လှုပ်ရှားခြင်း
Vol. 3 Ch. 33
ဤစောင့်ဆိုင်းမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့၏။
ယုံးကျားဧကရာဇ်သည် ညစာကို တစ်ယောက်တည်း စားခဲ့ပြီး လျှောက်လွှာများကို နောက်ထပ်တစ်နာရီအထိ ဆက်ဖတ်ခဲ့လေသည်။ ရွှီအချိန်နီးပါး ရောက်တော့မည်ကို တွေ့ရသောအခါ လျိုကုန်းကုန်းက တစ်ဖန်ရှေ့သို့တက်လာပြီး "အရှင်မင်းကြီး ..."
"သူတို့နှစ်ယောက်ကို အတူတူဝင်လာခိုင်းလိုက်" ယုံးကျားဧကရာဇ်၏ ဒေါသသည် တော်တော်လေး လျော့ပါးသွားပြီဖြစ်ကာ သူ့အသံသည်လည်း ပေါ့ပါးလို့နေ၏။
လျိုကုန်းကုန်းကလည်း ပြန်ထူးကာ ထွက်သွားတော့သည်။
သူတို့သည် ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ဟု ဆိုသော်ငြားလည်း အမှန်တွင်တော့ ဒုတိယမင်းသားနှင့် တတိယမင်းသားတို့မှာ ဘေးအခန်းထဲသို့ ဝင်ရောက်နေနှင့်ပြီးသား ဖြစ်၏။ လျိုကုန်းကုန်းက မင်းသားနှစ်ပါးကို ကျွေးဖို့ရန်အတွက် သရေစာနည်းနည်းပါးပါး တိုးတိုးတိတ်တိတ် ယူလာပေးဖို့ အမိန့်ပေးခဲ့သည်။
သို့မဟုတ်လျှင် မင်းသားနှစ်ပါးသည် အမှန်ပင် ဆာလောင်ငတ်မွတ် နေတော့မည်ဖြစ်ကာ အရှင်မင်းကြီးက ထိုအကြောင်းကို သိသွားခဲ့လျှင်လည်း ထိုအချက်ကြောင့်ပင် စိတ်မကောင်းဖြစ်ရတော့မည် မဟုတ်ပါလား။ ကျွန်တစ်ယောက် ဖြစ်ရသည်ကလည်း အဘက်ဘက်မှ တချိန်လုံး တွေးတောပေးနေရခြင်းပင်။
ဘေးခန်းမအဆောင်အတွင်းတွင်...
ဒုတိယမင်းသားသည် ငြိမ်ငြိမ်သက်သက်လေး ထိုင်နေပြီး ဘာအသံလေးတချက်မှ မလုပ်ချေ။ စားပွဲပေါ်တွင်တော့ မုန့်တစ်ခြမ်း ရှိနေလေသည်။
ယှဉ်ကြည့်မည်ဆိုလျှင် ကျန်တစ်ယောက်က အနည်းငယ် စိတ်မရှည် လက်မရှည် ဖြစ်နေပြီး သူ့မျက်ခုံးများက အချိန်တစ်ခုကတည်းက တွန့်ချိုးနေပြီဖြစ်ကာ သူလက်ထဲကက သရေစာမုန့်ကလည်း ခြေရာလက်ရာ မယွင်းသေးချေ။
ဖုဟွမ်က ရှင်းယန်ဝမ်ကို ဆင့်ခေါ်ပြီးသွားပြီ။ သူ မင်္ဂလာပွဲအကြောင်းကို ပြောပြီးလောက်ပါပြီ။ အရှင်မင်းကြီးက ဘာဖြစ်လို့ တစ်ချိန်လုံး သူ့ကိုတွေ့ဖို့ ငြင်းဆန်နေပါလိမ့်။ မဟုတ်မှလွဲရော တစ်ခုခု မှားသွားလို့များလား။
လီဟောက်သည် နားမလည်နိုင်အောင် ဖြစ်နေရပြီး မကြာခဏဆိုသလို သူ့ခေါင်းကိုမော့ကာ ကြည့်လိုက်ချိန်တွင် အချိန်ကိုက် ဒုတိယမင်းသား၏ မြင်ကွင်းထဲသို့ ဝင်လာတော့သည်။
ဒုတိယမင်းသား၏ မျက်လုံးများက ခန့်မှန်းရခက်ပြီး လျှို့ဝှက်နက်နဲနေတော့၏။
လီဟောက်သည် တည်ငြိမ်အောင် နေလိုက်ကာ ပါးစပ်ကိုဖွင့်ပြီး မေးလိုက်လေသည်။ "အာ့ကော ဒီမှာ ဖုဟွမ်အခေါ်ကို စောင့်ဆိုင်းနေတာ အကြောင်းရှိလို့လား မသိဘူးနော်"
ဒုတိယမင်းသားက ပြန်မဖြေဘဲ မေးလိုက်လေသည်။ "စန်းတိကရော ဖုဟွမ်ဆီမှာ ဘာတွေတောင်းဆိုစရာ ရှိလို့လဲ"
လီဟောက် "..."
