← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

အပိုင်း (၄၁)

ကွမ်းပင်းနယ်စားသည် အလှအပကို နှစ်သက်လေသည်။ သူ၏ အနောက်ဘက် ခြံဝင်းထဲတွင် မိန်းမလှလေးများ ရှိသည့်အပြင် သူ၏စာကြည့်ဆောင်ထဲတွင်လည်း ချောမောလှပသည့် လုလင်ပျိုလေးများစွာ ရှိလေ၏။ ဤသည်မှာ လူတိုင်းသိသော်ငြား ဖွင့်မပြောသည့် လျှို့ဝှက်ချက်တစ်ခုပင်။

လုမင်ယွိက တစ်ခွန်းတည်း ဖွင့်ချလိုက်သောအခါ မုန့်ယွင်လော်၏ နှစ်လိုဖွယ်မျက်နှာလေးသည် ရုတ်တရက် နီမြန်းသွားခဲ့ပြီး သူမ၏အပြုံးကိုပင် မထိန်းနိုင်တော့ပေ။

သူမက အလွန်ရှက်ရွံခဲ့ရပြီး ဒေါသထွက်ခဲ့ရသည့် ကျင်းချန်အာသည်လည်း သူငယ်ချင်းဖြစ်သူက အရှက်ရသွားသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ ပျော်ရွှင်မှုကို ခံစားလိုက်ရလေသည်။

ဤအဖြစ်က "ကိုယ်ခံစားရသည်ထက် သူခံစားရတာ ပိုကောင်းသည်" ဟူသည့် ပျော်ရွှင်မှုမျိုး ဖြစ်နိုင်သည်။

လုမင်ယွိကလည်း ဘယ်အချိန်မှာ ရပ်တန့်ရမည်ကိုသိ၏။ ဒီနေ့သည် ရှန်းလန်၏ ဆံထိုးတင်ပွဲဖြစ်ကာ နေ့ကောင်းရက်မြက်လေး ဖြစ်နေသဖြင့် ရှန်းကျဲကို စိတ်အနှောင့်အယှက် မပေးလိုချေ။

သို့သော်ငြား သူမကသာ သူမ၏ ကြီးမားလှသည့် အစွမ်းကိုထုတ်မပြခဲ့လျှင် ဤမျိုးရိုးမြင့် သခင်မလေးများသည် သူမကို လှုံဆော်နေခြင်းအား မည်သို့ ရပ်တန့်ပါမည်နည်း။ ကိုယ့်ဟာကို နည်းနည်းပါးပါးလေး စဉ်းစားလိုက်ပြီး နင်တို့ပါးစပ်တွေကို ပိတ်ထားလိုက်ကြ !

ထို့ကြောင့် နောက်ပိုင်း စောင့်ဆိုင်းနေရသည့် အချိန်လေးကတော့ ထူးထူးခြားခြား သဟဇာတ ဖြစ်လို့နေ၏။

သိပ်မကြာမီတွင် အခမ်းအနား စတင်ပြီးအချိန် ရောက်ရှိလာခဲ့သည်။

မျိုးရိုးမြင့် သခင်မလေးများ အားလုံးသည် ရှန်းလန်ကို ဝန်းရံထားကြပြီး ပင်မဆောင်သို့ ထွက်လာခဲ့ကြ၏။

ဆံထိုးကိုင်ပေးသည့် အပျိုရံလေးအနေဖြင့် လုမင်ယွိသည် ဒီနေ့တွင်တော့ ရှန်းလန်၏ ဘေးတွင် တချိန်လုံး ရှိနေရပေမည်။

အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်သည်များက ခန်းနားပြီး စည်ကားသိုက်မြိုက်လှသည့် ဆံထိုးတင်ပွဲအခမ်းအနားကို လာရောက်ကြည့်ရှုရုံသာမက ရှင်းယန်ဝမ်အိမ်တော်က စတုတ္ထသခင်မလေးလု၏ ကျက်သရေကိုလည်း အမှန်တကယ် မြင်တွေ့ရပေမည်။

"စတုတ္ထသခင်မလေးလုက သူရဲကောင်းဆန်ပြီး ရုပ်ရည်ချောမော လွန်းတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ဒီနေ့ သူ့ကို တွေ့လည်းရတော့မှပဲ သူက ပြောနေကြတာတွေထက် အများကြီးပိုပြီးလှတာပဲ"

