နှလုံးသား
Vol. 3 Ch. 40
ဖန်းမိသားစုလား။
လုမင်ယွိသည် မသိမသာ မျက်မှောင်ကြုတ်သွားတော့သည်။ သူမ၏ ယခင်ဘဝတွင် ရှန်းလန်သည် ဖန်းမိသားစု၏ ဒုတိယသားနှင့် လက်ထပ်ခဲ့သည်။
ဖန်းမိသားစုသည် ယခင်မင်းဆက်ကတဲက နာမည်ကြီး ပညာတတ်မိသားစုတစ်ခုဖြစ်ခဲ့ပြီး မိသားစုထဲမှနေ၍ နာမည်ကြီး ပညာရှင်ပေါင်းများစွာလဲ ပေါ်ထွက်ခဲ့သည်။ ဖန်းမိသားစု၏ ဒုတိယသားသည် ဤမျိုးဆက်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး သူသည် အသက် ၁၇ နှစ်မှာပင် ကျင့်ရှီတစ်ယောက် ဖြစ်လာခဲ့၏။
ဖန်းမိသားစု၏ ဒုတိယသားသည် ငယ်ရွယ်ပြီး အရည်အချင်းရှိကာ ဖန်းမိသားစုသည် လက်ထပ်လိုသည့် စိတ်ကူးကိုလဲ တိုးတိုးတိတ်တိတ် ထုတ်ဖော်ပြောပြခဲ့သည်။ ရှန်းသခင်မကြီးနှင့် ရှန်းသခင်ကြီးတို့ကလဲ ဤ အနာဂတ် သားမက်လောင်းကို အလွန် သဘောကျကြလေသည်။
သူမ၏အရင်ဘဝတွင် ရှန်းလန် ဆံထိုးတင်ပွဲ ပြီးသွားသောအခါ ရှန်းမိသားစုနှင့် ဖန်းမိသားစုတို့သည် လက်ထပ်ပေးဖို့ရန် ဆုံးဖြတ်ခဲ့ကြ၏။
လုဖေးသည် ခြေတစ်လှမ်း နောက်ကျသွားခဲ့ခြင်းပင်။ သူသည် တံခါးနားသို့ မရောက်သေးခင်မှာပင် သူ၏ ချစ်ရသူသည် စေ့စပ်နှင့်ပြီးသားဖြစ်နေ၏။ သူမ၏ အရင်ဘဝတွင် လုဖေးသည် ရှန်းလန်၏ မင်္ဂလာပွဲကို ဝမ်းနည်းစွာဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
လုမင်ယွိက လေသံတိုးတိုးဖြင့် မေးလိုက်၏။ “ဖန်းမိသားစုက တရားဝင် လက်ထပ်ဖို့ အဆိုပြုပြီးသွားပြီလား”
“အဲလိုတော့ မဟုတ်ပါဘူး” ရှန်းလန်ကလဲ တိုးတိုးလေး ပြန်ဖြေသည်။ “သူတို့တွေက အဖေ့ဆီကို တိုးတိုးတိတ်တိတ် စာတစ်စောင်ပို့လာပြီး လက်ထပ်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ စိတ်ကူးကို ဖော်ပြခဲ့တာပါ။ အမေကတော့ ဒုတိယသားကို အရမ်း ချီးကျူးနေတာ။ မနေ့တုန်းက ငါ့ရှေ့မှာတောင်မှ သူ့အကြောင်းကို ပြောနေသေးတယ်”
လုမင်ယွိသည် ရှန်းလန်ကို သေသေချာချာလေး စိုက်ကြည့်လိုက်ပြီး “ရှန်းကျဲ နင် ဖန်းမိသားစုထဲ လက်ထပ်ဝင်ဖို့ ဆန္ဒရှိတာလား”
ရှန်းလန်က ခေါင်းကို မော့လာကာ လုမင်ယွိကိုကြည့်လိုက်၏။
