အတွေးများ
Vol. 3 Ch. 39
ဝန်ခံရခြင်းကလဲ ပျော်ရွှင်စရာတစ်ခုပင်။
လုဖေးသည် သူ့ခါးကို မတ်ထားလိုက်ကာ လုပ်ရဲရင် ခံရဲရသည် ဟူသည့် ယောက်ျားပီပီသသ ပုံစံပြုမူလိုက်၏။ “တကယ်တော့ ငါ သူ့ကို သဘောကျနေတာ ကြာနေပြီ။ ဒီအကြောင်းကို ထုတ်ပြောဖို့ သတ္တိလုံးဝမရှိခဲ့တာ တစ်ခုပဲ”
“အခု နင်လဲ ဒါကို သတိထားမိသွားပြီဆိုတော့ ငါလဲ နင့်ကို ဖုံးကွယ်မထားတော့ပါဘူး”
လုမင်ယွိမှာ သူမ၏ အစ်ကိုဖြစ်သူအတွက် ပိုပိုပြီး စိတ်မကောင်းဖြစ်မိတော့၏။
ရှင်းလန်ကို အဲလောက် သဘောကျတယ်ဆိုမှတော့ အရင်ဘဝတုန်းက ဘာဖြစ်လို့ လက်ထပ်ဖို့ မတောင်းဆိုခဲ့တာလဲ။ သူ့ရဲ့ ချစ်ရသူ လက်ထပ်တာကို ဒီအတိုင်း စောင့်ကြည့်နေပြီး ဘာဖြစ်လို့ အထီးကျန်နေရတာလဲ။
လုမင်ယွိသည် သူမ၏ အစ်ကိုဖြစ်သူကို ငေးကြည့်နေမိပြီး တိုးတိုးလေး ပြောလိုက်၏။ “အာ့ကော ရှန်းကျဲက ကျက်သရေရှိပြီး သဘောထားကြီးတယ်။ သူက အရမ်းလဲ လေးစားဖို့ကောင်းတယ်။ နင် သူ့ကို သဘောကျတယ်ဆိုမှတော့ ဆံထိုးတင်ပွဲ အခမ်းအနားပြီးသွားရင် ငါတို့ အဖေကို တရားဝင် အဆောင်အယောင်ခေါ်ပြီး လက်ထပ်ပွဲ အဆိုပြုခိုင်းလိုက်ပါလား”
လုဖေး “...“
ညီမဖြစ်သူထံမှ ရိုက်နှက်ဆူပူခံဖို့ရန် အသင့်ဖြစ်နေသည့် လုဖေးသည် အံ့အားသင့်သွားကာ ဝမ်းသာသွားပြီး လွှတ်ကနဲ ပြောထွက်လာခဲ့၏။ “စစ်မေ့ နင် ငါ့ကို စိတ်မဆိုးဘူးလား”
လုမင်ယွိက ပြုံးကာ လှမ်းကြည့်လာပြီး သူမ၏ ပါးစပ်ကို ဖွင့်ဟကာ မေးလိုက်တော့သည်။ “နင်လဲ အိမ်ထောင်မပြုရသေးဘူးလေ။ နင်တို့ ၂ ယောက် အပြန်အလှန် စိတ်ဝင်စားနေကြတယ်။ ရှန်းကျဲကလဲ စောင့်ဆိုင်းနေတယ် ဆိုတော့ ဒါက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ ငါက ဘာဖြစ်လို့ ဒေါသထွက်ရမှာလဲ”
လုဖေးက သွားများဖြဲကာ ရယ်မောလိုက်တော့သည်။ “သူက နင့်ရဲ့ အချစ်ရဆုံး သူငယ်ချင်းလေ။ ငါက သူ့ကို ကြိတ်ပြီးတော့ သဘောကျနေတာ နင့်ကိုလဲ မပြောရဲဘူး။ နင် ဒီအကြောင်းကို သိသွားရင် ဒေါသထွက်ပြီး မပျော်မရွှင် ဖြစ်သွားမယ်လို့ ငါက ထင်ထားခဲ့တာ။ ငါ မှားသွားခဲ့ပါတယ်။ စစ်မေ့က သဘောထားကြီးတယ်။ ဒီလောကထဲမှာ အကောင်းဆုံး မိန်းကလေးပဲ”
စာအုပ်ကိုမြင်လျှင် ခေါင်းကိုက်တတ်လာသည့် လုဖေးသည် အမှန်ပင် စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်လေသည်။
လုမင်ယွိမှာ သဘောကျသွားတော့၏။ “နင်နဲ့ငါက မောင်နှမတွေပဲ။ ဒီလို ယဉ်ယဉ်ကျေးကျေးစကားတွေ ပြောပြီး ဘာလုပ်ရမှာလဲ။ အဖေ ပြန်လာတဲ့အခါကျရင် နင် သွားပြီးတော့ နင့်ရဲ့ သဘောထားကို ချက်ချင်း သွားပြောပြလိုက်တော့”
