အာခံခြင်း...၁
Vol. 3 Ch. 34
ဒုတိယမင်းသားနှင့် တတိယမင်းသားတို့သည် ကြမ်းပြင်ပေါ်တွင် ဘေးချင်းယှဥ်ကာ ဒူးထောက်နေကြ၏။
ဒေါသအပြည့်မျက်နှာနှင့် ယုံးကျားဧကရာဇ်က လက်ထဲက ကျာပွတ်ကို မြှောက်လိုက်ကာ ကျာပွတ်သည်လေထဲတွင် ကျယ်လောင်လှသည့် ရွှီးခနဲမြည်သံတစ်ခုဖြစ်သွားပြီး လီဟောက်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားလေသည်။
ရွှမ်း!
ကျောပြင်ပေါ်တွင် ပူလောင်သည့် နာကျင်မှုတစ်ခု ဖြစ်သွားကာ ချက်ချင်းဆိုသလို သွေးစွန်းရာကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
လီဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားပြီး ငြီးငြူလိုက်ပြီးနောက် သူ၏နဖူးပေါ်မှနေ၍ ချွေးအေးတစ်စက် စီးကျလာခဲ့ကာ သူ့မျက်နှာပေါ်တွင်လည်း သည်းမခံနိုင်သည့် နာကျင်မှုများ အပြည့်ဖြစ်သွားတော့သည်။
ယုံးကျားဧကရာဇ်သည် နောက်တကြိမ် ကျာပွတ်ကို လွှဲယမ်းလိုက်ချိန်တွင် ဒီတစ်ကြိမ်တွင်တော့ ကျာပွတ်သည် ဒုတိယမင်းသား၏ကျောပြင်ပေါ်သို့ ကျရောက်သွား၏။
ဒုတိယမင်းသားကတော့ အံကိုကြိတ်ထားပြီး ဘာမှမပြောချေ။
ဤနာကျင်မှုသည် သူ တွေ့ကြုံခဲ့ရသည့် နာကျင်မှုနှင့်တော့ နှိုင်းယှဥ်ကြည့်လျှင် ဘာမှမဟုတ်ချေ။
ယုံးကျားဧကရာဇ်က သူ့လက်ထဲက ကျာပွတ်ကို ရပ်လိုက်ကာ ဒေါသတကြီးဖြင့် ဆူပူမာန်မဲလေတော့သည်။ "လီကျင့် လီဟောက် ငါ မင်းတို့ကို မေးမယ်။ မင်းတို့ ဘာမှားလဲ"
ယုံးကျားဧကရာဇ်သည် ဒေါသထွက်လာသဖြင့် သူ့ကိုယ်သူ တော်ဝင်အခေါ်အဝေါ်တစ်ခုကို ခေါ်ဖို့ရန်ပင် မေ့လျော့သွားတော့သည်။ သည်အခိုက်အတန့်တွင် သူသည် သာမန်အဖေတစ်ယောက်ဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် ရန်ထောင်နေကြသည့် သူ့သားများအပေါ် ဒေါသထွက်လို့နေတော့သည်။
လီဟောက်က ခေါင်းမာမာဖြင့် ခေါင်းမော့လာခဲ့ပြီး "ဖုဟွမ် အာချန် အာချန်သဘောကျတဲ့ မိန်းကလေးကိုပဲ လက်ထပ်ချင်ပါတယ်။ ဘာများမှားလို့လဲ"
ဒုတိယမင်းသားကလဲ ခေါင်းကိုမော့လာကာ သူ့မျက်လုံးများကလဲ တူညီစွာ ပင့်လို့နေသည်။ "ဖုဟွမ် အာချန်ကလဲ အာချန် လေးစားရတဲ့မိန်းကလေးကိုပဲ လက်ထပ်ချင်ပါတယ်။ အာချန် ဘာမှားခဲ့လဲမသိပါဘူး!"
ယုံးကျားဧကရာဇ် "..."
