ကျေးဇူးပဲ ဒါပေမယ့် ငါ လူသားမဖြစ်ချင်ဘူး
Vol. 45 Ch. 670
“ကျေးဇူးပြုပြီး မင်းစကားကို ဆင်ခြင်ပါ၊ မင်း အသားသန္ဓေသားကို သိမ်းပိုက်နိုင်အောင် ငါ့အသက်နဲ့ရင်းပြီး အခွင့်အရေးဖန်တီးပေးခဲ့သူက ငါနော်”
ကောင်းမင်က ကောင်းယန်၏ ရုံးခန်းကို ဝေ့ကြည့်လိုက်သည်။ ရုံးခန်းသည် လမ်းဘေးရုံးတစ်ခုလိုပင် အလွန်ရိုးရှင်းနေပြီး အခန်းထဲရှိ အရာအားလုံးမှာ ရုံးလုပ်ငန်းအတွက်သာ ဖြစ်သည်။
“ငါတို့က အကြိမ်ကြိမ် ပူးပေါင်းခဲ့ဖူးတာပဲ၊ ဒီလို အသေးအဖွဲလေးတွေကို ဘာလို့ အရေးလုပ်နေမှာလဲ”
ကျောင်းသားကောင်စီဥက္ကဋ္ဌက စားပွဲဆီသို့ လျှောက်သွားသည်။ သူ့နောက်ကျော ဟန်ဟိုင်းမြို့တော်၏ ကြီးမားလှသော မြေပုံကြီးတစ်ခု ချိတ်ဆွဲထားပြီး အမှတ်အသား အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။
“မင်းနဲ့အတူ အနက်ရောင်မြူတွေထဲကို လိုက်မလာခဲ့လို့ စိတ်ဆိုးနေတုန်းလား”
“ငါက အမှန်တရားကို ရှာဖို့ မြူတွေထဲဝင်ခဲ့တာ၊ မင်းကတော့ မျှော်လင့်ချက်မီးစလေးကို ထိန်းသိမ်းဖို့ ဟန်ဟိုင်းမှာ ကျန်ခဲ့တာ၊ ဒါက ငါတို့ အစကတည်းက သဘောတူထားတဲ့အတိုင်းပဲလေ၊ စောဒကတက်စရာ မရှိပါဘူး”
ကောင်းမင်က ကျွမ်းကျင်စွာပင် ရေတစ်ခွက် ငှဲ့သောက်လိုက်ပြီး အရိပ်ထဲတွင် တမင်ချထားသော ကုလားထိုင်တစ်လုံး၌ ဝင်ထိုင်လိုက်သည်။
ကောင်းမင်နှင့် ကျောင်းသားကောင်စီဥက္ကဋ္ဌတို့၏ စကားပြောဆိုပုံအရ သူတို့နှစ်ဦးသည် ရင်းနှီးသော ဆက်ဆံရေးရှိပြီး စုံစမ်းစစ်ဆေးရေးဌာန၏ နောက်ကွယ်တွင် အကြိမ်ပေါင်းများစွာ ပူးပေါင်းခဲ့ဖူးကြောင်း အဖွဲ့ခေါင်းဆောင် သတိပြုမိသွားသည်။
ဟန်ဟိုင်း၏ နေရာအများစုသည် စုံစမ်းစစ်ဆေးရေးဌာန၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။ ခြောက်ခြားဂိမ်းကစားသမားများနှင့် ကျောင်းသားကောင်စီတို့၏ အင်အားစုသက်သက်ဖြင့် ယှဉ်ပြိုင်ရန် မလုံလောက်သေးပေ။ သို့သော် သူတို့သာ စောစောစီးစီး အင်အားပူးပေါင်းခဲ့လျှင် အခြေအနေမှာ ယခုထက် လုံးဝကွဲပြားသွားပေလိမ့်မည်။
အနည်းဆုံးတော့ မြို့တော်အရှေ့ပိုင်းနှင့် မြို့ဟောင်းတွင်မူ စုံစမ်းစစ်ဆေးရေးဌာန၏ သြဇာလွှမ်းမိုးမှုကို သူတို့ လုံးဝဖယ်ရှားနိုင်ခဲ့ကြပြီ ဖြစ်သည်။
“မင်း ငါ့ကို အကူအညီတောင်းတိုင်း မင်းပဲ အရှုံးကြီးရှုံးနေသလိုမျိုး ဟန်ဆောင်နေတော့တာပဲ”
အသားသန္ဓေသားကြောင့် ဖြစ်နိုင်သည်။ ကျောင်းသားကောင်စီဥက္ကဋ္ဌ၏ စကားများက ယခင်ကထက် ပို၍ လူသားဆန်လာပေသည်။
“မင်း အနက်ရောင်မြူတွေထဲမှာ အကျိုးအမြတ်အများကြီး ရခဲ့တာပဲ၊ လူတိုင်းထက်စောပြီး အိပ်မက်သရဲ ဖြစ်လာခဲ့တာလေ၊ အခု ဒီကိုလာတာ ငါ့ကို လာကြွားဖို့ပဲတော့ မဟုတ်ဘူးမလား”
