လွဲချော်ခြင်း
Vol. 3 Ch. 31
မမျှော်လင့်ဘဲ အမေးခံလိုက်ရသဖြင့် လုမင်ယွိသည် အနည်းငယ် မလုံမလဲဖြစ်သွားပြီး တွေဝေမနေဘဲ ပြန်ဖြေလိုက်တော့သည်။ "ဒါပေါ့။ သမီးတို့တွေ မတွေ့ဖူးကြပါဘူး"
သမီးထက် အဖေ့ကို ပိုသိသူမရှိသလို အဖေ့ထက် သမီးကို ပိုသိသူလည်း မရှိချေ။
အကြည့်တစ်ချက်နှင့်ပင် သူမသည်အမှန်ကို ပြောနေခြင်း မဟုတ်ကြောင်း သိနိုင်ပေသည်။
လုမင်ယွိသည် တော်ဝင်မိသားစုထဲသို့ ကြင်ရာတော်အဖြစ် လက်ထပ်ဖို့ရန် တွန့်ဆုတ်နေခြင်းမှာ ဒုတိယမင်းသားနှင့်များ ပတ်သက်နေသလား။
ပုံပြင်စာအုပ်များကို ဖတ်ရှုရသည်ကို နှစ်သက်သဘောကျသည့် ရှင်းယန်ဝမ်လုလင်းသည် ရုတ်တရက်ဆိုသလို ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှပြီး ခွေးသွေးဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ကို လုပ်ကြံလေတော့သည်။
သူက သူမကို သဘောကျတယ်။ သူကလည်း သူမကို သဘောကျတယ်။ သူမက အစတုန်းကတော့ သူ့ကို သဘောကျပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူမက နောက်ထပ် ယောက်ျားလေးတစ်ယောက်ကို သဘောကျနေတဲ့အကြောင်း သိသွားခဲ့တယ်။ သူတို့နှစ်ယောက်က ညီအစ်ကိုတွေ ဖြစ်နေတုန်းပဲ။ သူမအတွက်တော့ သူမအတွက် ညီအစ်ကိုတွေက ကျောခိုင်းခဲ့ကြတယ်။ သူမအတွက် ဆုံးဖြတ်ချက်ချဖို့ကလည်း ခက်ခဲသွားပြီ။ ဒီတော့ဒီအတိုင်း ဓားတစ်ချောင်းနဲ့ သူ့ရဲ့ချစ်ခြင်းတွေကို ဖြတ်တောက်လိုက်ပြီး နှစ်ယောက်စလုံးရဲ့ သံယောဇဉ်တွေကိုလည်း တစ်ချက်တည်းနဲ့ ဖြတ်တောက်ပစ်လိုက်တာ ...
"တော်တော့ !" လုမင်ယွိ၏ ရယ်စရာကောင်းကာ ကူကယ်ရာမဲ့သွားသည့်အသံသည် လုလင်း၏စိတ်ကူးများကို ဖြတ်တောက်လိုက်တော့သည်။ "အဖေ အဖေတွေးနေသလို မဟုတ်ဘူးနော်။ ဒီအကြောင်းကို ဆက်မစဉ်းစားနဲ့တော့"
လုလင်းက မျက်တောင်ခတ်လိုက်ကာ အသက်၃၀အရွယ် ယောက်ျားတစ်ယောက်သည် ကြောက်မက်ဖွယ်ရာ သံမဏိသွေး စစ်သူကြီးတစ်ယောက်လည်း ဖြစ်လေကာ သူ၏ ချစ်လှစွာသောသမီးလေး ရှေ့တွင်တော့ အလွန်စနောက် ကျီစယ်သံနေတော့သည်။ "အဖေ ဘာစဉ်းစားနေလဲ ဆိုတာကို မင်းက ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ"
လုမင်ယွိက ပြုံးလိုက်ကာ အဖေဖြစ်သူကို မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်လိုက်ပြီး "အဖေက အားတဲ့အချိန်ဆိုရင် စာအုပ်တွေ ဖတ်ရတာ ကြိုက်တယ်လေ။ လှပတဲ့အမျိုးသမီးလေး တစ်ယောက်က ဆင်းရဲတဲ့ ပညာရှင်တစ်ယောက်လေးကို ချစ်ကျွမ်းဝင်တာမျိုး။ လှပတဲ့မုဆိုးမတစ်ယောက်က အမာရွတ်မျက်နှာနဲ့ စစ်သူကြီးတစ်ယောက်ကို သဘောကျသွားတာမျိုး။ ဆောင်ကြာမြိုင်က အဆိုတော်တစ်ယောက်က ကိုယ့်ဟာကိုယ် ပြန်ရွေးထုတ်ပြီး ဆီသည်ယောက်ျားတစ်ယောက်နဲ့ လက်ထပ်တာမျိုးတွေပေါ့"
"ဖတ်ရုံနဲ့ မလုံလောက်တော့လို့ ကိုယ့်ဟာကိုတောင်မှ ဝတ္ထုစာအုပ်နှစ်အုပ် ရေးခဲ့သေးတယ်လေ။ အဲဒီနောက်မှာ တိုးတိုးတိတ်တိတ်လေး စာအုပ်ထုတ်ဝေခဲ့ပြီး စာအုပ်ဆိုင်မှာတောင် ရောင်းလိုက်သေးတယ်။ အဖေ ဘာစဉ်းစားနေတယ်ဆိုတာကို သမီးကခန့်မှန်းလို့ မရနိုင်ရိုးလား"
လုလင်း "..."