လုဖေးက အသံကျယ်ကျယ်ဖြင့် နှာခေါင်းရှုံ့လိုက်ကာ သူ့မျက်နှာပေါ်က အလင်းရောင်သည်လဲ လူများကို မျက်စိကျိန်းသွားရ စေလောက်သည်။
တကယ်ကို အမြင်မတော်စရာပဲ။
လုမင်ယွိကတော့ ပြုံးလိုက်လေသည်။
ဒီအခိုက်အတန့်မှာပင် ရင်းနှီးပြီးသားအသံတစ်ခုသည် စာကြည့်ဆောင် အပြင်ဖက်မှ ထွက်ပေါ်လာခဲ့၏။ “နင်တို့ မောင်နှမ ၂ ယောက် ဘာတွေ ပြောနေကြတာလဲ”
လုလင်း ပြန်လာခြင်းပင်။
မောင်နှမ ၂ ယောက်သည် အချင်းချင်း ကြည့်လိုက်ကြတော့၏။
လုမင်ယွိက လုဖေးကို မျက်ရိပ်ပြလိုက်ကာ သူမ၏ ညာဖက်လက်ကို ထောင်ပြလိုက်ပြီးနောက် လုဖေးကို အားပေးလိုက်တော့၏။
လုဖေး၏ ညိုမဲနေသည့် မျက်နှာလေးသည် နီရဲသွားကာ အားတက်သရော ခေါင်းငြိမ့်ပြလေသည်။
လုမင်ယွိက စာကြည့်ဆောင်ထဲမှ အရင်ဆုံး ထွက်လာပြီး စာကြည့်ဆောင်ကိုတော့ သူမ၏ မွေးစားအစ်ကိုအတွက် စဉ်းစဉ်းစားစားလေး ချန်ထားပေးခဲ့၏။
အေးမြလှသည့် ညလေပြည်က တိုက်ခတ်လို့နေကာ မြက်ခင်းစိမ်းစိမ်းတို့၏ ရနံ့သင်းသင်းလေးက ရောနှောလို့နေသည်။
လုမင်ယွိသည် စင်္ကြံ၏ တံစက်မြိတ်အောက်က တိုင်လုံးကို မှီထားပြီး သူမ၏ မျက်လုံးများကတော့ စိတ်အလိုရှိတိုင်း ဝေ့ဝဲလို့နေ၏။ သူမ၏ နှလုံးသားထဲတွင် အချိန်က တိတ်ဆိတ်ငြိမ်သက်နေပြီး အမွှေးတိုင် တစ်တိုင်စာ အချိန် မကုန်ဆုံးခင်မှာပင် လုဖေးသည်လဲ ပြုံးပျော်နေသည့် မျက်နှာဖြင့် ထွက်လာတော့၏။
လုလင်း၏ လုပ်ကိုင်ပုံသည် အဖြောင့်မတ်ဆုံးဖြစ်ကာ ဘယ်တော့မှ ပေါ့လျော့ခြင်း မရှိချေ။ လုလင်း၏ စိတ်နေစိတ်ထားနှင့် ဆိုလျှင် သူ၏ မွေးစားသားက ဖွင့်ဟပြောလာသည်တွင် သူသည် ဘယ်တော့မှ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ရှန်းလန် မိသားစုနောက်ခံသည်လဲ အလွန် ထူးချွန်ပြီး ကျက်သရေရှိကာ သဘောထားကြီးမားလှသည်။ လုလင်းသည် ဤမင်္ဂလာပွဲဖြစ်မြောက်ရေးကို သေချာပေါက် ဝမ်းသာပေမည်။
လုမင်ယွိက အကြောင်းသိစွာဖြင့် ပြုံးပြလိုက်ကာ “အဖေ သဘောတူလိုက်ပြီလား”
လုဖေးက ခေါင်းတဆိတ်ဆိတ် ငြိမ့်ပြလိုက်သည်။ သူ့နှုတ်ခမ်းထောင့်သည်လဲ နားရွက်သို့ တက်ချိတ်တော့မတတ်ပင်။ “ဟုတ်တယ်။ ရှန်းမေ့မေ့ (ညီမလေးရှန်း) ဆံထိုးတင်ပွဲအခမ်းအနားပြီးသွားရင် တရားဝင် အခမ်းအနားနဲ့ တံခါးဝကို ဖိတ်ခေါ်လိမ့်မယ်လို့ ငါလဲ ပြောပြလိုက်တယ်”
လုမိသားစုသည် လုံးဝ ဟန့်တားခြင်းမရှိခဲ့ချေ။ ထိုအကြောင်းကို စဉ်းစားကြည့်လျှင် ရှန်းမိသားစုသည် အတိတ်ဘဝက အမှားတစ်ခုကို သေချာပေါက် ပြုလုပ်ခဲ့သည်ပင်။...
