နွေဦးအမဲလိုက်ပွဲ
Vol. 3 Ch. 38
မုန့်ယွင်လော်သည် သူမ၏တောင့်တင်းနေသည့် နှုတ်ခမ်းထောင့်ကို ဆွဲတင်းထားလိုက်ကာ "စတုတ္ထသခင်မလေးလု ရှင်က တကယ်ရယ်စရာ ပြောတတ်တာပဲ"
သူမသည် ဆက်ပြီးမနေရဲတော့ဘဲ ချက်ချင်းဆိုသလို မြင်းကို ကန်ကြောက်ကာ ထွက်ခွာသွားတော့သည်။
ရှန်းလန်က မုန့်ယွင်လော်၏ အနည်းငယ်ရှက်ရွံ့နေသည့် ရုပ်ကို လှမ်းကြည့်လိုက်ပြီး လုမင်ယွိ၏နားထဲသို့ တိုးတိုးလေး ပြောလိုက်တော့သည်။ "ဒီမုန့်ယွင်လော်က ဇကာတစ်ခုထက်တောင်မှ မျက်လုံးတွေ ပိုများသေးတယ်။ ကျင်းချန်အာက မိုက်မိုက်မဲမဲနဲ့ သူ့ကို သူငယ်ချင်းအရင်းတစ်ယောက်လို သဘောထားနေတာ"
မဟုတ်လို့လား။
ကျင်းချန်အာက သူ့ခေါင်းထဲမှာ ဦးနှောက်လေးနည်းနည်းရှိရင် မုန့်ယွင်လော်ရဲ့ လှည့်စားခံရမှာ မဟုတ်ဘူးလေ။
လုမင်ယွိကတော့ ဘာမှမဖြစ်သလို ပခုံးတွန့်ပြလိုက်တော့သည်။ "သူတို့ကို လစ်လျူရှုထားလိုက်ပါ။ အမဲလိုက်သွားကြမယ်"
နွေရာသီတွင် အလွန်ပူပြင်းပြီး ဆောင်းရာသီတွင် အလွန်အေးစက်ကာ မိုးရာသီတွင်တော့ ခရီးသွားလာဖို့ရန် အဆင်မပြေလှချေ။ ယခုအချိန်သည် ရှုခင်းက အလှပဆုံးနှင့် အမဲလိုက်ဖို့ရန်အတွက် အသင့်တော်ဆုံး နေ့တနေ့၏ အချိန်လေးဖြစ်လေသည်။
အားလုံးက မြင်းပေါ်ကဆင်းလိုက်ကြပြီး ကိုယ်စီမြှားကျည်တောက်နှင့် လေးများကို သယ်ဆောင်လာခဲ့ကြ၏။ သူမ၏ကိုယ်ပိုင် အစောင့်များကိုတော့ မြင်းများကို စောင့်ရှောက်ရန်ထားခဲ့လေသည်။
လုမိသားစု မောင်နှစ်မငါးယောက်ရှိပြီး တစ်ယောက်ချင်းစီ၏နောက်တွင် အစောင့်သုံးလေးယောက်လောက် လိုက်ပါလာခဲ့ကြသည်။ ပတ်ဝန်းကျင်တွင် အစောင့်၁၀ယောက်ကျော် ပြန့်ကျဲနေပြီး ရုတ်တရက် ပေါ်လာသောသားရဲများနှင့် အလားတူများကို သတိဖြင့် စောင့်ကြည့်ပေးနေကြ၏။
ခဏအကြာတွင် လူများက အုပ်စုနှစ်စုခွဲလိုက်ကြသည်။ လုမင်ဟွားက လုမင်ယွဲ့နှင့် လုရွှမ်းတို့ကိုခေါ်ကာ အမဲကောင်ငယ်လေးများကို အမဲလိုက်ပြီး ရစ်ငှက်နှင့် ယုန်စသည်တို့ကို အမဲလိုက်ကြသည်။
လုမင်ယွိ ရှန်းလန်နှင့် လုဖေးတို့ကတော့ သမင်နှင့်ကျားသစ်များကို ရှာဖွေကြလေသည်။
လုဖေးသည် ငယ်စဥ်ကတည်းက စစ်တန်းလျားသို့ ဝင်ရောက်ခဲ့ပြီး စစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့သည်။ လူသတ်ပြီး သွေးများကိုလည်းမြင်ခဲ့သည်။ မြှားသည် အလွန်တိကျပြီး ပစ်မှတ်တစ်ခုမှ လွဲချော်ခြင်း မရှိသလောက်ပင်။ လေးကို ဆွဲပြီးမြှားပစ်လိုက်ချိန်တွင် သူ၏အမူအရာသည် အနည်းငယ် တင်းမာလို့နေပြီး သူ၏မျက်လုံးများကလဲ အာရုံစူးစိုက်လို့နေ၏။