“မင်း အိပ်မက်သရဲဖြစ်ဖို့ ဘယ်လောက် လိုသေးလဲ”
ကောင်းယန်၏ အစစ်အမှန်ပုံစံသည် ဤနေရာတွင်မရှိဘဲ အလွန်နက်ရှိုင်းသော နေရာတွင် ဝှက်ထားခြင်းဖြစ်သည်။သားစားကြူးနတ်ဘုရားပင် ရှာမတွေ့နိုင်ချေ။ ထို့ကြောင့် ကောင်းမင်က တိုက်ရိုက် မေးလိုက်ခြင်း ဖြစ်သည်။
“ငါလည်း မသိဘူး၊ မနက်ဖြန်ပဲ အဆင့်တက်သွားနိုင်တယ် ဒါမှမဟုတ် အဲ့ဒီအဆင့်ကို ဘယ်တော့မှ မလှမ်းနိုင်တော့တာလည်း ဖြစ်နိုင်တယ်”
ကျောင်းသားကောင်စီဥက္ကဋ္ဌက မြေပုံပေါ်ရှိ အနက်စက်များကို ထိတွေ့ကြည့်လိုက်သည်။
“ငါက စုပေါင်းအသိစိတ်ပင်လယ်ကို ဆက်တိုက်ချဲ့ထွင်ရင်း လူတိုင်းရဲ့စိတ်ဆန္ဒတွေ အထွတ်အထိပ် ရောက်လာတဲ့အခါ ယန်ရှီကျီးလိုမျိုး အသွင်ပြောင်းတာ အောင်မြင်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် အိပ်မက်သရဲဖြစ်လာဖို့ အခက်အခဲကို ငါ့လျှော့တွက်ခဲ့မိပုံပဲ”
“ဘယ်နေရာမှာ ပိတ်မိနေတာလဲ”
“ဟန်ဟိုင်း ကျောင်းသားကောင်စီမှာ အဖွဲ့ဝင်သုံးသိန်းကျော် ရှိပေမယ့် ငါ့ရဲ့စိတ်ဆန္ဒက သူတို့ထဲက တစ်သောင်းလောက်ကိုပဲ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးနိုင်သေးတာ”
ဥက္ကဋ္ဌ၏ လက်ချောင်းများက မြေပုံပေါ်တွင် ရွေ့လျားနေသည်။
“လူတွေ ဘယ်လောက်များများ သူတို့ ငါ့ကို မယုံကြည်ရင် အသုံးမဝင်ဘူး၊ သူတို့က ငါ့အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ကို လိုလိုလားလား ရှိရမယ်၊ သူတို့ရဲ့ စိတ်ဆန္ဒတွေကို ငါ့အိပ်မက်ဆိုးတွေကို ပုံဖော်ဖို့ ဆေးသားတွေအဖြစ် အသုံးချခံဖို့ ဆန္ဒရှိရမယ်၊ အဲ့ဒီအခါကျမှပဲ ငါ့ကိုယ်ပိုင် အိပ်မက်သရဲကို တည်ဆောက်နိုင်မှာ”
အိပ်မက်သရဲဖြစ်လာရန် နည်းလမ်းသည် တစ်ခုတည်း ရှိခြင်းမဟုတ်ပေ။ ကောင်းယန်သည် ယန်ရှီကျီး လျှောက်ခဲ့သော လမ်းကိုပင် လျှောက်လှမ်းနေခြင်း ဖြစ်သည်။
“မင်းဦးဆောင်တဲ့ ကျောင်းသားကောင်စီက ဘေးကပ်ဆိုးအတွင်းမှာ နေရာအနှံ့က လူတွေကို ကယ်ဆယ်ခဲ့တယ်၊ သာမန်မြို့သားတွေအတွက် ခိုလှုံရာ ပေးခဲ့တယ်၊ လူတိုင်း ကန့်ကွက်ရှုံ့ချခဲ့တဲ့ မိစ္ဆာဦးနှောက်ဆေးအဖွဲ့အစည်းကနေ လူအများ လက်ခံလာတဲ့ အဖွဲ့အစည်းဖြစ်လာခဲ့တယ် ၊ ဒါက ပြောင်းလဲမှု အကြီးကြီးပဲ၊ လူတွေရဲ့ စိတ်နှလုံးတွေက တဖြည်းဖြည်း ပေါင်းစည်းလာနေပြီ၊ မင်းလည်း ဆက်တိုက် သန်မာလာနေတာကို ငါခံစားမိတယ်”
ကောင်းမင်၏ လေသံက ပြောင်းလဲသွားသည်။
“ဒါပေမယ့် ဒီအရှိန်က အရမ်းနှေးလွန်းသေးတယ်၊ ငါ စုံစမ်းစစ်ဆေးရေးဌာနချုပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တော့မယ်၊ မင်းသာ အိပ်မက်သရဲ ဖြစ်မလာသေးရင် အန္တရာယ်ရှိနိုင်သလို လုံလောက်တဲ့ ခြိမ်းခြောက်မှုကိုလည်း ဖန်တီးနိုင်မှာ မဟုတ်ဘူး”
