မိစ္ဆာဆုတောင်း
Vol. 45 Ch. 672
ယန်ရှီကျီး၏ စကားများက ကောင်းမင်ကို ပြောစရာစကားမဲ့သွားစေသည်။ အမှန်စင်စစ် ယန်ရှီကျီးသည် အိပ်မက်သရဲဖြစ်လာရန် အလားအလာ အနည်းဆုံး ‘မိစ္ဆာဝိညာဉ်’ တစ်ခုဖြစ်ခဲ့သော်လည်း သူမ၏ အတွေ့အကြုံများမှာ မည်သူ့ထက်မဆို ပို၍ ဒဏ္ဍာရီဆန်လွန်းလှသည်။
“အိပ်မက်သရဲ ဖြစ်လာဖို့ဆိုတာ ခွန်အားတစ်ခုတည်းနဲ့ မဆိုင်ဘူး၊ စိတ်ဆန္ဒပြင်းပြမှု ဒါမှမဟုတ် စည်းမျဉ်းတစ်ခုကို အစားထိုးနိုင်စွမ်း ရှိမရှိဆိုတဲ့ အချက်တွေပေါ်မှာလည်း မူတည်နေတယ်”
ကောင်းမင် ရင်းနှီးသော အစွမ်းထက်သရဲများထဲတွင် ကောင်းယန်၊ အသားသစ်ပင်ကြီးနှင့် ကျန်းတင်းတို့သာ အခွင့်အရေးရှိသည်။ သူတို့သည် စုပေါင်းယုံကြည်မှု၊ ကြောက်ရွံ့မှုနှင့် ဘေးကပ်ဆိုးမှတ်ဉာဏ်တို့ကို အသီးသီး ကိုယ်စားပြုသူများဖြစ်ကြသည်။
“ဟန်ဟိုင်းမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ငါတို့ အများဆုံး အိပ်မက်သရဲကိုးကောင်ပဲ ထောက်ပံ့ပေးနိုင်မယ်၊ စုံစမ်းစစ်ဆေးရေးဌာနမှာ အိပ်မက်သရဲ နှစ်ကောင်ရှိတယ်ပဲ ထားပါဦး၊ မင်းရယ် ငါရယ်၊ ပြီးတော့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ‘တစ္ဆေဆုတောင်း’ ရယ်ဆိုရင် နေရာသိပ်မကျန်တော့ဘူး”
“မင်း အိပ်မက်သရဲ ဖြစ်လာနိုင်မလား မဖြစ်နိုင်ဘူးလားဆိုတာကတော့ ပြိုင်ဆိုင်နေရုံနဲ့ မထူးပါဘူး”
ယန်ရှီကျီးက ကောင်းမင်ထံသို့ သင်ကြားရေးဆာတီဖီကိတ်လက်မှတ်တစ်ခု ကမ်းပေးလိုက်သည်။
“ဒါက ငါငယ်ငယ်တုန်းက ဓာတ်ပုံပဲ၊ မင်း စုံစမ်းစစ်ဆေးရေးဌာနကို ရောက်တဲ့အခါကျရင် ငါ့ကို လှမ်းခေါ်လိုက်ပါ”
ယန်ရှီကျီးက စာသင်ခန်းထဲသို့ ပြန်လှည့်သွားလိုက်သည်။ ယန်ရှီကျီးသည် ဘေးကပ်ကြီးမတိုင်ခင်က သင်ခန်းစာများကို ခေါင်းမာစွာဖြင့် ပြန်လည်သင်ကြားပေးနေပြီး သူမကျောင်းသားများကို လူသားပီသသူများ ဖြစ်လာစေရန် လေ့ကျင့်ပေးနေတော့သည်။
“မြို့တော်အရှေ့ပိုင်းကို သွားကြစို့… ငါမှတ်မိသလောက် ဝမ်ကျားရဲ့ မိသားစုလုပ်ငန်းက အဲ့ဒီမှာရှိတာ”
“ကောင်းပြီ”
အဖွဲ့ခေါင်းဆောင်က ကောင်းမင်ကို မည်သည့်မေးခွန်းမျှ မမေးတော့ပေ။ သူသည် ဒရိုင်ဘာတစ်ယောက်ကဲ့သို့ပင် ပြုမူနေသည်။
ကားကို စက်နိူးလိုက်ပြီးနောက် ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ဖြည်းညှင်းစွာ မောင်းထွက်လာခဲ့သည်။ ရှည်လျားမြင့်မားလှသော အသားသစ်ပင်ကြီးမှာ အသာအယာ တုန်ခါနေပြီး သစ်ရွက်ထောင်ပေါင်းများစွာ ကြွေကျလာ၏။၎င်းသည် ကောင်းမင်ကို နှုတ်ဆက်နေသကဲ့သို့ပင်။
