အခန်း (၃၁၃)
Vol. 31 Ch. 313
ကောင်းကင်ယံမှာ မှောင်အတိ ကျသွားခဲ့ပြီ ဖြစ်သည်။
သင်္ချိုင်းဂူအမှတ်အသား တစ်ထောင်ကျော် ဝန်းရံထားသော ဤနယ်မြေတစ်ခုလုံးတွင် ကြယ်ရောင်၊ လရောင်ပင် မရှိဘဲ ပိန်းပိတ်အောင် မှောင်နေတော့သည်။ သင်္ချိုင်းဂူများ၏ အနီးအနားတွင်မူ ပြာလဲ့လဲ့နှင့် ခရမ်းရောင်သန်းနေသော တစ္ဆေမီးအချို့သာ ဟိုတစ်စ ဒီတစ်စ လွင့်မျောနေကြသည်။
သို့သော် ဤအချိန်တွင် မည်သူမျှ ထိုအရာများကို အာရုံမစိုက်နိုင်ကြချေ။ ယွင်ရှန်း၏ အာရုံတစ်ခုလုံးမှာ သူမ၏လက်အောက်ရှိ အရိုးစောင်း ပေါ်တွင်သာ စုစည်းထားသည်။ အလားတူပင် ယွမ်ပုဖောသည်လည်း သူ၏ အာရုံအားလုံးကို ယွင်ရှန်းအပေါ်တွင်သာ ပုံအောထားတော့သည်။
သူသည် သူ၏နှုတ်ခမ်းလွှာများကို ခရမ်းရောင်ပုလွေပေါ်သို့ တစ်ဖန်ပြန်၍ ဖိကပ်လိုက်သည်။ ပါးစပ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး လက်ချောင်းများဖြင့် ပုလွေပေါက်များကို ကျွမ်းကျင်စွာ ဖိနှိပ်လိုက်ရာ သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံစဉ်များ ထပ်မံထွက်ပေါ်လာပြန်သည်။
ဟွမ်ချွဲနှင့် ဖြစ်ပွားခဲ့စဉ်ကကဲ့သို့ပင် ယွမ်ပုဖော၏ ပုလွေသံမှာ အစပိုင်း၌ အလွန်ပင် နှေးကွေးလှပြီး ကလေးငယ်များကို သိပ်နေသည့် ချော့သိပ်သီချင်းနှင့်ပင် တူနေတော့သည်။ သို့သော် သီချင်းစီးဆင်းလာသည်နှင့်အမျှ အရှိန်မှာ ပို၍ပို၍ မြန်ဆန်လာခဲ့သည်။
ထိုစဉ်မှာပင် ယွင်ရှန်းသည်လည်း အစောပိုင်းက ဟွမ်ချွဲ ကြုံတွေ့ခဲ့ရသော အခက်အခဲကို စတင်ခံစားလိုက်ရသည်သူမ၏ လက်ချောင်းများမှာ ထိန်းချုပ်မှု လွတ်ကင်းသွားသကဲ့သို့ ဖြစ်လာပြီး ပုလွေသံစဉ်၏ နောက်သို့ တကောက်ကောက် လိုက်ပါလျက် စောင်းသံလှိုင်းများကို အဆက်မပြတ် တီးခတ်နေမိတော့သည်။
"တကယ့်ကို အစွမ်းရှိတာပဲ။ ဒါပေမဲ့ လက်လှုပ်ရှားမှု အမြန်နှုန်းပိုင်းမှာတော့ ငါ မင်းကို လုံးဝအရှုံးပေးမှာ မဟုတ်ဘူး"
ယွင်ရှန်းသည် သူမ၏ အကြည့်ကို ပင့်တင်လိုက်ပြီး ကျေနပ်အားရစွာ ပြုံးနေသော ယွမ်ပုဖောကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ သူမ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ပါးချိုင့်လေးများမှာလည်း ပို၍ ထင်ရှားလာတော့သည်။
ယွင်ရှန်း၏ အပြုံးကို မြင်လိုက်ရသောအခါ ယွမ်ပုဖော၏ နှလုံးသား နက်ရှိုင်းရာတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး တလှပ်လှပ် တုန်ရင်သွားမိသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် သူ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရတော့သည်။
သူ သတိပြုမိလိုက်သည်မှာ ထိုလူငယ်၏ လက်များ၊ စောင်းတီးခတ်နေသော ထိုလက်အစုံသည် ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လာခဲ့ခြင်းပင်။
မည်သူတစ်ဦးတစ်ယောက်၏ လက်လှုပ်ရှားမှုကမျှ ထိုလူငယ်၏ လက်များကဲ့သို့ ဤမျှအထိ မြန်ဆန်သည်ကို သူတစ်ခါမျှ မမြင်ဖူးခဲ့ချေ။
မှောင်အတိကျနေသော ပတ်ဝန်းကျင်တွင် တစ်ဖက်လူ၏ လက်များကိုပင် မမြင်ရတော့ဘဲ ဧကရာဇ်ရဲ့ သီချင်း အခန်း (၃) ကို မယုံကြည်နိုင်လောက်အောင် အံ့ဩဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တီးခတ်နေခြင်း ဖြစ်သည်။
မြန်လှချေလား...