“ခဏလေး နေပါဦး... မင်းက စုံစမ်းစစ်ဆေးရေးဌာနချုပ်ကို သွားတိုက်မလို့လား၊ ငါ့ကိုပါ ခေါ်သွားမလို့လား”
ကျောင်းသားကောင်စီဥက္ကဋ္ဌ၏ နူးညံ့သော အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားသည်။
“မင်း ငါ့ဆီလာတိုင်း ကောင်းတာတစ်ခုမှမပါဘူးဆိုတာ ငါသိသားပဲ”
“ငါတို့မှာ အချိန်မရှိတော့ဘူး”
ကောင်းမင်သည် ဟန်ဟိုင်းပြင်ပတွင် သူမြင်ခဲ့ရသည့် အမှန်တရားကို ကျောင်းသားကောင်စီဥက္ကဋ္ဌအား ပြောပြလိုက်သည်။ အိပ်မက်သရဲများသည် မပြောသင့်သူများထက် အဆမတန် အားနည်းနေသည်။ သွေးမြို့တော်ကို ပြန်လည်တည်ဆောက်နိုင်မှသာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်မည့် အခွင့်အရေး ရပေလိမ့်မည်။
ကောင်းမင်၏ စကားကို နားထောင်ပြီးနောက် ကျောင်းသားကောင်စီဥက္ကဋ္ဌ၏ မျက်နှာသွင်ပြင်က တဖြည်းဖြည်း ပြောင်းလဲလာ၏။ ကောင်းယန်၏ ပင်မစိတ်ဆန္ဒက ဆင်းသက်လာသည်။
“ဒီတစ်ခေါက် ငါဘာလုပ်ပေးရမလဲ”
“ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီပဲ၊ စုံစမ်းစစ်ဆေးရေးဌာနချုပ်ဆိုတာ နက်နဲပြီး အန္တရာယ်များတဲ့နေရာ၊ ငါတစ်ယောက်တည်း သွားဖို့က မလုံခြုံဘူး၊ ဒါကြောင့် မင်းကို ငါနဲ့အတူ လိုက်ခဲ့စေချင်တာ”
“ဘယ်တော့လဲ”
ကျောင်းသားကောင်စီဥက္ကဋ္ဌက မငြင်းပေ။ သူနှင့် ကောင်းမင်သည် အကြိမ်ကြိမ် တိတ်တဆိတ် ပူးပေါင်းခဲ့ဖူးပြီး အကြိမ်တိုင်းတွင်လည်း အကျိုးအမြတ်ကြီးစွာ ရရှိခဲ့ကြသည်။
“သုံးရက်အတွင်းပဲ”
ကောင်းယန်၏ သဘောတူညီချက် ရရှိပြီးနောက် ကောင်းမင်နှင့် အဖွဲ့ခေါင်းဆောင်တို့သည် မဆိုင်းမတွပင် ထွက်ခွာလာခဲ့ကြသည်။သူတို့က ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ တိုက်ရိုက် ဦးတည်လိုက်ကြသည်။
ယာဉ်သည် လူသူကင်းမဲ့နေသော လမ်းမထက်တွင် အရှိန်ဖြင့် ပြေးလွှားနေသည်။ ဟန်သဲ့ကိုယ်ပိုင်ကျောင်းနှင့် ကီလိုမီတာအနည်းငယ် အကွာတွင် ကောင်းမင်သည် အလွန်မြင့်မားလှသော အသွေးအသားသစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရသည်။ယင်းသည် လူအုပ်ကြီး၏ စုပေါင်းကြောက်ရွံ့မှုမှ ဖန်တီးထားသော သားစားကြူးနတ်ဘုရားဖြစ်ပြီး အကြောက်ရောဂါနှင့် ကျိကျဲတို့၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အနက်ရောင်မြူခိုးများထဲ ကောင်းမင် မဝင်ခင်က အသွေးအသားသစ်ပင်ကြီးသည် သူ့ကို မျိုးစေ့ သုံးစေ့ ပေးခဲ့ဖူးသည်။ ၎င်းတို့သည် နောက်ပိုင်းတွင် သူ့အိပ်မက်ဆိုးများအတွင်း များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ ကောင်းမင်သည် ထိုကျေးဇူးကို အမြဲအမှတ်ရနေခဲ့သည်။