ထူထပ်နေသော တိမ်တိုက်များ ဖိနှိပ်လာပြီး ညဉ့်ရောက်လာချေပြီ။ ကောင်းမင်နှင့် အဖွဲ့ခေါင်းဆောင်တို့သည် ည ၉ နာရီအချိန်တွင် မြို့တော်တောင်ပိုင်းသို့ ရောက်ရှိလာကြသည်။
အမှောင်ထုထဲရှိ ဟန်ဟိုင်းသည် ယခင်ကဲ့သို့ မစည်ကားတော့ပေ။ မီးရောင်များက ဘေးကင်းဇုန် အနည်းငယ်တွင်သာ လင်းထိန်နေနိုင်ရှာသည်။ မြို့၏ အဆောက်အဦး အများစုမှာမူ အမှောင်ထု၏ ဝါးမြိုခံထားရပြီး မီးရောင်တစ်ချက်မျှ မတွေ့ရချေ။
“ကားရပ်၊ စစ်ဆေးခံပါ”
ပင်မလမ်းမကြီးကို သံမဏိအကာအရံများဖြင့် ပိတ်ဆို့ထားသည်။ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး လက်နက်များ ကိုင်ဆောင်ထားသည့် အရပ်ရှည်ရှည်လူအချို့သည် အတားအဆီးများနောက်တွင် ရပ်နေကြသည်။
သူတို့သည် စုံစမ်းစစ်ဆေးရေးဌာနမှ လူများမဟုတ်သလို ခြောက်ခြားဂိမ်းကစားသမားများလည်း မဟုတ်ကြချေ။ သူတို့သည် ငှားရမ်းထားသော ကြေးစားရွံ့လူမိုက်များနှင့် ပိုတူပြီး တစ်ယောက်ချင်းစီမှာ သန်မာထွားကြိုင်းကာ အလွန်စည်းစနစ်ကျကြသည်။
“အပြင်ထွက်ခဲ့”
ကားမှန်တံခါးကို လာခေါက်သံနှင့်အတူ ထိပ်ပြောင်လူတစ်ဦးက ပြုပြင်ထားသော သေနတ်ဖြင့် ဒရိုင်ဘာထိုင်ခုံကို ချိန်ရွယ်ထားသည်။
“ရှင်းလု လုံခြုံရေးအဖွဲ့ (၁) ခေါင်းဆောင်ဆိုတဲ့ မင်းရဲ့ ဂုဏ်သတင်းက ထင်သလောက် အထင်ကြီးစရာမကောင်းလိုပဲ”
ကောင်းမင်က ထိုင်ခုံကို မှီလိုက်ရင်း ပြောလိုက်သည်။
“သူတို့က မင်းကို ကားပေါ်က ဆင်းခိုင်းနေတယ်”
“နေရာတိုင်းမှာ သူ့စည်းမျဉ်းနဲ့သူ ရှိတာပဲလေ၊ လိုက်နာပေးရုံပေါ့”
အဖွဲ့ခေါင်းဆောင်မှာ အတော်လေး အလိုက်သင့်နေတတ်သူ ဖြစ်သည်။သူက အင်ဂျင်ကို ရပ်ကာ ကားရပ်ပြီး တံခါးဖွင့်လိုက်သည်။
သန်မာထွားကြိုင်းသော လူနှစ်ဦးက သူတို့ကျောပိုးအိတ်ထဲမှ ရှုပ်ထွေးသော စမ်းသပ်ကိရိယာတစ်ခုကို ထုတ်ယူကာ အဖွဲ့ခေါင်းဆောင်၏ ခေါင်းကို ကြမ်းတမ်းစွာ ဖုံးအုပ်လိုက်သည်။ ခဏအကြာတွင် ကိရိယာအတွင်းမှ စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာလေသည်။
‘စိတ်ပိုင်းဆိုင်ရာ နောက်ကျိမှု ၁ ရာခိုင်နှုန်း၊ အရိပ်တိုက်စားမှု ၁၅ ရာခိုင်နှုန်း၊ ဦးနှောက်ညစ်ညမ်းမှု (၀)၊ ဗီဇပြောင်းလဲမည့် အန္တရာယ် မရှိပါ’။
စမ်းသပ်မှုရလဒ်ကို ကြားလိုက်သောအခါ မီးခိုးရောင်ဝတ်စုံနှင့် လူများက သိသိသာသာ စိတ်သက်သာသွားကြပြီး လေသံမှာလည်း ပိုပေါ့ပါးသွားသည်။