လုလင်း၏ မျက်နှာအိုကြီးသည် အနည်းငယ် နီရဲသွားကာ ချောင်းဟန့်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်တော့သည်။ "ဒါဆိုရင် သမီးက အမြဲတမ်း သိနေခဲ့တာပဲ !"
လူတိုင်းတွင်လည်း မိမိကြိုက်နှစ်သက်သည့် အရာများ ရှိကြလေသည်။ တချို့က အစားအသောက်နှင့် သေရည်ကို သဘောကျကာ တချို့ကလည်း ရှေးဟောင်း လက်ရေးလက်သားများနှင့် ပန်းချီများကို နှစ်သက်ကြသည်။ လူတချို့ကတော့ အလှအပကို လောဘတက်ကြပြီး တချို့လူများကတော့ စစ်မြင်းများ စုဆောင်းရသည်ကို နှစ်ခြိုက်သည်။ ထူးထူးဆန်းဆန်းမပြောနှင့်။ အမှောင်မိုက်ဆုံးနှင့် လိမ်ကောက်လှသည့် ဝါသနာတချို့လည်း ရှိကြသည်ပင်။
နှိုင်းယှဉ်ကြည့်လျှင်တော့ လုလင်း၏ဝါသနာမှာ ငွေကုန်ကြေးကျလည်း မရှိသလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေသည့် အရာမျိုး မဟုတ်ပေ။ ဦးနှောက်ကို လေ့ကျင့်ပေးပြီး အသက်ရှည်ရှည် နေထိုင်ဖို့ရန်အတွက် ကောင်းမွန်သည့်အရာပင် ဖြစ်နေသေးသည်။
လုမင်ယွိကလည်း အေးအေးလူလူ ပြုံးပြလိုက်၏။ "သမီးက မသိဘဲ ဘယ်လိုနေမှာလဲ"
"ဒါပေမဲ့ အဖေရေးထားတဲ့ စာအုပ်တွေက အရမ်းကို ချဲ့ကားလွန်းတယ်။ ရောင်းထွက်ဖို့ မလွယ်ဘူးလေ။ သမီးက လူလွှတ်ပြီးတော့ အဲဒီစာအုပ်ကို တိုးတိုးတိတ်တိတ် သွားဝယ်ခိုင်းရသေးတယ်။ အဲဒီစာအုပ်တွေကို သိမ်းဆည်းထားဖို့ မသုံးတော့တဲ့ ဂိုဒေါင်တစ်ခုကိုတောင်မှ ရှာထားရသေးတယ်လေ !"
လုလင်း "..."
လုလင်းကတော့ သူအချိန်အကြာကြီး ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်လေးသည် အညှာတာကင်းမဲ့စွာ ဖော်ထုတ်ခံလိုက်ရသည်ဟု စဉ်းစားမိလိုက်၏။ ဒေါသထွက်ရမည့်အစား သူသည် စိတ်လှုပ်ရှားကာ မျက်ရည်များပင် ဝေ့တတ်လာတော့သည်။ "အဲဒီစာအုပ်တွေ ညတွင်းချင်း ရောင်းကုန်သွားတာလည်း မဆန်းတော့ပါဘူး။ ငါ့သမီးရဲ့မျက်လုံးတွေနဲ့ ပုလဲတွေကြောင့် ဖြစ်နေတာကိုး !"
