နွေဦးအမဲလိုက်ပွဲ...၁
Vol. 3 Ch. 37
မဟုတ်သေးဘူး။
တစ်ခုခု မှားနေပြီ။
လုမင်ယွိသည် သူမ၏မျက်လုံးများကို မသိမသာ ကျဥ်းမြောင်းထားလိုက်ပြီး လုဖေး၏ ချောမောလှသည့်မျက်နှာဘက်ကို လှည့်ကြည့်လိုက်တော့သည်။
လုဖေးသည်လဲ မလုံမလဲ အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားကာ ချောင်းဟန့်လိုက်လေသည်။ "နောက်ကျနေပြီ။ ထွက်ဖို့အချိန်တန်ပြီ။ ငါ နင်တို့အတွက် လမ်းဖွင့်ပေးမယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် မြင်း၏ဝမ်းဗိုက်ကို ကန်လိုက်ကာ မြင်းသည်လဲ ပြေးထွက်သွားတော့သည်။
လုမင်ဟွား၊ လုမင်ယွဲ့နှင့် လုရွှမ်းတို့သည်လည်း သူတို့၏မြင်းများကို မောင်းထွက်သွားကြလေသည်။ လုမောင်နှမများသည် ကလေးဘဝကတည်းက သိုင်းပညာကို လေ့ကျင့်လာခဲ့ကြပြီး မြင်းစီးလဲ ကျွမ်းကျင်ကြသည်။ သိမ်မွေ့နူးညံ့ပြီး စကားနည်းသည့် လုမင်ဟွားသည်လည်း မြင်းပေါ်တွင် ထိုင်လိုက်ချိန်တွင် အလွန်သေသပ်လှပနေ၏။
လုမင်ယွိက အစ်ကိုဖြစ်သူ၏ကျောပြင်မှ မျက်လုံးများကို ပြန်ရုတ်သိမ်းထားလိုက်ကာ သူငယ်ချင်းဖြစ်သူ ရှန်းလန်ကို ပြုံးပြလိုက်၏။ "ရှန်းကျဲ(အစ်မရှန်း) သွားကြစို့!"
ရှန်းလန်ကလဲ ပြုံးကာ ပြန်ဖြေလိုက်သည်။
နွေဦးရာသီ၏နေရောင်ခြည် တောက်ပစွာ လင်းလက်နေပြီး လေပြေနွေးနွေးလေးက ရှန်းလန်၏ မျက်နှာလှလှလေးပေါ်တွင် ဖြာကျနေကာ လှပသည့်ခံစားချက်လေးကို ထပ်ပြီး ဖြည့်ဆည်းပေးထား၏။
နှစ်ယောက်သားသည် ရှေ့သို့မြင်းစီးလာခဲ့ကြပြီး လုမင်ဟွားတို့နှင့် အမှီလိုက်လာခဲ့၏။
အားလုံးအတွက် လမ်းဖွင့်ပေးမည်ဟု ကြေငြာသွားသည့် လုဖေးသည် သူ့မြင်းက အဘယ်ကြောင့်များ အရှိန်တဖြည်းဖြည်း နှေးသွားရသည့် အကြောင်းအရင်းကို မသိနိုင်တော့ချေ။ လုမင်ယွိနှင့် ရှန်းလန်တို့နှင့် ဘေးချင်းယှဥ်ကာ စီးရသည်အထိ အချိန်ဘယ်လောက်ပေးခဲ့မိမှန်း မသိတော့ပေ။
လုမင်ယွိသည် တိုက်တိုက်ဆိုင်ဆိုင် အလယ်တွင်ရောက်နေပြီး ရှန်းလန်က ဘယ်ဘက်တွင်ရှိနေကာ လုဖေးက ညာဘက်တွင် ရောက်နေသည်။
လုဖေးက ခေါင်းကိုလှည့်ကာ ပြုံးပြလိုက်ပြီး သူ၏အသားညိုညို အသားအရေမှာ ဖြူဖွေးနေသည့်သွားများနှင့် ဆန့်ကျင်ဘက် ဖြစ်လို့နေတော့သည်။ "ရှောင်ယွိ ငါ ကျဲဖူနဲ့အတူ တခြားနယ်ကို စစ်တပ်တွေဦးဆောင်ပြီး သွားနေရတာဆိုတော့ မြင်းစီးပြီး နွေဦးအမဲလိုက်တာကို မလုပ်ရတလဲ ကြာသွားပြီလေ။ ဒီနေ့ ငါတို့မောင်နှမတွေ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်စီအရည်အချင်းကို ပြကြပြီးတော့ အချင်းချင်း ယှဥ်ပြိုင်လို့ရပြီ။ ဘယ်လိုလဲ"
လုမင်ယွိ "..."