“ဟေ့... ဘေးထိုင်ခုံကလူ၊ မင်းလည်း ဆင်းပြီး အစစ်ခံဦး”
ကောင်းမင်သည် ထိုလူများတွင်ရှိသော စမ်းသပ်ကိရိယာများကို အတော်လေး စိတ်ဝင်စားသွားသည်။ လူသားများသည် ဘေးဒုက္ခများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပစ္စည်းအသစ်အဆန်းများစွာကို တီထွင်လာနိုင်ကြပြီ ဖြစ်သည်။
ကောင်းမင် စစ်ဆေးမှုခံယူနေစဉ်အတွင်း ထိပ်ပြောင်နှင့်လူမှာ ယာဉ်ပေါ်ရှိ ‘ရှင်းလုလုံခြုံရေးဌာန’ အမှတ်အသားကို သတိပြုမိသွားသည်။သို့သော်လည်း သူ့သဘောထားက တင်းမာနေဆဲပင်။
“အခုက ညမထွက်ရအချိန်ပဲ၊ ပင်မလမ်းတွေကို ပိတ်ထားတယ်၊ မင်းတို့ ဘာအလုပ်နဲ့ပဲလာလာ ခွင့်ပြုချက်လက်မှတ်မပါရင် မြို့တော်တောင်ပိုင်း ခရိုင် (၆) ထဲကို ဝင်ခွင့်မရှိဘူး”
ထိုထိပ်ပြောင်နှင့်လူမှာ အဖွဲ့ခေါင်းဆောင် ဖြစ်ပုံရသည်။ သူ တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ် နောက်ဘက်မှ တုန်လှုပ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
“စက် ချို့ယွင်းနေတာလား၊ အိုး သွားပြီ”
ကောင်းမင်သည် ကိရိယာကို ခေါင်းပေါ်ပင် မတပ်ရသေးပေ။ သူ့လက်ထဲ ကိုင်ထားရုံဖြင့် စက်ပေါ်မှ အနီရောင်မီးသည် ရူးသွပ်စွာ တဖျပ်ဖျပ် လင်းလာတော့သည်။ အေးစက်စက် စက်ရုပ်အသံက အဖန်တလဲလဲ သတိပေးလိုက်သည်။
‘ပြင်းထန်သော ညစ်ညမ်းမှုကို ရှာဖွေတွေ့ရှိသည် သတိပေးချက် သတိပေးချက် စိတ်ပိုင်းဆိုင်ရာ နောက်ကျိမှု ၁၀၀ ရာခိုင်နှုန်း အရိပ်တိုက်စားမှု ၁၀၀ ရာခိုင်နှုန်း ဦးနှောက်ညစ်ညမ်းမှု ???’
စက်သည် မည်သည့်အရာကိုမျှ ထပ်အာရုံမခံနိုင်တော့ပေ။ ဤဈေးကြီးသော စမ်းသပ်ကိရိယာသည် ကောင်းမင် တစ်ချက်ထိတွေ့လိုက်ရုံဖြင့် သုံးမရတော့သည့် အဆင့်သို့ ရောက်သွားခဲ့ချေပြီ။
“အားလုံး သတိထားကြ”
“အနီးဆုံးမှာရှိတဲ့ စုံစမ်းစစ်ဆေးရေးဌာနစခန်းကို ချက်ချင်း အကြောင်းကြားကြစမ်း”
“စစ်ကူတောင်းကြ မြန်မြန်”
လေထုထဲတွင် အသားနံ့များ ပျံ့လွင့်လာတော့သည်။ လူတိုင်း၏ နှလုံးသားများက တစ်ပြိုင်နက်တည်း ခုန်ပေါက်လာကြသည်။ ကောင်းမင်က အေးဆေးစွာပင် ဆိုလိုက်သည်။
“ငြိမ်ငြိမ်နေကြစမ်း”
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။ အချို့သည် အိပ်မက်ထဲတွင် လွင့်မျောသွားကြပြီး အချို့မှာမူ သူတို့၏အသိစိတ်များ ကောင်းမင်၏ နုတ်ယူခြင်း ခံလိုက်ရသည်။ ကင်းစခန်းသည် ချက်ချင်းပင် ပြိုလဲသွားပြီဖြစ်သည်။