"မဟုတ်လို့လား။ နာမည်ကြီးအိမ်တော်တွေက သခင်မလေးတွေ အများကြီးလည်း ရောက်လာကြတယ်။ အရောင်အသွေးစုံလင်လှတဲ့ မိန်းမလှလေးတွေလည်း အများကြီးပဲ။ သူတို့ကို တစ်ချက်လောက် ကြည့်လိုက်ရင် မျက်လုံးထဲ ပထမဦးဆုံး ဝင်လာတဲ့သူကတော့ စတုတ္ထသခင်မလေးလုပဲ။ ဒီလိုအရှိန်အဝါ ထူးချွန်မှုမျိုးနဲ့ဆိုရင် ဘေအိမ်က သားကောင်းက ကံကောင်းပြီး သူတို့အိမ်ကို ချွေးမအဖြစ် ခေါ်ဆောင်သွားနိုင်မလဲ မသိဘူး"

"အဲဒီကိစ္စကိုတော့ မစဉ်းစားလေနဲ့။ ဒီလောက် ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်အတွက် နန်းတော်ထဲက သခင်မတွေက သူ့ကို အစောကြီးကတည်းက မျက်စိကျနေပြီး လောက်ပြီ။ အရှင်မင်းကြီးရဲ့ လက်ထပ်ထိမ်းမြား ပေးတဲ့အမိန့်တော်လည်း သိပ်မကြာခင် လုအိမ်ကို ရောက်လာတော့မှာ။ ဘယ်တခြားသူအိမ်ကသားရဲ့ အလှည့်ရောက်လာမှာလဲ"

အထင်ကရ မှူးမတ်အရာရှိများ၊ ကုန်းကုန်းများနှင့် သူတို့၏ဇနီးသည်များ အဖွဲ့ကလည်း စုဝေးကာ လေသံတိုးတိုးဖြင့် ပြောဆိုနေကြလေသည်။ လုမင်ယွိအကြောင်း ပြောလိုက်ကြပြီးနောက်တွင် တခြားထူးချွန်သည့် အမျိုးသမီးငယ်လေးများ အကြောင်းကိုလည်း ဝေဖန်သုံးသပ်ခဲ့ကြ၏။

အမျိုးမျိုးသော ကောလဟာလများကိုတော့ ချဲ့ကားပြီးပြောရန် မလိုခဲ့ချေ။

လုဖေးသည် ထောင့်နားတွင်ရပ်နေပြီး သူ့မျက်လုံးများကတော့ အဝေးတွင်ရှိနေသည့် ရှန်းလန်၏ မျက်နှာပေါ်သို့ ကျရောက်လို့နေသည်။

ရှန်းလန်သည် ဒီနေ့၏အဓိက ဇာတ်ကောင်လေးဖြစ်သည်။ သူမသည်မျက်မှောင်ကြုတ် ထားခြင်းမရှိဘဲ အိန္ဒြေသိက္ခာအပြည့် တည်ကြည်ခန့်ညားသည့် အပြုံးလေးတစ်ခုကို အမြဲတမ်း ဆောင်ထားလေသည်။ လုဖေး၏ပုံရိပ်ကို ရှာဖွေဖို့ရန် အတွက်တော့ ပိုလို့ပင် မဖြစ်နိုင်သေးချေ။

သို့သော်ငြား လုဖေးက ထောင့်တစ်နေရာတွင် သူမကို တိတ်တဆိတ် ငေးကြည့်နေမှာ သေချာသည်ကိုတော့ သိနေသည်။

သူမ၏ရင်ထဲတွင် ရုတ်တရက် မကြုံစဖူး သတ္တိများ ပေါ်ထွက်လာ လေတော့သည်။

ရှောင်ယွိ ပြောတာ မှန်တယ်။

သူမရဲ့စိတ်ဆန္ဒကို မိဘတွေဆီကို ဖွင့်ပြောရမယ်။ ကိုယ့်အတွက်ကိုယ် တစ်ကြိမ်လောက် ကြိုးစားကြည့်ရမယ်။

...