“ဒါ ငါ မလာချင်ဆုံး နေရာပဲ၊ ကြောက်ရွံ့စိတ်တွေကို ခြယ်လှယ်ခံရတာက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်”
အဖွဲ့ခေါင်းဆောင်က မြင့်မားသော သစ်ပင်ကြီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ဆိုသည်။
“ဒါက တကယ့်ကို ဆိုးရွားတဲ့ အခြေအနေပဲ”
အမှန်တကယ်ပင် အဆိုးရွားဆုံး အချိန်ဖြစ်သည်။ အကြောက်တရားများ ပေါက်ကွဲနေပြီး ထိန်းချုပ်မရသော မိစ္ဆာသရဲမျိုးစုံ ထွက်ပေါ်လာနေသည်။ ဆွဲဆောင်မှုရှိသော ကျောင်းသားကောင်စီက မြို့တော်အရှေ့ပိုင်းကို သိမ်းပိုက်ထားသည်။ သက်ရှိများကို ကိုယ်စားပြုသော စုံစမ်းစစ်ဆေးရေးဌာနသည်လည်း တဖြည်းဖြည်း အားနည်းလာနေပြီး အရိပ်ကမ္ဘာက မြို့တော်ကြီးကို ရက်စက်စွာ ဝါးမြိုနေသည်။ သို့သော် ယင်းက အကောင်းဆုံးအချိန်လည်း ဖြစ်နေပြန်သည်။ ခြောက်ခြားဂိမ်းကစားသမားများ လျင်မြန်စွာကြီးထွားလာနေကြသည်။ ရှေ့ဆောင်လမ်းပြသူများသည် ပြတင်းပေါက်အပြင်ဘက်မှ စစ်မှန်သော ကောင်းကင်ယံကိုပင် မြင်တွေ့ခဲ့ကြပြီး အကျဉ်းထောင်ထဲသို့ အမှန်တရားကို ယူဆောင်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။
ကောင်းမင် မြင်တွေ့ခဲ့ရသော မရေမတွက်နိုင်သည့် ဟန်ဟိုင်းများထဲတွင် သူတို့ ရောက်ရှိနေသော ဤနေရာသည် စွမ်းအားအကြီးဆုံး မဟုတ်ပေ။ သို့သော်လည်း အရာရာကို ပြောင်းလဲပစ်နိုင်ရန် မျှော်လင့်ချက်အရှိဆုံး နေရာဖြစ်သည်။
ယာဉ်သည် ကျောင်းဝင်းအတွင်းသို့ မောင်းဝင်သွားပြီး အသားသစ်ပင်ကြီးရှေ့တွင် ရပ်တန့်လိုက်သည်။ ကောင်းမင်သည် သစ်ပင်ပင်စည်အနီးတွင် အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင် သစ်ပင်ကြီးနှင့် ပေါင်းစပ်နေသော ကျိကျဲကို သစ်ခေါင်းတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် ရှာတွေ့လိုက်သည်။
အိပ်မက်သရဲတစ်ကောင် ဖြစ်လာပြီးနောက် ကောင်းမင်သည် နောက်ဆုံးတွင် ကျိကျဲကို အကြောက်ရောဂါထဲမှ ခွဲထုတ်ရန် ကြိုးစားနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
“သူငယ်ချင်းဟောင်းကြီး... မတွေ့ရတာ ကြာပြီနော်”
ကောင်းမင်၏ အသံကို ကြားလိုက်သည့်အခါ ခြောက်သွေ့နေသော သစ်ကိုင်းများ ကြွေကျလာ၏။ မရေမတွက်နိုင်သော အမြစ်များဖြင့် ထိုးစိုက်ခံထားရသော ကျိကျဲ၏ ခန္ဓာကိုယ်က လှုပ်ရှားလာသည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။သူ့ မျက်စိသူငယ်အိမ်ထဲတွင် သွေးများမရှိဘဲ သေးငယ်သော အမြစ်များဖြင့်သာ ပြည့်နှက်နေလေသည်။
“ကောင်းမင်...”
