← Chapters

အားအင်မဲ့ခြင်း

Vol. 3 Ch. 36

အားအင်မဲ့ခြင်း

Vol. 3 Ch. 36

စူးကျာင်းရုံသည် ဤကိစ္စက လုမင်ယွိကြောင့် ဖြစ်ရသည်ဟု အစောကြီးကတည်းက ယုံကြည်ထားခဲ့ပြီးဖြစ်ကာ လီဟောက်က မဖြေရသေးခင်မှာပင် တိုးတိုးလေး မြန်မြန်ပြော လိုက်လေသည်။ "သူပဲ သူ့ကြောင့်ပဲ ဖြစ်ရမယ် !"

"သူက ကပ်ဆိုးတစ်ခုဆိုတာ သိသားပဲ ! သူက ငါတို့သားအမိကို အန္တရာယ်ပေးချင်နေတာ ! သူ ငါတို့တွေကို အလွတ်ပေးမှာ မဟုတ်ဘူး ..."

‌ကြောက်စိတ်သည် စူးကျောင်းရုံ၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားပြီး သူမသည် ရုတ်တရက်ဆိုသလို လီဟောက်၏ လက်မောင်းကို လှမ်းဆွဲလိုက်ကာ မတော်တဆ ဒဏ်ရာကို ထိမိသွားတော့သည်။

လီဟောက်ကလည်း နာကျင်မှုကြောင့် အသက်ကို ဖမ်းရှုလိုက်ရ၏။

စူးကျောင်းရုံသည် ထိတ်လန့်မှုထဲတွင် နစ်မျောနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်‌နေကာ စကားပြောရာတွင်လည်း ရှေ့နောက်ပင် မညီတော့ချေ။ "အားဟောက် မူချင်းရဲ့စကားကို နားထောင်။ နောက်ဆိုရင် အဲဒီရက်စက်တဲ့ မိန်းမနဲ့ ခပ်ဝေးဝေးနေ"

"သူက နတ်အစွမ်းနဲ့ အံ့သြစရာ အရည်အချင်းတွေနဲ့ မွေးဖွားလာခဲ့တာ။ တကယ်လို့ သူသာ မူချင်းတို့ကို သတ်ဖို့ဆုံးဖြတ် ထားတယ်ဆိုရင် မူချင်းတို့ သုံးယောက် အသက်ရှင် နိုင်မှာမဟုတ်ဘူး။ မူချင်း မင်းကို တောင်းပန်ပါတယ်။ တခြားဘယ်သူမဆို လက်ထပ်လို့ရတယ်။ ဒါပေမဲ့ သူ့ကိုတော့ လက်ထပ်လို့မရဘူး !"

လုမင်ယွိ အကြောင်း ထုတ်ပြောလာချိန်တွင် စူးကျောင်းရုံသည် ထိတ်လန့်သွားတော့သည်။

လီဟောက်၏ ရင်ထဲက သံသယများကလည်း မှင်စက်လေးတစ်ခုက စာရွက်အပိုင်းစတစ်ခု အပေါ်ပြုတ်ကျသွားသည်နှယ်။ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

လီဟောက်က မည်းနက်နေသည့် မျက်ဝန်းများဖြင့် စူးကျောင်းရုံကို စိုက်ကြည့်လိုက်ကာ "မူချင်း။ မူချင်းက ရှောင်ယွိကို ဘာဖြစ်လို့အဲ့လောက် ကြောက်နေတာလဲ။ သူက သိုင်းပညာရှင် တစ်ယောက်ဆိုတာ မှန်ပါတယ်။ ကျွန်တော်ထက်လည်း သိုင်းပညာ ပိုတော်တယ်။ သူ့ရဲ့စိတ်နေစိတ်ထားကလည်း သိပ်မကောင်းပေမယ့် အပြောင်းအလဲ မြန်ပါတယ်။ သူက တခြားသူတွေနဲ့လည်း ဘယ်တော့မှ ရန်မဖြစ်ခဲ့ဖူးဘူး။ သူက ပွင့်လင်းပြီး ဖြောင့်မတ်တယ်။ ယောက်ျားတစ်ယောက် ဆိုရင်တောင် သူနဲ့ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ"

"မူချင်းက သူ့ကို ဘယ်တုန်းက စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ဖူးလို့လဲ။ သူက သတ်လိမ့်မယ်လို့ မူချင်းက ဘာဖြစ်လို့ပြောခဲ့တာလဲ"

စူးကျောင်းရုံ "..."