ဆံထိုးတင်ပွဲ အခမ်းအနား ပြီးဆုံးသွားသောအခါ အားလုံးကလည်း ရှန်းအိမ်တော်တွင် စားသောက်ပွဲ၌ စားသောက်ခဲ့ကြပြီးနောက် အားလုံးက နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။

လုမင်ယွိနှင့် လုဖေးတို့ကတော့ ညနေစောင်းအထိ နေခဲ့ကြ၏။

မပြန်ခင်တွင် ရှန်းသခင်မကြီးက လုမင်ယွိ၏ လက်ကို အမျက်တနိုး လှမ်းဆွဲကာ သူမကို အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်စကား ဆိုလေသည်။ "ရှောင်ယွိ ဒီနေ့ ပင်ပန်းသွားပြီ"

လုမင်ယွိကလည်း တောက်ပစွာ ပြုံးပြလိုက်ကာ "ရှန်းကျဲနဲ့ ကျွန်မတို့တွေက ညီအစ်မရင်း တွေလို့ပဲလေ။ ဒီနေ့ ရှန်းကျဲက ဆံထိုးတင်ပွဲ အခမ်းအနား ပြုလုပ်တာ ဆံထိုးကိုင်ပေးရတဲ့ သူတစ်ယောက် လုပ်ရတဲ့အတွက် ကျွန်မလည်း အရမ်းဝမ်းသာရပါတယ်။ လုံးဝ မပင်ပန်းပါဘူး"

ရှန်းသခင်မကြီးက လုဖေးကိုလည်း တဖန် ကျေးဇူးတင်စကား ပြောလိုက်၏။

လုဖေးသည် စကားပြောကောင်းသူ မဟုတ်ချေ။ သို့သော်ငြား သူသည် လောကဝတ်လည်း ပြုလုပ်လို၏။ သို့တိုင် ဘာပြောရမည်မသိ ဖြစ်နေတော့သည်။ ခဏလောက် အောင့်အီးထားပြီးမှ သူသည် ပြောလာတော့၏။ "နောက်ပိုင်း ရှန်းမိသားစုက တစ်ခုခုရှိလာတယ်ဆိုရင် ကျွန်တော့်ကို စာပို့လိုက်ပါ။ ကျွန်တော်တပ်ကို ခေါ်ပြီးတော့ ချက်ချင်းလာခဲ့ပါ့မယ်"

ရှန်းသခင်မ "..."

ရှန်းအိမ်တော်မှာ ဘာကိစ္စရှိနိုင်လို့ ရှင်းယန်ဝမ်ရဲ့ မွေးစားသားက တပ်ကိုခေါ်ပြီးတော့ လာရမှာလဲ။

လုမင်ယွိကတော့ သူမ၏နဖူးကို ကိုင်ကာ သတ်ပြင်းချချင်စိတ် ဖြစ်သွားတော့သည်။

အာ့ကောရယ် အရင်ဘဝက လူပျိုကြီး ဖြစ်ခဲ့ရတဲ့ အတွက်လည်း တခြားသူအပေါ်အပြစ်မတင်ပါနဲ့။

ရှန်းသခင်မကြီးကလည်း ကိုယ့်ဟာကိုယ် အလွန်ချုပ်တီး ထားတတ်သူဖြစ်ရာ မြန်မြန်ပြုံးပြ လိုက်တော့သည်။ "ဒုတိယသခင်လေးလုရဲ့ စေတနာကို ကျွန်မတို့ ရှန်းအိမ်တော်က အရမ်းကျေးဇူးတင်ပါတယ်"

ဒါပေမဲ့ ဒီလိုအခွင့်အရေးမျိုး ရှိမလာတာက ပိုကောင်းလိမ့်မယ်။

လုဖေးသည်လည်း ထိုအခါမှသာ မိမိစကားမှားသွားကြောင်း သတိပြုမိလိုက်ပြီး လန့်ဖြန့်သွားကာ သူ့မျက်နှာသည်လည်း ရုတ်တရက် နီရဲသွားလေတော့သည်။ ကံအားလျော်စွာ သူ့အသားအရေကလည်း ညိုနေသဖြင့် သူ၏ရှက်ရွံ့မှုက သိပ်ပြီး မသိသာလိုက်ပေ။

လုမင်ယွိမှာ လုဖေးက တစ်ခုခု စကားအမှား ထပ်ပြောမိမှာ စိုးရိမ်သဖြင့် မြန်မြန်ပြုံးကာ နှုတ်ဆက်စကား ပြောလိုက်ရတော့သည်။