အလွန်ပင် မြန်ဆန်လှသည်။
ဤအမြန်နှုန်းသည် မရည်ရွယ်ဘဲ ယွမ်ပုဖော၏ ပုလွေသံစဉ်ကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ မူလက ယွမ်ပုဖော၏ ပုလွေသံနောက်သို့ လိုက်ပါနေခဲ့သော စောင်းသံမှာ ရုတ်တရက် အသွင်ပြောင်းသွားပြီး ယွမ်ပုဖော၏ ပုလွေသံကိုပင် ပြန်လည်ဦးဆောင်လာခဲ့တော့သည်။
ဤမထင်မှတ်ထားသော အပြောင်းအလဲကြောင့် ယွမ်ပုဖောမှာ အလွန်အမင်း စိတ်ပျက်အားမလိုအားမရ ဖြစ်သွားရသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး မျက်လုံးချင်းစိုက်ကြည့်နေကြပြီး မည်သူကမျှ အရှုံးမပေးလိုကြချေ။ သူတို့၏ စောင်းသံနှင့် ပုလွေသံတို့ ပေါင်းစပ်မိရာမှ ဖော်ပြ၍မရသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုမှာ လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
"ဘုန်း"
ထို အသံလှိုင်းနံရံမှာ ပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားတော့သည်။
ယွမ်ပုဖောနှင့် ယွင်ရှန်းတို့သည် တစ်ပြိုင်နက်တည်းနီးပါး ခန္ဓာကိုယ်များ တုန်ခါသွားကြသည်။ ယွမ်ပုဖောသည် သူ၏အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိရန် နောက်သို့ ဆုတ်လိုက်စဉ် ထိုလူငယ်ကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထက်တွင် သွေးစအချို့ကို တွေ့လိုက်ရသည်။
ပုလွေသံ၏ တုန်ခါမှုကြောင့် သူသည် အတွင်းဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့ပုံရသည်။ သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာသော လတ်ဆတ်သည့် သွေးနီရောင်လေးမှာ သူ၏ အသားအရေကို ပိုမိုကြည်လင်တောက်ပသွားစေသကဲ့သို့ ရှိနေသည်။ ထိုခဏ၌ ယွမ်ပုဖော၏ ရင်ထဲတွင် မမျှော်လင့်ဘဲ ထူးဆန်းသော ခံစားချက်တစ်ခုနှင့် အမည်မဖော်နိုင်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်မှာပင် ယန်ချန်းလန်၏ ဝေဝါးနေသော စိတ်အာရုံများမှာလည်း ပြန်လည်ကြည်လင်လာခဲ့သည်။ သူ သတိပြန်ဝင်လာသောအခါ ယွင်ရှန်း၊ သတိမေ့နေသော ဟွမ်ချွဲနှင့် သူနှင့်မလှမ်းမကမ်းတွင် ရပ်နေသော ထိုလူကို သတိပြုမိလိုက်သည်။
ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို သေသေချာချာ မြင်လိုက်ရသောအခါ ယန်ချန်းလန်မှာ မနေနိုင်ဘဲ အော်ဟစ်လိုက်မိတော့သည်။
"ရှာဟူ"
ထိုရှာဟူဟူသော ခေါ်သံကြောင့် ယွင်ရှန်းနှင့် ယွမ်ပုဖောတို့ နှစ်ဦးစလုံး သတိပြန်ဝင်လာကြသည်။ ယွမ်ပုဖောသည် ယန်ချန်းလန်ကို တစ်ချက်ကြည့်ကာ ခရမ်းရောင်ပုလွေကို သိမ်းဆည်းလိုက်ပြီး
