ခြေလှမ်းလှမ်းကာ ထွက်ခွာသွားခဲ့မိတော့သည်။
ထိုဂီတသံသည် သူ့အား ရှေ့သို့ မျှောပါသွားစေခဲ့ပြီး ယန်ချန်းလန်သည် နန်ယာမြို့မှ ထွက်ခွာလာခဲ့မိတော့သည်။ သူသည် မြင်းကိုပင် မစီးဘဲ မြို့ပြင်ရှိ လမ်းမကြီးအတိုင်း ခြေကျင်လျှောက်လာခဲ့ခြင်းပင်။
ယန်ချန်းလန်သည် သူ၏ သန်မာလှသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့ရာ ကိုယ်ကိုကိုယ်ပင် သတိမထားမိလိုက်ဘဲ နန်ယာမြို့နှင့် အတော်ပင် ဝေးကွာသော ကုန်းမြင့်စောင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုလွင်ပြင်၏ အဆုံးတွင်မူ တောင်ဘက်နယ်စပ်မြို့ တည်ရှိနေသည်။
သူသည် ဤသင်္ချိုင်းမြေအတွင်းသို့ မဝင်ရောက်မီအထိ သတိမမူမိခဲ့ပေ။ ယန်ချန်းလန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကုန်းစောင်းပေါ်တွင် ရပ်နေရင်း တောင်ဘက်နယ်စပ်မြို့ဆီသို့ အဝေးမှ ငေးကြည့်နေမိသည်။
သူ၏ မှတ်ဉာဏ်များမှာ လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်က ရှာဟူနှင့် စတင်တွေ့ဆုံခဲ့စဉ်က မြင်ကွင်းများဆီသို့ အလိုအလျောက် ပြန်လည်လွင့်မျောသွားတော့သည်။ စောင်းတီးနေစဉ် သူမ၏ ပြုံးယောင်သန်းနေသော မျက်နှာလေးနှင့် သူတို့ပထမဆုံး ဆုံတွေ့ခဲ့ပုံကို ပြန်လည်အမှတ်ရမိရင်း ယန်ချန်းလန်သည် ခါးသီးစွာဖြင့် တစ်ဦးတည်း ရေရွတ်လိုက်မိသည်။
"ရှာဟူ... ဒီနှစ်တွေထဲမှာ မင်း ဘယ်လိုနေထိုင်ခဲ့လဲ။ အခုဆို မင်းလည်း အိမ်ထောင်ကျတာ ကြာလှပြီပေါ့"
ယန်ချန်းလန်သည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်သည်။
သူသည် စိတ်ကို တင်းထားရင်း ထိုကုန်းစောင်းမှ အောက်သို့ ခက်ခက်ခဲခဲ ဆင်းလာခဲ့သည်။ ကုန်းစောင်း၏ တစ်ဖက်ခြမ်းတွင်မူ အဆုံးမရှိ ကျယ်ပြန့်လှသော လွင်ပြင်ကြီးတစ်ခု ရှိနေသည်။ နယ်စပ်ဒေသ၏ အရှေ့တောင်ဘက်ခြမ်းတွင် သစ်ပင်ပန်းမန်များ ထူထပ်စိုပြည်လေ့ရှိသော်လည်း ဤလွင်ပြင်ကြီးတစ်ခုတည်းမှာမူ ခြောက်ကပ်ပြီး လူသူကင်းမဲ့နေသည်။
လွင်ပြင်ထက်တွင် သစ်ပင်တစ်ပင်မျှ မရှိဘဲ သင်္ချိုင်းဂူအမှတ်အသားများသာ ဟိုတစ်စ ဒီတစ်စ မြင်နေရသည်ဤနေရာကား သူ၏ ရဲဘော်ရဲဘက်များဖြစ်ကြသော ယန်မိသားစုစစ်တပ်၏ နောက်ဆုံးနားခိုရာ မြေပင်။
ထိုစဉ်မှာပင် ကိုယ်ကိုကိုယ် သတိမထားမိလိုက်ဘဲ ပုလွေသံတစ်ခုသည် သူ၏ နားစည်အတွင်းသို့ တိုးဝင်လာခဲ့သည်။ ပုလွေသံမှာ အနိမ့်အမြင့် အတက်အကျများဖြင့် ဟိုးအဝေးမှ လွင့်ပျံ့လာပြီး အတိတ်မှတ်ဉာဏ်များအတွင်း နစ်မျောနေသော ယန်ချန်းလန်အား လွှမ်းမိုးသွားတော့သည်။
သူ၏ စိတ်အာရုံထဲတွင် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ စစ်မြေပြင်တွင် သွေးပျံအောင် တိုက်ခိုက်နေကြပြီး အသားစများ လွင့်စင်နေကာ ရေတွက်၍မရနိုင်သော စစ်သည်တော်များမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြတော့သည်။
"စစ်သူကြီး... ရဲဘော်တွေက စစ်သူကြီးအတွက် လမ်းဖွင့်ပေးထားတယ်။ အမြန်ဆုံး ထွက်သွားတော့"
"စစ်သူကြီး... ကျွန်တော့်ရဲ့ အလောင်းကို ယွီကျင်မြို့ကို ပြန်ယူသွားပေးပါ။ ကျွန်တော့်ဇနီးဆီ ပေးပေးပါ..."
