အခန်း (၃၁၄)
Vol. 31 Ch. 314
လက်စားချေခြင်းကို ပြုလုပ်ရမည်ဖြစ်သော်လည်း စိတ်လိုက်မာန်ပါ သွေးရူးသွေးတန်းတော့ မလုပ်သင့်ပေ။
ပတ်ဝန်းကျင်ရှိ သင်္ချိုင်းဂူများမှာ ယခင်က သူ၏ စိတ်စောမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသော ဝမ်းနည်းဖွယ် အကျိုးဆက်များကို ယန်ချန်းလန်အား ပြန်လည်သတိပေးနေသကဲ့သို့ပင်။
"မိန်မိန်း... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ယွမ်ပုဖောမှာ ခေါင်းခဲသွားတော့သည်။ သူသည် ရွှမ်မိန်မိန်း၏ အနှောင့်အယှက်မှ လွတ်အောင် အနိုင်နိုင် ရှောင်ထွက်လာခဲ့သော်လည်း ယခုတော့ သူမက သူ့ထံသို့ ထပ်မံကပ်တွယ်လာပြန်ပြီ ဖြစ်သည်။
"အစ်ကို့ကို ရှာဖို့ လာတာပေါ့။ သူတို့နဲ့ ဘာလုပ်နေတာလဲ။ အစ်ကို မေ့သွားပြီလား... ယန်ချန်းလန်က တီဟုန်မြို့တော်ရဲ့ ရန်သူပဲ။ အဲဒီတုန်းက အစ်မရှာဟူကို ဘယ်သူက နာကျင်အောင် လုပ်ခဲ့တာလဲ..."
ရွှမ်မိန်မိန်း၏ စကားများကြောင့် ယန်ချန်းလန်မှာ အလိုအလျောက်ပင် တွန့်ကနဲ ဖြစ်သွားရသည်။
ယွမ်ရှာဟူ၏ အမည်ကို ကြားလိုက်ရသောအခါ သူသည် မနေနိုင်ဘဲ လွှတ်ခနဲ မေးလိုက်မိသည်။
"ရှာဟူ ဘာဖြစ်လို့လဲ။ သူရော... သူရော ဒီမှာ ရှိနေတာလား"
"ယန်ချန်းလန်... ရှာဟူက ငါ့ရဲ့ စေ့စပ်ထားတဲ့ ဇနီးလောင်းပဲ။ သူ့အခြေအနေက မင်းနဲ့ ဘာဆိုင်လို့လဲ"
ရွှမ်ဝူကျိက ဒေါသတကြီး ပြောလိုက်သည်။ သူသည် ယန်ချန်းလန်ကို အပြတ်အသတ် အနိုင်
ယူခဲ့ပြီဟု ယုံကြည်ထားခဲ့သော်လည်း ယခုအခါ ယန်ချန်းလန်မှာ သူ၏ရှေ့တွင် ကောင်းကောင်းမွန်မွန် ပြန်လည်ရပ်တည်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
"မြို့စားလေး... စကားကို ဆင်ခြင်ပြောပေးပါ။ ကျွန်တော့်အစ်မက မင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာ ကြာပါပြီ။ မင်းနဲ့ ဘာမှမပတ်သက်တော့ဘူး"
ရွှမ်ဝူကျိ၏ စကားအပေါ် ယွမ်ပုဖောက မကျေမနပ် တုံ့ပြန်လိုက်သည်။
သူသည် ယန်ချန်းလန်ကို မနှစ်သက်သော်လည်း ရွှမ်ဝူကျိနှင့် သူ၏ စိတ်ရှုပ်စရာကောင်းသော ညီမဖြစ်သူတို့နှင့် နှိုင်းယှဉ်လျှင် ယန်ချန်းလန်မှာ သူ၏အမြင်တွင် ပို၍သည်းခံနိုင်စရာ ရှိနေသေးသည်။ ယွမ်ပုဖော၏ မျက်လုံးထဲတွင် မြို့စားလေး ရွှမ်ဝူကျိမှာ အလေးအနက်ထားစရာ အရှိန်အဝါ သိပ်မရှိတော့ချေ။