အာ့ကောက သူမကို စကားပြောနေတာလေ။ သူမျက်လုံးတွေက ဘာဖြစ်လို့ ရှန်းလန်ဆီကိုပဲ ရောက်သွားနေတာလဲ။
နောက်ပြီးတော့ ဖော်ဖော်ရွေရွေနဲ့ စကားများတတ်တဲ့ ရှန်းလန်ကလဲ ဒီနေ့ကျမှ ထူးထူးခြားခြား အိန္ဒြေဆည်ထားပြီး စကားတစ်ခွန်းမှ မပြောပါလား။ သူ့ရဲ့မျက်နှာလေးကလဲ ပန်းရောင်သမ်းနေလေရဲ့။
လုမင်ယွိသည် သူငယ်ချင်းဖြစ်သူကို လှမ်းကြည့်လိုက်ပြီးနောက် ပြုံးကာ လုဖေးဘက်သို့ ပြန်လှည့်လိုက်၏။ "ကောင်းပြီလေ! အာ့ကောက ဆုကြေးကို ဘယ်လိုလောင်းချင်တာလဲ"
လုဖေးက မျက်ခုံးများကို ပင့်ပြလိုက်ကာ ပြုံးပြလိုက်၏။ "ဟုတ်ပြီ။ တကယ်လို့ နင်နိုင်ရင် ဒီနေ့ရသမျှ အမဲကောင်တွေအားလုံးက နင့်ရဲ့ဟာပဲ။ မဟုတ်ရင်တော့ အမဲကောင်တွေအားလုံးက ငါ့ဟာ ဖြစ်လာလိမ့်မယ်"
"စိတ်ဝင်စားစရာ သိပ်ကောင်းတာပဲ" လုမင်ယွိကလဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ကာ ရက်စက်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်လေသည်။ "တကယ်လို့ ကျွန်မနိုင်ရင် အာ့ကောရဲ့မြင်းက ကျွန်မဟာ ဖြစ်ရမယ်"
လုဖေးတွင် စုစုပေါင်း မြင်းသုံးကောင်ရှိကာ ချီဖုန်းသည် ထိုမြင်းသုံးကောင်အကြားတွင် အစွမ်းထက်ဆုံး မြင်းဖြစ်လေသည်။ လုဖေး၏ရတနာလေးလဲဖြစ်၏။
လုဖေးက အသက်ရှူမှားသွားတော့သည်။ "စစ်မေ့ နင်ဟာလေ အရမ်းရက်စက််တာပဲ။ မဟုတ်ဘူး။ ငါ ဒီနေ့တော့ နင့်ကို အနိုင်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် ချီဖုန်း ငါ့ကို သေအောင်မုန်းသွားလိမ့်မယ်"
"ဒါနဲ့ တကယ်လို့ ငါ နိုင်ရင်ရော နင်က ဘာလက်ဆောင်ပေးမှာလဲ"
လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြုံးကာပြောလိုက်၏။ "အာ့ကောက ကျွန်မရဲ့ပေါင်ယွိကို အမြဲတမ်းအားကျနေတာ မဟုတ်ဘူးလား။ တကယ်လို့ ကျွန်မ ရှုံးတယ်ဆိုရင် အာ့ကောကို ပေါင်ယွိတစ်လလောက် ပေးငှားလိုက်မယ်"
လုဖေးသည် သဘောကျသွားလေတော့သည်။ "တကယ်လို့ ငါ ရှုံးရင် ငါက ငါရဲ့မြင်းကို နင့်ကိုပေးရမယ်။ တကယ်လို့ နင် ရှုံးရင်တော့ နင်က ငါ့ကို ပေါင်ယွိဓားကို တစ်လပဲ ငှားမယ်တဲ့လေ။ နင့်ရဲ့ပါးစပ်က ကျေးဇူးတင်စရာကောင်းလိုက်တာ!"
