← Chapters

အိမ်ပါသမက်ခေါ်ယူခြင်း

Vol. 3 Ch. 32

အိမ်ပါသမက်ခေါ်ယူခြင်း

Vol. 3 Ch. 32

ပြင်းထန်လှသည့် တုန်ခါမှုတစ်ခုသည် လုရွှမ်း၏ခေါင်းကို လာရောက် ထိမှန်လေတော့သည်။

"ငါ့ရဲ့ကြမ်းတမ်းတဲ့စိတ်ကို ငါ့ရဲ့မိသားစုကပဲ သည်းခံနိုင်မှာဆိုတာ ဘာအဓိပ္ပာယ်လဲ" လုမင်ယွိသည် ဒေါသလည်းထွက်သလို ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရကာ အားနာမနေဘဲ သူ့ကိုခေါင်း ထပ်ခေါက်လိုက်တော့သည်။ "ငါက ကျားမကြီး မလို့လား !"

လုရွှမ်းကသူ့ခေါင်းကို ကိုင်ထားလိုက်ပြီး နောက်သို့ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တော့သည်။ လုမင်ယွိက သူ့ကို လှမ်းဖမ်းနိုင်မည်မဟုတ်မှန်း ခန့်မှန်းမိနေသဖြင့် သူက သွားများဖြဲကာ ပြုံးပြလိုက်ပြီး "လုံးဝမဟုတ်ပါဘူး။ ကျားမကြီးက စစ်ကျဲထက်တောင်မှ အများကြီးနိမ့်သေးတယ် !"

ထိုသို့ပြောလိုက်ပြီးနောက် သူသည် တတ်နိုင်သမျှ မြန်မြန်ပြေး ထွက်သွားတော့၏။

မောင်နှမများအားလုံးကလည်း ဝိုင်းကာရယ်မောကြတော့သည်။

လုမင်ယွိမှာ ဒေါသထွက်ပြီး စိတ်ဆိုးချင်သော်ငြားလည်း မတတ်သာတော့ဘဲ ခပ်တိုးတိုးရယ်မော မိတော့သည်။

နွေဦးရာသီ လေပြည်လေးက ရေကန်ကို ဖြတ်သန်း တိုက်ခတ်သွားသည့်နှယ်။ တောက်ပနေသည့် မျက်ဝန်းနက်နက်ထဲတွင် လှိုင်းလေးများ ဖြစ်ပေါ်လာတော့သည်။

လုလင်းကလည်း ပျော်ရွှင်နေတော့၏။ "ဒီကောင်စုတ်လေးက တကယ့် အမှန်တရားကို ပြောနေတာပဲ"

လုမင်ယွိ "..."

သူမက အဲလောက်တောင် ကြောက်စရာ ကောင်းနေတာလား။

လုမင်ယွိမှာ ဒေါသထွက်ထွက်ဖြင့် မျက်စောင်းနှင့် လှမ်းကြည့်လေတော့သည်။

လုလင်းကလည်း ပြုံးချင်စိတ်ကို မျိုသိပ်ထားပြီး ရှင်းပြရတော့၏။ "ရှောင်လျို့က သမီးကို ကြမ်းတမ်းတယ်လို့ ပြောတာမဟုတ်ပါဘူး။ သမီးရဲ့ထူးခြားတဲ့ အရည်အချင်းတွေကို ချီးကျူးနေတာပါ။ သမီးက လက်ဗလာနဲ့တောင်မှ ကျားတစ်ကောင်ကို အနိုင်တိုက်နိုင်တယ်လေ။ ဒီတော့ကျားမက မင်း ထက်ဘယ်သာနိုင်ပါ့မလဲ"

လုမင်ဖန်းနှင့် တခြားသူများကလည်း ရယ်ရလွန်းသဖြင့် ဗိုက်ပင်အောင့်သွားကြတော့သည်။

လုဖေးကလည်း တူညီစွာ ပြုံးပျော်နေစဉ်တွင် ရုတ်တရက် သူ့မွေးစားအဖေက လှမ်းခေါ်လာခဲ့၏။ "လုဖေး မင်းလဲ ကလေးဘဝကတည်းက လုမိသားစုထဲကို ရောက်လာခဲ့တာ။ ငါ မင်းအပေါ်ဆက်ဆံတဲ့ပုံကို ဘယ်လိုမြင်လဲ"