ရှန်းလန်သည် အခါအားလျော်စွာ လုဖေးကို တိတ်တိတ်ကလေး လှမ်းကြည့်လိုက်မိ၏။ ကြည့်ပြီးနောက်တွင်တော့ သူမသည် နစ်မြောသွားလုနီးပါးပင် ဖြစ်သွားတော့သည်။
လုမင်ယွိက စိတ်ထဲတွင် မဲ့ပြုံးလေးပြုံးလိုက်ကာ တိတ်တဆိတ် အကွာအဝေးတစ်ခုတွင် နောက်ချန်နေရစ်ခဲ့ပြီး ရှန်းလန်နှင့် လုဖေးတို့နှစ်ယောက်တည်း အခွင့်အရေး ပေးလိုက်တော့သည်။
အမှန်တွင်တော့ အစောင့်များ လိုက်ပါလာသည့်အတွက် တယောက်တည်းတော့ သီးသန့်နေနိုင်မည် မဟုတ်ချေ။ တရင်းတနှီး စကားပြောဆိုဖို့ရန်လည်း မဖြစ်နိုင်ချေ။ သို့သော်ငြား တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေကြသည့် လူငယ်ယောက်ျားလေးနှင့် မိန်းကလေးများသည် အဘယ်ကြောင့် စကားပြောရန်လိုအပ်ပါမည်နည်း။
သူက ကိုယ့်ကိုကြည့် ကိုယ်ကလဲ သူ့ကို ပြုံးပြရုံသာ လိုအပ်သည်။
လုဖေးက ရှန်းလန်၏ဘေးတွင် ဝင်ရပ်လိုက်ကာ "ဒီနေ့ ကျွန်တော် ဝတ်လာတဲ့အဝတ်အစားက မင်းအဝတ်အစားနဲ့ အရောင်တူတူပဲ"ဟု တီးတိုးပြောလိုက်သည်မှာ ဘယ်ချိန်ကမှန်းပင် မသိလိုက်ပေ။
ရှန်းလန်၏ မျက်နှာလှလှလေးသည် မသိမသာ ရှက်သွေးဖြာသွားပြီး သူမကလဲ ခပ်တိုးတိုး အင်းဟု ပြန်ဖြေလိုက်သည်။
လုဖေးက သတ္တိများကိုစုစည်းကာ မေးမြန်းလာလေသည်။ ရက်အနည်းငယ်နေရင် မင်းရဲ့ဆံထိုးတင်ပွဲ ရှိတယ်နော်။ ပွဲကို ကျွန်တော် လာလို့ရလား"
ရှန်းလန်သည် အနည်းငယ် ရှက်ရွံ့သွားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်မ ရှောင်ယွိကို ဆံထိုးကိုင်ပေးဖို့ အကူအညီ တောင်းထားတယ်။ ရှင်က ရှောင်ယွိကို ရှန်းအိမ်တော်ကို လိုက်ပို့ပေးလိုက်ပါ။ အခမ်းအနားကိုကြည့်ဖို့ အချိန်ကိုက်ပဲ"
မိန်းကလေးများက ဆံထိုးတင်ပွဲ အခမ်းအနားပြုလုပ်ခြင်းသည် ယခုအချိန်တွင်တော့ အရွယ်ရောက်လာသည့်အမျိုးသမီးများ ဖြစ်လာပြီဖြစ်သည့်အကြောင်း သူတို့သည် မင်္ဂလာပွဲအဆိုပြုချက်ကို လက်ခံဖို့ရန် အသင့်ဖြစ်နေပြီဟူသည့် အဓိပ္ပါယ်ပင်။
လုဖေးသည် ရင်ထဲတွင် ပျော်ရွှင်သွားပြီး စကားထပ်ပြောချင်လိုက်သော်ငြားလည်း ထိုသို့ပြောလိုက်ပါက အလျင်စလိုနိုင်လွန်းပြီး ရိုင်းပျမှာကိုလဲ ခံစားမိလိုက်၏။ ခဏအကြာတွင်တော့ သူက ထပ်ပြောလာခဲ့သည်။ "ကောင်းပြီ ကျွန်တော် သေချာပေါက်လာခဲ့မယ်"
နှစ်ဦးသားသည် အပြန်အလှ န်ကြည့်လိုက်ကြပြီး သူတို့၏နှလုံးသားထဲတွင်လည်း ချိုမြိန်မှုများ ပြည့်နှက်နေတော့၏။
အချင်းချင်းကြားက ချစ်ခင်ကြင်နာမှုသည် တခြားသူများ တွေ့မြင်ဖို့ရန် မဟုတ်ချေ။ သို့သော်ငြား သူမ၏စိတ်ထဲတွင် သူရှိနေပြီး သူ့နှလုံးသားထဲတွင်လည်း သူမ ကပြည့်နှက်လို့နေသည်။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြချိန်တွင် ခံစားချက်များ ပြည့်လျှံလာခဲ့တော့၏။