ယုံးကျားဧကရာဇ်မှာ ဒေါသဖြင့် ရယ်မောလေတော့သည်။ "ဟုတ်ပြီ ဟုတ်ပြီ။ မင်းတို့နှစ်ယောက်စလုံး မှန်တယ်။ တစ်ယောက်က စတုတ္ထသခင်မလေးကို ချစ်ခင်နှစ်သက်တယ်။ သူ့ရဲ့ငယ်ကျွမ်းဆွေလေးကို လက်ထပ်ချင်တယ်။ ကျန်တဲ့တစ်ယောက်ကတော့ ရှင်းယန်ဝမ်ရဲ့ ကြီးမြတ်မှုတွေကို လေးစားအားကျပြီး.ရှင်းယန်ဝမ်ရဲ့သမီးကို လက်ထပ်ဖို့တောင်းဆိုနေတယ်"
"ဖြစ်ချင်တော့ ရှင်းယန်ဝမ်က အိမ်ပါသားမက်ပဲ ခေါ်ချင်တာတဲ့။ မင်းတို့နှစ်ယောက် ဘယ်လိုလုပ်မှာလဲ။ မင်းတို့နှစ်ယောက်က အတင်းအဓမ္မ လက်ထပ်ချင်တာလား။ ဒါမှမဟုတ် လုမိသားစုထဲကို ဝင်ချင်တာလား"
"တစ်ဖက်က သူတို့ရဲ့သမီးကို တော်ဝင်မိသားစုနဲ့လက်ထပ်ပေးဖို့ မလိုလားဘူး။.ချွေးမဖြစ်မလာစေချင်ဘူး။ မင်းတို့ ညီအစ်ကိုနှစ်ယောက်စလုံးက နေ့ခင်းအိမ်မက် မက်နေကြတာပဲ။ ဝမ်ဟွားနန်းဆောင်ထဲမှာတောင်မှ ရန်ဖြစ်ရဲကြသေးတယ်။ မင်းတို့နိုင်ရင်တောင် သောက်သုံးဝင်မှာ မဟုတ်ဘူး"
ဒေါသအရှိန်ဖြင့် ယုံးကျားဧကရာဇ်သည် ညစ်ညမ်းသည့်စကားလုံးများကိုပင် ထုတ်ပြောလေတော့သည်။
လီဟောက်၏မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားတော့၏။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် ဆယ်ချက်ကျော်သည့် ကျာပွတ်စာမှာ သူ့နှလုံးသားထဲသို့ ထိုးဖောက်သွားသည့် ဤစကားလောက်ပင် မနာကျင်တော့ချေ။
ဒုတိယမင်းသားကတော့ သူ့ခါးကို မတ်ထားကာ အကြောက်အလန့်ကင်းစွာဖြင့် ပြောလေသည်။ "ရှင်းယန်ဝမ်က အခုချိန်မှာ မလိုလားဘူးဆိုပေမဲ့ သိပ်မကြာခင် သူ စိတ်ပြောင်းချင်ပြောင်းသွားမှာပါ"
"အာချန်က စတုတ္ထသခင်မလေးလုကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့အတွက် အာချန်ရဲ့ ရိုးသားတဲ့ စိတ်ရင်းအမှန်ကို ပြသပြီး လုမိသားစုကို မြင်အောင်ပြပေးမှာပါ။ အာချန် ရှင်းယန်ဝမ်ကို သဘောကျအောင်လုပ်နိုင်မှာ သေချာပါတယ်။ ဖုဟွမ်က အာချန်ကို အခွင့်ရေးလေးတစ်ခု လောက်ပေးဖို့ တောင်းဆိုပါတယ်"
လီဟောက်သည် ရုတ်တရက် ခေါင်းကိုလှည့်ကြည့်လိုက်၏။
ငေးကြောင်ကြောင် ဖြစ်နေသည့် လီဟောက်သည် သူ၏ဒုတိယအစ်ကိုတော်ကို အစ်ကိုတော်ဟုပင် မခေါ်နိုင်တော့ဘဲ နာမည်ဖြင့် တိုက်ရိုက်ခေါ်လိုက်လေတော့၏။ "လီကျင့်! မင်း ဘာပြောလိုက်တယ်။ မင်း ထပ်ပြောစမ်း!"
