← Chapters

အခန်း (၃၁၈)

Vol. 31 Ch. 318

အခန်း (၃၁၈)

Vol. 31 Ch. 318

ငါးရက်မျှ ကုန်လွန်သွားခဲ့သော်လည်း ကျိုးရွာလေးမှာမူ အေးချမ်းငြိမ်သက်နေဆဲပင်။

ယွင်ရှန်း တစ်ယောက် စိတ်မရှည်ဖြစ်လာချိန်မှာပင်ထိုည၌ သူမနှင့် ဟွမ်ချွဲတို့သည် ထုံးစံအတိုင်း မီးပိတ်၍ အနားယူနေကြပြီး ယွင်ရှန်းမှာမူ ခုတင်ခေါင်းရင်းတွင် ထိုင်လျက် တရားမှတ်နေခဲ့သည်။

သန်းခေါင်ကျော်အချိန်ရောက်ပြီး မကြာမီမှာပင် ကျေးရွာ၏ ကောင်းကင်ယံထက်၌ တောက်ပသော မီးအချက်ပြတစ်ခု ဖြတ်သန်းသွားသည်။ ယွင်ရှန်း၏ ထက်မြက်သော မျက်လုံးများမှာ ချက်ချင်းပင် ပွင့်လာခဲ့ပြီး ဟွမ်ချွဲနှင့် လျှိုကျိတို့ကို နှိုးလိုက်တော့သည်။

ရွာအတွင်း၌ လူတို့၏ အော်ဟစ်သံများနှင့် ခွေးဟောင်သံများမှာ မပြတ်တမ်း ထွက်ပေါ်လာတော့သည်။

"အထဲက လူတွေအားလုံးကို အပြင်ဆွဲထုတ်စမ်း"

ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူတို့သုံးဦး ရှိနေသော အိမ်တံခါးမှာ ဝုန်းကနဲ ပွင့်ထွက်သွားတော့သည်။ ယွင်ရှန်း၊ ဟွမ်ချွဲနှင့် လျှိုကျိတို့သည် အိမ်ထဲတွင် ကြောက်လန့်တကြား တုန်ရင်နေဟန်ဆောင်ကာ လှုပ်ရှားခြင်းမရှိဘဲ ပုန်းနေလိုက်ကြသည်။

ထိုစဉ် အရပ်အမြင့် တစ်မီတာခန့်ရှိသော လေလွင့်ခွေးအချို့မှာ အထဲသို့ အပြေးအလွှား ဝင်လာကြသည်။

လေလွင့်ခွေး ဆိုသည်မှာ လေဝံပုလွေနှင့် အိမ်မွေးခွေးတို့ စပ်ထားသော စပ်မျိုးမိစ္ဆာသားရဲဖြစ်သည်။ ၎င်းတို့သည် နွားကလေးတစ်ကောင်ခန့် အရွယ်အစားရှိပြီး ကျောပေါ်တွင် အနက်ရောင် အတောင်ပံတစ်စုံ ပါရှိသည်။ ဤလေလေလွင့်ခွေးများသည် အထူးလေ့ကျင့်ပေးထားခြင်း ခံထားရသည်မှာ သိသာလှသည်။ ၎င်းတို့၏ လည်ပင်းတွင် ဆူးချွန်များ တပ်ဆင်ထားသည့် လည်ပတ်များကိုယ်စီ ရှိနေကြသည်။

မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသော လျှို့ဝှက်လူသားအချို့ အိမ်ထဲသို့ ဇွတ်ဝင်လာကြသည်။ တစ်ယောက်က အိမ်အတွင်းပိုင်းကို ဝေ့ကြည့်လိုက်ရာ ကြောက်လန့်တကြား ဖြစ်နေသော လူငယ်သုံးဦးသာရှိသည့် သာမန်နေအိမ်တစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"တောက်... သွားကြားတောင် မညှပ်တဲ့ ပိန်လိန်နေတဲ့ ကြွက်သုံးကောင်ပါလား။ ဘာဖြစ်တဲ့ရွာလဲ မသိဘူး။ လူတောင် ခပ်ကျဲကျဲပဲ ရှိတော့တယ်"