“တကယ်လို့ နင် ဖန်းမိသားစုကို သဘောကျတယ်ဆိုရင် ငါ နင့်ကို မပြောတော့ပါဘူး” လုမင်ယွိက ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။ “တကယ်လို့ နင့်ရဲ့ ရင်ထဲမှာ တခြားတစ်ယောက် ရှိနေတယ်။ ဖန်းမိသားစုက ဒုတိယသားနဲ့ လက်မထပ် ချင်ဘူးဆိုရင် ငါ နင့်ကို ပြောပြစရာ ရှိတယ်”
ရှန်းလန်သည် ထက်မြက်လှသူဖြစ်ရာ အဓိပ္ပာယ်ရေးရေးလေးကို ချက်ချင်း ခံစားမိလိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားပြီးနောက် သူမ၏ မျက်လုံးထဲတွင်လဲ မျှော်လင့်ချက်များ ဖျပ်ကနဲ လက်လာတော့သည်။ “ရှောင်ယွိ နင် ဘာပြောချင်တာလဲ”
လုမင်ယွိကလဲ သွယ်ဝိုက်ပြီး ပြောမနေတော့ချေ။ “အာ့ကောက မနေ့ညတုန်းက ငါ့အဖေဆီမှာ သူ့ရဲ့ သဘောထားကို ထုတ်ပြောခဲ့တယ်။ အဖေကလဲ သူ့ရဲ့ သဘောထားကို လိုက်လျောခဲ့တယ်။ နင် ဆံထိုးတင်ပွဲပြီးသွားရင် ငါတို့တွေက တရားဝင် အခမ်အနားနဲ့ နင်တို့ အိမ်တံခါးမှာ မင်္ဂလာလက်ထပ်ဖို့ အဆိုပြုခိုင်းမှာ”
“ငါ မသိတာက နင့်ရဲ့ စိတ်ထဲမှာ အာ့ကောကို သဘောကျသလားဆိုတာပဲ”
ရှန်းလန်သည် ငိုကြွေးနေသည့်ရုပ်ကလေး ဖြစ်သွားကာ ဆို့နင့်သွားတော့၏။ “ရှောင်ယွိ ငါ့ရဲ့ စိတ်ထဲမှာလဲ သူ အမြဲတမ်း ရှိနေခဲ့တာပါ။ သူက မင်္ဂလာပွဲကို လာပြီး အဆိုပြုဖို့ ငါ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ သူက စစ်တိုက်ထွက်နေပြီး မြို့တော်မှာ မရှိဘူးလေ။ ဖန်းမိသားစုက ဒီနေရာကို ရောက်လာတာ နှစ်ဝက်လောက် ရှိသွားပြီ။ သူတို့တွေက အကြိမ်အနည်းငယ်လဲ အပြန်အလှန် စာရေးကြတယ်။ ငါ့ အဖေနဲ့ အမေကလဲ သူတို့ မိသားစုရဲ့ ဒုတိယသားကို အရမ်းသဘောကျနေကြတယ်”
“ဒီမင်္ဂလာပွဲ အတည်ဖြစ်သွားမှာကိုပဲ ငါ စိုးရိမ်မိတာ...“
သူမ၏ စကားမဆုံးသေးခင်မှာပင် သူမ၏ မျက်လုံးများက နီရဲနေနှင့်ပြီးသား ဖြစ်တော့သည်။
လုမင်ယွိသည် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး သူမ၏ လက်ကို ဆန့်ကာ ရှန်းလန်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ပြီးနောက် နှစ်သိမ့်စကား တိုးတိုးလေး ပြောတော့သည်။ “မငိုသေးပါနဲ့။ မင်္ဂလာပွဲကို ဆုံးဖြတ်ရသေးတာမှ မဟုတ်တာ။ အားလုံးကလဲ ပြန်လှည့်ဖို့ အချိန်ရှိပါသေးတယ်”
ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် သူမက ပြောလိုက်၏။ “တရားဝင် အခမ်းအနားတွေနဲ့ မတောင်းဆိုတော့ဘူး။ မနက်ဖြန်ကျရင် ငါ့အဖေကို မင်္ဂလာကိစ္စ အဆိုပြုဖို့ လာပြောခိုင်းလိုက်မယ်။ ဥပမာ မိသားစုက ခြေတစ်လှမ်းဦးသွားခဲ့တယ်ပေါ့။ အချိန်တန်လာတဲ့အခါ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ကလဲ နင့်ကို မေးလာမှာပဲ။ နင်လဲ နင့်ရဲ့ စိတ်ကို ပြောပြလိုက်ပေါ့။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့က နင့်ကို အမြဲတမ်း ချစ်မြတ်နိုးလာခဲ့ကြတာ ဘယ်တော့မှ တားဆီးမှာ မဟုတ်ပါဘူး”
ဖန်းမိသားစုသည် မမှားယွင်းသော်ငြားလည်း လုမိသားစုသည် သာ့ဝေတိုင်းပြည်၏ ထင်ပေါ်ကျော်ကြားသူဖြစ်ပြီး ရှင်းယန်အိမ်တော်လဲ ဖြစ်လေသည်။
လုဖေးသည် မွေးစားသားတစ်ယောက်သာ ဖြစ်သော်ငြားလည်း သူသည် ရဲစွမ်းသတ္တိရှိကာ တိုက်ရည်ခိုက်ရည် ကောင်းမွန်လှသည်။ အနာဂတ်တွင် ရှင်းယန်စစ်တပ်သည် သေချာပေါက် သူ့လက်ထဲသို့ လွှဲအပ်ပေးပေရလိမ့်မည်။ ကျင့်ရှီ အသစ်တစ်ဦးထက်တော့ ပိုပြီး ကောင်းမွန်သည် မဟုတ်ပါလား။
လုမင်ယွိက စကားနည်းနည်းပါးပါး ပြောလိုက်သည်တွင် ရှန်းလန်၏ နှလုံးသားသည်လဲ ရုတ်တရက် လင်းလက်သွားပြီး လုမင်ယွိကို ပြုံးပြလိုက်တော့၏။ “နင် ပြောတာ မှန်တယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ တစ်သက်တာ အရေးကိစ္စအတွက်တော့ တိုက်ခိုက်ရမှာပဲ”
လုမင်ယွိက သူမ၏ လက်ကို ဆန့်တန်းလိုက်ကာ ရှန်းလန်အတွက် မျက်ရည်များကို သုတ်ပေးလိုက်၏။ “အခုလောလောဆယ်တော့ ဒီအကြောင်း မစဉ်းစားသေးနဲ့။ ဒီနေ့က နင်နဲ့ နင့်မိဘတွေအတွက် နေ့ကောင်းရက်သာ တစ်ခုလေ။ ခဏနေကျရင် နာမည်ကြီး သခင်မလေးတွေ တစ်အုပ်လုံး အခမ်းအနားကို လာပြီးတော့ ကြည့်ကြလိမ့်မယ်။ ဒီလို ပျော်ရွှင်စရာ ကောင်းတဲ့နေ့လေးမှာ မျက်မှောင်ကြုတ်မထားနဲ့”
ရှန်းလန်သည် သူမ၏ နှုတ်ခမ်းလေးကို ကိုက်ကာ ပြုံးလိုက်တော့၏။
ဒေါက် ဒေါက်!
အစေခံမလေးတစ်ယောက်သည် တံခါးလာခေါက်ပြီး အသံအကျယ်ကြီး အစီရင်ခံလိုက်၏။ “သခင်မလေးကို သတင်းပို့ပါတယ်။ ချောင်သခင်မလေး ရောက်လာပါတယ်”
ရှန်းလန်သည် သူမ၏ ရုပ်ရည်သွင်ပြင်လေးကို မြန်မြန်ပြင်ဆင်လိုက်ပြီး ဣန္ဒြေသိက္ခာရှိသည့်ဟန် အကြိမ်ကြိမ်အခါခါ သေသေချာချာလေး ပြင်ဆင်လိုက်ပြီးနောက် ပါးစပ်ကို ဖွင့်ဟကာ ပြောလိုက်တော့သည်။ “သခင်မလေးချောင် ကျေးဇူးပြုပြီးတော့ ဝင်လာပါ”
...