လီဟောက်မှာ နှုတ်ဆိတ်လို့ သွားတော့သည်။
သူသည် သတိကြီးသည်ဟုဆိုဆို သံသယများသည်ဟုဆိုဆို အဆင်ပြေပေသည်။ သူ့အတွက် ၁၀၀% မသေချာနိုင်သည့် ဘယ်ကိစ္စကိုမှ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။
ဒုတိယမင်းသား၏ မျက်လုံးများက မသိမသာ လင်းလက်သွားပြီး သူ၏နှုတ်ခမ်းထောင့်တွင်လည်း လှောင်ပြောင်သည့် အရိပ်လေးတစ်ခု ဖြတ်ပြေးသွား၏။ ဒီအခိုက်မှာပင် လျိုကုန်းကုန်းကလည်း လျှောက်ကာဝင်လာခဲ့သည်။
ယုံးကျားဧကရာဇ်ရှေ့တွင် ကိုယ်ကိုကုန်းထားသည့် လျိုကုန်းကုန်းသည် ဒီတချိန်တွင်တော့ ခါးကိုတော်တော်လေး မတ်ထားကာ အပြုံးတစ်ခုဖြင့် လက်နှစ်ဖက်ကို ယှက်ထားလေ၏။ "အရှင်မင်းကြီးက မင်းသားနှစ်ပါးကို အတူတူ ဝင်လာဖို့ မိန့်တော်မူလိုက်ပါတယ်" ထိုနောက်တွင်တော့ သူက လေသံတိုးတိုးလေးနှင့် ကြင်ကြင်နာနာ သတိပေးလိုက်သေးသည်။ "ဒီနေ့ အရှင်မင်းကြီး လုံးဝစိတ်မကြည်လင်ဘူး။ အရှင်မင်းသားတို့ နှစ်ယောက် စကားပြောတဲ့အခါ သေချာပေါက် သတိထားရပါမယ်"
လီဟောက်သည် အနည်းငယ် အံ့ဩသွားကာ ဒုတိယမင်းသားကို မြန်မြန်လှမ်းကြည့်လိုက်လေသည်။
ဒုတိယမင်းသားက ထရပ်လိုက်ပြီး လျိုကုန်းကုန်းကို ပြုံးပြလိုက်၏။ "သတိပေးတဲ့အတွက် လျိုကုန်းကုန်းကို ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူက ဦးဆောင်၍ ရှေ့ကထွက်သွားတော့သည်။
လီဟောက်ကလည်း အတူတူလျှောက်လာပြီး သူ၏ ရင်ထဲတွင်တော့ ဝေဝါးသည့် ခံစားချက်လေးတစ်ခု ဖြစ်နေတော့၏။
...