စူးကျောင်းရုံသည် သူမစကား မှားသွားသည်ကို သတိထားမိလိုက်ပြီး တအံ့တဩ ဖြစ်သွားတော့သည်။ ထိတ်လန့်ကြောက်ရွံ့မှုထဲတွင် သူမသည် အကြောင်းအရင်းတစ်ခုကို လုပ်ကြံပြောဆိုလိုက်၏။ "နန်းတွင်း စားသောက်ပွဲတုန်းက သူ့ကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရတယ်လေ။ ရက်ပေါင်းများစွာ အိပ်မက်ဆိုး မက်ခဲ့ရတာ"

"အိပ်မက်ထဲမှာ မူချင်းရဲ့ ရင်ဘတ်ကို ဓားတစ်ချောင်းနဲ့ ထိုးဖောက်ခဲ့တဲ့ သူကလည်း သူပဲ။ မူချင်းရဲ့နှလုံးသားထဲက နာကျင်မှုက တကယ်ကို ကြောက်လန့်စရာ ကောင်းပါတယ်။ အဲဒီအိပ်မက်ဆိုးတွေကြောင့် နိုးထလာတဲ့ အချိန်တိုင်း ချွေးစေးတွေ ရွှဲနေတာပဲ"

စူးကျောင်းရုံသည် မျက်ရည်များကို သုတ်ရင်းစကားပြောနေကာ ထိုကြောက်ရွံ့မှုကလည်း အမှန်ပင် အတုအယောင်မဟုတ်ချေ။

သူမသည် လုမင်ယွိ အကြောင်း စဉ်းစားလိုက်မိချိန်တွင် ကြောက်ရွံ့မှုကြောင့် အမှန်ပင် တုန်ယင်နေတော့သည်။

လီဟောက်၏ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်တော့၏။ "ဒါက အိပ်မက်တစ်ခုပါပဲ။ ဒါကို အတည်မှတ်လို့ မရပါဘူး"

သားဖြစ်သူက အမြဲတမ်းလိမ္မာပါးနပ်ပြီး အလွယ်တကူ လှည့်စားလို့ ရတာမဟုတ်ဘူး။ နောက်ဆိုရင်တော့ ပိုပြီးသတိထားမှ ဖြစ်မယ်။

စူးကျောင်းရုံသည် ငိုရှိုက်ရင်းဖြင့် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်တော့သည်။

"မူချင်း" လီဟောက်သည် ပိုလို့ပင် မျက်မှောင်ကြုတ်သွားကာ "ကျွန်တော်ရဲ့လက်ပေါ်က ဒဏ်ရာကို ဖိထားတယ်"

စူးကျောင်းရုံမှာ အထိတ်တလန့် ဖြစ်သွားကာ ရုတ်တရက် သူမ၏လက်ကို ပြန်လွှတ်လိုက်တော့သည်။ ငုံကြည့်လိုက်ချိန်တွင်တော့ သူမ၏ လက်ချောင်း ဖျားပေါ်တွင် သွေးများကို မြင်တွေ့လိုက်ရ၏။

စူးကျောင်းရုံမှာ စိတ်ဓာတ်လည်း ကျမိသလို နောင်တလည်းရမိကာ မျက်ရည်များက တစ်ဖန်စီးကျလာ ပြန်တော့သည်။ "အားဟောက် မူချင်း တောင်းပန်ပါတယ်။ မူချင်း မရည်ရွယ်ပါဘူး။ နာသွားလား"

ငိုသံတွေက တစ်ချိန်လုံးနားထဲမှာ ပဲ့တင်ထပ်နေတာပဲ။ စိတ်ထဲမှာလည်း ဒီငိုသံတွေချည်းချည်းပဲ။ ရင်ထဲက စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ ခံစားချက်နဲ့ ညှိုးငယ်ရတဲ့ ခံစားချက်တွေကလည်း မီးတောက်တစ်ခုလို တောက်လောင်နေလေရဲ့။