သတိပေးခေါင်းလောင်းသည် လုဖေး၏ ခေါင်းထဲတွင် မြည်ဟီးသွားပြီး သူက မျက်နှာပေါ်တွင် အားတက်သရော ရုပ်လေးဖြစ်နေသည့် မွေးစားအဖေကို မြန်မြန်လှမ်းကြည့်လိုက်ကာ "ယိဖူက ကျွန်တော်ကို သိုင်းပညာသင်ပေးတယ်။ လက်နက်ပညာတွေ သင်ပေးခဲ့တယ်။ စစ်တန်းလျားထဲကို ခေါ်သွားပြီး တပ်တွေကို ဦးဆောင်တိုက်ခိုက်ဖို့ သင်ကြားပေးတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ယိဖူက ကျွန်တော်ရဲ့ အဖေအရင်းပါပဲ"

လုလင်သည် စိတ်အေးသွားသည့်ဟန် ဖြစ်သွားကာ "ဟုတ်တယ်။ အဖေ့စိတ်ထဲမှာလည်း မင်းကငါ့သားအရင်းနဲ့ မခြားဘူး။ ဒါပေမဲ့ မင်းနဲ့ငါတို့က သွေးသားတော်စပ်နေတာ မဟုတ်ဘူး။ မင်းနဲ့ ရှောင်ယွိတို့ကလည်း မောင်နှမအရင်းတွေ မဟုတ်ကြဘူး။ ပြောရမယ်ဆိုရင် မင်းတို့နှစ်ယောက်စလုံး ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတာ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြပြီး ခင်မင်မှုကလည်း နက်ရှိုင်းတယ်။ မင်းတို့နှစ်ယောက် ..."

"အဖေ ..."

"မဖြစ်ဘူး ..."

လုမင်ယွိနှင့် လုဖေးတို့ နှစ်ယောက်စလုံးသည် ခေါင်းကျိန်းသွားသလို ခံစားလိုက်ရပြီး လုလင်းကို မြန်မြန်ဖြတ်ပြော လိုက်ကြတော့သည်။

မောင်နှမနှစ်ယောက်စလုံးက အချင်းချင်း ကြည့်လိုက်ကြကာ တစ်ဦးစီ၏ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှုများကို တွေ့လိုက်ရ၏။

မောင်နှမတွေက မောင်နှမတွေပဲလေ။ ဘယ်လိုလုပ်ပြီးတော့ လင်မယားဖြစ်နိုင်မှာလဲ။ မဟုတ်သေးပါဘူး။ ငါ အဖေ့ကို ဒီလိုအတွေးမျိုး ဘယ်တော့မှ ဝင်ခွင့်ပေးလို့မဖြစ်ဘူး။

လုမင်ယွိက မြန်မြန်ဝင်ပြောလိုက်၏။ "အဖေ သမီးရဲ့စိတ်ထဲမှာတော့ အာ့ကောက ဒုတိယအစ်ကိုပါပဲ။ သမီးတို့တွေက မောင်နှမအရင်းတွေလိုပဲ နေကြတာလေ။ လျှောက်မတွေးပါနဲ့"

လုဖေးသည်လည်း သူ့သဘောထားကို မြန်မြန်ထုတ်ပြော ရတော့သည်။ "ဟုတ်ပါတယ်။ စစ်မေ့က ကျွန်တော်ရဲ့ညီမလေးအရင်းပါ။ ကျွန်တော်တို့တွေ သွေးသားတော်စပ်တာ မတော်စပ်တာ အရေးမကြီးပါဘူး။ အရေးကြီးတာက.ကျွန်တော်တို့တွေမှာ တကယ်ကို နက်ရှိုင်းတဲ့ မောင်နှမ သံယောဇဉ်ရှိတာပါပဲ"

လုလင်းသည် အနည်းငယ် စိတ်ပျက်သွားကာ သူ့မျက်လုံးများကလည်း မွေးစားသားနှင့် သမီးများအပေါ်တွင် ခေါက်တုန့်ခေါက်ပြန် ဝေ့ဝဲနေတော့သည်။ "နည်းနည်းလေးတောင်မှ မဖြစ်နိုင်ဘူးလား"

မောင်နှမနှစ်ယောက်သည် တညီတညွှတ်တည်း ပြောလိုက်ကြတော့၏။ "လုံးဝမဖြစ်နိုင်ဘူး"

ဟုတ်ပါပြီ !