"ယန်ချန်းလန်... မင်းမှာ ငါ့အစ်မရဲ့နာမည်ကို ခေါ်ဖို့ အရည်အချင်း မရှိဘူး"
"မင်းက... ရှာဟူရဲ့မောင်လေး ပုဖောလား"
ယန်ချန်းလန် သတိရသွားသည်။ ယွမ်ရှာဟူသည် သူမတွင် မောင်တစ်ယောက်ရှိကြောင်း ယခင်က တစ်ကြိမ်ပြောပြဖူးသည်။
"မင်းပြောတဲ့စကားရဲ့ အဓိပ္ပာယ်က ဘာလဲ။ ရှာဟူ ဘာဖြစ်လို့လဲ"
ယန်ချန်းလန်သည် ယွမ်ရှာဟူ၏ သတင်းကို သိလိုစိတ် ပြင်းပြနေသော်လည်း ပတ်ဝန်းကျင်ရှိ သင်္ချိုင်းဂူများကို မြင်လိုက်ရသောအခါ ဆက်လက်မေးမြန်းရန် တွန့်ဆုတ်သွားမိသည်။
"သူ အဆင်ပြေပါတယ်။ မင်းရဲ့ စိုးရိမ်မှုကို သူ မလိုအပ်ဘူး။ ယန်ချန်းလန်... ဒီနေ့ ငါမင်းကို လာရှာတဲ့ကိစ္စကို ငါ့အစ်မ မသိဘူး။ မင်းကံကောင်းသွားတယ်လို့ မှတ်လိုက်ပါ။ ငါ့ရဲ့ မူလအစီအစဉ်က မင်းကို စိတ်ပျက်အားငယ်ပြီး ရူးသွပ်သွားအောင် လုပ်ဖို့ပဲ။ မထင်မှတ်ဘဲ ဒီကလေးက ကြားထဲကဝင်ပြီး ငါ့အစီအစဉ်ကို ဖျက်ဆီးလိုက်တာ"
ယွမ်ပုဖောသည် ယွင်ရှန်းကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဂီတနားမလည်သောသူတစ်ယောက်၏ နှောင့်ယှက်မှုကြောင့် သူ၏ အသံလှိုင်းနံရံ အဖျက်ဆီးခံလိုက်ရသည်ဟူသော သတင်းသာ ပျံ့သွားပါက ယွမ်ပုဖောအနေဖြင့် တီဟုန်မြို့တော်တွင် ဘယ်လို မျက်နှာပြရတော့မလဲ။
"မင်းနာမည် ဘယ်လိုခေါ်လဲ။ ဒီနေ့တော့ မင်းဒဏ်ရာရသွားပြီ။ ပြီးတော့ မင်းတီးတဲ့စောင်းကလည်း သိပ်ညံ့လွန်းတယ်။ နောက်တစ်နေ့ မင်းဒဏ်ရာတွေ သက်သာသွားတဲ့အခါ မင်းနဲ့ငါ နောက်တစ်ချီ ပြန်ပြိုင်ကြမယ်"
လူငယ်ဘာသာ မာန်မာနအပြည့်ရှိသော ယွမ်ပုဖောသည် ယွင်ရှန်းက သူ၏အသံလှိုင်းနံရံကို ဖြိုခွင်းနိုင်ခဲ့သည်ကို အသိအမှတ်ပြုသော်လည်း ယွင်ရှန်းမှာ သူ၏ပြိုင်ဘက်မဟုတ်သေးကြောင်းကိုလည်း နားလည်ထားသည်။ သူသည် အားနည်းနေသူကို အခွင့်ကောင်းမယူလိုသဖြင့် နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ရန် ရက်ချိန်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယွင်ရှန်း ပြန်မပြောနိုင်မီမှာပင် နောက်ဘက်မှ ကလေးကလားဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အစ်ကိုပုဖော... နောက်ဆုံးတော့ ရှာတွေ့ပြီ"
ထိုအသံကို ကြားလိုက်ရုံဖြင့် ယွမ်ပုဖော၏ ဦးရေပြားမှာ ထုံကျင်သွားပြီး ကိုယ်ကိုကိုယ် ကျိန်ဆဲမိတော့သည်။ ပြိုင်ဆိုင်လိုစိတ်ကြောင့် တီဟုန်မြို့တော်မှ ထိုစိတ်အနှောင့်အယှက်ပေးတတ်သော မိန်းကလေးလည်း အပြင်ထွက်လာသည်ကို သူ ခဏမေ့သွားခဲ့ခြင်း ဖြစ်သည်။
အခုတော့ သူမက သူ့ကို ထပ်ပြီးဖမ်းမိသွားပြန်ပြီ။