ဒုတိယမင်းသားသည် အလွန်ကြင်နာတတ်သူဖြစ်ကြောင်း အချက်အလက်များကလဲ သက်သေရှိနှင့်ပြီးသားပင်။
ဒုတိယမင်းသားက ပြတ်သားကာ သဘောထားကြီးမားသည့်ရုပ်ဖြင့် တစ်ဖန် ထပ်ပြောလိုက်တော့သည်။ "ငါ လုမင်ယွိကို လက်ထပ်ချင်တယ်။ သူ အခုချိန် မလိုလားဘူးဆိုလဲ ကိစ္စမရှိဘူး။ သူ နောက်ပိုင်းကျရင် လိုလားလာမဲ့နေ့ တနေ့တော့ ရှိလာလိမ့်မယ်"
လီဟောက်သည် ဒေါသမွှန်ထူနေသည့် သားရိုင်းကောင်ကြီးတစ်ကောင်လို ဖြစ်သွားတော့သည်။ သူသည် ဒေါသကြောင့် မျက်လုံးများ အရောင်တောက်သွားပြီး ကျာပွတ်ရှည်ကြီး တစ်ချောင်းကိုင်ထားသည့် ယုံးကျားဧကရာဇ်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ရုတ်တရက်ဆိုသလို ဒုတိယမင်းသားကို ခုန်အုပ်လေတော့သည်။
ဒုတိယမင်းသားကလဲ မည်သို့ အရိုက်ခံနိုင်ပါမည်နည်း။ သူက ကိုယ်ကိုလှည့်ကာ ကြမ်းပြင်ပေါ်တွင် လှိမ့်ချလိုက်ပြီး လီဟောက်နှင့် တစ်ဖန်တိုက်ခိုက်တော့သည်။
ယုံကျားဧကရာဇ် " ... "
ဒီကောင်နှစ်ကောင် သူသာ မရှင်းလင်းရင် ကောင်းကင်ပေါ်ကို တက်သွားတော့မှာပဲ!
ယုံကျားဧကရာဇ်က သူ၏ကျာပွတ်ရှည်ကြီးကို မြှောက်ကာ အားဖြင့် လွှဲချလိုက်လေတော့သည်။ တနေရာတည်းတွင် ရန်ဖြစ်နေကြသည့် ညီအစ်ကိုနှစ်ယောက်စလုံးမှာ မလွတ်မြောက်ခဲ့ချေ။
ခုနကတော့ ယုံးကျားဧကရာဇ်သည် သူ၏လက်ဆကို နှစ်ကြိမ်လောက် လျှော့ချထားသော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ ဒေါသကလဲ ထွက်နေပြီဖြစ်သဖြင့် သနားညှာတာမှုကို မပြနိုင်တော့ချေ။ ကျာပွတ်စာနှစ်ချက် ပြုတ်ကျလာပြီးနောက်တွင် ဒုတိယမင်းသားနှင့် လီဟောက်တို့ တစ်ယောက်ချင်းစီသည် အော်ဟစ်ကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးကြလေတော့၏။
ဒီလိုသာတိုက်ခိုက်နေရင် မင်းသားတွေကို တကယ်ပဲ နာကျင်အောင် လုပ်မိရင်ဘယ်လိုလုပ်မလဲ။ အရှင်မင်းကြီးရဲ့ဒေါသက နဂါးခန္ဓာကိုယ်ကို ထိခိုက်မိအောင်လုပ်မိရင်ရော သူတို့တွေဘယ်လိုလုပ်ကြမလဲ။
တော်ဝင်မိသားစုရှေ့က နန်းစောင့်တပ်များသည် ဆက်ပြီး မစောင့်နိုင်တော့ချေ။ သူတို့သည် အချင်းချင်း မြန်မြန်ကြည့်လိုက်ကြပြီး အပြန်အလှန်နားလည်မှုဖြင့် ယုံးကျားဧကရာဇ်ကို အတူတူ တားဆီးလိုက်ကြတော့သည်။ "အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ စိတ်လျှော့တော်မူပါ!"
ယုံးကျားဧကရာဇ်ကလဲ ဒေါသတကြီးဖြင့် အော်ငေါက်တော့သည်။ "ဒီနေရာက ထွက်သွားကြစမ်း!"