လုလင်းကလည်း နှမြောတသစွာဖြင့် သက်ပြင်းချလေတော့သည်။ "ထားလိုက်ပါတော့။ တကယ်လို့ မင်းတို့တွေ ဒါကိုမလိုချင်ဘူး ဆိုရင်လည်း ငါ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"

လုဖေး ပြောတဲ့စကားမှာ တစ်ခုတော့လည်း မှန်ပါတယ်။ အိမ်ပါသမက်ကို ခေါ်ဝင်တဲ့အခါ သူ့သမီးကလည်း နည်းနည်းလေးတော့ အထင်သေးခံရနိုင်တယ်။ ထူးချွန်တဲ့ ရုပ်ရည်သွင်ပြင်နဲ့ မိသားစုနောက်ခံ ရှိတဲ့ ယောက်ျားတစ်ယာက် အိမ်ပါသမက်တစ်ယောက် ဖြစ်လာဖို့ သေချာပေါက် လိုလားမှာမဟုတ်ဘူးလေ။

ရှင်းယန်ဝမ်အိမ်တော်ရဲ့ မိသားစု အဆင့်အတန်းနဲ့ဆိုရင် အဆင့်နိမ့် အရပ်ဘက် အရာရှိတွေ ဒါမှမဟုတ် အဆင့်နိမ့် စစ်ဘက် အရာရှိတွေ ကြားထဲက သမက်တစ်ယောက်ကို ရှာတာပဲဖြစ်ဖြစ်၊ အဆင့်မြင့် မိသားစုတွေထဲက ကိုယ်လုပ်တော်ဖွား သားတွေကို ရှာတာပဲဖြစ်ဖြစ်မှပဲ တွေ့နိုင်တော့မယ်။

လုဖေးပြောလိုက်တာလည်း မှန်ပါတယ်။ သူ့အဖေက စောစောစီးစီး သေဆုံးသွားပြီး သူ့အမေကလည်း ရောဂါနဲ့ဆုံးပါးသွားခဲ့တာ။ အိမ်မှာလည်း အချိန်ကြာတဲ့အထိ ဘယ်သူမှ ရှိခဲ့တာမဟုတ်ဘူး။ အသက်ကိုးနှစ်အရွယ်မှာ လုမိသားစုထဲကို ဝင်လာပြီး သူ့ရဲ့မျက်လုံးအောက်မှာပဲ ကြီးပြင်းလာခဲ့တာ။ မျက်နှာလေးက ချောမောခန့်ညားတယ်။ အရည်အချင်းကလည်း ထူးချွန်တယ်။ သူ့ရဲ့အကျင့်စရိုက်ကလည်း ပထမတန်းစားပဲ။

ဒါပေမဲ့ မောင်နှမနှစ်ယောက်စလုံးက မပျော်ရွှင်ကြဘူးဆိုတော့ ...

သို့နှင့် လုလင်းသည် သက်ပြင်းချကာ လက်လျှော့လိုက် ရလေတော့သည်။

မွေးစားအဖေက အလွန်စိတ်ပျက်သွားသည်ကို တွေ့ရသောအခါ လုဖေးသည်လည်း စိတ်ထဲတွင်တော့ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ "ယိဖူ ကျွန်တော်က သမက်ဖြစ်ချင်တာ မဟုတ်ပါဘူး။ ကျွန်တော်က ရှောင်ယွိကို ညီမလေးတစ်ယာက်လိုပဲ အမြဲတမ်း သဘောထားလာခဲ့တာပါ။ သူကလည်း ကျွန်တော့်ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာ။ မောင်နှမနှစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ လင်မယားဖြစ်လာဖို့ အကြောင်းရှိမှာလဲ"

"စိတ်မပူပါနဲ့ ယိဖူ။ နောက်ဆိုရင်လည်း ကျွန်တော် စစ်မေ့ကို အမြဲတမ်း စောင့်ရှောက်သွားမှာပါ။ ဖူမေ့ (ယောက်ဖငယ်) က မိသားစုထဲ ဝင်လာခဲ့ရင်တောင် သူက စစ်မေ့ကို ဒေါသထွက်အောင် လုပ်ရဲတာပဲဖြစ်ဖြစ် စစ်မေ့က ဘာမှလုပ်စရာမလိုဘူး။ ကျွန်တော်က သူ့ကိုသေချာပေါက် ချမ်းသာပေးမှာ မဟုတ်ဘူး !"