လုမင်ယွိက အဝေးမှနေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေပြီး ရုတ်တရက်ဆိုသလို သူမ၏ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းစိတ်လေး ဖြစ်သွားတော့သည်။
သူမ၏ ယခင်ဘဝတွင် သူမ၏နှလုံးသားတစ်ခုလုံးကို လီဟောက်အား ပေးအပ်ထားခဲ့၏။ နန်းတွင်းစားသောက်ပွဲ ပြီးသွားသည့်နောက် အရှင်မင်းကြီးက မင်္ဂလာပွဲကို မြန်မြန်ဆန်ဆန် အမိန့်ချပေးခဲ့သည်။ သူမသည် ချစ်ရသူနှင့်လက်ထပ်ရမည့် ပျော်ရွှင်မှုထဲတွင် နစ်မျောနေခဲ့မိပြီး သူမ၏ မွေးစားအစ်ကိုလုဖေးက ရှန်းလန်ကို သဘောကျနေသည်ကို လုံးဝမသိခဲ့ချေ။
သို့သော်ငြား နောက်ပိုင်းတွင် လုဖေးသည် ထိုအကြောင်းကို အဘယ်ကြောင့် ထုတ်မပြောခဲ့ရပါသနည်း။ ရှန်းလန်ကလဲ အဘယ်ကြောင့်များ တစ်ခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့ရပါသနည်း။
သူမ မသိသည့် အကြောင်းအရာတစ်ခုတော့ သေချာပေါက်ရှိရပေမည်။
ဒီဘဝတွင်တော့ သူမသည် ဒီချစ်သူစုံတွဲလေးကို လက်ထပ်နိုင်ဖို့ရန်အတွက် သေချာပေါက် ကူညီပေးရမည်။
...
ဒီအခိုက်အတန့်တွင် မီတာအနည်းငယ်အကွာမှ သစ်ကိုင်းဖျားများက လှုပ်ရှားသွားခဲ့၏။
လုမင်ယွိ၏မျက်လုံးများမှာ ကျဥ်းမြောင်းသွားကာ သူမသည် လေးကို မြန်မြန်ဆွဲထားလိုက်တော့သည်။ လေးကြိုးသံက ပျောက်ကွယ်မသွားသေးခင်မှာပင် မြှားကတော့ ပျံထွက်သွားနှင့်ပြီဖြစ်၏။
ရောင်စုံရစ်ငှက်လေးတစ်ကောင်သည် လည်ပင်းတွင် ထိမှန်ခံခဲ့ရပြီး မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။
ရှန်းလန်နှင့် လုဖေးတို့မှာ အလန့်တကြားဖြစ်သွားကာ အတူတူ အနားသို့ ရောက်လာကြလေသည်။ ရှန်းလန်က သားကောင်ကို လှမ်းကြည့်လိုက်ပြီးမှ ပြုံးကာဖြင့် သူမကို လှမ်းပြီးချီးကျူးလာ၏။ "ရှောင်ယွိ နင့်ရဲ့မြှားက အရမ်းကောင်းတာပဲ! ပစ်ချက်တွေ တချက်မှမလွဲဘူး။ မြှားချက်တိုင်းကလဲ လည်ပင်းကို ထိုးဖောက်သွားတာချည်းပဲ"
လုဖေးကတော့ တမင်တကာ စကားလျှော့ပြောလေသည်။ "တကယ်ပါ။ သားကောင်ကို သတ်နိုင်သရွေ့တော့ လည်ပင်းကို ထိတာမထိတာ အရေးမကြီးပါဘူး"
လုမင်ယွိကလဲ ပေါ့ပေါ့ပါးပါးသာ ပြုံးပြလိုက်တော့၏။ "အာ့ကော ပြောတာမှန်တယ်။ တကယ်တမ်းကြတော့ ကျွန်မလဲ ဒါကို တမင်တကာ ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး။ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ လုပ်လိုက်တာ"
လုဖေး "..."