လုဖေးသည်လည်း မြင်းစီးဖို့ရန် စိတ်မပါတော့ဘဲ လှည်းထဲတွင် အတူတူလိုက်ပါလာကာ သူ့မျက်နှာကလည်း တော်တော်လေး စိတ်ပျက်အားငယ်နေ၏။ "စစ်မေ့ ငါ အရမ်းတုံးတာပဲ။ စကားတောင် ကောင်းကောင်း မပြောတတ်တော့ဘူး။ သခင်မရှန်းက ငါ့ကို တုံးအတယ်လို့ သေချာပေါက် ထင်သွားတော့မှာပဲ"

လုမင်ယွိကလည်း အားမနာနေချေ။ "ပါးစပ်ကတော့ တော်တော်လေး တုံးအပါတယ်။ ရှန်းလူကြီးမင်းက အရပ်ဘက် အရာရှိတစ်ယောက်။ တကယ်ကို နာမည်ကြီးတဲ့ စာတတ်ပေတတ် မိသားစုတစ်ခုက ပညာရှင်တစ်ယောက်။ သူ့မိသားစုကလည်း ဖြောင့်မတ်တယ်။ ဘာကိစ္စ ရှိနိုင်မှာမလို့ နင့်ကိုစစ်တပ်ကို ခေါ်လာခိုင်းရမှာလဲ။ ဒီစကားကလေ မြောက်ပင့်တာ လုံးဝမဟုတ်ဘဲ ကျိန်စာတစ်ခုနဲ့တောင် တူနေသေးတယ်။ ရှန်းမိသားစုက ဒီလိုမတော်တဆ ဖြစ်ရအောင် ပုံမှန်မလို့လား !"

လုဖေး၏ ချောမောလှသည့် မျက်နှာမှာ ကြိုးထုံးတစ်ခုလို တွန့်ရှုပ်သွားလေတော့သည်။

လုမင်ယွိက သူမ၏ပြုံးချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး လေသံကို တိုးညှင်းထားလိုက်၏။ "နင့်ကိုသိပ်ပြီး စိတ်ကူးယဉ်စရာ မကောင်းတဲ့ ကိစ္စတစ်ခု ပြောပြရဦးမယ်။ ဖန်းမိသားစုက လက်ဆက်ပေးဖို့ ရည်ရွယ်ချက် ရှိတယ်တဲ့။ သူတို့တွေက ရှန်းမိသားစုကိုလည်း အကြိမ်ပေါင်းများစွာ စာရေးထားပြီးပြီတဲ့။ ရှန်းလူကြီးမင်းနဲ့ ရှန်းသခင်မကြီးတို့ကလည်း သူတို့ရဲ့ဒုတိယသားကို တော်တော်လေး သဘောကျတယ်တဲ့"

လုဖေးသည် အထိတ်တလန့် ဖြစ်သွားပြီး လှည်းထဲတွင် ထိုင်နေသည်ကို မေ့လျော့သွားကာ ရုတ်တရက် ထရပ်လိုက်လေသည် ...

ဒုတ်ခနဲ ခပ်အုပ်အုပ် အသံတစ်ချက် ထွက်လာပြီး အားယိုးဟူသည့် နာကျင်စွာ အော်ဟစ်သံကလည်း နောက်ကလိုက်ပါလာခဲ့သည်။

လုဖေး၏ခေါင်းမှာ လှည်းအမိုးကို သွားတိုက်မိခြင်းပင်။

လုမင်ယွိကတော့ ရယ်စရာကောင်းသလို သနားလည်း သနားမိတော့၏။ "ဒါက မြင်းလှည်းထဲမှာလေ။ ဘာဖြစ်လို့ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ မြန်မြန်ထိုင်ပြီး စကားပြော"

လု‌ဖေးက သွားများဖြဲကာ သူ့ခေါင်းကိုပွတ်သပ်ရင်း ပြန်ထိုင်ချ လိုက်လေသည်။

လုမင်ယွိက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "စိတ်မပူပါနဲ့။ ဖန်းမိသားစုက တရားဝင် လက်ထပ်ပွဲကို အဆိုပြုရသေးတာ မဟုတ်ဘူး။ ရှန်းမိသားစုကလည်း သဘောမတူရသေးဘူး။ အခွင့်အရေး တစ်ခုတော့ ရှိသေးတယ်။ နောက်ပြီးတော့ ငါ ဒီနေ့ ရှန်ကျဲကိုလည်း မေးခဲ့သေးတယ်။ သူက ဖန်းမိသားစုရဲ့ ဘယ်ဒုတိယသားကိုမှ လက်မထပ်ချင်ဘူးတဲ့။ သူ့သဘောကျတဲ့ သူကလည်း နင်ပဲတဲ့"

