← Chapters

အာခံခြင်း (၂)

Vol. 3 Ch. 35

အာခံခြင်း (၂)

Vol. 3 Ch. 35

အမွှေးတိုင်တစ်တိုင်စာ ကြာပြီးနောက်။

ချန်ချန်းနန်းဆောင်။

သမားတော်ကျိုးယွမ်သည် ချွန်ထက်လှသည့် ကပ်ကြေးကို ကောက်ကိုင်ကာ သွေးစွန်းနေသည့် အဝတ်စများကို ညှပ်ထုတ်ပစ်လိုက်သည်။ လှုပ်ရှားမှုက မည်မျှပင် ညင်သာနေပါစေ ဒဏ်ရာကိုတော့ ထိခိုက်နေမှာ မလွဲရှောင်နိုင်ပေ။

ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ဒုတိယမင်းသားသည် စုပ်သံတချက် သပ်လိုက်ပြီး အသံတိတ် သည်းခံနေလိုက်၏။

တောင့်တင်းသံယန်မာပြီး ဖြူဖွေးနေသည့် ကျောပြင်ကြီးပေါ်တွင် ကျာပွတ်ဒဏ်ရာ အများအပြားသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် ပုံရိပ်လေးတစ်ခု ဖြစ်ပေါ်နေ၏။ ဒဏ်ရာများက ခါးအထိပျံ့နှံ့နေပြီး ဒဏ်ရာများကို ကုသရန်အတွက် သူ့ဘောင်းဘီရှည်ကို ချွတ်ရပေမည်။

"အရှင်မင်းသား ကျွန်တော် အခု ဆေးလိမ်းပေးတော့မယ်နော်" အသက်၅၀ဝန်းကျင်အရွယ် မုတ်ဆိတ်မွေးများနှင့် သမားတော်ကျိုးယွမ်က အလွန်သိမ်မွေ့သည့်အသံဖြင့် ပြောလာလေသည်။

ဒုတိယမင်းသားကလည်း သူ့ကိုခပ်တိုးတိုးလေး ပြန်ဖြေလိုက်၏။

နောက်တစ်ဆင့်သည် ဒဏ်ရာကို သန့်စင်ရမည်ဖြစ်ကာ ဒဏ်ရာပျောက်ဆေး လိမ်းရမည်ဖြစ်သည်။ အစမှအဆုံးအထိ ဒုတိယမင်းသားသည် အသက်မရှူထုတ်ခဲ့ချေ။ တစ်ခါတစ်ရံ ခပ်တိုးတိုး ညည်းသံလေးက ပါးစပ်မှနေ၍ ထွက်ပေါ်လာပြီး လည်ချောင်းထဲတွင်ပင် ချက်ချင်းဆိုသလို မျိုချလိုက်ရ၏။

ကျိုးယွမ်သည် သူ၏စိတ်ထဲတွင်တော့ တော်တော်လေးကို ထူးဆန်းလို့နေသည်။

သူသည် မကြာခဏဆိုသလို နန်းတော်အတွင်းသို့ လာရတတ်ပြီး မင်းသား တော်တော်များများနှင့်လည်း ရင်းနှီးခဲ့သည်။ ဒုတိယမင်းသားသည် ချောင်မိဖုရားခေါင်၏ သားအရင်းဖြစ်ကာ သူ၏အဆင့်အတန်းကလည်း တော်တော်လေးကို ထူးခြားလှသည်။ ချောင်မိဖုရားခေါင်က သူမ၏သားဖြစ်သူကို အဖိုးတန် ရတနာလေးတစ်ခုလို သဘောထားခဲ့၏။

ဒုတိယမင်းသား ယနေ့ကုသခံရသည့် ကုသမှုမှာ အလွန်နာကျင် ရသော်ငြားလည်း စကားတစ်ခွန်းမှမဆိုဘဲ တစ်လျှောက်လုံး သည်းခံလာခဲ့သည်။ ဤဇွဲလုံ့လနှင့် သည်းခံနိုင်စွမ်းမှာ အမှန်ပင် အံ့ဩစရာ ကောင်းလှပေသည်။