ကျိုးရွာသည် အနီးနားတွင် အလတ်စား လူနေရပ်ကွက်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး အမြဲတမ်းနေထိုင်သူ ငါးရာကျော်ရှိသော်လည်း တစ်ရွာလုံး အစုလိုက်အပြုံလိုက် ပျောက်ဆုံးသွားသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပြီးကတည်းက တတ်နိုင်သူများမှာ မြို့ပေါ်သို့ ပြောင်းရွှေ့ကုန်ကြပြီ ဖြစ်သည်။

ယခုအခါ ကျိုးရွာတွင် ကျန်ရစ်သော ရွာသားအရေအတွက်မှာ နှစ်ရာကျော်သာရှိပြီး အများစုမှာ မပြောင်းရွှေ့နိုင်လောက်အောင် ဆင်းရဲလွန်းသူများ သို့မဟုတ် အားနည်းသူများသာ ဖြစ်သည်။ အဓိကအားဖြင့် သက်ကြီးရွယ်အိုများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများသာ ကျန်ရစ်တော့သည်။

ဤလျှို့ဝှက်တိုက်ခိုက်သူများသည် လူဖမ်းဆီးရရှိမှုကို သူတို့၏ လုပ်ဆောင်ချက်အမှတ်နှင့် ဆုလာဘ်များအတွက် အသုံးချကြခြင်းဖြစ်သည်။ ဖမ်းဆီးလာသော ရွာသားများ သန်မာလေလေ မိုင်းတွင်းထဲတွင် ကြာကြာအလုပ်လုပ်နိုင်လေဖြစ်ရာ သူတို့အတွက် ပို၍အကျိုးရှိလေဖြစ်သည်။

ကျိုးရွာမှ ရွာသားများမှာမူ အားနည်းပြီး ရောဂါထူပြောသူများသာ ဖြစ်ကြသည်။ ဤလူအုပ်စုကို ခေါ်ဆောင်သွားခြင်းမှာ ဆုလာဘ်ရရန် မသေချာသည့်အပြင် အထက်လူကြီးများ၏ ပြစ်တင်ကြိမ်းမောင်းမှုကိုပင် ခံရနိုင်ခြေရှိသည်။

ယွင်ရှန်းသည် ရှိုက်ကြီးတငင် ငိုကြွေးဟန်ဆောင်ရင်း လျှို့ဝှက်ဓားပြအချို့ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ သူတို့မှာ တစ်ဦးချင်းစီ ၁၇၅ စင်တီမီတာကျော် အရပ်အမောင်းရှိကြပြီး လမ်းလျှောက်ဟန်နှင့် ကြွက်သားဖွဲ့စည်းပုံကို ကြည့်ခြင်းအားဖြင့် သူတို့မှာ စနစ်တကျ လေ့ကျင့်မှုရရှိထားသူများဖြစ်ကြောင်း သိသာလှသည်။

ဤလူများသည် စစ်သားဟောင်းများ သို့မဟုတ် အမဲလိုက်စစ်သည်များ ဖြစ်နိုင်သော်လည်း တစ်ခုမှာမူ သေချာသည်။ သူတို့မှာ ကျိုးနိုင်ငံသားများ မဟုတ်ကြချေ။

"စကားတွေ အပိုမပြောနဲ့တော့ မြင်တဲ့သူအကုန် ဖမ်းခဲ့။ အလုပ်ဒဏ်မခံနိုင်လို့ သေသွားရင်

လည်း လေလွင့်ခွေးတွေကို ကျွေးဖို့ အပြင်ကို ပစ်ထုတ်လိုက်ရုံပဲ။ ငါတို့မှာ ရိက္ခာတွေ အများကြီး ပါလာတာ မဟုတ်ဘူး"

လျှို့ဝှက်လူသားများထဲမှ ခေါင်းဆောင်ငယ်ဟု ထင်ရသူတစ်ဦးက ပြောလိုက်သည်။

သူသည် စကားများနေသော သူ၏လက်အောက်ငယ်သားကို စိုက်ကြည့်ကာ အချက်ပြလိုက်ရာ လျှို့ဝှက်လူသားအချို့က စကားမပြောနိုင်ဘဲ ကြောက်လန့်နေကြသော ယွင်ရှန်း အပါအဝင် လူငယ်သုံးဦးကို ဖမ်းဆီး၍ အိမ်အပြင်သို့ အတင်းအဓမ္မ ဆွဲထုတ်သွားကြတော့သည်။