လုဖေးသည် အလွန်ပျော်သွားကာ သူ့မျက်လုံးများကလည်း လင်းလက်စွာ တောက်ပသွားတော့သည်။

သူသည် စိတ်လည်း မညစ်မိတော့သလို ကိုယ့်ဟာကိုလည်း အပြစ်မတင်တော့ချေ။ သူ့ခေါင်းကလည်း ထပ်ပြီးမနာကျင်တော့ဘဲ အရူးတစ်ယောက်လိုသာ ပြုံးနေလေတော့သည်။

လုမင်ယွိမှာ သူ၏ တဟီးဟီး ရယ်မောနေသည့် ရုပ်သွင်ကို မြင်ရသည်တွင် သဘောကျသွားတော့သည်။ သူမက ပါးစပ်ကိုဖွင့်ကာ သူ့ကိုသတိပေးလိုက်၏။ "ငါ ဒီနေ့ည အဖေနဲ့ဒီကိစ္စကို သွားတိုင်ပင်လိုက်မယ်။ မနက်ဖြန်ကျရင် မင်္ဂလာကိစ္စအဆိုပြုဖို့ သွားကြတာပေါ့"

လုဖေးကတော့ ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြလိုက်၏။

...

ရှန်းအိမ်တော်။

ရှန်းသခင်မကြီးသည် တစ်နေ့လုံးအလုပ်များနေခဲ့ပြီး တော်တော်လေး ပင်ပန်းနွမ်းနယ် နေပြီဖြစ်၏။

ရှန်းလူကြီးမင်းနှင့် ရှန်းသခင်မကြီးတို့သည် နှစ်ယောက်ထဲရှိသည့် အချိန်တွင်တော့ အလွန်ချစ်ခင် ကြင်နာကြလေသည်။ သူက လက်ကို ဆန့်လိုက်ကာ ရှမ်းသခင်မကြီး၏ နဖူးကို ပွတ်သပ်ပေးလိုက်ရင်း စိတ်အားထက်သန်စွာဖြင့် မေးလာခဲ့သည်။ "လက်အားပြင်းသွားလား။ ခေါင်းကိုက်နေသေးလား"

ရှန်းသခင်မကြီးက ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ တဝက်လောက် တိုးဝင်လိုက်ကာ ညင်ညင်သာသာလေး ပြုံးရယ်လိုက်လေသည်။ "သခင်ကြီးက ကျွန်မကို ဒီလောက်တောင် ဂရုစိုက်တာ လုံးဝမနာပါဘူး"

လင်မယားနှစ်ယောက်သည် ချွဲနွဲ့ခြင်းကို ပျော်စရာအဖြစ် မှတ်ယူပြီး တော်တော်လေး ကြည်နူးနေကြလေသည်။

"ငါ့သမီးလေးလည်း အရွယ်ရောက်လာပြီ" လူကြီးမင်းရှန်းသည် သူ၏ချစ်လှစွာသော သမီးလေးအကြောင်းကို ထုတ်ဖော်ပြောလာချိန်တွင် မျက်နှာပေါ်၌ ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုများ အပြည့်ဖြစ်နေတော့သည်။

ရှန်းသခင်မကြီးကလည်း အပြုံးများ အပြည့်ဖြစ်နေကာ "ဟုတ်တယ်။ လန်အာလည်း အရွယ်ရောက်လာပြီ" ခဏတုံ့ဆိုင်းသွားပြီးနောက် သူမက နူးညံ့စွာဖြင့် ပြုံးပြလိုက်ကာ "လန်အာရဲ့မင်္ဂလာပွဲ ကိစ္စကို ရှင်ဘယ်လိုစီစဉ်ထားလဲ"

