← Chapters

ပျက်စီးသွားပြီလား၊ ဒါက ငါနဲ့ပတ်သက်နေတာလား

Vol. 45 Ch. 673

ပျက်စီးသွားပြီလား၊ ဒါက ငါနဲ့ပတ်သက်နေတာလား

Vol. 45 Ch. 673

"ဝမ်ကျား၊ မင်း ဒီကို ဘာလာလုပ်တာလဲ"

ဝမ်ချိုသည် ဝမ်ကျားရှေ့တွင် ဦးလေးတစ်ယောက်ကဲ့သို့ မပြုမူနေပေ။ သူတို့နှစ်ဦးသည် အတော်လေး စိမ်းသက်နေပုံရသည်။

"အဖိုးကြီးက ငါ့ဦးလေးကို ကူညီချင်နေတာပေါ့၊ မင်းကိုတောင် ဒီလွှတ်လိုက်သေးတယ်၊ သူက တကယ် ဘက်လိုက်တာပဲ"

ဝမ်ကျားသည် ဓားကို ကိုင်၍ အတားအဆီးကို ဖြတ်ကျော်ဝင်ရောက်လာသည်။ သူ့ကိုယ်ပေါ်ရှိ သွေးများသည် ဝမ်ချို့ပေါ်သို့ပင် စင်တော့မတတ် ဖြစ်နေ၏။

"မင်းက ငါ့ထက်အသက်ကြီးလို့ 'ဦးလေး' လို့ ခေါ်ပြီး လေးစားပေးတာ၊ ဒါပေမဲ့ မင်းက တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလို့ ထင်နေရင်တော့ ရယ်စရာပဲကွ"

"စကားမများနဲ့၊ ဘယ်သူမှ မင်းကို ‘အ’နေတယ်လို့ မထင်ဘူး"

ဝမ်ချို စကားပြောပြီးသည်နှင့် သူ့မျက်စိရှေ့တွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွား၏။ နောက်တစ်စက္ကန့်တွင် စူးရှသောနာကျင်မှုက သူ့ထံသို့ တိုးဝင်လာသည်။ ဝမ်ကျား၏ ဓားသည် ဝမ်ချို၏ လက်ဖဝါးကို ထိုးဖောက်၍ ကားခေါင်းပေါ်တွင် ကပ်လျက်ဖြစ်သွားချေပြီ။

"ဒီည မင်းသာ လူနာဆောင်ထဲမှာ သေသွားရင် မင်းဦးလေးမိသားစုက ဝမ်းနည်းနေကြမှာလား"

ဝမ်ကျားက သိသိသာသာ ခြိမ်းခြောက်လိုက်သည်။ သူ့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး တကယ်လုပ်မည့်အလား ထင်ရသည်။

ဝမ်ချို၏ မျက်နှာတွင် ချွေးစေးများ စီးကျလာသည်။ သူသည် နာကျင်မှုကို အောင့်ခံကာ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

ဝမ်ချို လက်လျှော့သွားသည်ကို မြင်သောအခါ ဝမ်ကျားက ဓားကို ဆွဲထုတ်လိုက်သည်။သူက ကောင်းမင်ဘက်သို့ လှည့်လာ၏။

"တောင်းပန်ပါတယ်ကွာ၊ မင်းအတွက်တော့ ဒါက ရယ်စရာကောင်းနေမှာပဲ၊ ငါ့မိသားစု အခြေအနေက နည်းနည်း ရှုပ်ထွေးနေလို့ပါ၊ သူတို့ရဲ့ လူသားပုံသဏ္ဌာန်ကို ကြည့်ပြီး အရူးလုပ်မခံရစေနဲ့ ၊ သူတို့အားလုံးက သရဲတွေထက်တောင် ပိုကောက်ကျစ်တတ်ကြသေးတယ်"

သူတို့၏ စကားဝိုင်းအရ အဖိုးကြီးဝမ်သည် ဝမ်ကျားဦးလေး၏ မိသားစုကို သူ့နေရာတွင် အစားထိုးစေချင်နေကြောင်း ကောင်းမင် နားလည်လိုက်သည်။ ထို့ကြောင့် ရေသေဖိုရမ်ကို တည်ထောင်သူ ကောင်းမင်နှင့် ဆက်သွယ်နိုင်ရန် ဝမ်ကျားကို ရည်ရွယ်ချက်ရှိရှိ အဝေးပို့ထားခြင်း ဖြစ်သည်။