လုဖေးသည် ပြတ်ပြတ်သားသား ပြောလိုက်ပြီး အလွန်စိတ်လှုပ်ရှားလို့နေသည်။

လုလင်းသည်လည်း စိတ်လှုပ်ရှားသွားကာ မနေနိုင်တော့ဘဲ ရှေ့ကိုတစ်လှမ်းတိုးသွားပြီး လုဖေး၏လက်ကို ဆုပ်ကိုင်ထားလိုက်၏။ "ဟုတ်ပါပြီ။ တကယ်ကို ငါ့ရဲ့သားလိမ္မာလေးပါပဲ ;"

လုမင်ယွိကလည်း ဒီစိတ်ကူးကို လက်လျှော့လိုက်သည်ကို မြင်လိုက်ရသည်တွင် စိတ်အေးသွားပြီး ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုဖြင့် ပြောလာတော့သည်။ "အဖေ စိတ်ချပါ။ သမီး အလှနဲ့ဆိုရင် ဘယ်လိုလုပ်ပြီးတော့ ခင်ပွန်းကောင်း မရဘဲနေမှာလဲ"

လုရွှမ်းကတော့ ဘယ်အချိန်က ပြန်ရောက်လာပြီမှန်းမသိချေ။ လုမင်ဟွား၏ နောက်မှနေ၍ ခေါင်းလေးကို ပြူထုတ်လိုက်ကာ "ဒါမှမဟုတ်ဘူးဆိုရင်လည်း နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်လိုက်ပေါ့။ ကျွန်တော် ကြီးလာတဲ့အချိန်ကျရင် အိမ်တော်ထဲကိုဝင်ပြီး စစ်ကျဲရဲ့ ခင်ပွန်းဖြစ်လာပေးမယ်"

လုလင်း၏ မျက်လုံးများသည် လင်းလက်သွားကာ သူ့အကြည့်သည် လုရွှမ်း၏ မသိမသာ သေးသွယ်လှသည့် ခန္ဓာကိုယ်ကို ဝေ့ဝဲကာ ကြည့်လိုက်လေသည်။

မိန်းမတွေက ယောက်ျားထက် အသက်ငါးနှစ် ပိုကြီးရင်တောင်မှ အရမ်းကြီးတယ်လို့ ထင်ရတာမဟုတ်ဘူး ...

လုမင်ယွိသည် သူမ၏ မျက်လုံးများကို မသိမသာ ကျဉ်းမြောင်းထားလိုက်ကာ လက်နှစ်ဖက်စလုံးကို လက်သီးအသွင် ဆုပ်ထားလိုက်ပြီး တဂျွတ်ဂျွတ် မြည်အောင် ဆုပ်ထားလိုက်ပြီးနောက် လူသတ်ချင်သည့် အပြုံးများဖြင့် ပြောလိုက်တော့သည်။ "လျို့တိ နင် ခုနကပြောတာကို ထပ်ပြောစမ်း"

အစသန်ပြီး စကားများရဲလွန်းသည့် လုရွှမ်းမှာ ခေါင်းလေးကို ပြန်ကြုံ့သွားကာ တစ်ဖန်ပြန်လစ်ပြေးသွားတော့သည်။

သူသည် အားလုံးကို တစ်ဖန် ရယ်မောရစေတော့၏။

လုမင်ဖန်းက ခဏလောက် စဉ်းစားလိုက်ပြီးမှ ပျော့ပျောင်းစွာဖြင့် ပြောလာခဲ့သည်။ "စစ်မေ့က အိမ်ထောင်ပြုရမယ့် အရွယ် မရောက်သေးပါဘူး။ ဒီတော့ အိမ်ထောင်ပြုမယ့် ကိစ္စကိုခဏလောက် ဆိုင်းငံ့ထားလို့ ရပါသေးတယ်။ တကယ်လို့ အိမ်ပါသမက်တစ်ယောက် ခေါ်ချင်တယ်ဆိုရင်လည်း မြင့်မားတဲ့ မိသားစုနောက်ခံကနေ ရွေးချယ်စရာမလိုပါဘူး။ စစ်တပ်ထဲမှာလည်း ငယ်ရွယ်တဲ့ စစ်သူကြီးတွေ အများကြီးရှိတယ်လေ။ ဒီတော့ သူတို့ကို ပိုပြီးတော့ ဂရုစိုက်ကြည့်လို့ ရပါတယ်။ နောက်ဆိုရင် သူတို့ထဲက တစ်ယောက်ကိုပဲ ဒီအတိုင်း ရွေးပေးလိုက်ပေါ့"