“ဒါ အိပ်မက်သရဲစွမ်းအားလား၊ တကယ်ကြောက်စရာပဲ”
အဖွဲ့ခေါင်းဆောင်က အဝေးက တဲတစ်ခုအတွင်း အလုပ်လုပ်နေဆဲဖြစ်သော စက်ကို ညွှန်ပြလိုက်သည်။
“ဒါပေမယ့် သူတို့အသိစိတ်တွေ မပြိုလဲခင်မှာ မက်ဆေ့တော့ ပို့လိုက်နိုင်သေးတယ်၊ မင်းက သူတို့သတ္တိကို လျှော့တွက်ခဲ့မိတာပဲ”
သူတို့ကိုယ်တိုင် ရူးသွပ်သွားလျှင်ပင် သတိပေးချက်တစ်ခုကိုတော့ ထုတ်ပြန်သွားဆဲဖြစ်သည်။ ထိုလူများသည် အန္တရာယ်နှင့် ကြုံတွေ့ရသော့အခါ ထွက်ပြေးရန် မစဉ်းစားခဲ့ကြပေ။သူတို့သည် အသက်နဲ့ရင်း၍ သူတို့တာဝန်ကျရာနေရာ၌သာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
“မလိုလားတဲ့ ပြဿနာတွေ မဖြစ်အောင် ဝမ်ကျားကို ဆက်သွယ်ဖို့ အကြံပေးချင်တယ်၊ မင်းရဲ့ သူငယ်ချင်းဟောင်းက ဒီမြို့တော်တောင်ပိုင်းမှာ တော်တော်လေးဩဇာရှိပါတယ်”
ကောင်းမင်၏ ခွင့်ပြုချက်ရပြီးနောက် အဖွဲ့ခေါင်းဆောင်သည် ကစားသမား ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ဝမ်ကျားကို ဆက်သွယ်လိုက်သည်။
ဆယ်မိနစ်ခန့်အကြာတွင် ပြုပြင်မွမ်းမံထားသော ကားနှစ်စီးက ကောင်းမင်ရှေ့တွင် ဆိုက်ရောက်လာသည်။ စစ်ဆေးရေးဂိတ်ကို ဖွင့်ပေးလိုက်ပြီး အတားအဆီးအားလုံးကို ဖယ်ရှားလိုက်ကြသည်။ ဝတ်စုံပြည့်နှင့် လူငယ်တစ်ဦးက ပြုံးရွှင်သောမျက်နှာဖြင့် ပြေးထွက်လာ၏။ သူ၏ ဖော်ဖော်ရွေရွေရှိလှသော အမူအရာသည် သူဝတ်ဆင်ထားသည့် ကာကွယ်ရေးဝတ်စုံအထူကြီးနှင့် အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
“အခန်း ၁၃ က ကောင်းမင်လား၊ ရေသေဖိုရမ်ကို တည်ထောင်ခဲ့သူလား၊ ကျုပ် ခင်ဗျားအကြောင်းတွေ အများကြီး ကြားဖူးပါတယ်”
သူ့ပုံစံမှာ ဝမ်ကျဲထက် အနည်းငယ်သာ ကြီးပုံရသည်။
“ကျုပ်နာမည်က ဝမ်ချိုပါ၊ ဝမ်ကျားရဲ့ ဦးလေးပေါ့၊ အဖိုးကြီးက ခင်ဗျားတောင်ပိုင်းကို ရောက်နေတယ်ဆိုတာသိတော့ ဒီမစ်ရှင်မှာ ခင်ဗျားကို အစွမ်းကုန်ကူညီပေးဖို့ အမိန့်ပေးထားပါတယ်”
ကောင်းမင်သည် ဝမ်ကျားက တစ်ယောက်ယောက်ကို လွှတ်လိုက်မည်ဟု ထင်ထားခြင်းဖြစ်သည်။ယခုမူ ဝမ်မိသားစုမှ အဖိုးကြီးကိုယ်တိုင် စကားပြောလာခြင်း ဖြစ်သည်။ ကောင်းမင် ထိုအဖိုးကြီးကို မသိပေ။ သူသိထားသည်မှာ ထိုလူသည် ဟန်ဟိုင်း စီးပွားရေးစံနှုန်းသတ်မှတ်ရေး ကော်မတီ၏ ယခင်ဥက္ကဋ္ဌဖြစ်ပြီး သူ့ရာထူးကို ဆက်ခံသူမှာ စီတုအန်း ဖြစ်ကြောင်းသာ ဖြစ်သည်။