အနက်ရောင် မီးတောက်တစ်ခုသည် လီဟောက်၏ မျက်လုံးများထဲတွင် ပေါ်ထွက်လာခဲ့ပြီး သူ့အသံကလည်း တင်းမာသွားတော့၏။ "ဝူတိ မူချင်းကို ယိဟွာ နန်းဆောင်ကို ပြန်ပို့လိုက်တော့"

စူးကျောင်းရုံက ငိုယိုပြီး ပြန်ဖို့ရန် ငြင်းဆိုနေလေသည်။ "မင်းက အဲ့လောက်တောင် ထိခိုက်ဒဏ်ရာရထားတာ မူချင်းက ဘယ်လိုလုပ်ပြီး ပြန်လို့ရမှာလဲ။ မဖြစ်ပါဘူး။ ဒီနေ့ည မူချင်း မင်းကို စောင့်ပေးမယ်"

လီဟောက်သည် သွားကြားမှနေ၍ စားလုံးတချို့ကို ညစ်ထုတ်လိုက် ရတော့သည်။ "မလိုပါဘူး။ ကျွန်တော် ခဏလောက် တစ်ယောက်တည်း နေချင်တယ်"

"အာ့ဟောက်၊ မူချင်း မသွားဘူး"

"မူချင်း !" လီဟောက်၏စိတ်ထဲက တင်းနေပြီးသားကြိုးသည် ရုတ်တရက်ဆိုသလို ပြတ်ထွက်သွားပြီး အသံကလည်း ရုတ်တရက် မြင့်တက်လာတော့သည်။ "ဒီနေ့ညတော့ ကျွန်တော် အေးအေးချမ်းချမ်းနဲ့ ငြိမ်ငြိမ်သက်သက်လေး တစ်ယောက်တည်း နေချင်လို့ပါ"

စူးကျောင်းရုံသည် သားဖြစ်သူ၏ ဒေါသကြောင့် အလန့်တကြား ဖြစ်သွားလေတော့သည်။

သူမက မျက်လုံးကို ပင့်ကြည့်လိုက်ကာ ထပ်ပြီးပင် မငိုရဲတော့ကာ ပခုံးလေးများကသာ မသိမသာလေး တသိမ့်သိမ့် တုန်နေတော့သည်။ "မူချင်း မငိုတော့ပါဘူး။ ဒီအတိုင်း မင်းကို ဘေးမှာပဲ တိတ်တိတ်လေး စောင့်ကြည့်ပေးနေမယ်။ ဒီလိုဆိုရင် အဆင်ပြေပါတယ် ဟုတ်တယ်မလား !"

လီချန်ကလည်း ခေါင်းကိုမော့လာကာ တိုးတိုးလေး ပြောလေသည်။ "စန်းကော ကျွန်တော်လည်း စကားမပြောဘူး"

လီဟောက် "..."

ရင်းနှီးပြီးသား အားအင်မဲ့ရသည့် ခံစားချက်တစ်ခုသည် သူ့ကို တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းထား လေတော့သည်။

ရုတ်တရက်ဆိုသလို မြင်းဇက်ကြိုးကို တင်းနေအောင် ဆွဲခံထားရသည့် အရှိန်အဟုန်ဖြင့် ပြေးနေသည့်မြင်း တစ်ကောင်လို ကိုယ့်ဟာကို ခံစားလိုက်ရလေ၏။ အကောင်းစား ကြိုးချည်များဖြင့် ရက်လုပ်ထားသည့် ပိုက်ကွန်တစ်ခုထဲတွင် တင်းကျပ်နေအောင် ဖမ်းမိနေသည့် ငါးတစ်ကောင်လို ဖြစ်နေကာ ရုန်းကန်လေလေ အသက်ရှူရ ပိုပြီးကြပ်လေလေပင်။