လုမင်ယွိကတော့ ယုံကြည်ချက်ရှိရှိ ပြောလိုက်တော့သည်။ "ကျွန်မက အာ့ကောကို ပေါင်ယွိကို တကယ်ပေးလို့ရပါတယ်။ ဒါပေမဲ့ အာ့ကောကရော အဲဒါကို သုံးနိုင်မှာမလို့လား"
လုဖေး "..."
ပေါင်ယွိသည် ဓားကြီးတစ်လက်ဖြစ်ကာ သာမန်ဓားထက် အလျား၃လက်မ ပိုရှည်ပြီး နှစ်ဆပိုပြီး လေးလံလေသည်။ လုမင်ယွိသည် ဤဓားနှင့် မျက်နှာများနီလာပြီး မောပန်းခြင်းမရှိဘဲ တစ်နာရီလောက် လေ့ကျင့်နိုင်လေသည်။ သူ့ကို ထိုသို့လုပ်ခိုင်းမည်ဆိုလျှင်တော့ သူသည် နာရီဝက်လောက်ပင် ခံနိုင်လိမ့်မည် မဟုတ်ချေ။
ရက်ရက်စက်စက် သရော်ခံလိုက်ရသည့် လုဖေးမှာ ဝမ်းနည်းသွားသည့် မျက်နှာတစ်ခုဖြင့် သူ့ရင်ဘတ်ကို အုပ်ထားလိုက်ကာ "စစ်မေ့ နင်ဟာလေ နင့်ရဲ့အစ်ကိုကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုလှောင်ရယ်ရတာလဲ!"
ထိုစကားက ပါးနပ်ပြီး ပျော်စရာလဲကောင်းလေသည်။
ရှန်းလန်သည် သဘောကျသွားပြီး ခပ်တိုးတိုး ရယ်မောလေတော့၏။
လုဖေး၏မျက်လုံးများကလဲ တစ်ဖန် ပျံ့လွင့်သွားတော့၏။
ရှန်းလန်က ခေါင်းကို တစ်ဖက်မလှည့်လိုက်ဘဲ လုဖေးကို လှမ်းကြည့်လိုက်သည်။ သူမ၏ ပါးပြင်နှင့် နားအနောက်ဘက်တို့ကလဲ တိုးတိုးတိတ်တိတ်လေး နွေးထွေးသွားလေတော့၏။
အင်း နွေဦးရာသီတော့ ရောက်လာပြီ။ နွေဦးရာသီ တကယ်ပဲ ရောက်လာတာပဲ။
လုမင်ယွိကလဲ ပြုံးလိုက်ကာ သူမ၏နှုတ်ခမ်းထောင့်လေးများက ကွေးတက်သွားလေတော့သည်။
...