လူများကို ဆွဲထုတ်ပြီးနောက် သူတို့သည် အိမ်ကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ တစ်ရွာလုံးတွင် ထူထပ်လှသော မီးခိုးမည်းကြီးများ လိပ်တက်နေပြီး ရွာသူရွာသား အားလုံးကို ရွာဦးထိပ်သို့ စုပြုံမောင်းနှင်သွားကြသည်။

မည်သူ့ကိုမျှ စကားပြောဆိုခွင့် သို့မဟုတ် အသနားခံခွင့် မပေးချေ။ သူတို့ထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ပြီး အချို့မှာ နို့စို့ကလေးငယ်များကို ပိုက်ထွေးထားကြသည်။

သတင်းအစအန မပေါက်ကြားစေရန်အတွက် ရွာအတွင်း၌ အသက်ရှင်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရန် သူတို့ လုပ်ဆောင်ကြသည်။ ရွာရှိ တိရစ္ဆာန်အားလုံးကိုလည်း ရိက္ခာအဖြစ် အသုံးပြုရန် သိမ်းကျုံးမောင်းနှင်သွားကြတော့သည်။

"ဝါး... အား..."

ကလေးငယ်တစ်ဦးမှာ ထိတ်လန့်တကြားဖြစ်ကာ စတင်ငိုကြွေးတော့သည်။ ကလေးကို ပွေ့ချီထားသော အမျိုးသမီးမှာ ချော့မြူရန် ကြိုးစားသော်လည်း ကလေးငယ်မှာမူ မတိတ်ဘဲ အော်ငိုနေမြဲ ဖြစ်သည်။

ဓားပြခေါင်းဆောင်ငယ်၏ အကြည့်မှာ အေးစက်စက်နှင့် တင်းမာလှသည်။ သူ၏အချက်ပြမှုကြောင့် သွားရည်တမြားမြားကျနေသော လေလွင့်ခွေးတစ်ကောင်မှာ ရှေ့သို့ ဒုန်းကနဲ ခုန်ဝင်သွားတော့သည်။

"ကျွန်မကလေးကို လွှတ်ပါ... လွှတ်ပေးကြပါ"

မိခင်ဖြစ်သူသည် သူမ၏ရင်သွေးငယ်ထံသို့ ခုန်အုပ်လာသော လေလေလွင့်ခွေးကို မြင်လိုက်ရသောအခါ သွေးရူးတန်းရူးဖြင့် အသည်းအသန် ရုန်းကန်တော့သည်။ သူမသည် သာမန်

အမျိုးသမီးတစ်ဦးသာ ဖြစ်ရာ အဆင့် (၅) ရှိသော လေလွင့်ခွေး တစ်ကောင်ကို မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိချေ။

ထိတ်လန့်ဖွယ်ရာ ဝါးမျိုးလိုက်သည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင်မူ ကလေးငယ်၏ ငိုသံမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ယွင်ရှန်းသည် ဤအဖြစ်အပျက်ကို ကြည့်ရင်း သူမ၏လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားမိသည်။ သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စူးဝင်နေတော့သည်။ သူမ ဝင်ရောက်မကူညီနိုင်ခဲ့ချေ။ ဒေါသအဟုန်မှာ လှိုင်းတံပိုးများအလား သူမ၏ ရင်ထဲတွင် တလိမ့်လိမ့် တက်လာပြီး စိတ်ကို မည်သို့မျှ တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။

အကယ်၍ သူမသာ ယခု လှုပ်ရှားလိုက်ပါက သူတို့၏ အစီအစဉ်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ လူပေါင်းတစ်ထောင်ကျော်၏ အသက်နှင့် ခရမ်းရွှေကြော၏ အရေးကလည်း ရှိနေသေးသည်။

ယွင်ရှန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဟွမ်ချွဲ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ယနေ့ည၏ ရက်စက်လှသော မြင်ကွင်းမှာ သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားတော့သည်။