လုမင်ယွိသည် သူမ၏ စိတ်ထဲတွင် လေးလေးနက်နက် စဉ်းစားလိုက်ပြီး ပါးစပ်ကို ဖွင့်ဟလိုက်ကာ ပြုံးလျက် ပြောလိုက်၏။ “တစ်ရက် နှစ်ရက်လောက်တော့ စိတ်ရှည်ရှည်နဲ့ ဒီအတိုင်း စောင့်လိုက်ပါအုံး။ ရှန်းကျဲ ရောက်လာတဲ့ အချိန်ကျရင် ငါ ရှန်းကျဲကို အရင်ဆုံး တိုးတိုးတိတ်တိတ်လေး တီးခေါက်ကြည့်ဖို့ ကြိုးစားလိုက်မယ်”
လုဖေးသည် အလွန် ဝမ်းသာသွားကာ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ကိုယ်ကို ညွှတ်ကာ တလေးတနက် အရိုအသေ ပေးလေတော့သည်။ “စစ်မေ့ကို ကျေးဇူးတင်ပါတယ်”
လုမင်ယွိသည် သူမ၏ စိတ်အားတက်ကြွလာသည့် အစ်ကိုဖြစ်သူကို ငေးကြည့်နေမိကာ ပျော့ပျောင်းစွာဖြင့် ပြောလိုက်တော့သည်။ “အာ့ကော ကျေးဇူးတင်စရာ မလိုပါဘူး။ ငါက နင် သဘောကျရတဲ့ သူတစ်ယောက်ကို ဇနီးမယားအဖြစ် လက်ထပ်မှာကိုပဲ မျှော်လင့်လာခဲ့တာ။ နင်တို့တွေ ချစ်ခင်ကြင်နာကြတဲ့ ဇနီးမောင်နှံဖြစ်လာပြီး တစ်သက်လုံး အတူတူ လုပ်ဆောင်သွားတာကိုပဲ မျှော်လင့်တာ”
အရင်ဘဝတုန်းကလို အထီးကျန်ပြီး ကျန်တဲ့ သက်တမ်းတစ်ဝက်လုံးကို တစ်ယောက်ထဲ မနေပါနဲ့။
အေးမြလှသည့် လရောင်အောက်တွင် လုမင်ယွိ၏ မဲနက်နေသည့် မျက်ဝန်းများထဲ၌ နာကြင်နေသည့် အရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာလေတော့သည်။
ပျော်ရွှင်မှုထဲတွင် ဈာန်ဝင်နေသည့် လုဖေးကတော့ လုမင်ယွိနှင့်ပတ်သက်ပြီး တစ်ခုခု ထူးဆန်းသွားသည်ကို သတိမထားမိဘဲ ပျော်ရွှင်နေသည့် ရုပ်ကလေးတစ်ခုဖြင့် ထွက်သွားလေတော့သည်။
ထိုနေ့ညတွင် လုဖေးတစ်ယောက်ကတော့ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကြောင့် ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေကာ အိပ်ပျော်ရန် ခက်ခဲလို့ နေခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းစောစောတွင် သူသည် အားလုံးကို ရယ်စရာဖြစ်ရစေသည့် ပန်ဒါမျက်လုံး တစ်စုံဖြင့် အားလုံးရှေ့တွင် ပေါ်ထွက်လာခဲ့တော့၏။
မင်္ဂလာပွဲကိုလဲ အဆိုမပြုရသေးဘူးဆိုတော့ ဒီလို ကိစ္စမျိုးကို စိတ်တိုင်းကျလဲ ပြောလို့မဖြစ်သေးဘူး။
လုဖေးသည် သူ၏ ညီငယ်၊ ညီမငယ်လေးများက သူ့ကို ရယ်မောစရာ ပြုလုပ်နေသည်ကို ခွင့်ပြုထားလိုက်ကာ လုမင်ယွိနှင့် အကြောင်းသိနေပါတယ်ဟူသည့် အပြုံးလေးဖြင့် မကြာခဏ အကြည့်ချင်း ဖလှယ်နေတော့သည်။
...