ကုတင်ရှေ့တွင် ကန့်လန့်ကာတစ်ခုကို ထောင်ထားပြီး ကန့်လန့်ကာဘေးတွင် ရပ်နေသည့် ချောင်မိဖုရားခေါင်မှာတော့ ဆက်တိုက်ဆိုသလို ငိုကြွေးနေကာ မကြာခဏဆိုသလို သူမ၏ပါးစပ်ကိုဖွင့်ဟပြီး သမားတော်ကျိုးကို မေးမြန်းလို့နေ၏။ "သမားတော်ကျိုး အားကျင့်ရဲ့ဒဏ်ရာ ဘယ်လိုနေသေးလဲ။ အမာရွတ်တွေ ကျန်မှာလား။ ပြင်းပြင်းထန်ထန် ပြဿနာရောရှိမှာလား။ ဒဏ်ရာပျောက်ဖို့ ဘယ်လောက်ကြာမှာလဲ။ နောက်ဆိုရင်ကော အမာရွတ်တွေ ကျန်နေခဲ့ဦးမှာလား"

ကျိုးယွမ် "..."

နန်းတော်ထဲတွင် တော်ဝင်သမားတော်တစ်ဦး ဖြစ်လာဖို့ရန် သာလွန်သည့် ဆေးပညာစွမ်းရည် ရှိရရုံသည်သာမက ချောချောမွေ့မွေ့ပြုမူကာ စိတ်ရှည်တတ်ရမည် ဖြစ်လေသည်။ မင်းမျိုးမင်းနွယ်များကိုလည်း ကောင်းမွန်စွာ အမှုထမ်းနိုင်ရမည်။

"မိဖုရားခေါင်ကို လျှောက်တင်ပါတယ်။ အရှင်မင်းသားရဲ့ဒဏ်ရာက မသေးပါဘူး။ ကံကောင်းချင်တော့ အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်မျိုးရဲ့ အမြင်အရတော့ တစ်လလောက် ကုတင်ပေါ်မှာ လှဲလျောင်းနေလိုက်ရင် လုံလောက်ပါပြီ"

ကျိုးယွမ်က သူ၏ တပည့်များကို ဆက်တိုက်ဆိုသလို လှုပ်ရှားနေစေပြီး ကျွမ်းကျင်စွာ ပြန်လည်ဖြေကြားလေသည်။

"ဒဏ်ရာပျောက်ကင်း သွားပြီးရင်တော့ ကျွန်တော်မျိုးရဲ့ အထူးအမာရွတ် ပျောက်လိမ်းဆေးကို နေ့တိုင်းလိမ်းပေးရပါမယ်။ ဒီလိုဆိုရင်တော့ အမာရွတ် မကျန်လောက်ပါဘူး"

ချောင်မိဖုရားခေါင်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး သူမ၏ မျက်ရည်များသည်လည်း တဖြည်းဖြည်း ရပ်တန့်သွားတော့၏။

နာရီဝက်ကြာပြီးနောက်တွင် ကျိုးယွမ်သည် ကန့်လန့်ကာထဲမှ နေ၍ပြန်ထွက်လာခဲ့၏။ ချောင်မိဖုရားခေါင်သည် အလွန်စိုးရိမ် ပူပန်နေလေရာ ကန့်လန့်ကာကို ချက်ချင်း ဖြတ်လျှောက်လာပြီး အိပ်ရာဘေးနားသို့ ရောက်လာတော့သည်။

ဒုတိယမင်းသား၏ ခန္ဓာကိုယ်ပေါ်က အမာရွတ်များကို အလွန်ပေါ့ပါးနူးညံ့သည့် ဂွမ်း‌စောင်လေးတစ်ခုဖြင့် လွမ်းခြုံထားလေသည်။ သွေးများကင်းမဲ့နေသည့် ချောမောခန့်ညားသည့် မျက်နှာလေးတစ်ခုသာ ဖော်လို့ထားသည်။