ကောင်းမင်သည် မိသားစုတွင်း အားပြိုင်မှုများကို စိတ်မဝင်စားချေ။ သို့သော်လည်း သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ရန်အတွက် ဟန်ဟိုင်းတောင်ပိုင်းရှိ အင်အားစုများကို လျစ်လျူရှုထား၍ မရပေ။

"မင်းတို့မိသားစုကိစ္စက မင်းတို့ကိစ္စပါပဲ၊ ငါက ကွေ့ယွမ်ကို ရှာဖို့ လာတာ"

"အဲ့ဒီ အသစ်ပေါ်လာတဲ့ အိပ်မက်သရဲလား၊ ပြဿနာမရှိဘူး၊ ငါ အဲ့ဒါနဲ့ အတော်လေး ရင်းနှီးပါတယ်"

ဝမ်ကျားက ဓားပေါ်ရှိ သွေးများကို သုတ်လိုက်သည်။

"သူ့ပေါ်လာတာက အနည်းဆုံး သုံးပုံတစ်ပုံလောက်တော့ ငါတို့ ဝမ်မိသားစုနဲ့ ပတ်သက်နေတာပဲ"

ဝမ်ကျား၏ စကားကို ကြားသောအခါ ဝမ်ချိုနှင့်အတူ ပါလာသည့် မီးခိုးရောင်ဝတ်စုံနှင့် အဖွဲ့ဝင်များသည် ဝမ်ကျားကို သတိပေးသည့်အနေဖြင့် အမူအရာအမျိုးမျိုး ပြုလုပ်ကာ လူစုခွဲရန် ကြိုးစားကြသည်။ သို့သော် ဝမ်ကျားက လုံးဝ ဂရုမစိုက်ပါချေ။

"လူတွေ အများကြီး သေခဲ့ရတယ်၊ အရင်းအမြစ်တွေ အများကြီး ဖြုန်းတီးခဲ့ရတယ်၊ နောက်ဆုံးကျတော့ မနာခံတဲ့ မကောင်ဆိုးဝါးတစ်ကောင်ပဲ ထွက်လာတယ်၊ ဒါက ဝမ်မိသားစုရဲ့ အနာဂတ်ခေါင်းဆောင်ဆိုတဲ့သူ လုပ်ခဲ့တဲ့အလုပ်ပဲ"

"ကွေ့ယွမ်ကို မင်းဦးလေး ဖန်တီးခဲ့တာလား"

ကောင်းမင် အနည်းငယ် အံ့သြသွားသည်။ အစွမ်းထက်သော သရဲများစွာပင် နောက်ဆုံးအဆင့်ကို မကျော်ဖြတ်နိုင်ကြသော်လည်း ဝမ်ကျား၏ ဦးလေးမှာမူ အိပ်မက်သရဲတစ်ကောင်ကို ဖန်တီးနိုင်ခဲ့သည်။

"ငါ့အကိုက အခြေအနေအတိုင်း လုပ်ခဲ့တာပါ၊ အဲ့ဒီကြားထဲမှာ တိုက်ဆိုင်မှုတွေ အများကြီး ရှိခဲ့ပါတယ်"

ဝမ်ချိုက သွေးထွက်နေသော သူ့လက်ကိုပင် ဂရုမစိုက်ဘဲ ရှင်းပြလိုက်သည်။ သူသည် ကောင်းမင်က ဝမ်မိသားစုအပေါ် အထင်အမြင်လွဲမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"ကားပေါ်တက်ပြီး ငါနဲ့လိုက်ခဲ့"

ဝမ်ကျားက ဝမ်ချိုကို လျစ်လျူရှုထားလိုက်သည်။ မီးခိုးရောင်ဝတ်စုံဖြင့် တခြားအဖွဲ့ဝင်များမှာလည်း သူ့ကို မတားဆီးဝံ့ကြပေ။

"လမ်းမှာ ငါရှင်းပြမယ်"

ကောင်းမင်သည် ဝမ်ကျား၏ အနက်ရောင်ဂျစ်ကားပေါ်သို့ တက်လိုက်ပြီးနောက် နောက်ထိုင်ခုံကို တစ်ချက်ကြည့်လိုက်သည်။ ကားထဲတွင် လူသတ်လက်နက် ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း သွေးစွန်းနေသော ကားကိုယ်ထည်နှင့် ယှဉ်လျှင် လက်နက်တစ်ခုချင်းစီသည် စားသောက်ဆိုင်မှ စားဖိုမှူးတစ်ဦး၏ တန်ဖိုးထားရသော ပန်းကန်ခွက်ယောက်များကဲ့သို့ပင် အသေအချာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို တွေ့ရသည်။