ခဏအကြာတွင် ညီအစ်ကိုနှစ်ယောက်သည် ယုံးကျားဧကရာဇ်ရှေ့သို့ ရောက်လာလေတော့သည်။ ခါတိုင်းလိုပင် သူတို့သည် လက်နှစ်ဖက်ကို ယှက်ကာ အရင်ဆုံး ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
ယုံးကျားဧကရာဇ်ကတော့ သွယ်ဝိုက်ပြောနေရသည်ကို သဘောမကျချေ။ ထိုကြောင့် သူကလည်း ပါးစပ်ကိုဖွင့်ကာ ပြောလိုက်တော့၏။ "ဒီနေ့ ငါ ရှင်းယန်ဝမ်ကို မေးခဲ့တယ်။ ရှင်းယန်ဝမ်ကလည်း ငါ့ကို ရှင်းရှင်းလင်းလင်း ပြောလာတယ်။ သူ့သမီးကို လက်ထပ်ပေးဖို့ အစီအစဉ်မရှိဘူးတဲ့။ သူက သူ့သမီးအတွက် အိမ်ပါသားမက်ကို ခေါ်ယူချင်ပြီး နောက်ပိုင်းမှာ လုမိသားစုအတွက် အမွေဆက်ခံစေချင်တာ။ မင်းတို့ညီအစ်ကိုနှစ်ယောက် ဒီအတွေးကို အမြန်ဆုံး ဖယ်ရှားလိုက်တော့။ စတုတ္ထသခင်မလေးလုအကြောင်း မစဉ်းစားနဲ့တော့။ ငါ မင်းတို့ နှစ်ယောက်စလုံးအတွက် နောက်ထပ်လက်ထပ်ပွဲတစ်ခု စီစဉ်ပေးမယ် !"
ဒုတိယမင်းသား "..."
ဖုဟွမ်ကလည်း အရမ်းကို တဲ့တို့ဆန်ပြီးတော့ ရိုင်းစိုင်းလွန်းတာပဲ !
လီဟောက်၏ တုန့်ပြန်မှုကတော့ ဒုတိယမင်းသားထက် အများကြီးပိုပြီး တင်းမာနေတော့သည်။
သူသည် ရုတ်တရက်ဆိုသလို ခေါင်းထောင်လာကာ ယုံးကျားဧကရာဇ်ကို အရင်ဆုံး မော့ကြည့်လိုက်ပြီးနောက် သူ့ဘေးက ဒုတိယမင်းသားကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာလေသည်။
ဒုတိယမင်းသား၏ ချောမောခန့်ညားသည့် မျက်နှာကတော့ ရှက်ရွံသည့် အရိပ်အယောင်မပြသဘဲ ခပ်တိုးတိုးသာ သက်ပြင်းချလိုက်တော့၏။ "စန်းတိ မင်းလည်း စတုတ္ထသခင်မလေးကို သဘောကျနေပြီး သူ့ကို လက်ထပ်ချင်နေမယ်လို့ ငါ ထင်မထားခဲ့မိဘူး။ ကျိုးကြောင်းသင့် ပြောရမယ်ဆိုရင် မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ ငါက သူ့ကို မင်းနှင့်အတူ ရှိခွင့်ပေးသင့်တာ။ ဒါပေမဲ့ ဒီလောကကြီးမှာ ဘယ်အရာမဆို အလျော့ပေးလို့ ရပါတယ်။ ဒီကိစ္စတစ်ခုကိုပဲ အလျှော့မပေးနိုင်တာပါ ..."
ဝုန်း !
ထိုစကားလုံးများသည် သူ၏စိတ်ထဲတွင် မိုးကြိုးပစ်လိုက်သည့်အလား ခံစားလိုက်ရတော့သည်။
ယခင်က မသဲမကွဲ သံသယများသည် အခုတော့ အဖြေအားလုံး ထွက်ပေါ်လာတော့သည်။
ခန္ဓာကိုယ်၏တုံ့ပြန်မှုက တိုက်ရိုက်အကျဆုံးနှင့် အမြန်ဆန်ဆုံးပင်။
လီဟောက်သည် လက်များကို လက်သီးအသွင် ခပ်ကြမ်းကြမ်း ဆုပ်ထားပြီး ဒုတိယမင်းသား၏ ချောမောလှသည့်မျက်နှာကို အားဖြင့် ထိုးချလိုက်တော့သည်။ ဒုတိယမင်းသားမှာ အစောပိုင်းက သတိကြီးစွာ ရှိနေသည်မှာ ထင်ရှားသော်ငြားလည်း နောက်မဆုတ်လိုက်ဘဲ ခေါင်းကိုသာ တစ်ဖက်သို့ လှည့်ထားလိုက်လေသည်။