လုမင်ယွိသည်လည်း သဘောကျသွားကာ တစ်ဖန်ရယ်မော လိုက်လေတော့သည်။
လုလင်းကလည်း အားရပါးရ ရယ်မောလိုက်ပြီး သူ၏ရင်ထဲက သံသယများမှာ ချက်ချင်းဆိုသလို မေ့ပျောက်ခံလိုက်ရတော့၏။
ဒုတိယမင်းသား၊ တတိယမင်းသား။ အဲလိုဟာတွေ အရေးမကြီးပါဘူး။ သူ့သမီး ပျော်နေရင် ရပါပြီ။
လုလင်းသည် ခဏလောက် ပြုံးရယ်လိုက်ပြီးမှ မေးလာခဲ့၏။ "အကြောင်းအရင်းမရှိဘဲနဲ့ အဖေက ဒုတိယမင်းသားအကြောင်း ဘာဖြစ်လို့ ထုတ်မေးလာတာလဲ။ မဟုတ်မှလွဲရော အဖေနန်းတော်ထဲ သွားတုန်းက ဒုတိယမင်းသားနဲ့ တွေ့ခဲ့တာလား"
လုလင်းက လုမင်ယွိ၏ စကားကို နားထောင်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "ဒီနေ့ ညီလာခံကြီးတစ်ခု တက်ရောက်ရတယ်။ ငယ်ရွယ်သေးတဲ့ မင်းသား၅က လွဲပြီးတော့ မင်းသားတွေအားလုံး ညီလာခံ တက်ရောက်လာတယ်လေ။ ညီလာခံ ပြီးဆုံးသွားတဲ့အချိန်မှာ ဒုတိယမင်းသားက အရင်ဆုံးရောက်လာပြီးတော့ အဖေနဲ့စကား နည်းနည်းပါးပါး လာပြောတယ်"
သမီးဖြစ်သူက ဒီအကြောင်းကို မပြောချင်ဘူးဆိုမှတော့လည်း အဖေကလည်း ဒီအကြောင်းကို စိတ်ထဲထားနေစရာ မလိုတော့ပါဘူး။ ငါ့သမီးလေးကို သူ့ဒဏ်ရာ တိုးတိုးတိတ်တိတ်လေး ကုသပါစေ။ ချောမော ချစ်မြတ်နိုးပြီး သိမ်မွေ့တဲ့ တစ်ယောက်ကို မေ့ပျောက်လိုက်။ လွှမ်းမိုးတတ်ပြီး ချောမောပြီး တကယ်စေတနာထားတတ်တဲ့ တစ်ယောက်ကိုလည်း မေ့ပစ်လိုက်ပါစေတော့။
လုလင်းသည် ထိုသို့စဉ်းစားလိုက်ပြီး ယုံးကျားဧကရာဇ်နှင့် ပြောခဲ့သည့်စကားများကို အကျဉ်းချုံးပြောပြလိုက်ကာ လုမင်ယွိကို တစ်ဆင့်ပြန်ပြောပြလိုက်လေသည်။
လုမင်ယွိသည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ဤအခိုက်အတန့်တွင်တော့ လုလင်းကဘာကို စဉ်းစားနေသည်ကို မသိမြင်နိုင်ပေ။
ရလဒ်အနေဖြင့် လုမင်ယွိသည် အရေးအကြီးဆုံး အချက်ကိုမှ လွဲချော်သွားလေတော့သည်။
ယုံးကျားဧကရာဇ်က ထပ်မံ၍ လက်ထပ်ထိမ်းမြားခြင်း အပ်နှင်းတော့မည်မဟုတ်ဟု သိလိုက်ရသောအခါ လုမင်ယွိ၏ ရင်ထဲက ဝန်ထုပ်ဝန်ပိုးမှာ ပြုတ်ကျသွားပြီး သူမ၏နှုတ်ခမ်းထောင့်လေးများက ကွေးတတ်သွားကာ တောက်ပစွာ ပြုံးလိုက်တော့သည်။
"အဖေ သမီးအဖေ့အတွက် အစားအသောက်တွေ ပြင်ဆင်ထားပေးမယ်။ သာ့ကျဲ၊ သာ့ကျဲဖူနဲ့ အာ့ကောတို့ကို ခေါ်လိုက်မယ်"
လုလင်းကလည်း ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်တော့သည်။
...