"လူကြီးနှစ်ယောက်ကို သားရဲတစ်ကောင်ပေါ်တင်။ ကလေးနဲ့ လူအို သုံးယောက်ကို သားရဲတစ်ကောင်ပေါ်တင်။ ကျန်တဲ့ တိရစ္ဆာန်တွေကို အကုန်မောင်းခဲ့"

ခေါင်းဆောင်ငယ်မှာ ကလေးငယ်တစ်ဦး သေဆုံးသွားခြင်းအပေါ် လုံးဝ ဂရုမစိုက်ပေ။ ရွာထဲတွင် အသက်ရှင်သူ မကျန်တော့ကြောင်း အတည်ပြုပြီးနောက် သူ၏လက်အောက်ငယ်သားများကို ရွာသားများအား လေလွင့်ခွေးများပေါ်သို့ တင်ရန် ညွှန်ကြားတော့သည်။

နာရီဝက်ခန့်အတွင်းမှာပင် ကျိုးရွာလေးမှာ မီးပင်လယ်အတွင်းသို့ နစ်မြုပ်သွားခဲ့ရတော့သည်။

ယွင်ရှန်း၊ ဟွမ်ချွဲနှင့် လျှိုကျိတို့သည် လေလွင့်ခွေးတစ်ကောင်၏ ကျောပေါ်တွင် အတူထိုင်လိုက်ကြသည်။

လေလွင့်ခွေးသည် လျင်မြန်စွာပင် ကောင်းကင်သို့ ပျံတက်သွားရာ မကြာမီမှာပင် ကျိုးရွာလေးမှာ အောက်ခြေ၌ အလွန်သေးငယ်၍ ကျန်ရစ်ခဲ့တော့သည်။ ဟွမ်ချွဲနှင့် လျှိုကျိတို့မှာ ပျံသန်းနိုင်သော မိစ္ဆာသားရဲကို ပထမဆုံးအကြိမ် စီးနင်းဖူးခြင်းဖြစ်ရာ အလွန်အမင်း ထိတ်လန့်နေကြပြီး မျက်နှာများမှာလည်း တင်းမာနေကြသည်။

မြေပြင်မှ ခွာလာပြီးနောက်တွင်မူ ထိုလျှို့ဝှက်လူသားများသည်လည်း သူတို့၏ သတိဝီရိယကို လျှော့ချလိုက်ကြသည်။ သူတို့၏အမြင်တွင် ဖမ်းဆီးလာသော ဤရွာသားများမှာ သာမန်လူများသာ ဖြစ်ကြပြီး ဤမျှမြင့်မားသော အမြင့်၌ ရွာသားများအနေဖြင့် မည်သည့်ပြဿနာမျှ မဖန်တီးနိုင်ဟု ယုံကြည်နေကြသည်။

"မကြောက်နဲ့... ဒါတွေက လေ့ကျင့်ပေးထားတဲ့ မိစ္ဆာသားရဲတွေပဲ။ မြင်းစီးနေရတယ်လို့ပဲ သဘောထားလိုက်"

ယွင်ရှန်းသည် ရန်သူများ သတိလက်လွတ်ဖြစ်နေသည်ကို မြင်သောအခါ သူမ၏ လက်ဖဝါးကို သူမစီးနင်းထားသော လေလွင့်ခွေး၏ ဦးခေါင်းထက်သို့ တိတ်တဆိတ် တင်လိုက်သည်။

သိမ်မွေ့လှသော မှော်စွမ်းအားမှာ လေလွင့်ခွေး၏ ဦးခေါင်းအတွင်းသို့ ထိုးဖောက်ဝင်

ရောက်သွားရာ သားရဲ၏မျက်လုံးများထဲတွင် ပထမ၌ ထိတ်လန့်ရိပ်များ ယှက်သန်းသွားသော်လည်း မကြာမီမှာပင် တွေဝေငေးငိုင်သော အမူအရာဖြင့် အစားထိုးသွားသည်။ ခဏအကြာတွင်မူ ထိုငေးငိုင်မှုမှာ ယဉ်ပါးနူးညံ့သော အသွင်သို့ ပြောင်းလဲသွားတော့သည်။