ချောင်မိဖုရားခေါင်က နီရဲနေသည့်မျက်လုံးများဖြင့် အိပ်ရာဘေးတွင် ထိုင်ချလိုက်ကာ ငိုရှိုက်ရင်း မေးလာတော့သည်။ "အားကျင့် ဒီနေ့ ဘာအမှားလုပ်ခဲ့လို့လဲ။ မင်းရဲ့ဖုဟွမ်က မင်းကို ဒေါသထွက်ပြီး ဒီလောက် အပြစ်ပေးရအောင် ဘာတွေလုပ်ခဲ့တာလဲ"

မင်းသားများသည် ငယ်ရွယ်စဉ်က အဆော့သန်ကြပြီး သူတို့၏ဖခင်ရင်းများ၏ ရိုက်နှက်ခြင်းကိုလည်း အများအပြား ခံရသည်။ သို့သော်ငြား ယုံးကျားဧကရာဇ်သည် နဂါးပုလ္လင်တွင် ထိုင်ကတည်းက စစ်တိုက်ထွက်ရင်း အလုပ်များနေခဲ့ရာ သူ့သားများကို စောင့်ရှောက်ဖို့ရန်ပင် အချိန်မရှိသလောက်ပင်။

သူသည် သားဖြစ်သူကို ကိုယ်တိုင် ရိုက်နှက်ခြင်းမှာလည်း ပထမဦးဆုံးအကြိမ် ဖြစ်တော့သည်။

ဒုတိယမင်းသားက သူ့နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ကာ "ကိစ္စ အကြီးကြီး မဟုတ်ပါဘူး။ စန်းတိနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး စတုတ္ထသခင်မလေးလုကို လက်ထပ်ချင်နေတာ။ ကျွန်တော်တို့တွေ ဖုဟွမ်ရှေ့မှာ ရန်ဖြစ်ခဲ့ကြတာ။ ဒါကြောင့်မလို့ ဖုဟွမ်က အခုလို လုပ်ခဲ့တာပါ"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်၏ရင်က ဗလာအတိ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွားတော့၏။

သူမ၏ဘေးက နန်းတွင်းအပျိုတော်လေး ချိုင်လန်က အလျင်စလို လက်ကိုလှမ်းကာ ချောင်မိဖုရားခေါင်ကို တွဲထားပေးရတော့သည်။ "မယ်မယ် !"

ချောင်မိဖုရားခေါင်က ချိုင်လန်၏လက်ကို ဖမ်းဆုပ်ထားပြီး သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်လေတော့သည်။ "ထွက်သွားကြ"

မိဖုရားခေါင်၏ အမိန့်တစ်ခုနဲ့အတူ အစေခံမလေးများနှင့် အစေခံအားလုံးကလည်း ထွက်သွားကြတော့သည်။

ချောင်မိဖုရားခေါင်သည် နောက်တစ်ကြိမ် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး အံကြိတ်ကာဖြင့် မေးလိုက်တော့သည်။ "မင်းမှာ သဘောကျရတဲ့ မိန်းကလေးရှိတယ်လို့ ပြောခဲ့တုန်းက စတုတ္ထသခင်မလေးလု လုမင်ယွိအကြောင်း ပြောနေတာလား"

ဒုတိယမင်းသားက မျက်နှာကို တစ်ဖက်သို့လွှဲထားကာ အင်း ဟုသာ ပြန်ဖြေလေသည်။

အင်း ဘာကို အင်းတာလဲ !

ချောင်မိဖုရားခေါင်သည် သူမ၏ခန္ဓာကိုယ် တစ်ခုလုံးကသွေးများက သူမ၏ခေါင်းသို့ပင် ထိုးတက်လာသည်ဟု ခံစားလိုက်ရတော့သည်။ သူမသည် အကောင်းဆုံးပြန် ထိန်းချုပ်ထားလိုက် သော်ငြားလည်း ဒေါသကတော့ ထွက်လာဆဲပင်။ "ဒီကိစ္စကို ဘာဖြစ်လို့ မူဟုပ်နဲ့ မတိုင်ပင်တာလဲ။ မင်း လုမင်ယွိကို ဘယ်တုန်းက တွေ့ခဲ့လို့လဲ"