တနာရီကျော်လောက် မြင်းစီးလာခဲ့ပြီးနောက် သူတို့သည် မြို့အတွင်းပိုင်းမှ ထွက်ခွာလာခဲ့ကာ မြို့အပြင်ဘက် အနောက်ဘက်ခြမ်းဆင်ခြေဖုံးဆီသို့ ရောက်ရှိလာတော့သည်။
သည်နေရာတွင် တောင်များသစ်တောများနှင့် ရေကန်တစ်ခုလဲရှိသည်။ နွေးဦးရာသီ အမဲလိုက်ဖို့ရန်အတွက် နေရာကောင်းတစ်ခုဖြစ်၏။
အမဲလိုက်ဖို့ရန်အတွက် ဤမျှကောင်းမွန်သောနေ့တနေ့တွင် မြင်းစီးလာကြသည့် မိန်းမငယ်လေးများနှင့် လူငယ်လေး အများကြီးလဲ ရှိလေသည်။ သစ်တောထဲသို့ မဝင်ခင်မှာပင် သူတို့သည် အသိမိတ်ဆွေများနှင့် တွေ့ဆုံကြတော့၏။
ငန်းဝါရောင် စစ်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမလှလေးသည် ရက်အနည်းငယ်ကြာ ပျောက်ကွယ်နေသည့် ကျင်းချန်အာ ဖြစ်လေသည်။ ပန်းနုရောင် စစ်ဝတ်စုံဝတ်ဆင်ထားသည့် တောက်ပသည့်မိန်းကလေးမှာ ကွမ်းပင်းဟို၏သမီး မုန့်ယွင်လော်ပင်။
နန်းတွင်းစားသောက်ပွဲနေ့တွင် ကျင်းချန်အာနှင့် လုမင်ယွိတို့သည် စကားများပြီး လမ်းခွဲခဲ့ကြ၏။ သူတို့သည် ဒီနေ့ တွေ့လိုက်ကြသည်နှင့်ချက်ချင်း ကျင်းချန်အာက ချက်ချင်းဆိုသလို အထင်သေးသည့်ရုပ်တစ်ခုကို ဆောင်ထားလိုက်ကာ နှာခေါင်းရှုံ့လေတော့သည်။
မုန့်ယွင်လော်က ကျင်းချန်အာ၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီးမှ ခပ်တိုးတိုးလေး ပြောလိုက်၏။ "နင့်ကိုလဲ ကြည့်ပါအုံး။ စတုတ္ထသခင်မလေးလုကို ဒီလိုမြင်နေရတယ်လို့"
အသံက သိပ်မကျယ်သော်ငြားလည်း လုမင်ယွိကတော့ ကြားနိုင်လောက်လေသည်။
လုမင်ယွိသည် စိတ်ထဲတွင် ငြီးငြူလိုက်တော့၏။
ဒီမုန့်ယွင်လော်ကတော့ တကယ့်ကို မျက်နှာနှစ်ဖက်နဲ့ဟာပဲ။ စကားကောင်းကောင်း ပြောနေတယ်လို့ ထင်ရပေမဲ့လည်း တကယ်တမ်းကြတော့ တစ်ဖက်လူကို လှုံ့ဆော်ပေးနေတာလေ။ ဒီနေရာမှာတော့ ကျင်းချန်အာက သူ့ထက် အများကြီးသာသေးတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့မနာလိုဝန်တိုမှုမှာ ရိုးသားသေးတယ်လေ။
ကျင်းချန်အာသည် မုန့်ယွင်လော်၏ ဆွဲသွားခြင်းခံလိုက်ရပြီး အောင့်သက်သက် နှုတ်ဆက်ပြကာ မပြောချင်ပြောချင်ဖြင့် ပြောလာတော့သည်။ "ငါတို့တွေ မမျှော်လင့်ဘဲ တွေ့ကြတာဆိုတော့ အတူတူသွားကြတာ ပိုကောင်းပါတယ်"
လုမင်ယွိက ကျင်းချန်အာကိုလှမ်းကြည့်လိုက်ကာ "ထားလိုက်ပါ! ငါက ဒီနေ့ နွေဦးအမဲလိုက်ပွဲအတွက် မြင်းစီးထွက်လာတာ။ ဒီအတိုင်း အပျော်သက်သက်ပါ။ နင်တို့တွေရဲ့ ရှုံ့မဲ့နေတဲ့မျက်နှာကို မမြင်ချင်ပါဘူး"
ကျင်းချန်အာ "..."
ကျင်းချန်အာ၏ မျက်လုံးများသည် မီးပွားများဖြင့် တဖျတ်ဖျတ် လက်သွားကာ သူမသည် အလွန်ဒေါသထွက်သွားတော့၏။ "လုမင်ယွိ! မလွန်လာနဲ့နော်!"