"မင်းရဲ့ စိတ်ရောဂါက ကုသဖို့ လိုနေပြီ"

"၁၀ နှစ်ကြာပေါင်းခဲ့တဲ့ အတန်းဖော်ချင်း တွေ့တွေ့ချင်း ပထမဆုံး ပြောတဲ့စကားက ဒါပဲလား"

ဝမ်ကျား၏ မျက်နှာသည် ယခင်ကထက်ပင် ပိုမိုချောမောခန့်ညားနေဆဲ ဖြစ်သည်။ သူ၏ လက်ရှိ အမူအရာသည် လူအများအပြားကို ဆွဲဆောင်နိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာပင် သူသည် အသက်ရှင်နေသော လူများကို မနှစ်သက်ဘဲ လူတစ်ယောက်၏ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားသည့် ဖြစ်စဉ်ကိုသာ ခံစားလိုသူ ဖြစ်သည်။

"ဘေးကပ်ဆိုးကြီးပြီးကတည်းက ငါ အနည်းဆုံး လူ၈၀၀ ကနေ လူ ၁၀၀၀ လောက်ကို ကယ်တင်ခဲ့ဖူးတယ်၊ အခု မြို့တော်တောင်ပိုင်းမှာရှိတဲ့ ခြောက်ခြားဂိမ်းကစားသမားတွေ အားလုံးက ငါ့ကို 'ဘော့စ်' လို့ ခေါ်ကြတယ်၊ သူတို့က ငါလူသတ်တာကို စွဲလမ်းနေလို့ ငါ့နောက်လိုက်နေကြတာတော့ မဟုတ်ပါဘူး"

ဝမ်ကျားက လက်တစ်ဖက်ဖြင့် ကားမောင်းနေရင်း ကောင်းမင်ထံသို့ စီးကရက်တစ်ထုပ် ကမ်းပေးလိုက်သည်။

"ငါ့ဦးလေး မိသားစုက အဖိုးကြီး အလေးထားဆုံး မိသားစုပဲ၊ ငါ့ရဲ့ ကြောင်သူတော်အကိုက စုံစမ်းစစ်ဆေးရေးဌာနချုပ်ရဲ့ မြောက်ပိုင်းဆိပ်ကမ်းဌာနခွဲမှာ ကပ္ပတိန်ဖြစ်လာတယ်၊ ငါ့အဒေါ်က ဟန်ဟိုင်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို အုပ်ချုပ်တယ်၊ ငါ့ဦးလေးကတော့ မြို့တော်တောင်ပိုင်း စုံစမ်းစစ်ဆေးရေးဌာနခွဲရဲ့ အကြီးအကဲပဲ၊ သူတို့က ငါတို့မိသားစု အရင်းအမြစ်တွေရဲ့ သုံးပုံနှစ်ပုံကို ထိန်းချုပ်ထားကြတာ"

"မင်းတို့ မိသားစုကိစ္စတွေကို ငါ စိတ်မဝင်စားဘူး"

"နှလုံးသားမဲ့လိုက်တာ"

ဝမ်ကျားသည် စိတ်မဆိုးသည့်အပြင် မျက်နှာတွင် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ပေါ်လာလေသည်။ သူသည် ကောင်းမင်ဘေးတွင် ရှိနေမှသာ မည်သည့်အရာကိုမဆို လွတ်လပ်စွာ ပြောဆိုနိုင်ပုံရသည်။

"အဖိုးကြီးက သိပ်အသက်ရှည်တော့မှာ မဟုတ်ဘူး၊ သူက သေခါနီးကိစ္စတွေအတွက် စီစဉ်နေတာလေ၊ အရင်ကတော့ ညီအစ်ကိုတွေအားလုံး အမွေတွေနဲ့ အဆက်အသွယ်တွေ ရနိုင်ကြမှာပဲ၊ ဒါပေမဲ့ ငါ့ဦးလေးကြီးက အရမ်းလောဘကြီးတယ်၊ သူက အိပ်မက်သရဲကို ယဇ်ပူဇော်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားညီအစ်ကိုတွေရဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်ခဲ့တယ်၊ အဲ့ဒါက ပြဿနာမဟုတ်ပေမဲ့... အဓိကက သူတကယ်ကြီး အောင်မြင်သွားတာပဲ"