၃ ရက်တာ ကာလသည် မျက်စိတမှိတ်အတွင်း ကုန်လွန်သွားခဲ့တော့သည်။
မိုးမသောက်ခင်မှာပင် အဝေးတစ်နေရာမှနေ၍ ၅ နာရီ စည်းချက်တစ်ခုကို ကြားလိုက်ရ၏။
လုမင်ယွိကတော့ စောစောအိပ်ရာထတတ်သည့် အကျင့်ရှိနေပြီးသားဖြစ်ကာ အိပ်ရာထလာခဲ့ပြီး မနက်ခင်း ကိုယ်လက် သန့်စင်ခြင်းကို ပြုလုပ်ပြီးနောက် အရင်ဆုံး သိုင်းလေ့ကျင့်ကွင်းသို့ သွားကာ သိုင်းပညာလေ့ကျင့်တော့သည်။
လုအိမ်တော်က စစ်သူကြီးများနှင့် အစောင့်များသည် တစ်ယောက်ပြီးတစ်ယောက် လေ့ကျင့်ရေး စတင် ဆင်းလာကြ၏။ လုမင်ယွိ ရောက်လာသည်နှင့်ချက်ချင်း အစောင့်များကလဲ အလိုက်တသိဖြင့် သူမကို နေရာအကျယ်ကြီးတစ်ခု ပေးလိုက်တော့သည်။ လုမင်ယွိက သူမ၏ ခါးမှနေ၍ ဓားရှည်ကြီးကို ဆွဲထုတ်လာခဲ့၏။
ဤဓားရှည်သည် သာမန်ဓားထက် ၃ လက်မ ပိုရှည်ကာ ၂ ဆ ပိုထူလေသည်။ ဓား၏ ကိုယ်ထည်သည် နက်မှောင်နေပြီး ဓားအသွားကတော့ မှိန်ဖျဖျ အေးစက်စက် အလင်းရောင်လေးတစ်ခုဖြင့် လင်းလက်လို့နေ၏။
ငယ်ရွယ်စဉ်ကတဲက သူမသည် အံ့ဩစရာကောင်းလှသည့် ခွန်အားတစ်ခုကို ပြသခဲ့သည်။ လုလင်းက အပြင်လူများကို သူ့သမီးအား ထူးထူးဆန်းဆန်း မမြင်စေချင်ဘဲ တခြားသူများရှေ့တွင် ခွန်အားအားလုံးကို အသုံးမပြုဖို့ရန် သမီးဖြစ်သူကို နောက်ကွယ်တွင် တိုးတိုးတိတ်တိတ် ပြောထားရသည်။
သူမ အသက် ၁၀ နှစ် ရောက်လာသောအခါ လုလင်းသည် သံနက်တစ်တုံးကို ရှာဖွေခဲ့၏။ ငွေ အမြောက်အများသုံးပြီး လောကကြီးထဲက နာမည်အကြီးဆုံး ပန်းပဲဆရာထံတွင် ဓားကြီးတစ်လက်ကို သွန်းလုပ်ခိုင်းခဲ့လေသည်။ ဓားကို သွန်းလုပ်ပြီးသွားသည့်နောက်တွင် လုလင်းက သူ၏ ဓားကို စမ်းသပ်ရန် လူဆိုးလူမိုက်တစ်ယောက်ကို တမင်တကာ ရှာဖွေခဲ့ပြီး ထိုဓားတွင် ဓားဝိညာဉ်တစ်ခု ရှိသည်ကိုလဲ သတိထားမိလိုက်၏။
ကံဆိုးချင်တော့ သူမ၏ အံ့ဩစရာကောင်းလှသည့် သိုင်းပညာက သူမ၏ ယခင်ဘဝတွင် ဖုံးကွယ်ခံထားခဲ့ရသည်။
သူမသည် နန်းတွင်း ဝတ်စုံကို ဝတ်ဆင်ထားရကာ လောကကြီး၏ ဧကရီတစ်ပါးအနေဖြင့် ဇာမဏီထိုင်ခုံပေါ်တွင် ဂုဏ်သိက္ခာရှိစွာ ထိုင်နေခဲ့ရသည်။
ပုလဲသေတ္တာထဲတွင် ရှိနေသည့် ဓားသည်လဲ ဖုန်တက်သွားလေတော့၏။