မိဘတွေ သေဆုံးသွားတဲ့သူ။ ဒါမှမဟုတ် မျိုးရိုးဇာတိ အဝေးမှာရှိတဲ့သူကို ရွေးရင်အကောင်းဆုံးပဲ။ ဒီလိုဆိုရင် လုမိသားစုအိမ်ထဲ ဝင်လာတဲ့အခါ သူလည်းလုအိမ်တော်ထဲမှာ စိတ်ရင်းအမှန်နဲ့ နေနိုင်မှာပေါ့။

အတည်ငြိမ်ဆုံးနဲ့ စဉ်းစားပေးတတ်ဆုံးက အကြီးဆုံးသမီးပဲ ဖြစ်နေတုန်းပဲ။

လုလင်းကလည်း ခေါင်းငြိမ့်ထောက်ခံ လိုက်တော့သည်။ "မင်ဖန်းပြောတာ မှန်တယ်။ လုဖေးနဲ့ မင်ဟွားတို့ လက်ထပ်ပွဲ စီစဉ်ပြီးသွားရင် ရှောင်ယွိအတွက် ခင်ပွန်းတစ်ယောက် ဖြည်းဖြည်းချင်း ရွေးပေးတာလည်း မနောက်ကျပါဘူး"

လုလင်းသည် စစ်တန်းလျားထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲသဖြင့် သူ၏ လက်ထပ်ပွဲသည်လည်း နှောင့်နှေးခဲ့ရသည်။ ဒီတစ်နှစ် အသက်၁၆နှစ်အရွယ် ရှိပြီဖြစ်သည့် လုမင်ဟွားကလည်း မင်္ဂလာကိစ္စ ပြောဆိုရမည့် အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

မင်္ဂလာကိစ္စအကြောင်း ပြောလာသည်တွင် လုမင်ဟွားသည် အနည်းငယ် ရှက်ရွံ့သွားကာ သူမ၏ခေါင်းလေးကို မြန်မြန်ငုံ့ထားလိုက်တော့၏။

လုဖေးကတော့ သိပ်ပြီးရှင်းပြမနေတော့ဘဲ အနည်းငယ် နေရခက်ရုံသာ ဖြစ်သွားလေသည်။ သူ၏မျက်လုံးထဲတွင် တောက်ပသည့် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေမိ၏။

လုမင်ယွိက သူ့မျက်လုံးထဲက ထိုအရာကို မြင်လိုက်ကာ သူမ၏နှလုံးသားသည်လည်း မသိမသာ လှုပ်ရှားသွားလေတော့သည်။

သူမရဲ့ ယခင်ဘဝတုန်းက လုဖေးက တစ်ကိုယ်တည်း နေထိုင်ခဲ့ပြီး လက်ဆက်ဖို့ ငြင်းဆန်ခဲ့တယ်။ အကြောင်းအရင်းကိုလည်း ဘယ်သူမှမသိရဘူး။ အခုအချိန်မှာလည်း လုဖေးက လက်ဆက်ဖို့ ငြင်းဆန်ဖို့ ရည်ရွယ်ချက်တော့မရှိဘူး။

ဒီကိစ္စရဲ့နောက်ကွယ်မှာ လျို့ဝှက်ချက် တစ်ခုရှိနေတာများလား။

...

ကောင်းကင်သည် မှောင်မည်းသွားလေတော့၏။

ဝမ်ဟွားခန်းမကြီးသည် နေ့ခင်းအလား တောက်ပစွာ လင်းထိန်လို့နေသည်။ အလုပ်ကြိုးစားလှသည့် ယုံးကျားဧကရာဇ်သည် ခေါင်းကိုငုံ့ကာ လျှောက်တင်လွှာများကို ပြန်လည်စစ်ဆေးလို့နေ၏။ သူသည် မြို့တော်သို့ လပေါင်းများစွာ မပြန်ခဲ့ရသဖြင့် တိုင်းပြည်အရေး ကိစ္စများကလည်း တောင်လိုပုံနေကာ တော်ဝင်စားပွဲပေါ်က အသနားခံစာလွှာ များသည်လည်း လူတရပ်ထက်ပင် ပိုပြီးမြင့်နေတော့သည်။