"စစ်သူကြီး... အမြန်သွားပါတော့"
ပုလွေသံသည် ရုတ်တရက် ပြောင်းလဲသွားပြန်သည်။ အမြင့်သံမှ အနိမ့်သံသို့ ကူးပြောင်းသွားပုံမှာ ငိုကြွေးမြည်တမ်းနေသံနှင့် တူလှသည်။ ယန်ချန်းလန်၏ နားထဲတွင် မြင်းခွာသံများ တဒုန်းဒုန်းနှင့် ခရာသံများ အဆက်မပြတ် မြည်ဟည်းနေသကဲ့သို့ ခံစားနေရပြီး သူ၏မျက်ဝန်းများမှာလည်း ဝေဝါးမှုန်ရီလာတော့သည်။
အတိတ်မှတ်ဉာဏ်များမှာ ဒီရေအလား တိုးဝင်တိုက်စားလာပြီး မူလက စွဲမက်ဖွယ်ကောင်းနေသော ဂီတသံမှာလည်း ရုတ်တရက် ထပ်မံပြောင်းလဲသွားပြန်သည်။ ပုလွေသံအတွင်းသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေသော ယန်ချန်းလန်မှာ နာကျင်စွာဖြင့် အော်ဟစ်ကာ ဒူးထောက်လဲကျသွားရှာသည်။
ထိုသင်္ချိုင်းမြေအတွင်း၌ ငွေရောင်ဝတ်ရုံကို ဆင်မြန်းထားသော လူတစ်ဦး ရပ်နေသည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာ ဤလောကမှ လူသားတစ်ဦးနှင့်ပင် မတူဘဲ အလွန်ထူးခြားလှသည်။ အကယ်၍ ယန်ချန်းလန်သာ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုသူသည် ယွမ်ရှာဟူနှင့် ရှစ်ပုံကိုးပုံခန့် ဆင်တူနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသူကား ရှာဟူ၏မောင်လေး ယွမ်ပုဖောပင်။
ယွမ်ပုဖောသည် ယန်ချန်းလန်ကို အဝေးမှ လှမ်းကြည့်နေသည်။ ယန်ချန်းလန်မှာ အလွန်အမင်း နာကျင်ခံစားနေရသဖြင့် သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်ကို မြင်ရရာ သူ၏လက်များမှာ အမှန်တကယ်ပင် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
ယန်ချန်းလန်သည် သူ၏အစ်မဖြစ်သူအား ပေးခဲ့သော နာကျင်မှုများကို ယနေ့တွင် သူက အဆပေါင်းများစွာဖြင့် ပြန်လည်ပေးဆပ်ခိုင်းတော့မည်။ ယွမ်ပုဖော၏ လက်ထဲတွင် ထူးခြားသော ပုံစံရှိသည့် ခရမ်းရောင်ကျောက်စိမ်းပုလွေတစ်လက် ရှိနေသည်။ သူ၏ နှုတ်ခမ်းအစုံကို ခရမ်းရောင်ပုလွေပေါ်သို့ ဖိကပ်လိုက်ရာ ဂီတသံစဉ်များမှာ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ဧကရာဇ်ရဲ့ သီချင်း အခန်း (၆) ဖြစ်သော သေခြင်းရှင်ခြင်း သီချင်းပင်။ ဤသီချင်းသည် လူတစ်ဦး၏ နှလုံးသားအတွင်းရှိ အမှောင်ဆုံးဘက်ခြမ်းကို နိုးထလာစေပြီး အတိတ်၏ နာကျင်ဖွယ် အမှတ်တရများအတွင်းသို့ နစ်မွန်းသွားစေနိုင်သည်။