ယွင်ရှန်း၏ မျက်လုံးများ တောက်ပသွားသည်။ ကောင်းကင်ယံမှ မီးလျှံရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခု ဆင်းသက်လာရာသူမမှာ အနှိုင်းမဲ့လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
သူမ၏ အသားအရေမှာ နို့နှစ်ရောင်ကဲ့သို့ ဖြူဝင်းနေပြီး စွေစောင်းသော ဖီးနစ်မျက်ဝန်းများ၊ တိမ်တောင်တိမ်လိပ်အလား လှပသော မျက်ခုံးတန်းများနှင့် မီးလျှံကဲ့သို့ နီမြန်းသော နှုတ်ခမ်းအစုံတို့ ရှိသည်။ သူမ၏ ဦးခေါင်းပေါ်တွင်မူ အလွန်လက်ရာမြောက်သော ဦးခေါင်းတန်ဆာကို ဆင်မြန်းထားသည်။ သူမစီးနင်းလာသော သားရဲမှာမူ အဆင့် (၈) ရှိသော ချုံမင်ငှက်ပင်။
"မင်းပဲ"
ထိုမိန်းကလေးသည် တစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ပေ။ သူမ၏နောက်တွင် သက်လတ်ပိုင်းအရွယ် လူတစ်ဦးလည်း ပါလာသည်။ ထိုသူမှာ ပါးချိုင့်ဝင်နေသော မျက်နှာရှိပြီး ရုပ်ရည်မဆိုးသော်လည်း လူပုံစံမှာ အနည်းငယ် သေးသိမ်သော အမူအရာ ရှိသည်။
တစ်ချိန်တည်းမှာပင် ယန်ချန်းလန်နှင့် ထိုသက်လတ်ပိုင်းလူကြီးတို့သည် တစ်ဦးကိုတစ်ဦး မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြတော့သည်။
ထိုမိန်းကလေး၏ နောက်တွင် ရပ်နေသော အမျိုးသား၏ ရုပ်သွင်မှာ ယန်ချန်းလန်၏ မှတ်ဉာဏ်ထဲတွင် အရိုးထိအောင် စွဲထင်နေခဲ့ပြီး ပြာဖြစ်သွားလျှင်ပင် မှားနိုင်စရာမရှိချေ။ ယန်ချန်းလန်သည် အံကို တင်းတင်းကြိတ်ကာ နာမည်သုံးလုံးကို ရေရွတ်လိုက်သည်။
"ရွှမ်... ဝူ... ကျိ"
ထိုအမည်ကို ခေါ်လိုက်သည်နှင့် ယန်ချန်းလန်၏ မျက်နှာမှာ ဒေါသရိပ်များ ဖုံးလွှမ်းသွားပြီး ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းအင်များမှာလည်း တစ်ခဏချင်းမှာပင် သူ့ထံမှ ဖြာထွက်လာတော့သည်။ ယန်မိသားစုစစ်တပ်မှ ရဲဘော်များ၏ အရိုးများ မြှုပ်နှံထားရာ သင်္ချိုင်းမြေအလယ်တွင် ယန်ချန်းလန်သည် ရွှမ်ဝူကျိနှင့် တစ်ဖန်ပြန်၍ ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။
ထိုအခါမှသာ ယွင်ရှန်းလည်း ရိပ်မိလိုက်တော့သည်ယခုရောက်ရှိလာသူမှာ တီဟုန်မြို့တော်၏ မြို့စားလေး ရွှမ်ဝူကျိပင်။ သူသည် သူမ၏ ဒုတိယဦးလေးနှင့် မပြေလည်နိုင်သော နက်ရှိုင်းသည့် ရန်ငြိုးများ ရှိထားသူပင်။ တကယ့်ကိုပင် ရန်သူချင်း လမ်းဆုံတွေ့ဆိုသကဲ့သို့ပင်။
ယွမ်ပုဖောသည်လည်း စိတ်ထဲမှ ကျိန်ဆဲမိနေသည်။ ရွှမ်မိန်မိန်းတစ်ယောက် အပြင်ထွက်လာလျှင် ရွှမ်ဝူကျိနှင့်အတူ ပါလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ကံဆိုးချင်တော့ ယန်ချန်းလန်နှင့်ပါ လာတိုးနေကြသည်။