သူသည် ဒီအတိုင်း အသံမလုပ်တော့ဘဲ မျက်လုံးများကိုသာ မှိတ်ထားမိတော့၏။

အမေဖြစ်သူကလည်း အငိုရပ်သွားပြီး ညီငယ်လေးကလည်း ပါးစပ်ပိတ်သွားကာ အိပ်ဆောင်သည်လည်း ငြိမ်သက်သွားလေတော့သည်။

သူ၏စိတ်ထဲတွင် မြင်နိုင်သမျှ အရာအားလုံးမှာ ဒုတိယအစ်ကို၏ မုန်းစရာကောင်းသည့် မျက်နှာတစ်ခုပင်။

...စန်းတိ မင်းလည်း စတုတ္ထသခင်မလေးလုကို သဘောကျပြီး သူ့ကို လက်ထပ်ချင်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားဘူး။ ကျိုးကျောင်းသင့် ပြောရမယ်ဆိုရင် အစ်ကိုတစ်ယောက်အနေနဲ့ ငါက မင်းကို အလျှော့ပေးသင့်တာ။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ တခြားဘယ်အရာကိုမဆို အလျော့ပေးနိုင်ပေမယ့် ဒီကိစ္စကိုတော့ အလျော့မပေးနိုင်ဘူး ...

လီကျင်း တကယ့်ကောင်ပဲ !

ငါကလည်း နောက်မဆုတ်နိုင်ဘူး !

လီဟောက်သည် ခေါင်းကို အတွင်းဘက်သို့ လှည့်ထားလိုက်တာ သူ၏ရင်ထဲက ဒေါသများကို ဖိနှိပ်ထားရတော့၏။

မင်းသားနှစ်ပါးသည် အရှင်မင်းကြီး၏ အပြစ်ပေးခံရသည် ဟူသည့်သတင်းမှာ မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားတော့သည်

ယုံးကျားဧကရာဇ်ကလည်း ထိုပြဿနာကို လူသိရှင်ကြား မဖြစ်စေချင်ဘဲ နန်းတော်ထဲက မည်သူကမှလည်း ဘာမေးခွန်းမှ မမေးဝံ့ကြပေ။ သို့သော်ငြား ညီလာခံအတွင်းက အရာရှိများအားလုံးကတော့ မျက်လုံးများစွာ ရှိကြလေသည်။ တစ်နေ့က မင်းသားလေးယောက်သည် ညီလာခံကြီးတွင် တက်ရောက်ခဲ့ကြပြီး ထိုနေ့ပြီးသွားသည့် နောက်တွင် အကြီးဆုံးမင်းသားနှင့် စတုတ္ထမင်းသားတို့ကသာ ညီလာခံတွင် တက်ရောက်ကြတော့သည်။

ဒုတိယမင်းသားနှင့် တတိယမင်းသားတို့က မည်သည့်နေရာသို့ ရောက်သွားသနည်း။

ကြားရသည်မှာတော့ အရှင်မင်းကြီးက သူတို့ကို အခန်းထဲတွင် ပိတ်လှောင်ထားသည်ဟု ဆိုသည်။

ထပ်ကြားရသည့် သတင်းမှာ အရှင်မင်းကြီးသည် မိသားစုစည်းကမ်းကို ကိုယ်တိုင်ကိုင်တွယ် ခဲ့သည်ဟုလည်းဆိုသည် !

စကားမစပ် မင်းသားနှစ်ပါးသည် ဒဏ်ရာကို ပြန်လည် ကုသနေဆဲဖြစ်ကာ အိပ်ရာထဲကမထွက်နိုင်ပါ ဟုလည်းကြားမိလေသည် ...