လုဖေး၏စိတ်ဓာတ်ကျသွားသည့်ရုပ်သွင်ကို မြင်လိုက်ရချိန်တွင် လုမင်ယွိသည် အလွန်ပျော်ရွှင်စွာပြုံးမိလေတော့သည်။
ရှန်းလန်ကလဲ သဘောကျသွားပြီး နားလည်မှုဖြင့် ကစားပွဲကို ဆက်ကစားလိုက်တော့သည်။ "တကယ်တော့ လုအာ့ကော(လုအစ်ကို၂)ရဲ့ မြှားပစ်စွမ်းရည်ကလဲ အရမ်းကောင်းပါတယ်။ သစ်တောထဲ ဝင်လာတာ ၁နာရီတောင် မပြည့်သေးဘူးလေ။ သားကောင်တွေ အများကြီး အမဲလိုက်ပြီးသွားပြီ"
လုမင်ယွိကလဲ ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။ "ဟုတ်တယ်။ ငါ့ထက် နည်းနည်းလေးပဲ ဆိုးတာပါ"
လုဖေးသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ လုမင်ယွိကို ပြုံးရင်းက မျက်စောင်းဖြင့်လှမ်းကြည့်လိုက်တော့၏။ "ရှန်းအိမ် ကညီမလေးရှေ့မှာ နင့်ရဲ့အာ့ကောကို မျက်နှာသာလေး နည်းနည်းတော့ ပေးသင့်တာပေါ့!"
ရှန်းလန်ကလဲ အသံထွက်ကာ ရယ်မောလေတော့၏။
အားလုံးက အစားအစာခြောက်များကို ယူလာခဲ့ကြပြီး နေ့လယ်ခင်းစာအတွက် နည်းနည်းပါးပါး စားသောက်လိုက်ကြပြီးနောက် ဆက်ပြီးအမဲလိုက်ကြလေသည်။ ညနေစောင်းချိန်တွင်တော့ သူတို့သည် အမဲလိုက်ထားသည့်အကောင်များဖြင့် ပြန်လာတော့၏။
ဝင်လာသည့်လမ်းတွင် လေးနှင့်မြှားသာပါလာခဲ့ပြီး အပြန်လမ်းတွင်တော့ သားကောင်လှည်းတစ်စီး ပြန်ပါလာလေသည်။
အားလုံးက စိတ်အားထက်သန်နေကြပြီး အိမ်သို့ ပြန်ရောက်လာပြီးနောက်တွင် တောကောင်တစ်ချို့ကို ရွေးထုတ်လိုက်ကာ မီးဖိုဆောင်သို့ ပို့ပေးလိုက်၏။ ကြော်သည်ဖြစ်စေ၊ နှပ်သည်ဖြစ်စေ၊ ဟင်းရည်လုပ်သည်ဖြစ်စေ၊ ကင်သည်ဖြစ်စေ၊ အရသာရှိသည့် ထမင်းတနပ် ဖြစ်မည်ဖြစ်ကာ အားလုံး၏ဗိုက်များကလဲ လုံးဝန်းသွားကြတော့သည်။
ညစာစားပြီးနောက်တွင် လုမင်ယွိက ရှန်းလန်ကို အိမ်ပြန်ပို့ပေးချင်ခဲ့သည်။
ရှန်းအိမ်တော်သည် ရှင်းယန်ဝမ်အိမ်တော်နှင့် သိပ်မဝေးလှဘဲ လမ်းလေး တစ်လမ်း၊ နှစ်လမ်းသာ ခြားထားသည်။ လှည်းနှင့်ဆိုလျှင် အမွှေးတိုင်နှစ်တိုင်စာ အချိန်သာပေးရပေမည်။
လုဖေးက မျက်နှာပြောင်ပြောင်ဖြင့် ပြောလာတော့၏။ "အချိန်ကလဲ အရမ်းနောက်ကျနေပြီ။ စစ်မေ့တစ်ယောက်တည်း လိုက်ပို့မယ်ဆိုရင် ငါ စိတ်ချနိုင်မှာ မဟုတ်ဘူး။ ငါလဲ စစ်မေ့ကို အဖော်လိုက်ပြီးတော့ ညီမလေးရှန်းကို လိုက်ပို့ပေးမယ်"