လုမင်ယွိက မျက်ခုံးများကိုပင့်ကာ အေးအေးလူလူ ပြုံးပြလိုက်လေသည်။ "ငါက ပွင့်လင်းပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထားရှိတယ်။ တစ်ခုဆိုတစ်ခုပဲ ပြောတယ်။ နှစ်မျိုးမပြောတတ်ဘူး။ ဘာက လွန်သွားလို့လဲ။ နင်က ငါ့ဘက်ကနေ ‘ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်တယ် ဟုတ်တယ် ငါ နင်နဲ့ တွေ့ရတာ ပျော်တယ်။ နွေဦးအမဲလိုက်ပွဲအတွက် အတူတူသွားကြရအောင်လို့’ ပြောမှာ ကြားချင်နေတာလား ဟား ဟား "
ကျင်းချန်အာမှာ တစ်ဖန်ဆိုနစ်သွားကာ ဆွံ့အသွားပြီး သူမ၏မျက်နှာလှလှလေးကလဲ နီရဲသွားလေတော့သည်။
မုန့်ယွင်လော်ကလဲ ကူညီပေးရန် လုံးဝစိတ်ကူးမရှိဘဲ ရယ်မောစရာလို အရသာခံပြီး ကြည့်နေတော့၏။
မြို့တော်ထဲက မျိုးရိုးမြင့်သခင်မလေးများ၏ သူငယ်ချင်းဆက်ဆံရေးသည် အမှန်ပင် စစ်မှန်လှပေသည်။
ဤမျှလောက်ပင် စစ်မှန်လှပေသည်။
ခါတိုင်းလိုပင် ရှန်းလန်ကလဲ ပြုံးပြီးပြောလိုက်၏။ "ငါတို့တွေ ဒီနေ့ လူအများကြီး မရှိဘူး။ ဒီတော့ ငါတို့တွေ အတူတူစုဝေးပြီး သွားစရာမလိုဘူး။ နွေဦးအမဲလိုက်တာကို ကိုယ့်ဟာကိုပဲ သက်သက်သွားကြရအောင်။ နောက်ပိုင်းကြရင် အချိန်တွေလဲ ရှိသေးတာပဲလေ။ အဲဒီ့အချိန်ကြမှ အတူတူထပ်ပြီး ခရီးထွက်ကြတာပေါ့"
မုန့်ယွင်လော်ကလဲ ပြုံးကာ ပြန်ဖြေလိုက်သည်။
ကျင်းချန်အာကတော့ နှုတ်ခမ်းကို ကိုက်ထားပြီး ရုတ်တရက် လုမင်ယွိအနားသို့ ချဥ်းကပ်သွားကာ တိုးတိုးလေး မြန်မြန်ပြောလိုက်၏။ "တတိယမင်းသားက အရှင်မင်းကြီးရဲ့ အပြစ်ပေးခံရတယ်။ နန်းတော်တစ်ခုလုံး သတင်းပျံ့နေပြီ။ နင် အဲ့ဒီအကြောင်းကို သိလား"
လီဟောက်က အရိုက်ခံရတယ်တဲ့လား။
ဒီလောက် ရင်ကိုနွေးထွေးစေရတဲ့ အကြောင်းအရင်းကို အဖေက ဘာဖြစ်လို့ သူမကို မပြောပြတာလဲ။
လုမင်ယွိကလဲ တည်တည်ငြိမ်ငြိမ် ခေါင်းညိမ့်ပြလိုက်ကာ "ငါ သိတော့ရော ဘာဖြစ်လဲ"
ကျင်းချန်အာသည် ဘာကြောင့်မှန်းမသိ တစ်ဖန် ဒေါသထွက်လာပြီး သူမကို မျက်စောင်းဖြင့် ကြည့်လေတော့သည်။ "နင်ဟာလေ အသဲနှလုံးမာတဲ့မိန်းမပဲ! နင်နဲ့ စကားပြောရတာ ငါ အရမ်းပျင်းသွားပြီ" ထို့နောက်တွင်တော့ သူမသည် လှည့်ထွက်သွားလေတော့သည်။