ကောလဟာလများက လေကဲ့သို့ပင် ရှင်းယန်ဝမ်လုလင်း၏ နားထဲသို့ လွင့်မျောသွားလေတော့၏။

စိတ်ကူးယဉ် ဇာတ်လမ်းများကြား စိတ်ကောင်းဝင်နေသည့် လုလင်းသည် သူ၏စိတ်ထဲတွင် သားအဖများကြားက ညီအစ်ကိုအချင်းချင်း ယှဉ်ပြိုင်ကြသည့် ပြဇာတ်တစ်ခုကို မြန်မြန်ဆန်ဆန် စိတ်ကူးယဉ်ကြည့်ခဲ့မိပြီး သူ၏စိတ်ထဲတွင်လည်း တိတ်တိတ်ကလေး သက်ပြင်းချမိလေတော့သည်။ ကံအားလျော်စွာဖြင့် သူသည် ပထမဦးဆုံး ပါးစပ်ကို ဖွင့်ဟခဲ့ကာ ဧကရာဇ်၏အဆိုပြုချက်ကို ငြင်းပယ်ခဲ့လေသည်။ သို့မဟုတ်လျှင်တော့ လုမိသားစုသည် ယခုအချိန်တွင် အလွန်အရှက်ရစရာ ကောင်းပေတော့မည်။

ကံကောင်းလို့။ ကံကောင်းပေလို့ !

ဒီကိစ္စက သူ့မိသားစုနဲ့လည်း ဘာမှမဆိုင်ဘူးဆိုတော့ ရှောင်ယွိကိုလည်း ပြောပြစရာ မလိုတော့ပါဘူး။

လုလင်းသည် စိတ်အေးလက်အေး စဉ်းစားလိုက်ပြီး ထိုကိစ္စကို ဘေးချိတ်ထားလိုက်တော့သည်။

လုမင်ယွိကလည်း များများစားစား မမေးမြန်းခဲ့ ချေ။

ထိုခွေးသားလီဟောက်က သူမနှင့် ဝေးဝေးနေသရွေ့ သူမသည် နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို လုံးဝဂရုစိုက်မည် မဟုတ်ချေ။

နွေဦးရာသီကလည်း ရောက်ရှိလာပြီ ဖြစ်ကာ သူမသည် တော်တော်လေး အေးအေးလူလူ ရှိနေပြီး သူမ၏သူငယ်ချင်း ရှန်းလန်ကို ဖိတ်ခေါ်ကာ မြင်းစီးရင်း နွေဦးအမဲလိုက်ကြလေသည်။

ရှန်းလန်ကလည်း ဝမ်းသာအားရဖြင့် ရောက်ရှိလာခဲ့၏။

ရှန်းလန်သည် လှပပြီးသိမ်မွေ့သည့် အမျိုးသမီးလေး တစ်ယောက်အဖြစ် မွေးဖွားလာခဲ့သူဖြစ်၏။ ဒီနေ့တွင်တော့ အပြာဖျော့ရောင် မြင်းစီးဝတ်စုံလေးကို ဝတ်ဆင်ထားကာ မြင်းဖြူတစ်ကောင်ကို စီးလာပြီး သူမသည် စိတ်အားတက်ကြွလို့ နေလေသည်။

လုမင်ယွိကတော့ အနီရောင်ကို ကြိုက်နှစ်သက်သဖြင့် ဒီနေ့တွင်တော့ ကြက်သွေးရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ ချွေးများရွှဲစိုနေသည့် မြင်းတစ်ကောင်ကို စီးနှင်းလာခဲ့သည်။

အနီရောင်ဝတ်စုံလေးက မီးတောက်လေး တစ်ခုနှယ် ဆင်တူနေကာ အသားအရည်လေးကတော့ ကျောက်စိမ်းလေးလို ဖြူဖွေးနေပြီး ရှည်လျားသည့် မျက်ခုံးများက အနည်းငယ် မြင့်တက်နေ၏။ သူရဲကောင်းဆန်ဆန် စိတ်အားတက်ကြွမှုက မာန်ပါပါနှင့် ဟန်ပန်အမူအရာမှာ မှင်သက်အံ့သြဖွယ် ကောင်းနေတော့သည်။

ရှန်းလန်က ပြုံးကာ ချီးကျူးစကား လှမ်းပြောလိုက်သည်။ "ရှောင်ယွိ အနီရောင်ဝတ်ထားတော့ ဒီလောက် ကြည့်ကောင်းတဲ့ သူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး။ အရမ်းလှပေမယ့်လည်း နတ်ဆိုးဆန်ဆန် ဖြစ်နေတာမျိုး မဟုတ်ဘူး။ လှပပြီ ဆွဲဆောင်မှုရှိတယ်"