ကျိကျဲ၏ အသံသည် သူ့ပါးစပ်မှ ထွက်လာခြင်း မဟုတ်ဘဲ သစ်ပင်ပင်စည်အတွင်းမှ ထွက်ပေါ်လာကာ သစ်ခေါင်းအတွင်း တိုက်ရိုက်ပဲ့တင်ထပ်လာခြင်း ဖြစ်သည်။
“မင်းပေးခဲ့တဲ့ မျိုးစေ့သုံးစေ့က ငါ့ကို အများကြီး ကူညီပေးခဲ့တယ်၊ အခု ငါ့မှာ မင်းကို ဒီကနေ ခေါ်သွားနိုင်တဲ့ စွမ်းအား ရှိနေပြီကွ”
သားစားကြူးနတ်ဘုရား၏ စွမ်းအားများ ပျံ့နှံ့သွားပြီး ကြောက်ရွံ့စိတ်ကို ဖိနှိပ်လိုက်သည်။ ယင်းက ခြောက်သွေ့နေသော သစ်သားထဲတွင် လှပသော ပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ပင်။ ကောင်းမင်က တိုက်ခိုက်ရန် (ကျိကျဲကို ခွဲထုတ်ရန်) စတင်တော့မည့်အချိန်တွင် ကျိကျဲက နောက်ဆုတ်သွားပြီး သစ်ကိုင်းများဖြင့် သူ့ကိုယ်သူ ပြန်လည်ရစ်ပတ်လိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ”
“ငါတို့ ကျောင်းအတူတူ တက်ခဲ့ကြတဲ့ မြင်ကွင်းတွေက ငါ့စိတ်ထဲမှာ အကြိမ်ကြိမ် ပြန်ပေါ်နေခဲ့တယ်၊ နောက်ဆုံးတော့ မင်းတို့အားလုံး ကျောင်းဆင်းသွားကြပေမယ့် ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့တာ”
ကျိကျဲသည် ကောင်းမင်နှင့်ဝေးရာ သစ်ခေါင်းအနက်ပိုင်းထဲတွင် ပုန်းအောင်းလိုက်သည်။
“ငါ မင်းနဲ့ မဆုံခင်က ဘေးလူတွေ သတိမထားမိတဲ့ သာမန်လူတစ်ယောက်ပဲ၊ ငါ့ရဲ့ အကြောက်တရားကသာ ငါ့ကို ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေး ပေးခဲ့တာ၊ ငါ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးတဲ့ ဘဝအတွေ့အကြုံတွေကို ရရှိစေခဲ့တာ”
“မင်းကိုယ်မင်း ပြန်မဖြစ်ချင်တော့ဘူးလား”
“ဘယ်သူမှ ဂရုမစိုက်တဲ့ အပယ်ခံလူတစ်ယောက် ဖြစ်နေမယ့်အစား လူတိုင်းကြောက်ရတဲ့ သရဲတစ်ကောင် ဖြစ်ရတာကို ငါပိုကြိုက်တယ်”
ကျိကျဲ၏ အသံသည် သစ်ခေါင်းအတွင်းမှတစ်ဆင့် အဝေးသို့ ပျံ့လွင့်သွားသည်။ အကြောက်တရားကို ဖြစ်ပေါ်စေသော အကြောက်ရောဂါလူသေဓာတ်ပုံသည် သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် ဝှက်ထားပုံရသည်။
“အဲ့ဒီဓာတ်ပုံက ငါနဲ့ မထိုက်တန်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါ တခြားသူတွေထက် ပိုကောင်းအောင် လုပ်ပြမယ်၊ ကြောက်ရွံ့မှုတွေက ဆက်ပျံ့နေဦးမှာ ဖြစ်ပေမယ့် ဘယ်တော့မှ ထိန်းချုပ်မှုမလွတ်စေစေရဘူးလို့ မင်းနဲ့ ကျောင်းအုပ်ယန်ကို ငါကတိပေးနိုင်ပါတယ်”