စတီယာရင်ကို ကိုင်ထားသည့် ဝမ်ကျား၏လက်တွင် သွေးကြောများမှာ ဖောင်းတက်လာသည်။ သူသည် စွမ်းအားနှင့် အကြမ်းဖက်မှုကို အလွန်ကိုးကွယ်သူ ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူ၏ဦးလေးဖြစ်သူသည် မည်သည့်သက်ရှိလူသားမှ မယှဉ်နိုင်သည့် အိပ်မက်သရဲကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

"အိပ်မက်သရဲက သူ့စကားကို နားမထောင်ပေမဲ့ သူ့ကြောင့် ဖြစ်လာတယ်ဆိုတာကတော့ ငြင်းလို့မရဘူး၊ အဖိုးကြီးက အိပ်မက်သရဲရဲ့ အကျိုးသက်ရောက်မှုကို ထည့်စဉ်းစားမှာပဲ"

ဝမ်ကျားက ထိုင်ခုံနောက်ရှိ အိတ်ထဲမှ စာဖိုင်တစ်ခုကိုထုတ်၍ ကောင်းမင်ကို ပေးလိုက်သည်။

"ဒါက အဲ့ဒီ အိပ်မက်သရဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးပဲ၊ ငါ အဲ့ဒီသရဲရဲ့ အားနည်းချက်ကို စုံစမ်းပြီး သူ့ကို အမဲလိုက်ဖို့ အခွင့်အရေးတစ်ခု ရှာနေတာ"

"လူသားတစ်ယောက်က အိပ်မက်သရဲကို အမဲလိုက်ချင်တာလား"

ကောင်းမင်သည် ဝမ်ကျားတစ်ယောက် အရိပ်ကမ္ဘာ၏ အစားထိုး မခံထားရသေးကြောင်း သေချာသွားသည်။ အဘယ်ကြောင့်ဆိုသော် အရိပ်ကမ္ဘာမှ သရဲများပင်လျှင် ဤသို့ ရူးသွပ်သော အတွေးမျိုးရှိကြမည် မဟုတ်သောကြောင့် ဖြစ်သည်။

"ငါတို့ နှစ်ယောက်ပေါင်းပြီး အစီအစဉ်တစ်ခုလောက် ဆွဲကြမလား၊ ဟန်ဟိုင်းမှာ အများဆုံး အိပ်မက်သရဲ ၇ကောင် ရှိနိုင်တယ်လို့ အဖိုးကြီးပြောတာ ကြားဖူးတယ်၊ ငါတို့သာ ကွေ့ယွမ်ကို သတ်နိုင်ရင် နောက်ထပ် အိပ်မက်သရဲက ခြောက်ခြားဂိမ်းကစားသမားတွေထဲက ဖြစ်လာနိုင်တာပဲ"

ဝမ်ကျားမျက်နှာတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။ သို့သော်လည်း ကောင်းမင်ကမူ သူ့ကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

"ဘာလို့ ၇ ကောင်လဲ"

"ငါလည်း မသိဘူး၊ အဖိုးကြီးက စုံစမ်းစစ်ဆေးရေးဌာနကနေ အချက်အလက်တွေ ရထားတာလေ၊ သူ့မှာ သူ့ကိုယ်ပိုင် ထောက်လှမ်းရေးကွန်ရက် ရှိတယ်၊ စကားမစပ် အဲ့ဒီကွန်ရက်က အခု ငါ့ဦးလေးလက်ထဲ ရောက်နေတာ၊ အားကျဖို့ကောင်းတယ် မဟုတ်လား"

ဝမ်ကျားက ပေါ့ပေါ့ပါးပါး ပြန်ပြောသော်လည်း ကောင်းမင်က အတွေးနက်သွားသည်။

ဟန်ဟိုင်း၏ အရင်းအမြစ်များသည် အိပ်မက်သရဲ ကိုးကောင်သာ ထောက်ပံ့ပေးနိုင်သော်လည်း စုံစမ်းစစ်ဆေးရေးဌာနက ထိုလူအိုကြီးကို ခုနစ်ကောင်ဟုသာ ပြောခဲ့သည်။ ထိုသို့ဆိုလျှင် စုံစမ်းစစ်ဆေးရေးဌာနထဲမှာ ဝှက်ထားတဲ့ အိပ်မက်သရဲနှစ်ကောင် ရှိနေတယ်လို့ ဆိုလိုတာလား။