လုမင်ယွိသည် ပြုံးကာဖြင့် လုဖေးကို လှမ်းကြည့်လိုက်ကာ "အချိန်ကိုက်ပဲပေါ့။ မြင်းဇောင်းကို သွားယူလာပြီး ချီဖုန်းကိုပါ ခေါ်လာခဲ့။ ဒီနေ့ည သူက ကျွန်မရဲ့မြင်းလုပ်ရမှာ"
လုဖေး "..."
မြှားအတတ်ပညာနှင့် ပတ်သက်လာလျှင် သူသည် စစ်မေ့လောက် မကောင်းမွန်ချေ။
ခွန်အားနှင့် ပတ်သက်လာလျှင်လည်း သူသည် စစ်မေ့ထက် ပိုပြီးအားအင်နည်းပါးလေသည်။
ဒီနေ့တွင် လောင်းကစား လုပ်ဖို့ရန်သတ္တိအား မည်သူက သူ့ကိုပေးခဲ့ပြီး ဆုကြေးအဖြစ် သူ့မြင်းကိုသုံးပါဟု မည်သူက ခိုင်းခဲ့ပါသနည်း။
သည်မြင်းကို စစ်မေ့အား ပေးလိုက်သည်နှင့် ဘာများ ကွာခြားပါအုံးမည်နည်း။
အားလုံးကလဲ လုဖေး၏ သနားစဖွယ်ရုပ်ကလေးကြောင့် အသံထွက်ကာ ရယ်မောကြလေတော့သည်။
လုမင်ယွိကလဲ ပြုံးကာပြောလိုက်၏။ "အဲလောက်အထိ ခါးသက်မနေပါနဲ့။ ချီဖုန်းကို တလပဲ စီးမှာပါ"
မောင်နှမများသည် အတူတူ ကြီးပြင်းလာခဲ့ကြ၏။ သူတို့သည် သွေးသားတော်စပ်ခြင်း မရှိသော်ငြားလည်း မောင်နှမရင်းချာများကဲ့သို့ပင် လုဖေးသည် ညီမဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိပြီး ညီမဖြစ်သူကလဲ သူမ၏အစ်ကိုအပေါ် အလွန်ကြင်နာလေသည်။
လုဖေးသည် လန်းဆန်းသွားပြီး သူမကို တစ်ဖန် ကျေးဇူးတင်စကား ပြောလိုက်တော့၏။ သူက မြင်းဇောင်းသို့ ကိုယ်တိုင်သွားကာ သူ၏ချစ်လှစွာသောမြင်းကို ဆွဲခေါ်လာခဲ့ပြီး လုမင်ယွိက မြင်းပေါ်သို့ သတိရှိရှိဖြင့် တက်သွားသည်ကို စောင့်ဆိုင်းပေးနေလိုက်သည်။ ထို့နောက်တွင်တော့ သူက ရှန်းလန်၏လက်ကို သဘာဝကျကျ တွဲပေးလိုက်ပြီးနောက် သူမကို မြင်းပေါ်သို့ တင်ပေးလိုက်လေသည်။
ရှန်းလန်သည်လည်း အနည်းငယ် ရှက်ရွံ့နေသော်ငြား ချိုမြိန်သည့် ခံစားချက်လေးတော့ ရှိနေ၏။
လုဖေးကလဲ ထပ်ပြီး အလျင်မလိုရဲတော့ချေ။ ထို့နောက်တွင်တော့ သူသည် တော်တော်လေး ယဥ်ကျေးသွားကာ နှစ်ယောက်သားနောက်မှနေ၍ သူ့မြင်းကို လိုက်ပါစီးနင်းလာပြီး ရှန်းအိမ်တော်သို့ ထွက်လာခဲ့လေတော့သည်။
လုလင်းနှင့် ဝန်ကြီးရှန်းတို့သည် တော်တော်လေး ခင်မင်ရင်းနှီးကြပြီး နှစ်ဦးသားက မိတ်ဆွေကောင်းများဟုပင် သတ်မှတ်နိုင်သေးသည်။
သခင်မရှန်းက သူတို့ကို ကိုယ်တိုင်လာနှုတ်ဆက်ပြီး ပြုံးကာဖြင့် ပြောလိုက်၏။ "လန်အာကို ပြန်လာပို့ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီကိုရောက်နေပြီဆိုမှတော့ အထဲကိုဝင်ပြီးတော့ လက်ဖက်ရည်လေး သောက်သွားပါအုံးလား!"