တီဟုန်မြို့တော်ကဲ့သို့ သန်မာသူသာ ရှင်သန်ကြီးစိုးသည့် နေရာမျိုးတွင် ကျင့်စဉ်စွမ်းအား ပျက်စီးသွားပြီး ရှေ့ဆက်တိုးတက်ရန် ခဲယဉ်းနေသည့် မြို့စားလေးတစ်ဦးမှာ အနာဂတ်တွင် ဘာမှဖြစ်လာနိုင်ဖွယ် မရှိတော့သောကြောင့်ပင်။
ရွှမ်ဝူကျိသည် သူ၏ ရန်ညိုးအကြီးဆုံးရန်သူဖြစ်သော ယန်ချန်းလန်၏ ရှေ့မှောက်တွင် ဤမျှအထိ အစော်ကားခံရဖူးခြင်း မရှိချေ။ သူသည် ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲတော့သည်။
"ယွမ်ပုဖော... မင်းမှာ ပါရမီလေး နည်းနည်းရှိနေရုံနဲ့ မြို့စားလေးဖြစ်တဲ့ ငါ့ကို လာပြီး စိန်ခေါ်လို့ရမယ်လို့ မထင်နဲ့။ မင်းနဲ့ မိန်မိန်းရဲ့ စေ့စပ်ထားမှုမျက်နှာကိုသာ မထောက်ရင် မင်းကို ငါ အပြတ်ရှင်းလိုက်တာ ကြာလှပြီ"
စေ့စပ်ကြောင်းလမ်းမှုအကြောင်း ကြားလိုက်ရသောအခါ ယွမ်ပုဖော၏ စိတ်ထဲတွင် စိတ်ပျက်အားမလိုအားမရမှုများ လှိုင်းထသွားတော့သည်။ သူသည် ရုတ်တရက် စိတ်လိုက်မာန်ပါဖြင့် ယွင်ရှန်းကို ခိုးကြည့်လိုက်မိသည်။ သူမက သူနှင့် ရွှမ်မိန်မိန်းတို့၏ အခြေအနေကို စိတ်ဝင်တစား ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။
"ငါ့ကို ရှင်းမလို့လား မင်းကလား"
ယွင်ရှန်း၏ အကြည့်ကြောင့် ယွမ်ပုဖောမှာ စိတ်မလုံမလဲ ဖြစ်သွားပြီး "ဘာစေ့စပ်တာလဲ။ ငါ အဲဒါကို ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ ငါ... ငါ့မှာ ချစ်ရမယ့်သူ ရှိပြီးသား"
ထိုစကားကို ကြားလိုက်ရသောအခါ ရွှမ်မိန်မိန်း၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
"ယွမ်ပုဖော... အစ်ကို ဘာပြောလိုက်တာလဲ။ မြို့တော်ထဲမှာ အစ်ကိုနဲ့ကျွန်မ ဧကရာဇ်ရွှမ်ရဲ့ ဂူဗိမာန်ကို အတူတူဝင်ဖို့ ဆုံးဖြတ်ပြီးသားဆိုတာ အစ်ကိုမသိဘူးလား။ အစ်ကို့ရဲ့ ချစ်ရသူက ဘယ်သူလဲ။ မြို့ထဲက လျိုရှင်း ညီအစ်မတွေလား ဒါမှမဟုတ် အစ်ကို့အိမ်က မြူဆွယ်တတ်တဲ့ အစေခံမလေး တစ်ယောက်ယောက်လား"
"ဘာတွေ လျှောက်တွေးနေတာလဲ"