သိပ်မကြာခင်တွင် လုမင်ဖန်းနှင့် တခြားသူများ သည်လည်း ထမင်းစားခန်းထဲတွင် စုဝေးရောက်ရှိ လာကြ၏။
လုမိသားစုတွင် ယောက်ျားနှင့်မိန်းမ သီးခြားထိုင်ခုံများ ထိုင်ဖို့ရန် စည်းကမ်းသတ်မှတ်ထားခြင်း မရှိချေ။ အားလုံးက သစ်တော်ပင်အသားဖြင့် ပြုလုပ်ထားသည့် စားပွဲဝိုင်းတွင် ဝိုင်းထိုင်လိုက်ကြကာ လုမိသားစုသည် စားသောက်နေရင်း စကားမပြောရ ဟူသည့် စည်းမျဉ်းစည်ကမ်းလည်း မရှိချေ။ သူတို့အားလုံးက အလွန်ရွှင်လန်းတက်ကြွ နေကြတော့သည်။
ကျန်းကျုံးက လုမင်ဖန်းကို မျက်ရိပ်ပြလိုက်၏။ လုမင်ဖန်းက မသိမသာ ခေါင်းငြိမ့်ပြလိုက်ကာ ညင်သာစွာဖြင့် ပြောလာလေသည်။ "ယိဖု သမီး အိမ်တော်မှာနေတာလည်း အရမ်းကြာသွားပြီ။ သာ့ပေါင်နဲ့ ရှောင်းပေါင်တို့ကိုခေါ်ပြီး မနက်ဖြန်ကျရင် ပြန်တော့မယ်"
ကျန်းကျုံးသည် ယောက္ခမမိသားစုနှင့် အလွန်ရင်းနှီးပြီး လုမိသားစုနှင့်အတူ နေထိုင်သည်ကလည်း အလွန်သက်သောင့်သက်သာ ရှိပေသည်။ သို့သော်ငြား ရှင်းယန်ဝမ်အိမ်တော်တွင် အချိန်အကြာကြီး နေထိုင်ဖို့ရန်တော့ မဖြစ်နိုင်ပေ။
လုလင်းကလည်း ပြုံးကာပြောလိုက်၏။ "ပြန်ဖို့လည်း အချိန်တန်နေပါပြီ။ မင်းရဲ့ယောက္ခမလည်း အပြင်ဘက်မှာ စစ်တိုက်ထွက်ခဲ့ရတာ။ သူ့မြေးနှစ်ယောက်ကို ဘယ်လောက်တောင် လွမ်းနေမလဲ မသိဘူး"
လုမင်ဖန်းက သူမ၏နှုတ်ခမ်းများကို ကွေးညွှတ်ထားလိုက်ကာ ပြုံးလိုက်တော့သည်။
ညနေစာ စားပြီးသွားသောအခါ လုလင်းက ကလေးနှစ်ယောက်ကို ပြောလိုက်၏။ "မင်းတို့အားလုံး ဒီကိုရောက်နေကြတယ်ဆိုတော့ ငါ့မှာအရေးကြီးကိစ္စ ကြေညာစရာရှိတယ်"
လုလင်းသည် စစ်တိုက်ထွက်ချိန်တွင် စစ်နက်ဘုရားတစ်ပါး ဖြစ်သော်ငြားလည်း အိမ်တွင်တော့သူသည် စံပြချစ်ခင်ရသည့် အဖေတယောက်ဖြစ်ကာ သူ၏ မွေးစားသားများနှင့် မွေးစားသမီးများကိုလည်း သမီးအရင်းကဲ့သို့ပင် ချစ်ခင်လေသည်။ ဤမျှလောက် တည်ကြည်လေးနက် နေသည်က ရှားပါးလွန်းလှ၏။