ခဏအကြာတွင် ချောင်ဝမ်သည် ကျက်သရေရှိစွာ ရောက်လာလေတော့သည်။
စစ်သူကြီးများသည် အုပ်စုများ ခွဲခြားထားပြီး တစ်ယောက်နှင့် တစ်ယောက် တရင်းတနှီး ဆက်ဆံခြင်း မရှိကြပေ။ အရပ်ဖက် အရာရှိများကတော့ နောက်ကွယ်တွင် တိုးတိုးတိတ်တိတ် တိုက်ခိုက်ကြသော်ငြားလည်း အပေါ်ယံတွင်တော့ သူတို့သည် ညီညွတ်နေသကဲ့သို့ ရှိလေသည်။ ရှန်းလူကြီးမင်း၏ ချစ်လှစွာသော သမီး ဆံထိုးတင်ပွဲ ဖြစ်သဖြင့် ချောင်မိသားစုက မိန်းကလေးကလဲ စောစောရောက်လာခဲ့၏။
လုမင်ယွိနှင့် ချောင်ဝမ်တို့သည် သိပ်ပြီး မရင်းနှီးလှသော်ငြားလည်း အကြိမ်အနည်းငယ်တော့ အပြန်အလှန် တွေ့ခဲ့ဖူးကြသည်။
ချောင်ဝမ်က ပြုံးကာ နှုတ်ဆက်လာခဲ့၏။ “ငါက အစောကြီး ရောက်လာပြီလို့ ထင်ထားတာ။ နင်က ငါ့ထက် ပိုပြီး စောရောက်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိဘူး”
လုမင်ယွိကလဲ ပြုံးကာ ပြန်ဖြေလိုက်၏။ “ငါက ဒီနေ့ အပျိုရံလေး တစ်ယောက်ဆိုတော့ စောစောလာသင့်တာပေါ့”
နှုတ်ဆက်ပြီးသွားသည့်နောက်တွင် ချောင်ဝမ်သည် ဂုဏ်ပြုလက်ဆောင်လေးတစ်ခုကို ကိုယ်တိုင် လှမ်းပေးလာပြီး အကောင်းစား နန်းတွင်း ပိုးထည် ၂ လိပ်ကို လက်ဆောင်ပေးခဲ့၏။ ဤနန်းသုံး ပိုးထည်သည် နူးညံ့ကာ ချောမွေ့ပြီး အရောင်ကလဲ ကျက်သရေရှိလှ၏။ ဈေးနှုန်းကလဲ မြင့်မားပေလိမ့်မည်။ အဓိက အချက်မှာ ငွေရှိလျှင်ပင် မဝယ်နိုင်ခြင်းပင်။
ဟုတ်ပါသည်။ ရှန်းလန်ကလဲ ကုန်ပစ္စည်း အရည်အသွေးအကြောင်းကို သိထားပြီး မြန်မြန် ပြုံးကာ ကျေးဇူးတင်စကား ပြောလိုက်တော့၏။
ချောင်ဝမ်ကတော့ ဣန္ဒြေရရလေး ပြုံးပြလာသည်။ “ဒီ နန်းတွင်း ပိုးထည် ၂ မျိုးကို မိဖုရားခေါင်က ငါ့ကို ချီးမြှင့်ပေးခဲ့တာလေ”
လုမင်ယွိက ချောင်ဝမ်ကို ကြည့်လိုက်၏။ အဘိုးဖြစ်သူက ဒီမင်းဆက်ရဲ့ ပထမအမတ်ချုပ်၊ အဒေါ်ဖြစ်သူက မိဖုရားခေါင်၊ ဝမ်းကွဲကလဲ သားတော်အရင်း မင်းသား။ ဒီလောက် အထင်ကရ နောက်ခံမိသားစု ရှိနေမှတော့ ချောင်ဝမ်က မာနကြီးပြီး ဂုဏ်ယူနေတာကလဲ ရှောင်လွဲလို့ ရတာ မဟုတ်ဘူးပေါ့လေ။
ချောင်ဝမ်က ဒုတိယမင်းသားကို တိတ်တိတ်လေး စိတ်ဝင်စားလာခဲ့တာ။ သူက ဒုတိယမင်းသားရဲ့ ကြင်ရာတော် ဖြစ်လာမှာပဲလို့လဲ အပြည့်အဝ ယုံကြည်ထားခဲ့တာ။ မျှော်လင့်မထားဘဲ အရှင်မင်းကြီးရဲ့ မင်္ဂလာပွဲအပ်နှင်းတဲ့ အမိန့်တော်က ချောင်မိသားစုကို ရောက်မလာဘဲ ကွမ်းပင်းဟိုအိမ်တော်ကို ရောက်သွားခဲ့တယ်လေ။