ယွမ်ပုဖောမှာ ဤကဲ့သို့ အမေးအမြန်းခံရသောအခါ ကိုယ်ကိုကိုယ် ရှုပ်ပွေသူတစ်ဦးကဲ့သို့ ခံစားလိုက်ရသဖြင့် အရှက်ရသွားသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ယွင်ရှန်း၏ ဘေးသို့ ရုတ်တရက် ရောက်သွားကာ သူမကို အတင်းဆွဲခေါ်လိုက်တော့သည်။ ဘာကိုမျှ ထပ်မံမစဉ်းစားတော့ဘဲ သူမကို လက်ညှိုးထိုးပြလျက် ရဲရဲဝံ့ဝံ့ပင် ကြေညာလိုက်တော့သည်
"ငါ ချစ်တဲ့သူက... သူပဲ"
ယွမ်ပုဖော၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။ သူသည် ယွင်ရှန်းကို သူ့ထံသို့ ဆွဲခေါ်လိုက်ပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်သောအခါ သူမ၏ လက်ချောင်းလေးများမှာ သွယ်လျနေသည်ကို တွေ့လိုက်ရသည်။ အေးစက်စက်ရှိလှသော ထိုလက်ကလေးမှာ သာမန်ယောက်ျားသားတို့၏ ကြမ်းတမ်းသော လက်ဆစ်များနှင့် မတူလှသဖြင့် သူသည် ထိုလက်ကလေးကို လွှတ်ပေးရန်ပင် ဝန်လေးနေမိသည်။
ယွင်ရှန်းမှာမူ အခြေအနေကို စိတ်ဝင်တစား ကြည့်နေခြင်းသာ ဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင် အားလုံး၏ အကြည့်မှာ သူမထံသို့ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူမ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ယွမ်ပုဖော၏ သတိပေးသည့် အကြည့်ကြောင့် စကားလုံးများကို ပြန်လည်မျိုချလိုက်ရတော့သည်။
"သူ့ကိုလား မဖြစ်နိုင်တာ... ယွမ်ပုဖော အစ်ကိုက သူ့ကို ခုမှ ပထမဆုံးအကြိမ် တွေ့တာလေ။ ဘယ်လိုလုပ်ပြီး သူ့ကို ချစ်မိသွားမှာလဲ။ နောက်ပြီး သူ... သူက ယောက်ျားလေးပဲဟာကို"
ရွှမ်မိန်မိန်းသည် ဒေါသတကြီးဖြင့် ယွင်ရှန်းနှင့် ယွမ်ပုဖောတို့ကြားထဲသို့ အတင်းဝင်ကာ ဆွဲခွာပစ်ချင်စိတ်များ ပေါက်နေတော့သည်။
ရွှမ်မိန်မိန်း၏ စကားကို ကြားသောအခါ ယွင်ရှန်းကလည်း ခေါင်းကို အသည်းအသန် ငြိမ့်ပြရင်း "ဟုတ်တယ် ဟုတ်တယ်။ ငါတို့တွေ ခုမှ စတွေ့ကြတာပါ" ဟု ထောက်ခံလိုက်သည်။
သို့သော် ယွမ်ပုဖောသည် ယွင်ရှန်းကို အချစ်ကြီးလှစွာသောမျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သူ၏ဘဝတွင် အလေးအနက်ဆုံးသော အသံဖြင့်..
"မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာကို မင်းမကြားဖူးဘူးလား။ တစ်စုံတစ်ယောက်အပေါ် ထားတဲ့ အချစ်က ကျား၊ မ ခွဲခြားမှုကို ကျော်လွန်သွားနိုင်တယ်ဆိုတာ မင်းမသိဘူးလား"
"ငါတို့တွေက... မြင်မြင်ချင်း ချစ်ခဲ့ကြတာ လုံးဝမဟုတ်ဘူးနော်"
ယွင်ရှန်း ပြန်စဉ်းစားလိုက်သည်။ သူမသည် အစောပိုင်းလေးတင်ကမှ ယွမ်ပုဖောနှင့် အသက်လုတိုက်ပွဲ ဆင်နွှဲလုနီးပါးပင်။
ကံဆိုးချင်တော့ ရွှမ်မိန်မိန်းမှာ နောက်ကျမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမသည် ဇာတ်လမ်း၏ နောက်ဆုံးပိုင်းကိုသာ မြင်လိုက်ရပြီး ရှေ့ပိုင်းက ဖြစ်ပျက်ခဲ့သည်များကို မသိရှိခဲ့ပေ။
"အစ်ကို ပြီးတော့ သူ မဖြစ်နိုင်တာ မင်း... ငါမေးနေတာ မင်းကို။ မင်းက ဘယ်သူလဲ"
ရွှမ်မိန်မိန်းမှာ ဒေါသကြောင့် မျက်စိမှောင်ကျနေပြီဖြစ်ကာ ယွင်ရှန်းကို လက်ညှိုးငေါ့ငေါ့ထိုးလျက် မေးခွန်းထုတ်နေတော့သည်။
"ကျွန်တော်လား။ ကျွန်တော့်နာမည်က ယွင်ရှန်းပါ"
ယွင်ရှန်းသည်လည်း ကိုယ်ကိုကိုယ် ယွမ်ပုဖော၏ ဒိုင်းအဖြစ် အသုံးချခံလိုက်ရမှန်း သိလိုက်
သည်။ သူမသည် အစပိုင်းတွင် ချက်ချင်း ငြင်းဆိုပစ်ချင်ခဲ့သော်လည်း ရွှမ်မောင်နှမနှစ်ဦး၏ မျက်နှာပျက်နေသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ကျေနပ်သွားမိသဖြင့် ဝန်လည်းမခံ၊ ငြင်းလည်းမငြင်းဘဲ ယွမ်ပုဖောနှင့် မသိမသာ ပူးပေါင်းပေးလိုက်တော့သည်။
"ယန်ယွင်ရှန်း နောက်ထပ် ယန်မျိုးရိုးပဲလား။ ငါ့ဆီကနေ ယောက်ျားတစ်ယောက်ကို လုယူရဲတယ်ပေါ့"
ရွှမ်မိန်မိန်း၏ မျက်ခုံးများ လှုပ်ခတ်သွားပြီးနောက် ရုတ်တရက်ဆိုသလို သူမ၏ လက်ထဲတွင် ရှေးဟောင်းစောင်းတစ်လက် ပေါ်လာတော့သည်။
ထိုစောင်းမှာ ရှေးကျသော အရောင်အသွေးရှိပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ ရွှမ်မိန်မိန်းသည် တီဟုန်မြို့တော်မှ ထွက်ခွာလာခြင်းမှာ ခရီးထွက်ရန်
အတွက် ဖြစ်သည်။ ရွှမ်ဝူကျိသည် သူမကို မြို့ပြင်သို့ အတူခေါ်ထုတ်နိုင်ရန်အတွက် သန့်စင်
မြင့်မြတ်အဆင့်ရှိသော စောင်းတစ်လက်ကို လက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။ ဤကျော်ကြားလှသော စောင်းနှင့်ဆိုပါက ရွှမ်မိန်မိန်း၏ ဧကရာဇ်ရဲ့ သီချင်း တီးခတ်မှုစွမ်းအားမှာ များစွာ တိုးတက်လာပေလိမ့်မည်။
ယွမ်ပုဖောသည်လည်း သူ၏ စိတ်လိုက်မာန်ပါ လုပ်ဆောင်ချက်ကြောင့် ယွင်ရှန်းအား အန္တရာယ်အတွင်းသို့ ဆွဲသွင်းမိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"ဒါက ခုနစ်ကြိုးစောင်းပဲ။ ရွှမ်မိန်မိန်း... မင်း ငါ့ကိုပဲ ပစ်မှတ်ထားစမ်းပါ။ သူ့ကိုတော့ နာကျင်အောင် မလုပ်ပါနဲ့"