ဒီနေ့ ဒီနှစ်ကောင်ကို သေချာပေါက် အသေရိုက်နှက်ရမယ်။
နန်းတော်စောင့်များကလဲ ယုံးကျားဧကရာဇ်နှင့်တော့ မတိုက်ခိုက်ဝံ့ချေ။ ထို့ကြောင့် သူတို့သည် နှစ်ဖွဲ့ကွဲသွားပြီး ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ကို ဝန်းရံထားလိုက်ကာ အရှင်မင်းသား နှစ်ယောက်အတွက် ရှည်လျားသည့် ကျာပွတ်ကြီးကို ပိတ်ဆို့ပေးထားရတော့သည်။
သို့သော်ငြား ရလာဒ်အနေဖြင့် ဒုတိယမင်းသားနှင့် လီဟောက်တို့သည် လူအုပ်ကြီး၏ဝိုင်းရံခံထားရသဖြင့် သူတို့ထွက်ပြေးချင်လျှင်ပင် ထွက်ပြေးဖို့ နေရာမရှိတော့ချေ။ ယုံးကျားဧကရာဇ်၏ ကျာပွတ်ရှည်ကြီးကလဲ အင်မတန်မှ လှည့်ဖျားတတ်လေသည်။ နန်းစောင့်တပ် အများအပြား ဝန်းရံထားသည့်ကြားက သူသည် ဟနေသည့်နေရာကို ကျော်ဖြတ်လာကာ မင်းသားနှစ်ယောက်အပေါ်သို့ ကျရောက်နိုင်သေးသည်။
ဒီတစ်ကြိမ်တွင်တော့ ကျောပြင်တင် နာကျင်ခဲ့ရခြင်းမဟုတ်ဘဲ လက်မောင်းများ ခြေထောက်များ ပုခုံးများအားလုံး ပူပြင်းလာရတော့သည်။
ကံအားလျော်စွာ ယုံကျားဧကရာဇ်သည် အနည်းငယ် သတိရှိနေသေးသည်။ သူတို့၏မျက်နှာကိုတော့ ထိခိုက်အောင်မလုပ်ခဲ့ချေ။
...
ဒီအခိုက်အတန့်မှာပင် စိုးရိမ်စိတ်ကြောင့် မျက်နှာများ ဖြူဖျော့နေပြီဖြစ်သည့် ချောင်မိဖုရားခေါင်ကလဲ တိုးဝင်လာလေတော့၏။
ချောင်မိဖုရားခေါင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်နှာများ ဖြူဆုတ်ကာ သွေးများစွန်းထင်းနေသည့် ဒုတိယမင်းသားကို မြင်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို မျက်ရည်များ စီးကျလာလေတော့သည်။
ချောင်မိဖုရားခေါင်က ဖုတ်ခနဲ ဒူးထောက်ချလိုက်ပြီး ငိုသံဖြင့် စူးရဲစွာ ပြောဆိုလေတော့၏။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ! အားကျင့် ဘာအမှားကိုပဲ လုပ်ပါစေ အားလုံးက ချဲ့အမှားပါ။ အရှင်မင်းကြီး သူ့ကိုမရိုက်ပါနဲ့တော့!"
လူသဘောကလဲ မျက်နှာလိုက်ကြသည်ပင်။
လီဟောက်သည်လည်း ဖြူဆုတ်နေပြီး သူ့ခန္ဓာကိုယ်ကလဲ ဒုတိယမင်းသားနှင့်မခြား သွေးများ လျှော့နည်းနေသော်ငြားလည်း ချောင်မိဖုရားခေါင်ကတော့ ဒီအတိုင်း မမြင်ကွယ်ရာပြုကာ သူမ၏သားအရင်းကိုသာ မျက်လုံးထဲတွင်ထည့်ထားလေသည်။
ချောင်မိဖုရားခေါင် ဒူးထောက်ချလိုက်ခြင်းက တောက်လောင်နေသည့် မီးတောက်တစ်ခုအပေါ် ရေအေးတစ်ပုံးလောင်းချလိုက်သလိုပင်။
ယုံးကျားဧကရာဇ်၏ ပြင်းထန်နေသည့်ဒေါသသည် တခဏအတွင်း ရပ်တန့်သွားပြီး သူ၏ဆင်ခြင်ဉာဏ်ကလဲ ပြန်လည်ဝင်ရောက်လာကာ ရှုပ်ပွနေသည့် ဝမ်ဟွားနန်းဆောင်ကို တချက်ကြည့်လိုက်လေ၏။ သူ့မျက်လုံးများက သွေးများစွန်းပေနေသည့် သားနှစ်ယောက်ဆီသို့ ကျရောက်သွားပြီး နောင်တတရားကလဲ သူ့နှလုံးသားကို ချက်ချင်း လာရောက်ထိမှန်တော့သည်။
ခုနတုန်းက သူ ဘာဖြစ်လို့ ဒီလောက်ပြင်းပြင်းထန်ထန် လုပ်မိသွားတာလဲ!