ထိုလူသည် စီးပွားရေးလောကတွင် ဝါရင့်ပါရဂူတစ်ယောက်ဖြစ်သဖြင့် အခွင့်အလမ်းနှင့် အန္တရာယ်ကို အကဲခတ်ရာတွင် အလွန်ထက်မြက်သည်။သူသည် ဘေးကပ်ဆိုး မကျရောက်မီကတည်းက စီတုအန်းအပေါ် အလောင်းအစားပြုလုပ်ခဲ့ပြီး မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနနှင့် နီးကပ်စွာ ဆက်ဆံခဲ့သည်။ နောက်ပိုင်းတွင် စီတုအန်း၏ ဦးဆောင်မှု အခန်းကဏ္ဍကို အသုံးချကာ မြို့တော်တောင်ပိုင်းဌာနခွဲ၏ ထက်ဝက်ကျော်ကို တိတ်တဆိတ် သိမ်းပိုက်နိုင်ခဲ့သည်။
ဟန်ဟိုင်းတွင် စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သော်လည်း မြို့တော်တောင်ပိုင်းတွင်မူ လူအိုကြီးဝမ်၏ အမိန့်က စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ စည်းမျဉ်းများထက် ပိုသြဇာညောင်းပေသည်။
“ငါ မြို့တော်တောင်ပိုင်းရဲ့ အိပ်မက်သရဲကို တွေ့ချင်တယ်၊ မင်း ငါ့ကို မကူညီနိုင်ဘူးဆိုရင်တောင် ခွင့်ပြုချက်လက်မှတ်ပဲ ပေးပါ”
ကောင်းမင်က ဝမ်ချိုကို ပြုံးပြလိုက်သည်။
“ဒါမှမဟုတ် မပေးလည်း ရပါတယ်”
ဝမ်ချိုသည် အေးစက်သွားပြီး သူ့သွေးအပူချိန်က သုညအထိ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကောင်းမင်၏ မျက်နှာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ ဆိုလိုက်သည်။
“ခင်ဗျားလည်း တောင်ပိုင်းကို ဆုတောင်းဖို့လာတာလား”
“ဆုတောင်းဖို့လား”
“တချို့က သူ့ကို ‘တစ္ဆေဆုတောင်း’ လို့ ခေါ်ကြတယ်၊ တချို့ကလည်း ‘ကျိန်စာသင့်ဆုတောင်း’၊ ‘မိစ္ဆာဆုတောင်း’ လို့ ခေါ်ကြတယ်၊ ဘာလို့လဲဆိုတော့ ဆုတောင်းတဲ့သူတွေက အမြဲတမ်းဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလို့ပဲ၊ ကျုပ်တို့ အကြိမ်ကြိမ် စမ်းကြည့်ခဲ့ပြီးပြီ...”
ဝမ်ချိုသည် တစ်ခုခုကို သိထားပုံရသော်လည်း စကားလုံးများမှာ အပြင်သို့ ထွက်မလာခဲ့ပေ။ သွေးစွန်းတာယာများ တပ်ဆင်ထားသည့် အနက်ရောင်ဂျစ်ကားတစ်စီးက ညဉ့်ယံကို ဖြတ်ကျော်ကာ အဝေးမှ မောင်းနှင်လာချိန်အထိ သူသည် အတော်ကြာအောင် ဝေခွဲမရ ဖြစ်နေခဲ့သည်။
မီးခိုးရောင်ဝတ်စုံသည် သွေးများစွန်းထင်းနေသဖြင့် အနက်ရောင် ပြောင်းနေပြီ ဖြစ်သည်။ ဝမ်ကျားသည် ကားတံခါးကို ကန်ဖွင့်၍ ဆင်းလာ၏။ သူ့လက်ထဲတွင် တောက်ပြောင်ချွန်ထက်သည့် ဓားတစ်လက်ကို ကိုင်ထားသည်။
“အဖိုးကြီးက ငါ့ကို ရုတ်တရက်ကြီး ရာထူးကထုတ်လိုက်တာ ကောင်းဖို့ မဟုတ်မှန်း ငါသိသားပဲ၊ ငါ့သူငယ်ချင်းကို တခြားသူ လာကြိုတာမျိုး သူဘယ်လိုလုပ် ခွင့်ပြုမှာလဲ”