ထိုပြင်းထန်လှသည့် ထိုးနှက်ချက်သည် ဒုတိယမင်းသား၏ ပခုံးပေါ်သို့ ကျရောက်သွားတော့၏။
ဒုတိယမင်းသား၏ မျက်နှာမှာ ရုတ်ချည်းဆိုသလို ဖြူဖွေးသွားကာ သူသည် ညည်းညူလိုက်ပြီး နောက်သို့ ယိမ်းယိုင်သွားပြီးနောက် လက်များဖြင့် သူ့ပခုံးကို အုပ်ထားလိုက်ပြီးနောက် သူ့မျက်နှာတွင်လည်း မခံမရပ်နိုင်သည့် နာကျင်မှုများ အပြည့်ဖြစ်နေတော့သည်။
လီဟောက်သည် ရက်ပေါင်းများစွာ မသိမသာ ခံစားချက်နှင့် ညှိုးငယ်သည့်ခံစားချက်ကို သည်းခံလာခဲ့ရပြီး မြက်ခင်းပြင်ကို မီးရှို့လိုက်သည့် မီးပွားလေးတစ်ခုနှယ်။ ပြင်းထန်သည့် ဒေါသကြောင့် ပေါက်ကွဲသွား လေတော့သည်။ ထိုလက်သီးချက်သည် သူ့ရင်ထဲကဒေါသကို လုံးဝမဖယ်ရှားပေးနိုင်ခဲ့ချေ။
သူသည် နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။
ဒုတိယမင်းသားကလည်း တခြားသူအနိုင်ကျင့်ခံမည့်သူ မဟုတ်ဘဲ သူကလည်း လျင်လျင်မြန်မြန် ထိုးနှက်လိုက်၏။ လက်သီးနှစ်ခုသည် လေထဲတွင် စုံတွေ့သွားပြီး ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာတော့သည်။ လီဟောက်သည် သိုင်းပညာအရည်အချင်း မြင့်မားပြီး ဒုတိယမင်းသားကလည်း ကလေးဘဝကတည်းက သိုင်းပညာကို လေ့ကျင့်လာခဲ့သူ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် အားအင်အပြည့် ရန်ပွဲကြီးတခုအသွင် ပြောင်းသွားတော့၏။
နှစ်ယောက်စလုံးသည် ဒေါသများအပြည့်ဖြစ်နေကာ ဘယ်သူကမှ မရှောင်ဖယ်ကျချေ။ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးနှက် ကန်ကျောက်နေကြ၏။ ထိုးနှက်ချက်တိုင်းက အသားစိုင်ထဲကို ထိုးဝင်သွားကာ ကန်ကျောက်ချက်များကလည်း ခန္ဓာကိုယ်အနံ့အပြားပင်။
လျိုကုန်းကုန်းမှာ ဆွံ့အသွားလေတော့သည်။
လျှပ်တစ်ပြက်အတွင်းမှာပဲ ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ ဘာဖြစ်လို့ ရန်ဖြစ်သွားကြတာလဲ။
ဘေးတွင်ရပ်နေကြသည့် တော်ဝင်အစောင့်များကလည်း ဆွံ့အသွားကာ အချင်းချင်း ကြည့်လိုက်ကြလေ၏။ သူတို့တွေက ဒီမင်းသားတွေကို တားဆီးရမှာလား မတားဆီးရဘူးလား။
ယုံးကျားဧကရာဇ်၏ မျက်နှာကတော့ ညိုမည်းသွားကာ သူ့နားထင်သည်လည်း တဒုတ်ဒုတ်ခုန်လာပြီး သွေးများက ပြေးတတ်လာပြီးနောက် ဟိန်းဟောက်လေတော့သည်။ "မင်းတို့ကောင်တွေ ရပ်လိုက်ကြစမ်း !"