တော်ဝင်နန်းစောင့်များသည်လည်း ကျာပွတ်စာ အများကြီး ခံယူခဲ့ရလေသည်။ ဒီအချိန်တွင် သူတို့အားလုံးက ဖရိုဖရဲဖြစ်နေကြကာ တပြိုင်တည်း ဒူးထောက်လိုက်ကြ၏။
ဒုတိယမင်းသားနှင့် လီဟောက်တို့ကလဲ ဒူးထောက်ကာ အပြစ်ကို အသနားခံမိကြတော့သည်။
ယုံးကျားဧကရာဇ်သည် ရင်ထဲတွင် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး လက်ထဲက ကျာပွတ်ရှည်ကြီးကို ပစ်ထုတ်လိုက်တော့၏။ "မင်းတို့နှစ်ကောင် မင်းတို့အခန်းကို ပြန်ပြီးတော့ ကိုယ့်ဟာကို ပြန်သုံးသပ်ကြ။ ငါ့ရဲ့ခွင့်ပြုချက်မပါဘဲ ခြေလှမ်းတစ်ဝက်တောင်မှ ခြံဝန်းအပြင်ဘက် ထွက်ခွင့်မရှိဘူး"
သူသည် ချောင်မိဖုရားခေါင်ကို တစ်ဖန်ထပ်ပြောလိုက်၏။ "ဟွမ်ဟုပ် (မိဖုရားခေါင်) လူလွှတ်ပြီးတော့ နန်းတွင်းသမားတော်ကိုသွားခေါ်ခိုင်းလိုက်"
ချောင်မိဖုရားခေါင်သည် ရှိုက်သံဖြင့် ငိုကြွေးနေပြီး တုန်တုန်ယင်ယင်နှင့် အင်္ကျီလက်ဖြင့် မျက်ရည်များကိုသုတ်ကာ သူ့မကိုယ်တိုင် ဒုတိယမင်းသားကို သွားရောက် တွဲထူပေးလိုက်တော့သည်။
အနီးကပ်တစ်ချက်လောက် ကြည့်လိုက်သည်တွင် ချောင်မိဖုရားခေါင်သည် ပိုလို့ပင် ဝမ်းနည်းသွားရပြီး မျက်ရည်များကလဲ ပါးပြင်ပေါ်တွင် စီးကျနေတော့၏။
ဒုတိယမင်းသား၏ပါးပြင်ပေါ်တွင် သွေးများစွန်းထင်နေပြီး သူ၏လက်မောင်းနှင့် ခြေထောက်များပေါ်တွင်လည်း သွေးစွန်းရာတစ်ချို့ ရှိနေသည်။ ဒုတိယမင်းသားသည် နာကျင်မှုကြောင့် ချွေးအေးများ ထွက်လာပြီး လေသံတိုးတိုးဖြင့် ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ပေးဖို့ရန်လည်း မမေ့လျော့ခဲ့ချေ။ "မူဟုပ် စိတ်မပူပါနဲ့။ ကျွန်တော် ဘာမှမဖြစ်ပါဘူး"
ချောင်မိဖုရားခေါင်၏ငိုသံမှာ လည်ချောင်းထဲတွင် ပေါက်ကွဲသွားပြီး သူမ၏ပုံမှန်ရှိရင်းစွဲ ကျက်သရေရှိလှသည့် အိန္ဒြေပင်ပျက်သွားလေတော့၏။ "နင် ဒီလိုရိုက်ခံထားရတာလေ ဘယ်လိုလုပ်ပြီးတော့ အဆင်ပြေနိုင်မှာလဲ ... ဘာအမှားတွေလုပ်ခဲ့လို့ နင့်ရဲ့ဖုဟွမ်က နင့်ကို ဒီလိုရိုက်နှက်ရတာလဲ!"