"အရှင်မင်းကြီး" လျိုကုန်းကုန်းသည် တလေးတစား တိုးညှင်းစွာဖြင့် ပြောလိုက်၏။ "အချိန်နောက်ကျနေပါပြီ။ ညစာစားချိန်ရောက်ပါပြီ"

ယုံးကျားဧကရာဇ်က ခေါင်းကိုပင်မော့မလာဘဲ ပေါ့ပေါ့ပါးပါးသာ အင်းဟု ပြန်ထူးလိုက်လေသည်။

လျိုကုန်းကုန်းကလည်း တစ်ဖန်တိုးတိုးလေး ထပ်ပြောလိုက်၏။ "ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့ နန်းဆောင်အပြင်ဘက်မှာ စောင့်နေတာ အရမ်းကြာနေပါပြီ။ သူတို့တွေက အရှင်မင်းကြီးကို ညစာစားဖို့ အဖော်ပြုပေးပြီး သူတို့ရဲ့ လိမ္မာသိတတ်မှုကို ပြသချင်ပါတယ်လို့ ပြောနေပါတယ်"

ယုံးကျားဧကရာဇ် "..."

ဤ သားနှစ်ယောက်အကြောင်း ပြောလိုက်ရုံနှင့် ယုံးကျားဧကရာဇ်မှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး သူ၏ လက်ထဲကအနီရောင် စုတ်တံကို ပစ်ထုတ် လိုက်လေတော့သည်။ "သူတို့တွေက ဒီနေရာမှာ လိမ္မာသိတတ်ကြောင်း တကယ်လာပြတာလား။ ငါ့ကိုဒေါသထွက်အောင် လုပ်ဖို့လာတာနဲ့ ပိုတူနေတယ် !"

စတုတ္ထသခင်မလေးလုက ဘယ်သူနဲ့မှ လက်မထပ်ချင်ပါဘူး။ အိမ်ပါသမက်ကိုပဲ လိုချင်ပါတယ်လို့ အခုလေးတင် ပြောသွားတယ်။ ဒီသားနှစ်ယောက်က သူတို့ရဲ့ခေါင်းကိုရိပ်ပြီး သူတို့ရဲ့အပူကို ပြသနေကြတာပဲ !

အိန္ဒြေသိက္ခာ ကြီးမားလှသည့် ဧကရာဇ်သည် လက်ထက်ပွဲအဆိုပြုရန် ပါးစပ်ဖွင့်လိုက်ပြီးမှ ဒီအတိုင်းပင် ပြန်လည်မျိုသိပ်ခံခဲ့ရသည်။

ယုံးကျား ဧကရာဇ်သည် သဘောထားကြီးမားပြီး လုလင်းတို့သားအဖကိုတော့ ဒေါသထွက်လိမ့်မည် မဟုတ်ချေ။ သူ၏စိတ်ထဲက မကျေနပ်ချက်မှာ ဒုတိယမင်းသားအပေါ် ကျရောက်လေမလား။ သို့မဟုတ် တတိယမင်းသားအပေါ် ကျရောက်လေးမလားပင် မသိတော့ချေ။

ယုံးကျားဧကရာဇ်က ဒေါသထွက်လာသည်ကို တွေ့ရသဖြင့် လျိုကုန်းကုန်းကလည်း ဘာမှထပ်မပြော ဝံ့တော့ချေ။

ခဏအကြာတွင်တော့ လျိုကုန်းကုန်းက သတ္တိများကိုစုစည်းကာ မေးလာလေတော့သည်။ "အရှင်မင်းကြီး မင်းသားနှစ်ပါးကို ခေါ်ချင်ပါသလား"

ဒုတိယမင်းသားနှင့် တတိယမင်းသားတို့တွေ အပြင်မှာ စောင့်နေသေးတယ်လေ ! သူတို့တွေကို ဒီအတိုင်းအပြင်မှာ တသက်လုံး ရပ်နေခိုင်းလို့လည်း ရတာမဟုတ် !

ယုံးကျားဧကရာဇ်က သူ့နားထင်ကို ပွတ်သပ်လိုက်ကာ အေးစက်စက် နှာခေါင်းရှုံလေတော့သည်။ "တကယ်လို့ သူတို့တွေ စောင့်ချင်သပဆိုရင်လည်း စောင့်ပါစေတော့ပေါ့ !"

...

All Chapters