ဒီဘဝတွင်တော့ သူမသည် ဖုံးကွယ်ရန် မလိုအပ်တော့ချေ။ မိမိကိုယ်ကိုရော တစ်စုံတစ်ယောက်ကိုပါ ထိခိုက်အောင် လုပ်ရန် မလိုပေ။ သူမ လိုချင်သမျှ အရာမှာ ပျော်ပျော်ရွှင်ရွှင် စိတ်အလိုရှိတိုင်း နေထိုင်ပြီး ဘဝကို အပြည့်အဝ ဖြတ်သန်းဖို့ရန်သာ ဖြစ်တော့သည်။
ဓားသွားသည် လင်းလက်သွားပြီး အံ့ဩစရာကောင်းသည့် ဓားအရှိန်အဝါသည် ဓားသွားထက်မှ ထွက်ပေါ်လာတော့သည်။
အစောင့်ရဲမက်တစ်စုသည် မတော်တဆ ထိခိုက်မှုမှ ရှောင်ကြင်ဖို့ရန်အတွက် ၁၀ မီတာကျော်အထိ တိတ်တဆိတ် နောက်ဆုတ်ပေးလိုက်ကြလေသည်။
နာရီဝက်ကြာပြီးသွားသည့်နောက်တွင် လုမင်ယွိသည် ချွေးနည်းနည်းပါးပါး ထွက်လာကာ ရေသွားချိုးပြီး အဝတ်အစား လဲလိုက်တော့သည်။
ဒီနေ့သည် ရှန်းလန်၏ ဆံထိုးတင်ပွဲဖြစ်သည်။ သူမက အပျိုရံလေးတစ်ယောက် အနေဖြင့် ရှန်းအိမ်တော်သို့ စောစောစီးစီး သွားရပေမည်။
လုဖေးသည်လဲ အဝတ်အစားသစ်များကို ပြောင်းလဲ ဝတ်ဆင်ထားပြီး ဖြစ်ကာ အလွန် ချောမောခန့်ညားနေတော့၏။ လုမင်ယွိသည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ ကြိတ်ပြီး ရယ်မောမိတော့သည်။
တကယ့်ကို အမြှီးအတောင်တွေ ဖြန့်ထားတဲ့ ဒေါင်းတစ်ကောင် ကျနေတာပဲ...
လုဖေးက လုမင်ယွိ၏ ညစ်ကျယ်ကျယ်အပြုံးကို တွေ့လိုက်ရသည်တွင် ပြောစရာ ကောင်းကောင်းကန်းကန်း မရှိလေခြင်းကိုလဲ သိလိုက်၏။ ထို့ကြောင့် သူသည်လဲ ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ မြင်းဖက်သို့ လှည့်သွားလေတော့သည်။
လုမင်ယွိသည် ဒီနေ့တွင်တော့ ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး မြင်းစီးဖို့ရန်လဲ တော်တော်လေး အဆင်မပြေလှသဖြင့် သူမမှာ လှည်းသာ စီးလာရတော့သည်။
မောင်နှမ ၂ ယောက်သည် ရှန်းအိမ်တော်သို့ အတူတူရောက်လာခဲ့ကြ၏။
ရှန်းအိမ်တော်က အထင်ကရ ဧည့်သည်များကို ကြိုဆိုဖို့ရန်အတွက် ပင်မတံခါးဝကြီးကို ဖွင့်လှစ်ထားနှင့်ပြီးသားပင်။
ရှန်းလန်၏ အနီးကပ်အစေခံမလေး တုံးရွှယ်က အပြုံးဖြင့် တံခါးနားတွင်ရပ်ကာ အရိုအသေပေးလာခဲ့သည်။ “သခင်မလေး ကျွန်မ ဒီမှာ စောင့်နောတာပါ။ စတုတ္ထသခင်မလေး ကျေးဇူးပြုပြီးတော့ ကျွန်မနဲ့ လိုက်ခဲ့ပေးပါ!”