ချောင်မိဖုရားခေါင်၏ငိုသံမှာ ဝမ်ဟွားခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။
ယုံးကျားဧကရာဇ်သည် ငိုသံက အနည်းငယ် စူးရှသည်ဟုခံ စားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သော်ငြားလည်း နောက်ဆုံးတော့ ဘာမှမပြောလိုက်ချေ။
လီဟောက်က ပိုလို့ပင် ဆိုးရွားသေးသည်။ ဘယ်သူကမှ သူ့ကိုတွဲထူခြင်းလဲ မရှိခဲ့ချေ။ သူသညလ ကိုယ့်ဟာကို ကြမ်းပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်ရုံသာတတ်နိုင်ခဲ့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေ၏။ အထူးသဖြင့် သူ၏ကျောပြင်ပင်။ နာကျင်မှုက စူးရှလွန်းလှ၏။ သူသည် အံကိုကြိတ်ထားကာ ထိုနာကျင်မှုကို သည်းခံလိုက်ပြီး သူ့မျက်လုံးများကတော့ ဓားသွားများနှင့် ဒုတိယမင်းသားကို ရက်ရက်စက်စက် ထိုးနှက်ပစ်လေတော့သည်။
ဒုတိယမင်းသားက စိတ်နှလုံးကောင်းရှိနေသယောင် တချိန်တည်းမှာပင် လှည့်ကြည့်လာခဲ့လေသည်။
ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
ဒုတိယမင်းသား၏ နှုတ်ခမ်းထောင့်များသည် တွန့်ချိုးသွားပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ထူးဆန်းသည့် အေးစက်မှုတစ်ခု ဖျတ်ခနဲလက်သွားခဲ့သည်။ ထိုအအေးဓာတ်သည် ရေခဲဓာတ်လို၊ ဆောင်းတွင်း အေးစက်စက်လေလို၊ ထက်ရှလှသည့်ဓားသွားတစ်ခုလို၊ လင်းလက်နေတော့သည်။
ထိုအေးစက်မှုထဲက ရန်လိုမှုကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေနိုင်လေ၏။
လီဟောက်သည် ရင်ထဲတွင် အေးခဲသွားပြီး သူ၏ကျောပြင်မှာ ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရတော့သည်။
လီဟောက်က သေသေချာချာလေး မစဥ်းစားရသေးခင်မှာပင် ဒုတိယမင်းသားက အကြည့်လွှဲသွားနှင့်ပြီ့ဖြစ်ကာ ချောင်မိဖုရားခေါင်၏ အကူအညီဖြင့် ဖြည်းဖြည်းချင်း လျှောက်ကာထွက်သွားခဲ့၏။
လီဟောက်သည် နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားပြီး သူ့အစေခံရှောင်နျန်၏ အကူအညီဖြင့် ဝမ်ဟွားခန်းမထဲက ဖြည်းဖြည်းချင်း လျှောက်ကာ ထွက်လာခဲ့လေသည်။
သားဖြစ်သူများ ထွက်သွားပြီးသည်နှင့်ချက်ချင်း ဒေါသထွက်နေသည့် ယုံးကျားဧကရာဇ်၏ နှလုံးသားသည်လည်း အများကြီး လျော့ပါးသွားလေတော့သည်။
ကြမ်းပြင်ပေါ်က သွေးများစွန်းထင်းနေသည့် ကျာပွတ်ရှည်ကြီးကို ကြည့်ရင်း ယုံးကျားဧကရာဇ်သည် အနှောင့်အယှက်ဖြစ်ရသလို နေင်တရခြင်းကိုလဲ ခံစားလိုက်ရလေသည်။ အရင်က တခါမှ မမြင်ခဲ့ဖူးသေးသည့် လုမင်ယွိအပေါ်ကိုပင် အနည်းငယ် မကျေမနပ်ဖြစ်လေတော့သည်။
...