ယန်ချန်းလန်မှာ ထိုသံစဉ်အတွင်း လုံးဝနစ်မြုပ်သွားခဲ့ကာ သူ၏မျက်လုံးထဲတွင် အဆုံးမရှိသော သေခြင်းတရားများကိုသာ မြင်ယောင်နေတော့သည်။ ယွမ်ရှာဟူ၏ ရုတ်တရက် ထွက်ခွာသွားမှု၊ ယန်မိသားစုစစ်တပ်မှ ရဲဘော်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်မှုဤအရာအားလုံးမှာ သူ၏ အပြစ်များသာ။ ဤသည်မှာ သူက တီဟုန်မြို့တော်ကို ဆန့်ကျင်ကာ အန်တုခဲ့ခြင်း၏ အကျိုးဆက်ပင် ဖြစ်တော့သည်။
"ငါ့အစ်မရဲ့ နာကျင်မှုတွေကို အပြီးတိုင် အဆုံးသတ်ပေးလိုက်တော့မယ်"
ယွမ်ပုဖော၏ ပုလွေသံမှာ ထပ်မံပြောင်းလဲသွားပြန်သည်။ သူသည် ထိုဂီတသံစဉ်ဖြင့် ယန်ချန်းလန်အား လည်မျိုညှစ်၍ သတ်ရန် ပြင်လိုက်စဉ်မှာပင် အခြားတစ်ဖက်မှ လူရိပ်နှစ်ခုသည် လေဟုန်စီး၍ ရောက်ရှိလာကြတော့သည်။
"စစ်သူကြီးယန်ပဲ"
သင်္ချိုင်းမြေအတွင်း၌ ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ နာကျင်စွာ ရုန်းကန်နေရသည့် ယန်ချန်းလန်ကို မြင်လိုက်ရသောအခါ ဟွမ်ချွဲနှင့် ယွင်ရှန်းတို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
တစ်ချိန်တည်းမှာပင် သင်္ချိုင်းမြေအတွင်း ရပ်နေသော ထိုလူကိုလည်း သူတို့ သတိထားမိလိုက်ကြသည်။ ထိုသူ၏ ခရမ်းရောင်ကျောက်စိမ်းပုလွေမှ ထွက်ပေါ်လာသော ဂီတသံသည် ယန်ချန်းလန်အား မခံမရပ်နိုင်အောင် နာကျင်စေသည့် အရင်းအမြစ်ဖြစ်နေသည်။ ယွင်ရှန်းနှင့် ဟွမ်ချွဲတို့သည် အနားသို့ ချဉ်းကပ်ရန် ကြိုးစားသော်လည်း အနီးသို့ ရောက်သည်နှင့် ရှေ့သို့ တစ်လှမ်းမျှပင် ဆက်တိုး၍မရတော့ကြောင်း တွေ့လိုက်ရသည်။
သူတို့သည် ယန်ချန်းလန်နှင့် ခြေလှမ်းတစ်ရာခန့်သာ ကွာဝေးတော့သော်လည်း ရှေ့သို့ တစ်လှမ်းမျှပင် တိုး၍မရချေ။ သူတို့ရှေ့တွင် နံရံတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေပြီး ဤအတားအဆီးကို ကျော်ဖြတ်၍ မရနိုင်တော့ပေ။ ဤအတားအဆီးမှာ ထူးခြားလှသည်။ ၎င်းသည် မှော်စွမ်းအင်
ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သလို တိုက်ခိုက်ရေးစွမ်းအင်နံရံလည်း မဟုတ်ပေ။
"ဒါက အသံလှိုင်းနံရံပဲ။ ဒီလူက သေချာပေါက် တီဟုန်မြို့တော်က ဖြစ်ရမယ်"
ယွင်ရှန်းသည် ထိုလူငယ်၏ ရည်ရွယ်ချက်ကို မသိရှိသေးပေ။ ထိုသူသည် သူတို့အား တစ်ချက်မျှပင် လှည့်မကြည့်ဘဲ လုံးဝဥပေက္ခာပြုထားသည်မှာ သူတို့ကို လုံးဝအရေးမပါသူများအဖြစ် သတ်မှတ်ထားသည့်အလားပင်။
"ဘယ်လိုလုပ်ကြမလဲ။ စစ်သူကြီးကတော့ တကယ့်ကို နာကျင်နေပုံပဲ"
ဟွမ်ချွဲမှာ သိသိသာသာပင် စိုးရိမ်တုန်လှုပ်နေသည်။
"ဟွမ်ချွဲ... ဧကရာဇ်ရဲ့ သီချင်းကို တီးခတ်ကြည့်စမ်း"