ချောင်ဝမ်ခမျာ အရမ်းကို ဝမ်းနည်းသွားပြီး နေမကောင်းဖြစ်သွားတော့တာပဲ။ သိပ်မကြာခင်မှာပဲ မိသားစုကလဲ သူ့အတွက် နောက်ထပ်မင်္ဂလာပွဲတစ်ခုကို ရွေးချယ်ပေးခဲ့တယ်။ မင်္ဂလာဆောင်ပြီး ၂ နှစ်တောင်မပြည့်သေးခင်မှာဘဲ ချောင်ဝမ်လဲ အသည်းအသန်ဖျားနာပြီးတော့ ဆုံးပါးသွားခဲ့တယ်။
အချစ်ဆိုတဲ့ စကားလုံးက တကယ့်ကို အန္တရာယ်ကြီးတာပဲ။
လုမင်ယွိသည် ချောင်ဝမ်အပေါ်တွင် မကောင်းသည့် သဘောထားတော့ မရှိချေ။ သို့သော်ငြား သူမအတွက် စိတ်ထဲတွင်တော့ ဝမ်းနည်းရလေသည်။
ချောင်ဝမ်က သူမ၏ ခေါင်းကိုလှည့်လိုက်သည်တွင် သူမကိုကြည့်နေသည့် လုမင်ယွိကို တွေ့လိုက်ရသောအခါ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ “စတုတ္ထသခင်မလေးလုက ဘာဖြစ်လို့ ငါ့ကို ဆက်တိုက်ကြည့်နေတာလဲ”
လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြုံးကာ ပြန်ဖြေလိုက်၏။ “တတိယသခင်မလေးချောင်က အရမ်းလှတယ်လို့ စဉ်းစားမိလို့ပါ။ နောက်ဆိုရင် ဒီလောက်လှတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ဖို့ ဘယ်သူက ကံကောင်းမလဲ မသိဘူးနော်”
ချောင်ဝမ်သည် ထိုရယ်စရာစကားတွင် ရှက်ရွံ့သွားကာ စဉ်းစားမနေဘဲ ပြောလိုက်တော့သည်။ “လုသခင်မလေးက လက်ထပ်ရမဲ့ အရွယ်ရောက်နေပါပြီ။ ပြောလို့မရဘူးနော်။ လက်ထပ်ပွဲအပ်နှင်းမဲ့ တော်ဝင်အမိန့်တော် သိပ်မကြာခင် ရောက်လာလောက်တယ်”
...
ဤအကြောင်းအရာကတော့ လုံးဝရယ်စရာ မကောင်းချေ။
လုမင်ယွိကလဲ ရယ်ရယ်မောမောဖြင့် စကားလမ်းကြောင်း ချက်ချင်းပြောင်းလိုက်တော့သည်။
သိပ်မကြာခင်မှာပင် ကျင်းချန်အာ၊ မုန့်ယွင်လော်၊ ကျောက်ယွီနှင့် တခြားသူများလဲ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။
လူအများရှိသည့်နေရာတွင် မြစ်ချောင်းများလဲ ရှိပေလိမ့်မည်။
အမျိုးသမီးများ စုစည်းလာချိန်တွင်တော့ သူတို့သည် မယှဉ်ပြိုင်ဘဲ အဘယ်မှာ ရှိပါမည်နည်း။
ကျင်းချန်အာက လုမင်ယွိကို လှမ်းကြည့်လာခဲ့သည်။
လုမင်ယွိသည် ပုံမှန်အားဖြင့် ရိုးရိုင်းရှင်းရှင်း အဝတ်အစားကိုသာ ဝတ်ဆင်တတ်ပြီး အများအားဖြင့် စစ်ဝတ်စုံပုံစံကိုသာ ဝတ်ဆင်တတ်သည်။ ဒီနေ့တွင်တော့ သူမ၏ ပံ့ပိုးမှုကို ပြသဖို့ရန် နွေဦးအဝတ်အစားလေးများကို တမင်တကာ ဝတ်ဆင်လာခဲ့သည်။ သူမ၏ ရှည်လျားလှသည့် ဆံနွယ်များကို တစ်ဝက်စည်းတင်ထားကာ သူမ၏ ဆံပင်တွင်လဲ ပုလဲဆံထိုးလေးတစ်ခုကို ဆင်မြန်းထား၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျင်းချန်အာသည်လဲ ယနေ့ ပုလဲဆံထိုးလေးတစ်ခု ဆင်မြန်းထားခဲ့သည်။ ထို့အပြင် ထိုပုလဲဆံထိုးလေးထဲတွင် ကြီးမားလုံးဝန်းသည့် ပုလဲကြီးများကို ထည့်သွင်းထားပြီး ပါးပြင်လေးကို လင်းလက်ကာ မျက်လုံးများကိုလဲ တဖျပ်ဖျပ်လက်နေစေသည်။