လူကြီးမင်းရှန်းကတော့ သာမန်ရုပ်ရည်ရှိသော်ငြား သခင်မရှန်းသည် လှပသိမ်မွေ့ပြီး ရင်နှီးဖော်ရွေကာ လေးစားဖွယ်ကောင်းသည့် အကြီးအကဲတစ်ဦး ဖြစ်လေသည်။
လုမင်ယွိကလဲ ပြုံးကာ ပြန်ဖြေလိုက်၏။ "အရမ်းနောက်ကျနေလို့ပါ။ ဒါကြောင့်မလို့ အနှောင့်အယှက် မပေးတော့ပါဘူး။ ရက်အနည်းငယ်နေရင် အစ်မရှန်းရဲ့ ဆံထိုးတင်ပွဲ ရှိတယ်လေ။ အဲဒီ့အချိန်ကျရင် စောစောလာခဲ့ပါ့မယ်"
ရှန်းသခင်မကလဲ သူမကို အထဲဝင်ဖို့ရန် အတင်းမတိုက်တွန်းတော့ချေ။
ရှန်းလန်သည် နှုတ်ခမ်းလေးများကို ကွေးထားကာ မောင်နှမနှစ်ယောက်ကို ပြုံးပြလိုက်ပြီးနောက် အိမ်တော်ထဲသို့ လှည့်ကာဝင်သွားလေတော့သည်။
လုဖေးကတော့ မခွဲခွာချင်စိတ်ဖြင့် သူ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး လုမင်ယွိ၏ ထိုးထွင်းသိမြင်နေသည့်အကြည့်ကို ရင်ဆိုင်လိုက်ရတော့သည်။
လုဖေးသည် သူ၏နားနောက်တွင် အနည်းငယ် ပူသွားသလို ခံစားလိုက်ရကာ ချောင်းဟန့်လိုက်တော့၏။ "စစ်မေ့ ငါတို့လဲ ပြန်ကြရအောင်လေ!"
လုမင်ယွိကလဲ မသိမသာ ခေါင်းညိမ့်ပြလိုက်သည်။
လုအိမ်တော်သို့ ပြန်ရောက်လာပြီးနောက် လုမင်ယွိသည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ လုဖေးကိုပြောတော့သည်။ "အာ့ကော စာကြည့်ဆောင်ကို သွားမလား"
လုဖေးသည် ဒီမေးခွန်းကနေ လွှတ်မြောက်နိုင်မှာ မဟုတ်မှန်း သိနေသဖြင့် နာနာခံခံဖြင့်သာ စာကြည့်ဆောင်သို့ သွားရလေတော့၏။
စာကြည့်ခန်းထဲသို့ ဝင်လာပြီးသည်နှင့်ချက်ချင်း လုမင်ယွိက ပါးစပ်မဖွင့်ရသေးခင်မှာပင် လုဖေးက တိုးတိုးလေး ပြောလာတော့၏။ "စစ်မေ့ ငါ့ရင်ထဲမှာ တမ်းတနေရတဲ့ မိန်းကလေးက တကယ်တော့ ရှန်းမေ့မေ့ပါ"
...