မျက်လုံးများ နီရဲနေကြသည့် ညီအစ်ကိုနှစ်ယောက်ကတော့ အဖေဖြစ်သူ၏အမိန့်ကို လုံးဝမကြားသည့်အလား အချင်းချင်းဆက်လက် နှုတ်ဆက်နေကြလေသည်။
ပြိုင်ဘက်ကို ရန်သူအဖြစ်မြင်ပြီး ဓားချက်ပေါင်း ထောင်ပေါင်းများစွာဖြင့် ပြိုင်ဘက်ကို ခုတ်ဖြတ်နေသည့် သဘောထားကို မြင်လိုက်ရသည်တွင် ယုံးကျားဧကရာဇ်မှာ လုံးဝကို ဒေါသထွက်သွားတော့သည်။
ညိုမည်းနေသည့် မျက်နှာနှင့် ယုံးကျားဧကရာဇ်သည် ရှေ့သို့ ခြေလမ်းကျဲများဖြင့် လျှောက်လာကာ လျင်လျင်မြန်မြန် ရိုက်နှက်ပစ်တော့သည်။ ကန်ချက်အနည်းငယ်တွင် လီဟောက်သည် တဖက်သို့ လွင့်ထွက်သွားပြီး လက်သီးချက်နှစ်ချက်က ဒုတိယမင်းသားကို လှဲကျသွားစေတော့သည်။ နှစ်ပေါင်းများစွာ စစ်တပ်ကို ဦးဆောင်လာခဲ့သည့် အရွယ်ကောင်းတွင် ရှိနေသေးသည့် ယုံးကျားဧကရာဇ်ရှေ့တွင် ညီအစ်ကိုနှစ်ယောက်သည် ဥမှပေါက်လာသည့် ကြက်ပေါက်လေး နှစ်ကောင်နှင့် ဆင်တူနေတော့၏။
လီဟောက်သည် ကြမ်းပြင်ပေါ်သို့ ကန်ထုတ်ခံလိုက်ရပြီး မီတာအနည်းငယ် လွင့်စင်သွားကာ သူ၏ကျောပြင်သည် တော်ဝင်ဘီဒို၏ ခြေထောက်နှင့် ပြင်းစွာ ဆောင့်မိသွားလေတော့သည်။ အလိုလို အော်ဟစ်သံ ထွက်လာတော့၏။
ဒုတိယမင်းသားကတော့ နေရာရွှေ့မသွားဘဲ လက်သီးနှစ်ချက်က သူ့ကိုထိမှန်သွားကာ နာကျင်မှုကလည်း စူးရှလို့နေတော့သည်။
ယုံးကျားဧကရာဇ်သည် စိတ်မပြေသေးဘဲ သုံမှုန်နေသည့် မျက်နှာတစ်ခုဖြင့် ဒေါသတကြီး အော်ငေါက်လေတော့သည်။ "လာကြစမ်း ငါ့ရဲ့မြင်းကျာပွတ်ကို သွားယူလာခဲ့။ ဒီနေ့ဒီကောင်စုတ် နှစ်ကောင်လုံးကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ ငါ့ရဲ့မိသားစု နည်းလမ်းတွေကို သုံးရမယ်"
ပြန်ပြီးတွက်ချက် ကြည့်လိုက်လျှင်တော့ ယုံးကျားဧကရာဇ်သည် ရှင်ဘုရင်တစ်ပါး ဖြစ်လာသည်မှာ ၈နှစ်သာရှိသေးသည်။ လွန်ခဲ့သည့်၈နှစ်အတွင်းတွင် ယုံးကျားဧကရာဇ်သည် သူ့အချိန်အများစုကို နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ဖို့ရန်အတွက် စစ်တပ်များကို ဦးဆောင်ခဲ့ရကာ သူ၏သားများကို ဆုံးမဖို့ရန်အချိန်မရခဲ့ချေ။
ယခုအချိန်တွင်တော့ ဒေါသကလည်း ပေါက်ကွဲလာပြီ ဖြစ်သဖြင့် ယုံးကျားဧကရာဇ်သည် ဒေါသကိုအလွယ်တကူ မပြသသင့်သည့် ရှင်ဘုရင်တစ်ယောက်၏ သူ၏ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ ချေ။ ကျာပွတ်တစ်ခုကိုဆွဲယူကာ ဒီသားနှစ်ယောက်ကို နာနာလေး ရိုက်နှက်ပစ်ချင်တော့သည်။
လျိုကုန်းကုန်းသည်လည်း ထိတ်လန့်မှုမှ သတိပြန်ဝင်လာပြီး သတ္တိရှိရှိဖြင့် ရှေ့သို့တိုးလာကာ အရှင်မင်းကြီးကို နှစ်သိမ့်ရတော့၏။ "အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ စိတ်လျှော့တော်မူပါ။ မင်းသားနှစ်ယောက်စလုံးက နဂါးသားတော်တွေပါ။ သူတို့ကို နာကျင်အောင်လုပ်မိရင် မင်းကြီးရဲ့နှလုံးသားလည်း နာကျင်ရမှာပါ ..."