လုမင်ယွိက သူမသူငယ်ချင်း၏ ချီးမွမ်းစကားကို နှိမ့်ချမနေဘဲ လက်ခံလိုက်လေသည်။ "ဟုတ်တယ်လေ"

ရှန်းလန်ကလည်း ဝါးလုံးကွဲကာ ရယ်မောလေတော့သည်။ "နင်ဟာလေ နည်းနည်းမှ အားမနာတတ်ဘူးနော်"

"ဒါလည်းအမှန်ပဲ !" လုမင်ယွိက ကျီစယ်သလို ပြုံးလိုက်ကာ "ငါတို့နှစ်ယောက်စလုံးက အချင်းချင်း ကောင်းကောင်း သိပြီးသားပဲလေ။ ဘာဖြစ်လို့ ဟန်ဆောင်နေရမှာလဲ"

ထိုသို့ပြောလိုက်ပြီးနောက် သူငယ်ချင်းနှစ်ယောက်သည် အပြန်အလှန်ကြည့် လိုက်ကြကာ ပြုံးလိုက်ကြ၏။

လုမင်ဟွား၊ လုမင်ယွဲ့နှင့် လုရွှမ်းတို့သည်လည်း မကြာမီတွင် မြင်းစီးကာ ရောက်လာလေသည်။ အံ့သြစရာကောင်းသည်က လုဖေးလည်း လိုက်ပါလာခဲ့၏။

လုမင်ယွိမှာ အနည်းငယ် အံ့အားသင့်သွားကာ "အာ့ကော စစ်စခန်းကို သွားတာ မဟုတ်ဘူးလား။ နွေဦးအမဲလိုက်ဖို့အတွက် ကျွန်မတို့နှင့်အတူ မြင်းစီးဖို့ ဘယ်ကနေ အချိန်ရလာတာလဲ"

နေအုံး !

ဒီနေ့ လုဖေးဝတ်ထားတဲ့ စစ်ဝတ်စုံက ဘာဖြစ်လို့ အပြာအနုရောင် ဖြစ်နေတာလဲ။

အတွေးတစ်ခုသည် လုမင်ယွိ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်ပေါက်လာပြီး သူမသည် လုဖေးကို မင်္သကာသလို လှမ်းကြည့်လိုက်တော့၏။

လုဖေးသည် ခန္ဓာကိုယ်သန်မာက အသားညိုပြီး ယောက်ျားပီပီသသ ချောမောခန့်ညားလေသည်။ လူငယ်စစ်သူကြီး တစ်ယောက်၏ ထည်ဝါလှသည့် ရုပ်ရည်သွင်ပြင်မျိုး ပိုင်ဆိုင်ထား၏။

ပုံမှန်ဆိုလျှင် လုဖေးသည် အရောင်ရင့်ရင့် အဝတ်အစားများကိုသာ ဝတ်စားတတ်လေသည်။ ဒီနေ့တွင်တော့ ဒီလိုအရောင် အဝတ်အစားအသစ်ကို ဝတ်စားထားကာ အမြင်ဆိုးနေခြင်းလည်း မရှိချေ။ သူသည် မလိုက်ဖက်သည့် အဝတ်အစား ဝတ်ဆင်ထားသည်ဟုသာ ခံစားမိလေသည် ...

လုမင်ယွိက အနည်းငယ် နေရခက်နေသည့်ရုပ်နှင့် လုဖေးကို ကြည့်လိုက်ကာ နှုတ်ခမ်းလေးကိုကွေးပြီး ခပ်တိုးတိုး ရယ်မောနေသည့် ရှန်းလန်ကို မြန်မြန်လှမ်းကြည့်လိုက်၏။ လုဖေးကလည်း တည်ကြည်နေသည့် မျက်နှာတစ်ခုဖြင့် ပြောလာတော့သည်။

"နင်တို့ကို လိုက်ပါစောင့်ကြည့်ပေးမယ့် လူမပါဘဲ နွေဦးအမဲလိုက်ပွဲ ထွက်မှာကို ငါက စိတ်မချဘူးလေ။ ငါ နင်တို့နဲ့လိုက်ခဲ့မှာ"

...

All Chapters