လူကြီးမင်းရှန်းက ပြုံးကာပြောလာသည်။ “ဖန်းမိသားစုက စာတွေကို တစ်‌စောင်ပြီး တစ်စောင် ပို့လာတာ။ လက်ထပ်စေချင်တဲ့ သူတို့ရဲ့စိတ်ရင်းကိုလည်း အမြဲတမ်း ထုတ်ဖော်ပြခဲ့တယ်။ ဒုတိယသခင်လေး ဖန်းကလည်း ငယ်ရွယ်ပြီးတော့ အရည်အချင်းရှိတယ်။ ဒီတော့ သူက ဒီတစ်နှစ်စာမေးပွဲမှာ သေချာပေါက်အောင်မှာပဲ။ ဒီလိုထူးချွန်တဲ့သမက်မျိုးကို လက်လွှတ်လို့မဖြစ်ဘူး"

ရှန်းသခင်မကတော့ ယခင်ကကဲ့သို့ ထောက်ခံခြင်းမပြုဘဲ ကိုယ်ကို မတ်မတ်ထိုင်လိုက်လေသည်။ "ရှင် လုအိမ်တော်က ဒုတိယသခင်လေးကိုကော ဘယ်လိုမြင်လဲ"

လူကြီးမင်းရှန်းသည် အံ့အားသင့်သွားပြီး ရှန်းသခင်မကို ကြည့်လိုက်ကာ "မင်းက ဘာလို့ ရုတ်တရက် လုဖေးအကြောင်းကို ထုတ်ပြောရတာလဲ"

လူကြီးမင်းရှန်းသည် ရှင်းယန်ဝမ်နှင့် ခင်မင်မှုရှိကာ လုဖေးနှင့်လည်း ရင်းနှီးလေသည်။

ရှန်းသခင်မကြီးက ယခင်က နှုတ်ဆက်ခဲ့သည့် ကိစ္စအကြောင်းကို ပြန်လည်ပြောပြလိုက်၏။ "...ဒုတိယသခင်လေးလုက ကျွန်မတို့ရဲ့လန်အာကို စိတ်ဝင်စားနေတယ်လို့ ရှင် ထင်လား"

လူငယ်လေးကတော့ အဲဒါကို ကောင်းကောင်း ဖုံးကွယ်ထားတယ်လို့ ထင်နေမှာပဲပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်လိုလုပ်ပြီးတော့ တခြားသူတွေဆီကနေ ဖုံးကွယ်လို့ရနိုင်မှာလဲ။

လူကြီးမင်းရှန်းက အချိန်တော်တော်ကြာအောင် တလေးတနက် စဉ်းစားလိုက်ကာ "ဖန်းမိသားစုက စာပေမျိုးရိုး ဒုတိယသခင်လေးဖန်းက ကျင့်ရှီစာမေးပွဲ အောင်ပြီးသွားရင် အရပ်ဘက်အရာရှိ လမ်းကြောင်းကိုလျှောက်မှာ။ လုမိသားစုက စစ်သူကြီးမျိုးရိုး။ မိသားစု အဆင့်အတန်းအရ ဆိုရင်တော့ လုမိသားစုက သေချာပေါက် ပိုကောင်းတာပေါ့"

"ရှင်းယန်ဝမ်က ရိုးသားပြီး ဖြောင့်မတ်တဲ့သူတစ်ယောက်။ သူ့ရဲ့မွေးစားသား လုဖေးကိုလည်း အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာ။ နောက်ဆုံး စတုတ္ထသခင်မလေးလုကလည်း မိန်းကလေးပဲ။ နောက်ပိုင်းကျရင် လက်ထပ်ရမှာပဲ။ ဒီရှင်းယန်စစ်တပ် ခြောက်သောင်းက နောက်ပိုင်း လုဖေးရဲ့လက်ထဲကို ရောက်သွားမှာ။ အနာဂတ်ကို ကြည့်မယ်ဆိုရင် ဖန်းမိသားစုရဲ့ ဒုတိယသခင်လေးက လုဖေးလောက်တော့ မမှီနိုင်ဘူး"

“ဒါပေမဲ့ လောကကြီးက မငြိမ်းချမ်းဘူး။ စစ်သူကြီးတွေက စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်ရတာက ပုံမှန်ပဲ။ မတော်တဆ တစ်ခုခုဖြစ်သွားရင် လန်အာရဲ့ နောင်ရေးကို ဘယ်လိုလုပ်ရမှာလဲ"

...

All Chapters