ယုံးကျားဧကရာဇ်က လျိုကုန်းကုန်းကို ရက်စက်ကြမ်းကြုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်ကာ "မြန်မြန် မသွားသေးဘူးလား !"
လျိုကုန်းကုန်းမှာ ချက်ချင်းဆိုသလို ပါးစပ်ကိုပိတ်ပြီး နောက်ပြန်မဆုတ်ခင်တွင် ဘေးကအစေခံများထဲက တစ်ယောက်ကိုလည်း တစ်ချက်လောက် မျက်ရိပ်ပြလိုက် ရသေးသည်။ အတွင်းခန်း အစေခံလေးကလည်း နားလည်သွားပြီး တိုးတိုးတိတ်တိတ် နောက်ပြန်ဆုတ်ကာ ထွက်လာတော့၏။
"ကျောင်းဖန်နန်းဆောင်ကို အခုချက်ချင်း စာသွားပို့ချည်" လျိုကုန်းကုန်းက မြန်မြန်တိုးတိုးလေး ပြောလိုက်သည်။ မုန့်ကွေ့ဖေးက ယုံးကျားဧကရာဇ်ကို နားချနိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အခုချိန် မုန့်ကွေ့ဖေး ရောက်လာမယ်ဆိုရင်လည်း သူက မီးထဲကို လောင်စာထည့်မှာပဲ စိုးရိမ်ရတယ်။ ဒီအချိန်မှာတော့ ဒီမင်းသားနှစ်ယောက်ကို ကယ်တင်နိုင်မယ့် တစ်ဦးတည်းသောသူက ချောင်မိဖုရားခေါင်ပဲ။
ယိဟွာနန်းဆောင်က စူးကျောင်းရုံကိုတော့ သတင်းပို့စရာ မလိုပါဘူး။ စူးမယ်မယ်က ငိုယိုတာကလွဲရင် အရှင်မင်းကြီးရဲ့ စိတ်နှလုံးကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။
အမွေးတိုင် တစ်တိုင်စာအပြီးတွင် ကျောင်းဖန်နန်းဆောင်က ချောင်မိဖုရားခေါင်သည် သတင်းရရှိလေတော့သည်။
ချောင်မိဖုရားခေါင်မှာ ချက်ချင်းဆိုသလို မျက်နှာများ အရောင်ပြောင်းလဲသွားကာ အိန္ဒြေပင် မဆယ်နိုင်တော့ဘဲ ချက်ချင်းထရပ်ပြီး ဝမ်ဟွားနန်းဆောင်သို့ အပြေးအလွှား လာရလေတော့သည်။
ဝမ်ဟွားနန်းဆောင်က တော်ဝင်အစောင့်များကလည်း ချောင်မိဖုရားခေါင်ကို တားမြစ်ထားချင်ခဲ့သည်။
အမြဲတမ်း အိန္ဒြေသိက္ခာနှင့် ကျော့ရှင်းလှပနေသည့် ချောင်မိဖုရားခေါင်သည် ယခုအချိန်တွင်တော့ စိုးရိမ်ပူပန်နေသည့်ရုပ် ဖြစ်နေကာ ဒေါသတကြီး မျက်စောင်းဖြင့် ကြည့်လေတော့၏။ "ပန်ကုံး အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်။ ဘယ်သူတားမြစ်ရဲသလဲ !"
တော်ဝင်အစောင့်များကလည်း ခဏလောက် ချီတုံချတုံ ဖြစ်သွားသော်ငြား နောက်ဆုံးတွင်တော့ ဖယ်ပေးလိုက်ရတော့သည်။
ချောင်မိဖုရားခေါင်သည် တံခါးဘောင်မှ ကျော်ဝင်လာသည့် အချိန်တွင် သူမ၏ ရှည်လျားလှသည့် စကပ်ကို တက်နင်းမိပြီး ချော်လဲတော့မလိုပင် ဖြစ်သွားတော့သည်။
သူမသည် ကျာပွတ်သံကို ကြားလိုက်ရချိန်တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် အပြေးအလွှား ဝင်လာခဲ့လေတော့၏။
...