ရွှမ်ဝူကျိသည် အစပိုင်းတွင် ယန်ချန်းလန်ကို မှတ်မိပုံမရသော်လည်း ယန်ချန်းလန်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသောအခါ မနေနိုင်ဘဲ သေသေချာချာ ကြည့်မိသွားသည်။ သူသည် ယန်ချန်းလန်၏ မျက်နှာကို မြင်လိုက်ရသောအခါသူ့ထက် များစွာ ငယ်ရွယ်နေသေးသည်ကို တွေ့ရသည့်အပြင် ပျက်စီးသွားခဲ့သော လက်နှစ်ဖက်မှာလည်း မူလအတိုင်း ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါထိတ်လန့်မှုနှင့် ဒေါသတို့မှာ ပင်လယ်လှိုင်းလုံးကြီးများအလား သူ၏ အသိစိတ်ကို ရိုက်ခတ်သွားတော့သည်။
ယန်ချန်းလန်၏ လက်များမှာ တကယ်ပင် ပြန်ကောင်းသွားခဲ့ကာ ထို့ပြင် သူ၏ ရုပ်ရည်နှင့် အရှိန်အဝါမှာလည်း အရင်ကအတိုင်းပင် ရှိနေသေးသည်။
သူ၏ ကျင့်စဉ်အဆင့်မှာ ယခင်ကထက်ပင် သာလွန်နေပုံရသည်။
"ဟက်... ဘယ်သူများလဲလို့ ကြည့်လိုက်တာ စစ်သူကြီးယန်ကိုး။ ဘယ်လိုလဲ... မင်းအတွက်နဲ့ မတရားသေဆုံးသွားရတဲ့ စစ်သည်တွေရဲ့ ဂူတွေဆီ ပြန်လာရတာ စိတ်ထဲမှာ အပြစ်မကင်းသလို မခံစားရဘူးလား"
ရွှမ်ဝူကျိသည် ယွမ်ပုဖောနှင့် ယန်ချန်းလန်တို့ တိတ်တဆိတ် တွေ့ဆုံနေသည်ဟု ယူဆကာ ယွမ်ပုဖောမှာ သူ၏အစ်မ ယွမ်ရှာဟူအတွက် လာရောက်ခြင်းဖြစ်မည်ဟု ထင်ကာ မနာလိုစိတ်များ တဟုန်ထိုး ပေါက်ကွဲလာတော့သည်။
ယန်ချန်းလန်... ဒီတစ်ခါတော့ ငါမရတဲ့အရာကို မင်းလည်း ရမှာမဟုတ်ဘူး။
"ရွှမ်ဝူကျိ"
ယန်ချန်းလန်၏ စိတ်ထဲတွင် မိုးကြိုးပစ်သကဲ့သို့ ဖြစ်သွားပြီး ရွှမ်ဝူကျိကို ထိုနေရာမှာပင် အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေသည်။
"ဒုတိယဦးလေး"
ယွင်ရှန်း၏ ရုတ်တရက် ကြားဖြတ်ခေါ်လိုက်သံကြောင့် ဒေါသနှင့် ရန်ငြိုးများ ဖုံးလွှမ်းနေသော ယန်ချန်းလန်၏ ဦးနှောက်မှာ အနည်းငယ် ပြန်လည်အေးချမ်းသွားသည်။
ရွှမ်မိန်မိန်းသည်လည်း ယန်ချန်းလန်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး သူမ၏ ဘေးရှိ ချုံမင်ငှက်နှစ်ကောင်အနီတစ်ကောင်၊ အစိမ်းတစ်ကောင်မှာလည်း ယွင်ရှန်းတို့အုပ်စုကို သားကောင်ကို ချောင်းနေသည့် သားရဲများကဲ့သို့ စိုက်ကြည့်နေကြသည်။
တီဟုန်မြို့တော်ဘက်မှ လူသုံးယောက်ရှိပြီး သူမတို့ဘက်တွင်မူ သူမနှင့် ဦးလေးနှစ်ယောက်သာ ရှိသည်။ ဟွမ်ချွဲမှာလည်း အပြင်းအထန် ဒဏ်ရာရထားရာ အကယ်၍ တကယ်တိုက်ခိုက်ကြလျှင် သူမတို့ဘက်မှ အသာရရန် ခဲယဉ်းပေလိမ့်မည်။ အရာအားလုံးထက် ရှန်းအာ၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးရမည်ပင်။