လုမင်ယွိက ဘယ်လောက်တောင် နမော်နမဲ့နိုင်ပြီး ရဲတင်းသလဲဆိုတာ သိရဲ့လား။ သူက သိမ်မွေ့နူးညံ့တာလည်း မရှိသလို သီလစောင့်စည်းတာလည်း မရှိဘူး။ စာတွေလည်း အများအပြား ဖတ်ထားတာ မဟုတ်ဘူး။ သူ့မှာ အံ့ဩစရာကောင်းတဲ့ ခွန်အားတွေရှိတယ်ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း မဆင်မခြင်ပြုမူခဲ့တာ"

"ဒီလိုမိန်းမတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့ကြင်ရာတော် ဖြစ်ထိုက်မှာလဲ"

"ဒီအပြင် အဲဒီနေ့က နန်းတွင်းစားသောက်ပွဲမှာ လီဟောက်က အားလုံးရဲ့ရှေ့မှာ လုမင်ယွိနဲ့ တွေ့ခဲ့တယ်လေ။ အားလုံးက စောင့်ကြည့် နေကြတာ။ မင်းက ပါးစပ်ဖွင့်ပြီး လုမင်ယွိကို လက်ထပ်ဖို့တောင်းဆိုခဲ့တယ်။ မင်းဟာလေ ..." ချောင်မိဖုရားခေါင်၏ နားထင်များသည် တဒုတ်ဒုတ် မြည်လာပြီး သူမ၏လှပပြီး ကျက်သရေရှိသည့် မျက်နှာမှာလည်း အနည်းငယ် ရှုံ့မဲ့သွားလေတော့သည်။ "မင်းရဲ့ဖုဟွမ် မင်းကို ရိုက်နက်တာလည်း မဆန်းတော့ဘူး !"

တကယ်လုံးဝ မမှားဘူးလေ။

ချောင်မိဖုရားခေါင်သည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးစိတ်အနှောင့်အယှက် ဖြစ်လာလေလေ ဖြစ်ကာ မြန်မြန်ဆန်ဆန် ဆက်ပြီးပြောလိုက်လေသည်။ "မူဟုပ်ရဲ့စကားနားထောင် ဒီကိစ္စက မဖြစ်နိုင်ဘူး။ ဒီစိတ်ကူးကို တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ဖယ်ရှားပစ်လိုက်တော့ ! မင်းရဲ့မင်္ဂလာပွဲ ကိစ္စကိုလည်း စိုးရိမ်နေဖို့ မလိုဘူး။ မူဟုပ်က မင်းအတွက် နာမည်ကြီးပြီး မြင့်မြတ်တဲ့ မိန်းကလေးတစ်ယောက်ကို ရွေးပေးမယ်။ တကယ်လို့ မင်း မုန့်ယွင်လော်ကို မကြိုက်ဘူးဆိုရင်လည်း မင်းရဲ့ဝမ်းကွဲ ချောင်ဝမ်ကို လက်ထပ်လို့ရတယ်။ ဒါမှမဟုတ် တခြားမိန်းကလေးဆိုလည်း ရတယ်။ လိုရင်းကိုပဲ ပြောမယ် လုမင်ယွိကိုတော့ မစဉ်းစားလေနဲ့"

ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားနေသည့်ပုံ ပေါ်သော်ငြားလည်း ဒုတိယမင်းသားကတော့ ခါတိုင်းလိုပင် တည်ငြိမ်လို့နေသည်။

သူသည် မျက်နှာကို တစ်ဖက်သို့လွှဲထားကာ ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်၏။

သူ၏တည်ငြိမ်ပြီး စူးရှနေသည့်အကြည့်မှာ ချောင်မိဖုရားခေါင်၏ ပွက်ပွက်ဆူနေသည့်သွေးကို အေးခဲသွားစေတော့သည်။

"မူဟုပ်" ဒုတိယမင်းသားသည် အသက်တစ်ချက် ရှုထုတ်လိုက်ပြီး သူ့အသံကလည်း အနည်းငယ် မတည်မငြိမ်ဖြစ်နေကာ သူသည် ချောင်မိဖုရားခေါင်၏နားထဲသို့ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "မိန်းမတစ်ယောက်နဲ့ လက်ထပ်ပြီး အိမ်ထောင်ပြုတယ်ဆိုတာက ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။ တသက်လုံး အတူပေါင်းသွားရမှာက ကျွန်တော်ပါ"