ယွင်ရှန်းသည် ဟွမ်ချွဲနှင့်အတူ ထွက်လာကတည်းက ကြိုတင်ခံစားမိနေခဲ့သည်။ ယန်ချန်းလန်၏ ရုတ်တရက် ထွက်ခွာသွားမှုမှာ တီဟုန်မြို့တော်နှင့် ပတ်သက်နေလိမ့်မည်ဟု သူမ သံသယရှိခဲ့သည်။ ထိုသူသည် ယွမ်ရှာဟူ သို့မဟုတ် ရွှမ်ဝူကျိနှင့် ဆက်နွယ်မှု ရှိမရှိကိုသာ သူမ မသေချာခြင်း ဖြစ်သည်။
ဤလူသည် ယန်ချန်းလန်ကို နှိပ်စက်နေခြင်းမှာ ထင်ရှားသော်လည်း သူ့ကို အမှန်တကယ် သတ်ရန် ရည်ရွယ်ချက်ရှိပုံ မရပေ။ သို့မဟုတ်ပါက ယန်ချန်းလန် ကိုယ်ကိုကိုယ် မထိန်းချုပ်နိုင်ဘဲ ဖြစ်နေသည့် ထိုကာလအတွင်းမှာပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့လိမ့်မည် ဖြစ်သည်။
ဟွမ်ချွဲက ခေါင်းညိတ်ပြသည်။ သူမသည် ဧကရာဇ်ရဲ့ သီချင်းကို စတင်သင်ယူခဲ့ကတည်းက ဝီရိယရှိရှိ လေ့ကျင့်ခဲ့ရာ ယခုအခါ အခန်း (၂) အထိပင် တတ်မြောက်ထားပြီ ဖြစ်သည်။ သူမ၏ လက်နက်မှာလည်း အလွန်ထူးခြားလှသည်။ ၎င်းမှာ သူမ၏မိခင် ချန်ထားခဲ့သော အရိုးစောင်းပင်။
ဟွမ်ချွဲသည် ကျောတွင်လွယ်ထားသော အရိုးစောင်းကို ဖြုတ်ယူလိုက်ပြီး စောင်းကြိုးများကို အသံညှိကာ ခပ်သွက်သွက် ခတ်လိုက်သည်။ သူမ၏ နုနယ်သော လက်ချောင်းလေးများမှာ စောင်းကြိုးများပေါ်တွင် ဟိုမှသည် ကူးလူးလှုပ်ရှားနေတော့သည်။ စောင်းကြိုးများမှ တိုးညင်းသော အသံများ ထွက်ပေါ်လာသည်နှင့်အမျှ နွေဦးမိုးရွာသွန်းပြီးစ စီးဆင်းလာသည့် စမ်းချောင်းသံကဲ့သို့သော သံစဉ်တစ်ခုမှာ အရိုးစောင်းထံမှ ပဲ့တင်ထပ်လာသည်။
ဧကရာဇ်ရဲ့ သီချင်းလား။
သင်္ချိုင်းမြေအတွင်းရှိ ယွမ်ပုဖောသည် ရင်းနှီးလှသော သံစဉ်ကို ကြားလိုက်ရသောအခါ သူ၏မျက်ခုံးများ မြင့်တက်သွားပြီး နှလုံးသားထဲတွင် မထီမဲ့မြင်ပြုလိုစိတ်များ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏အစ်မဖြစ်သူ ယွမ်ရှာဟူအပေါ်၌လည်း မကျေမနပ် ဖြစ်မိသွားသည်သူ့အစ်မမှာ ယန်ချန်းလန်အပေါ် အမှန်တကယ်ပင် သံယောဇဉ်ကြီးလှသဖြင့် ဤ ဧကရာဇ်ရဲ့ သီချင်းကိုပင် သင်ကြားပေးခဲ့သည်အထိပင်။
နှမြောစရာကောင်းလှသည်။ တီဟုန်မြို့တော်၏ အပြင်ဘက်တွင် မွေးဖွားလာကြသည့် ဤသာမန်လူသားများအနေဖြင့် ဧကရာဇ်ရဲ့ သီချင်း၏ စစ်မှန်သော အနှစ်သာရကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ယနေ့တွင်မူ ယွမ်ပုဖောဖြစ်သူ သူကစစ်မှန်သော ဧကရာဇ်ရဲ့ သီချင်း ဆိုသည်မှာ ဘာလဲဆိုသည်ကို ဤသာမန်လူသားများ မြင်အောင် ပြသပေးလိုက်မည်ပင်။