လေလွင့်ခွေး၏ ပျံသန်းနိုင်စွမ်းမှာ သာမန်လင်းယုန်များ၊ သိန်းငှက်များထက်ပင် ပိုမိုထက်မြက်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသဖြင့် လူနှင့် တိရစ္ဆာန်များကို သယ်ယူပို့ဆောင်ရန် အသင့်တော်ဆုံး ဖြစ်သည်။ ယွင်ရှန်းသည် တောင်ဘက်ကောင်းကင်ရှိ တောင်ဘက်

ကြက်ခြေခတ် ကြယ်စုတန်းကို ကြည့်ကာ ပျံသန်းသည့်ကြာချိန်ကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။

နှစ်နာရီကျော်မျှ ပျံသန်းပြီးနောက် ညဉ့်မှောင်ရိပ်များ ကွယ်ပျောက်၍ အရုဏ်ဦး၏ နီမြန်းသော တိမ်တိုက်များ ပေါ်ထွက်လာချိန်တွင် လျှို့ဝှက်လူသားအုပ်စုနှင့် လေလွင့်ခွေးများသည် သူတို့၏သားကောင်များနှင့်အတူ မထင်မရှားသော တောင်ကုန်းတန်းတစ်ခုကြားသို့ ဆင်းသက်လိုက်ကြသည်။

ဤတောင်တန်းမှာ သူတို့ဖြတ်သန်းလာခဲ့သော တောင်တန်းများနှင့် ဘာမျှမခြားနားလှပေ။ သို့သော် အနီးကပ်သေချာကြည့်လျှင်မူ စိမ်းလန်းစိုပြည်နေသော တောအုပ်အတွင်း၌ သေစေနိုင်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပျံ့နှံ့နေသည်ကို သတိပြုမိနိုင်သည်။

သစ်ရွက်များကြားနှင့် ကျောက်တုံးများကြားတွင် သေစေနိုင်သော မြားထောင်ချောက် အမြောက်အမြားကို ဆင်ယင်ထားသည့်အပြင် မီးမှော်ဓာတ်များ ထုတ်လွှတ်နေသော မှော်စက်ကွင်းအချို့ကိုလည်း တွေ့ရသည်။ အကယ်၍ ပြင်ပလူများ ကျူးကျော်ဝင်ရောက်လာပါက ထိုမြားထောင်ချောက်များနှင့် မီးမြားမှော်စက်ကွင်းများမှာ ချက်ချင်းဆိုသလို အလုပ်လုပ်မည်ဖြစ်ကာ ကျူးကျော်သူကို ပျားအုံကဲ့သို့ အပေါက်ဗလပွဖြစ်အောင် လုပ်ပစ်ပေလိမ့်မည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူထပ်လှသော အပူပိုင်းသစ်တောများဖြစ်ပြီး သူတို့စီးနင်းလာသော လေလွင့်ခွေးမှာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ လျှို့ဝှက်လူသားများသည် လေလွင့်ခွေးများကို ကျွေးရန်အတွက် မိစ္ဆာသားရဲအသားအချို့ကို ချက်ချင်းထုတ်ယူလိုက်ကြသည်။

လေလွင့်ခွေးပေါ်မှ ဆင်းလိုက်သောအခါမှသာ ယွင်ရှန်းတို့သည် သူတို့ကိုယ်သူတို့ မိုင်းဧရိယာအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

ယွင်ရှန်းသည် ကျုံးရန်၏ လင်းနို့များ သတင်းပို့ခဲ့သော မိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်းကို နောက်ဆုံးတွင် မြင်လိုက်ရပြီဖြစ်သည်။ ၎င်းမှာ ခရမ်းရောင်သန်းသော အနီရောင် သင်္ကေတများဖြင့် မှတ်သားထားသော မှော်စက်ကွင်းတစ်ခုဖြစ်ပြီး နေ့ဘက်တွင် အလုပ်မလုပ်သော်လည်း ညဘက်တွင်မူ အသက်ဝင်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုစက်ကွင်းကို မဆင်မခြင် နင်းမိပါက အတွင်းမှ ထွက်ပေါ်လာသော မိုးကြိုးမှော်ကြောင့် ပြာအဖြစ်သို့ လွင့်စင်သွားပေလိမ့်မည်။

ယင်း၏ ဖောက်ခွဲနိုင်စွမ်းမှာ ခေတ်သစ် မြေမြှုပ်မိုင်းများထက်ပင် မနိမ့်လှချေ။

All Chapters