"ကျွန်တော် စတုတ္ထသခင်မလေးလုကို ချစ်မြတ်နိုးတယ်။ တခြားမိန်းကလေးတွေ ကျွန်တော်မျက်လုံးထဲ လုံးဝမဝင်နိုင်ဘူး"

"မူဟုပ်က ဒါကို သဘောကျတယ် ဆိုရင်တော့ အကောင်းဆုံးပဲ။ မူဟုပ်က ဒါကို သဘောမကျဘူး ဆိုရင်လည်း ကျွန်တော်ကတော့ သူ့ကို လက်ထပ်ချင်သေးတယ်"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်၏ မျက်နှာသည် အေးခဲသွားကာ သူမ၏ မျက်လုံးများထဲတွင်လည်း မယုံကြည်နိုင်လောက်သည့် ထိတ်လန့်မှုများ အပြည်ဖြစ်သွားတော့သည်။

ဒုတိယမင်းသားက ဆက်ပြောလာ၏။ "နောက်ပြီး ရှင်းယန်ဝမ်က သူ့သမီးဖြစ်သူကို လက်မထပ်စေချင်ဘူး။ သူက အိမ်ပါသားမက်တစ်ယောက် အဖြစ်ခေါ်ချင်တာ။ ကျွန်တော်က စတုတ္ထသခင်မလေးလုနဲ့ လက်ထပ်ချင်တယ်။ ဒီတော့ ပြဿနာတချို့တော့ ရှိလာဦးမှာပဲ"

"မူဟုပ် အဲဒီကိစ္စအတွက် စိတ်မပူပါနဲ့။ အလွန်ဆုံး၂နှစ်ပေါ့။ ကျွန်တော် စတုတ္ထသခင်မလေးလုကို သေချာပေါက် လက်ထပ်မှာပါ"

ချောင်မိဖုရားခေါင်မှာ စကားမပြောနိုင်တော့ ချေ။

အကြောင်းမှာ ဒေါသကြောင့် မေ့လဲသွားခြင်းကြောင့်ပင်။

...

ကျင့်ရန်နန်းဆောင်

လီဟောက်ကို လာရောက် ဆေးကုသပေးသူမှာ ဝူမျိုးနွယ်အမည်ရှိ နန်းတွင်းသမားတော် တစ်ယောက်ဖြစ်သည်။

နန်းတော်ထဲတွင် တော်ဝင်သမားတော် ဆယ်ယောက်ကျော်ရှိပြီး ပြင်ပဒဏ်ရာများကို ကုသရာတွင် အကောင်းဆုံး သမားတော်မှာ နန်းတွင်းသမားတော် ကျိုးယွမ်ဖြစ်သည်။ သို့သော်ငြား ကျိုးယွမ်ကို ချောင်မိဖုရားခေါင်က ချန်ချွန်းနန်းဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့၏။ လီဟောက်၏ အလှည့်သို့ ရောက်လာချိန်တွင် သူသည် နောက်ထပ်နန်းတွင်း သမားတော်တစ်ယောက်ကိုသာ စေလွှတ်ခဲ့ရတော့သည်။

မင်းသားနှစ်ပါးသည် ဝမ်ဟွားနန်းဆောင်ထဲတွင် ရိုက်နှက်ခံခဲ့ရ၏။ ဟုတ်ပါသည်။ ဤကဲ့သို့သော ကိစ္စများကို အနောက်နန်းဆောင်က လူများထံမှ ဖုံးကွယ်ထားလို့ မရနိုင် ချေ။

စူးကျောင်းရုံသည် ထိုအကြောင်းကို သိရှိခဲ့ပြီးနောက် ငိုယိုကာဖြင့် ကျင့်ရန်နန်းဆောင်ဆီသို့ ရောက်လာတော့သည်။ ထိုနောက်တွင်တော့ အငိုမရပ်တော့ချေ။