မုန့်ယွင်လော်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီးနောက် လှမ်းအော်ကာ ပြောလိုက်၏။ "ချန်အာမေ့မေ့ (ညီမလေးချန်အာ)က ဒီလိုပါပဲ။ သူက ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူး။ စိတ်ထဲမှာမထားနဲ့နော်"
လုမင်ယွိ၏အကြည့်သည် မုန့်ယွင်လော်၏ ဟန်ဆောင်ပန်ဆောင် မျက်နှာကို ဝေ့ဝဲကာကြည့်လိုက်တော့၏။
သူမ၏အရင်ဘဝတွင် မုန့်ယွင်လော်သည် ဒုတိယမင်းသား၏ ကြင်ယာတော် ဖြစ်ခဲ့သည်။ လုမင်ယွိက သူမကို ဒုတိယယောင်းမဟု ခေါ်ချင်ခဲ့သည်။
မုန့်ယွင်လော်နှင့် ဒုတိယမင်းသားတို့၏ လင်မယားဆက်ဆံရေးသည် အေးစက်ပြီး တစ်ယောက်ကိုတစ်ယောက် လေးစားမှုသာရှိခဲ့သည်။ လင်မယားအဖြစ် ချစ်ခင်ကြင်နာကြသည့် တတိယမင်းသားတို့ ဇနီးမောင်နှံကတော့ တခြားသူများက သူတို့ကို မည်မျှ မနာလိုဝန်တိုကြသည်ကို မသိခဲ့ကြပေ။ သူတို့သည် မကြာခဏဆိုသလို ချောင်မိဖရားခေါင်ရှေ့တွင် တခြားလင်မယားစုံတွဲများကို တိုးတိုးတိတ်တိတ် လှုံဆော်မိခဲ့ကြသည်။
ဒုတိယမင်းသားသည် စစ်မြေပြင်တွင် သေဆုံးသွားခဲ့ပြီး လီဟောက်က အိမ်ရှေ့စံအဖြစ် အပ်နှင်းခံခဲ့ရကာ သူမသည်လည်း အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာခဲ့သည်။ မုန့်ယွင်လော်သည် မုန်းတီးမှုနှင့် မနာလိုစိတ်တို့ကြောင့် ရူးသွပ်သွားကာ သူမကိုယ်ဝန်ဆောင်သည်ကို အခွင့်ကောင်းယူပြီး ကိုယ်ဝန်ဖျက်ဆေးဖြင့် သူမကိုပင် လှည့်စားခဲ့သေးသည်။
ကံအားလျော်စွာ စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ပြီး မုန့်ယွင်လော်၏ အကြံအစည်နှင့် လှည့်ကွက်များက လုံးဝ အသုံးမဝင်သလောက် ဖြစ်သွားပြီး အချည်းနှီး ဖြစ်သွားလေတော့သည်။
နောက်ပိုင်းတွင်တော့ မုန့်ယွင်လော်သည် မိမိကိုယ်ကိုမိမိ သုံးပေရှည်သည့် ပိတ်ဖြူတစ်စဖြင့် အဆုံးသတ်သွားခဲ့၏။
လုမင်ယွိသည် အပြုံးမမည်သည့် အပြုံးတစ်ခုဖြင့် နှုတ်ခမ်းထောင့်ကို ပင့်တင်ထားလိုက်ကာ "သူက မောက်မာထောင်လွှားပြီး ဒေါသကြီးတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်။ မြို့တော်က သခင်မလေးတွေက သူနဲ့အဆက်အဆံ လုပ်ချင်တာ မဟုတ်ဘူး။ မုန့်သခင်မလေးတစ်ယောက်ကပဲ အဆက်အဆံလုပ်တာ။ ဘယ်သူမှ မချီးကျူးခံရတဲ့ ကျင်းချန်အာနဲ့ ယှဥ်ကြည့်ရင် တတိယသခင်မလေးမုန့်က စိတ်သဘောထားကောင်းတယ်လို့ အလိုလိုချီးကျူးခံရလို့လား"
မုန့်ယွင်လော် " ..."
...