ယွမ်ပုဖောသည် အခြေအနေ အရေးကြီးနေသဖြင့် ယွင်ရှန်းကို သူ၏နောက်သို့ ဆွဲပို့ကာ ကာကွယ်လိုက်သည်။ သူ၏ မသိစိတ်မှ ထွက်ပေါ်လာသော ထိုကာကွယ်လိုသည့် အပြုအမူမှာ ရွှမ်မိန်မိန်း၏ မနာလိုဝန်တိုစိတ်ကို ပိုမိုပြင်းထန်လာစေတော့သည်။
သူမနှင့် ယွမ်ပုဖောတို့မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ ယွမ်ပုဖောသည် သူ၏ ပါရမီနှင့် မိသားစုနောက်ခံကြောင့် အမြဲတမ်း မာန်မာနကြီးပြီး ထောင်လွှားသူတစ်ဦး ဖြစ်ခဲ့သည်။ တီဟုန်မြို့တော်တွင် သူမမှာ မြို့စားမင်း၏ အချစ်ဆုံးသမီးဖြစ်သော်လည်း သူသည် သူမကို တစ်ခါမျှပင် အလေးအနက်ထား၍ ကြည့်ခဲ့ဖူးခြင်း မရှိချေ။ အခြားသော သာမန်လူများကိုမူ ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ယနေ့တွင်မူ သူသည် ဤချောမောသော လူငယ်လေးအား အလွန်အမင်း ကာကွယ်ပေးနေသဖြင့် ရွှမ်မိန်မိန်းသည် သူတို့နှစ်ဦး၏ ပတ်သက်မှုကို ပို၍ပင် သံသယဝင်လာတော့သည်။ သူတို့နှစ်ဦးကြားရှိ တင်းမာမှုမှာ ပေါက်ကွဲထွက်လုနီးပါးပင်။
ထိုစဉ်မှာပင် ကောင်းကင်ယံထက်၌ အရိပ်တစ်ခုမှာ လျှပ်စီးအလား ဖြတ်သန်းသွားသည်။ ဧရာမ လင်းနို့ကြီးတစ်ကောင်မှာ ကောင်းကင်မှ ဆင်းသက်လာပြီး ကျုံးရန်ရုတ်တရက် ပေါ်လာတော့သည်။
"သခင်... နောက်ဆုံးတော့ ရှာတွေ့ပြီ။ စစ်မှူးယန်... ခင်ဗျားလည်း ဒီမှာ ရှိနေတာပဲ ကွက်တိပဲ"
ကျုံးရန်သည် မြောက်ဘက်လမ်းအတိုင်း လိုက်ရှာခဲ့သော်လည်း ယန်ချန်းလန်၏ အရိပ်အယောင်ကို မတွေ့ခဲ့သဖြင့် သူ လမ်းမှားသွားမှန်း သိလိုက်သည်။ ထို့ကြောင့် သူသည် တောင်ဘက်သို့ ပြန်လှည့်လာခဲ့ခြင်း ဖြစ်သည်။ ခဏအကြာ လိုက်ရှာပြီးနောက်တွင်မူ ယွင်ရှန်း၏ အရှိန်အဝါရှိနေသော သင်္ချိုင်းမြေကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျုံးရန် ရောက်ရှိလာမှုမှာ စစ်မြေပြင်၏ အခြေအနေကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။ စစ်မှူးအဆင့်ရှိသော လင်းနို့ဘုရင်၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် ရွှမ်မိန်မိန်း၏ ချုံမင်ငှက်နှစ်ကောင်မှာ ကြောက်လန့်တကြား အော်ဟစ်ကုန်ကြတော့သည်။
သန့်စင်မြင့်မြတ်သားရဲ ဆင့်ခေါ်သူလား။
ယွမ်ပုဖောနှင့် ရွှမ်ဝူကျိတို့သည် အသက် (၃၀) ဝန်းကျင်သာ ရှိသေးသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ဤသားရဲဆင့်ခေါ်ဆရာမှာ သေချာပေါက် သန့်စင်မြင့်မြတ်သားရဲ ဆင့်ခေါ်သူ တစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်ကြသည်။
ထို့ပြင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ထိုချောမောသော လူငယ်လေးကို သခင်ဟု ခေါ်
နေတာလား။