ပဉ္စမမင်းသား လီချန်သည်လည်း ရောက်လာကာ နီရဲနေသည့် မျက်နှာများဖြင့် အစ်ကိုဖြစ်သူ၏ အိပ်ရာဘေးတွင် ထိုင်ချလိုက်ပြီး သူ၏ ပြည့်ဖောင်းဖောင်း မျက်နှာပေါ်တွင်လည်း ထိတ်လန့်ကြောက်ရွံ့မှုများအပြည့် ဖြစ်နေတော့သည်။ "စန်းကော ဘာဖြစ်လို့ အာ့ကောကို အရင်သွားရိုက်တာလဲ"

စူးကျာင်းရုံမှာ ငိုရှိုက်ကာဖြင့် "မေးစရာလိုသေးလို့လား။ စိတ်ကိုလာဆွပြီး မင်းအစ်ကိုရဲ့ဒေါသကို တမင်ထွက်အောင်လုပ်နေတာ ဒုတိယမင်းသားပဲ ဖြစ်မှာပေါ့။ မဟုတ်ရင် အားဟောက်က ဘယ်လိုလုပ်ပြီးအရင် စလုပ်မှာလဲ !"

နာမည်ကို ကြည့်လိုက်ရုံနဲ့ ရင်းနှီးမှုနှင့် သူစိမ်းဆန်မှုကြားက ကွာခြားချက်ကို မြင်သာနိုင်ပေသည်။

လီဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သည့် နာကျင်မှုများဖြင့် ဖုံးလွှမ်းနေကာ သူ့မျက်နှာကလည်း သွေးများကင်းမဲ့လို့နေ၏။ သူ၏ နားထဲက ငိုယိုသံကလည်း တစ်ခါမှ ရပ်တန့်မသွားချေ။

လီဟောက်သည် မျက်လုံးများကို မှိတ်ထားလိုက်ကာ ခက်ခက်ခဲခဲ ပြန်ဖွင့်လိုက်ပြီး သူ့အသံကလည်း တိမ်ဝင်လို့နေတော့သည်။ "မူချင်း ဝူတိ ဒီနေ့ညကိစ္စနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မပြောရဘူးနော်။ လီကျင့်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တာ။ ဟွမ်ဟုပ်က ဒီအတွက် သေချာပေါက် လက်စားချေဖို့ ကြိုးစားမှာပဲ"

"ကျွန်တော်က.ဒဏ်ရာပြန်ကောင်းဖို့ဆိုရင် နန်းတော်ထဲမှာ။အနည်းဆုံး တစ်လလောက် အချိန်ယူပြီးတော့ နေရဦးမှာ။ ဒီအပြင် ဖုဟွမ် စိတ်မပြေမချင်း နန်းဆောင်ထဲက ထွက်လို့မရသေးဘူး။ နောက်ရက် အနည်းငယ်အတွင်းမှာ ဟွမ်ဟုပ်ကို ဒေါသမထွက်စေသည့်အောင် သတိထားကြ"

လီချန်သည် အင်္ကျီလက်ဖြင့် သူ့မျက်လုံးတောင့်ကို သုတ်လိုက်ကာ ပါးစပ်ကို ဖွင့်ဟပြီး ပြန်ဖြေလေသည်။

စူးကျာင်းရုံ၏ မျက်လုံးများကတော့ ငိုယိုထားသဖြင့် ယောင်ကိုင်းလို့နေပြီး သူမ၏ ညင်သာသည့် အသံကလည်း အနည်းငယ် တိမ်ဝင်လို့ နေတော့သည်။ "အားဟောက် မူချင်းကို အမှန်အတိုင်းပြောစမ်းပါ။ မင်းနဲ့ ဒုတိယမင်းသားတို့ ဘာဖြစ်လို့ ရန်ဖြစ်ကြတာလဲ။ မင်းရဲ့ဖုဟွမ်က ဘာဖြစ်လို့ အဲလောက် ဒေါသထွက်သွားတာလဲ"

"လုမင်ယွိ အတွက်ကြောင့်ပါ"

...

All Chapters