လုဖေးမှာအနည်းငယ် အံ့သြသွားကာ ပါးစပ်ကိုဖွင့်ဟပြီး နောက်မှလိုက်မေးလိုက်တော့သည်။ "ယိဖု ဘာကိစ္စရှိလို့လဲ။ ပြောသာ ပြောလိုက်ပါ။ ကျွန်တော်တို့အားလုံး ယိဖု စကားကို နားထောင်ပါ့မယ်"
လုမင်ဖန်းနှင့် တခြားသူများ ကလည်း အတူတူ ပြန်ဖြေလိုက်ကြသည်။ "ဟုတ်တယ် တစ်ခုခုရှိတယ်ဆိုရင် သမီးတို့ကိုသာ ပြောလိုက်ပါ"
လုလင်း၏မျက်လုံးများက ကလေးများ၏ စိုးရိမ်ပူပန်နေသည့် မျက်လုံးများကို ဝေ့ဝဲကာ ကြည့်လိုက်ပြီး သူ့အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွား လေတော့သည်။ "မစိုးရိမ်ကြပါနဲ့။ ငါက ရှောင်ယွိရဲ့ တစ်သက်သာကိစ္စ အကြောင်းကို ပြောချင်လို့ပါ"
မောင်နှမ၅ယောက်လုံးသည် လုမင်ယွိကို လှမ်းကြည့်လိုက်ကြ၏။
အငယ်ဆုံးဖြစ်သည့် လုရွှမ်းကလည်း လွှတ်ခနဲ ထုတ်ပြောလာတော့သည်။ "စစ်ကျဲ တတိယမင်းသားနဲ့ လက်ထပ်တော့မှာလား"
လုမင်ယွိ၏ အမူအရာကတော့ ပြောင်းလဲမသွားပေ။ "မဟုတ်ပါဘူး"
လုမင်ယွဲ့က လက်ကိုဆန့်ကာ လုရွှမ်း၏နောက်စေ့ကို လမ်းပုတ်လိုက်ပြီး "ဖြတ်မပြောနဲ့။ ယိဖု ပြောတဲ့ စကားကိုပဲ နားထောင်"
လုရွှမ်းကလည်း ပါးစပ်ပိတ် သွားလေတော့သည်။
လုလင်းက လေးနက်တည်ကြည်စွာဖြင့် ပြောလာခဲ့၏။ "ရှောင်ယွိက လက်ထပ်ပြီးသွားရင် အပြင်ကို ပြောင်းမသွားချင်ဘူး။ ကြင်ရာတော်မင်းသမီး လုပ်ဖို့ဆိုရင်တော့ ပြောမနေနဲ့တော့တဲ့။ အရှင်မင်းကြီးက ဒီနေ့ ငါ့ကိုခေါ်တွေ့တယ်။ ငါလည်း အရှင်မင်းကြီးကို ငါ့ရဲ့သဘောထားကို ပြောပြခဲ့တယ်"
"ရှောင်ယွိက အပြင်ထွက်ပြီး လက်ထပ်မှာမဟုတ်ဘူး။ နောက်ပိုင်းကျရင် အိမ်ပါ သမက်တစ်ယောက်ကိုပဲ ခေါ်ယူလိမ့်မယ်"
လူအများ "..."