ကျင်းချန်အာက သူမ၏ ထို ကြီးမားလှသည့် ပုလဲဆံထိုးလေးကို တမင်တကာ လှမ်းကိုင်လိုက်ကာ ချွဲနွဲ့စွာဖြင့် ပြောလာခဲ့၏။ “ဒီပုလဲဆံထိုးကို ကြည့်ပါအုံး။ ငါ့အဖေ သီးသန့်ငှားပေးထားတဲ့ အကောင်းဆုံး လက်မှုပညာရှင်က လုပ်ပေးထားတာလေ။ လက်ရာကလဲ အရမ်းအနုစိတ်တယ်။ နင်တို့တွေ အပြင်ဖက်မှာ ဒါကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
လူအုပ်ကြီးသည် စိတ်ထဲတွင်တော့ ဆူပူသွားပြီး ဝတ်ကျေတန်းကျေ ချီးကျုးစကား ပြောလိုက်လေသည်။
လုမင်ယွိကတော့ အေးဆေးစွာ ပြုံးလိုက်ကာ “စက်မှုဝန်ကြီးဌာနထဲမှာ အရည်အသွေးပြည့်ဝတဲ့ လက်မှုပညာရှင်တွေမှ အများကြီးပဲ။ လူကြီးမင်းကျင်းက လက်မှုပညာရှင် တစ်ယောက်၊ နှစ်ယောက်လောက် ခေါ်ယူတာကတော့ သူ့အတွက် လွယ်လွယ်လေးပဲလေ။ ပုလဲဆံထိုးတစ်ချောင်း မပြောနဲ့ နောက်ကွယ်မှာ ဥယျာဉ်လေးတစ်ခု တည်ဆောက်တယ်ဆိုရင်တောင် ဘာမှ မဖြစ်ဘူး”
ကျင်းချန်အာ “...“
ကျင်းဝန်ကြီးသည် ကျင်းမိသားစုအတွက် ဥယျာဉ်များကို တည်ဆောက်ရန် လက်မှုပညာရှင်များကို တိုးတိုးတိတ်တိတ် ခေါ်ယူထားသည်မှာလဲ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ သို့သော်ငြား ဤကိစ္စကို လူရှေ့တွင် ထုတ်ပြောခံလိုက်ရခြင်းသည် သိပ်ပြီးမျက်နှာပြောင်မတိုက်တတ်သည့် ကျင်းချန်အာအတွက်တော့ ခံနိုင်ရည် မရှိလှချေ။
အခြေအနေ ရုန်းရင်းဆန်ခတ်ဖြစ်သွားမှာကို စိုးရိမ်နေသည့် မုန့်ယွင်လော်က သူမ၏ ပါးစပ်ကို တမင်တကာ ကွယ်ထားကာ ပြုံးလိုက်တော့၏။ “စတုတ္ထသခင်မလေးလု နင် ပြောတဲ့ စကားက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မဟုတ်မှလွဲရော ကျင်းဝန်ကြီးက တကယ်ပဲ ဒီလိုအရာမျိုး လုပ်နေတာလား”
လုမင်ယွိက အပြုံးတစ်ဝက်ဖြင့် သူမကို လှမ်းကြည့်လိုက်ကာ “ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ စနောက်လိုက်တာပါ။ ကွမ်းပင်းနယ်စားက အိမ်တော်ထဲကို ချောမောတဲ့ အစေခံတွေ မကြာခဏဝယ်ယူတယ်ဆိုတဲ့ အကြောင်းကိုတောင် အပြင်မှာ ကြားနိုင်သေးတာပဲလေ။ ဒီတော့ ဒီစကားကို သိပ်ပြီးစိတ်ထဲမထားပါနဲ့”
မုန့်ယွင်လော် “...“
...