လုဖေးအတွက်တော့... ဟုတ်ပါသည်။ သူသည် မိန်းကလေးများ၏ ခြံဝန်းထဲသို့ မဝင်နိုင်ပေ။ သူ့ကိုတော့ အိမ်တော်ထိန်းက ပင်မခန်းမသို့ ခေါ်ဆောင်သွားခဲ့ပြီး ရှန်းမိသားစု၏ သားများက သူ့ကို ကြိုဆိုနှုတ်ဆက်ကြ၏။
ရှန်းလန်သည် အပျိုဆောင်ထဲတွင် ထိုင်နေပြီး ရှန်းသခင်မကြီးကလဲ ထိုနေရာတွင် ရှိနေသည်။
လုမင်ယွိဝင်လာသည်နှင့်ချက်ချင်း ရှန်းသခင်မကြီးက ပြုံးကာ ပြောလာခဲ့သည်။ “ရှောင်ယွိ ရောက်လာတာ အတော်ပဲ။ လန်အာကို အဖော်လုပ်ပေးလိုက်အုံးနော်။ ဒေါ်ဒေါ် ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်အုံးမယ်”
လုမင်ယွိက ပြုံးကာ ပြန်ဖြေလိုက်၏။ “ဒေါ်ဒေါ် လုပ်စရာရှိတာ သွားလုပ်လိုက်ပါ! ကျွန်မ ဒီနေ့ ရှန်းကျဲကို စောင့်ကြည့် ပေးမှာပါ”
ရှန်းသခင်မကြီး ထွက်သွားပြီးနောက်တွင် လုမင်ယွိ၏ မျက်လုံးများသည် ရှန်းလန်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး အနည်းငယ် အံ့အားသင့်သွားတော့သည်။ “ရှန်းကျဲ မနေ့ညတုန်းက အိပ်ပျော်ရဲ့လား။ ဘာဖြစ်လို့ ဒီလောက်တောင် မှောင်မဲနေရတာလဲ”
မိန်းကလေး တစ်ယောက်အတွက် ဆံထိုးတင်ပွဲ အခမ်းအနားသည် သူမ၏ ဘဝတွင် လက်ထပ်ခြင်း ကိစ္စပြီးလျှင် ဒုတိယအရေးအကြီးဆုံး နေ့ရက် ဖြစ်လေသည်။
ရှန်းလန်၏ မျက်နှာသည် ပျော်ရွှင်မှုတစ်စုံတစ်ရာ မပြသဘဲ ယခုအချိန်တွင် အပြာရောင်အရိပ်သန်းနေသည့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် အရောင်တစ်ခုကို ပြသနေတော့၏။
ရှန်းလန်က ခပ်မှိန်မှိန် အပြုံးလေးတစ်ခုဖြင့် ပြုံးပြလိုက်ကာ စကားပြောဖို့ရန် တုံ့ဆိုင်းနေတော့သည်။
လုမင်ယွိသည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများကို ဝေ့ဝဲကာ ကြည့်လိုက်၏။ “နင်တို့တွေ အခုလောလောဆယ် နောက်ဆုတ်နေကြ”
အစေခံမလေးများကလဲ မြန်မြန် နောက်ဆုတ်သွားကြပြီး အခန်းထဲတွင် သူတို့ ၂ ယောက်ကိုသာ ချန်ရစ်ထားခဲ့တော့၏။
လုမင်ယွိက ရှန်းလန်၏ ဘေးတွင် ထိုင်ချလိုက်ကာ သူမကို လက်ကို လှမ်းကိုင်လိုက်ပြီး “ရှန်းကျဲ ဘာဖြစ်ခဲ့တာလဲ”
ရှန်းလန်၏ မျက်လုံးများမှာ မသိမသာ နီရဲသွားကာ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး အချိန်တော်တော်ကြာမှ လေသံတိုးတိုးဖြင့် ပြောလာတော့သည်။ “ဖန်မိသားစုက အိမ်ကိုလာပြီးတော့ မင်္ဂလာပွဲ အဆိုပြုတော့မယ်တဲ့။ အဖေနဲ့ အမေတို့က တစ်ဖက် မိသားစုကို အရမ်းသဘောကျနေကြတယ်”
...