အားလုံး၏မျက်လုံးများမှာ ရုတ်ချည်းဆိုသလို ဝိုင်းစက် ပြူးကျယ်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေတော့သည်။
ကနဦး ထိတ်လန့်မှုအပြီးတွင် လုဖေးသည် ပထမဦးဆုံး သတိပြန်ဝင်လာကာ သူ၏ထူထဲလှသည့် မျက်ခုံးများက တွန့်ချိုးသွားလေတော့သည်။ "ဒီလိုဆိုရင် စစ်မေ့က နစ်နာရတော့မှာ မဟုတ်လား"
ဘယ်ထူးချွန်တဲ့ ယောက်ျားက တခြားမိသားစုထဲကို ဝင်လာချင်မှာလဲ။
ဒီလိုဆိုရင် စစ်မေ့က တစ်သက်သာလုံး နစ်နာရတော့မှာ မဟုတ်လား။
လုမင်ဖန်းသည်လည်း အလျင်အမြန် ပြောလာတော့သည်။ "ယိဖု ဒီလောက် အရေးကြီးတဲ့ကိစ္စကို အရင်က ပြောတာ ဘာဖြစ်လို့မကြားမိတာလဲ"
ဒီစကားတွေကို အရှင်မင်းကြီးရဲ့အရှေ့မှာ ထုတ်ပြောပြီးသွားပြီဆိုတော့ ပြန်ရုပ်သိမ်းလို့ မရနိုင်တော့ဘူး။ နောက်ဆိုရင် တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့တောင် ပိုပြီးမဖြစ်နိုင်တော့ဘူး။ မဟုတ်ရင် မိသားစုက အရှင်မင်းကြီးကို လှည့်ဖျားတယ်ဆိုပြီး တာဝန်ယူရတော့မှာ မဟုတ်လား။
လုမင်ဟွားသည် အထိတ်တလန့် ဖြစ်သွားကာ ဘာလုပ်ရမည်မသိအောင် ဖြစ်သွားတော့၏။ လုမင်ယွဲ့နဲ့ လုရွှမ်းတို့က ငယ်ရွယ်သေးသော်ငြားလည်း အိမ်ပါသမက် ဟူသည့်အဓိပ္ပာယ်ကို သိကြလေသည်။ ထိုကြောင့် သူတို့သည်လည်း အလွန်ထိတ်လန့် သွားကာ စကားပင် မပြောနိုင်တော့ချေ။
"ဒီကိစ္စက ငါ့ရဲ့စိတ်ကူးပါ" လုမင်ယွိ၏ အသံသည် ခပ်တိုးတိုးလေး ထွက်ပေါ်လာခဲ့၏။ "နင်တို့အားလုံးလည်း ငါ့ရဲ့ဒေါသကို သိကြတာပဲလေ။ ငါက အပြောမှာရော လုပ်ရပ်တွေမှာပါ ထိန်းချုပ်ထားတာမရှိဘူး။ မတရားစွပ်စွဲခံရတာ မတရား ဆက်ဆံခံရတာကိုလည်း သည်းခံနိုင်မှာမဟုတ်ဘူး"
"လက်ထပ်ပြီးသွားရင်လည်း အိမ်ကနေ ထွက်မသွားချင်ဘူး။ ငါ့ရဲ့ယောက္ခမတွေကိုလည်း ပြုစုလုပ်ကျွေးတာ တွေမလိုချင်ဘူး။ ငါ့ယောက်ျားရဲ့ ကိုယ်လုပ်တော်တွေကိုလည်း ဖြေရှင်းပေးရလောက်အောင်လည်း စိတ်မရှည်ဘူး။ အိမ်ပါသမက် တစ်ယောက်ကို ဖိတ်ခေါ်လိုက်တာပဲ ပိုကောင်းတယ်။ နောက်ဆိုရင် အရာအားလုံးနဲ့ ပတ်သက်ပြီး ငါ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
ဟမ်။
ဒီလို တွေးကြည့်တော့လည်း ကျိုးးကြောင်း ဆီလျော်နေသလိုပဲ !
စိတ်ဓာတ် မသန်မာကျသည့် မောင်နှမ၅ယောက်သည် ချက်ချင်းဆိုသလို သူတို့၏စိတ်ကို ပြောင်းလဲလိုက်ကာ ခေါင်းငြိမ့်သဘောတူ လိုက်တော့သည်။ "စစ်မေ့ ပြောတာမှန်တယ်"
"ဟုတ်တယ်။ အိမ်ပါသမက် တစ်ယောက်ကိုပဲ အိမ်ကိုခေါ်ဝင်လိုက်တော။ ဒီလိုဆိုရင် သူကလည်း အခုချိန်ကစပြီး အရာအားလုံးနဲ့ ပတ်သက်လာရင် စစ်မေ့ရဲ့စကားကိုပဲ နားထောင်ရလိမ့်မယ်။ ဒါက ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းလိမ့်မယ်"
လုရွှမ်းကလည်း အလျင်အမြန် ဖြတ်ပြောလာလေတော့သည်။ "မဟုတ်ဘူးလား။ တော်ဝင်မိသားစုရဲ့ ချွေးမှဖြစ်ရတာ လွယ်တာမဟုတ်ဘူး။ စစ်ကျဲရဲ့ ကြမ်းတမ်းတဲ့ စိတ်ဓာတ်နဲ့ဆိုရင် သူ့ရဲ့မိသားစုပဲ သည်းခံနိုင်မှာ ... အာ့ !"
...