ဝမ်ကျား ပေးထားသော ဖိုင်ကို ဖွင့်လိုက်သောအခါ ပထမဆုံးစာကြောင်းနှင့်ပင် ကောင်းမင်၏ မျက်ဆန်များကို တုန်ခါသွားစေသည်။‌

ထိုမူမမှန်ဖြစ်ရပ်သည် မြို့ဟောင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ထောင်ပေါင်းများစွာသော တူညီသည့် ဆန္ဒများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာ၍ စိစစ်သုံးသပ်ပြီးနောက် တစ္ဆေဆုတောင်း၏ ပထမဆုံးသော ဆန္ဒ သို့မဟုတ် ၎င်း၏ အနှစ်သာရမှာ "အဖေနဲ့ အမေ ကျွန်တော်နဲ့အတူ ထာဝရ ရှိနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်" ဟူ၍ ဖြစ်သည်။

သာမန်လူတစ်ယောက်၏ ပထမဆုံး တုံ့ပြန်မှုသည် ဤသည်မှာ ချစ်ခြင်းမေတ္တာကို တောင့်တနေသော ကလေးငယ်များစွာ၏ ဆုတောင်းများ ဖြစ်နိုင်ပြီး သူတို့၏ မိဘများက အလုပ်ရှုပ်နေသဖြင့် ကလေးများကို အထီးကျန်စေခြင်းကြောင့် ဖြစ်မည်ဟု ထင်ကြပေလိမ့်မည်။

သို့သော် ကောင်းမင်က ထိုသို့ မစဉ်းစားမိပေ။ ဤစာကြောင်းသည် သူနှင့် အလွန်ရင်းနှီးနေသည်ဟု ခံစားရသည်။ သူ နှုတ်ဖျားမှ ရေရွတ်လိုက်မိရာ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ မရေမတွက်နိုင်သော သေဆုံးမှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဥမင်လိုဏ်ခေါင်းမှ သူ ပြန်လည်မွေးဖွားလာတိုင်း လီကျင်းအိမ်ရာရှိ သူ့အိမ်သို့ ပြန်ရောက်သွားတတ်သည်။ သူ့မိဘများသည် သူ၏မွေးနေ့ပွဲကို ကျင်းပပေးရန်အတွက် အသစ်ဝယ်လာသော ကိတ်မုန့်တစ်ခုကို အမြဲတမ်း ယူဆောင်လာလေ့ရှိသည်။

အကြိမ်တိုင်းသည် သူ၏ ၁၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး အချိန်တိုင်းလိုလို မွေးနေ့ကိတ်မုန့်တစ်ခု ရှိနေခဲ့သည်။ ကောင်းမင်သည် သူ့မိဘများ၏ မှတ်ဉာဏ်မှာ ထိုနေ့ရက်တွင်သာ ထာဝရ ရပ်တန့်နေသကဲ့သို့ ခံစားရသည်။

အကြိမ်ပေါင်းများစွာ ထပ်ခါ ထပ်ခါ … သူသည် ဖယောင်းတိုင်များကို မှုတ်ထုတ်ပြီး ဆုတောင်းခဲ့ဖူးသည်…။

“အဖေနဲ့ အမေကို ငါနဲ့အတူ ထာဝရရှိနေပေးဖို့ ဆုတောင်းခဲ့တာလား၊ ဒါ ငါ့ရဲ့ ဆုတောင်းကြီး မဟုတ်ဘူးလား”

ဆုတောင်းများကို အသံထွက်ဆုတောင်းလျှင် ပြည့်မည်မဟုတ်သောကြောင့် ကောင်းမင်သည် သူ့မိဘများရှေ့တွင် ၎င်းကို အမြဲတမ်း တိုးတိုးလေးသာ ရေရွတ်ခဲ့ဖူးသည်။

သူ၏ဆုတောင်းမှ ထွက်ပေါ်လာသော ပြင်းထန်သောစွမ်းအားသည် နောက်ဆုံးတွင် မူမမှန်မှုတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ယင်းသည် အိပ်မက်ဆိုးတစ်ခုကို ဖန်တီးရန် မလုံလောက်သေးပေ။ ကောင်းမင်သည် စိတ်ရှည်စွာဖြင့် ဆက်လက် ဖတ်ရှုလိုက်သည်။

All Chapters