← Chapters

လုံ့လဝီရိယ

Vol. 3 Ch. 43

လုံ့လဝီရိယ

Vol. 3 Ch. 43

"စစ်ကျဲ ယိဖုနဲ့ အာ့ကောတို့ ဘယ်တော့ပြန်လာမှာလဲ"

နေ့လယ်ခင်း ရောက်နှင့်နေပြီဖြစ်၏။ လုလင်းတို့ သားအဖကတော့ အိမ်ပြန်ရောက်မလာ ကြသေးချေ။ တက်ကြွနေသည့် လုမင်ယွဲ့က ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ဘဲ မကြာခဏဆိုသလို ပတ်ဝန်းကျင်ကိုကြည့်ကာ အ‌စေခံမလေးကို တံခါးနားတွင် သွားစောင့်နေရန် တိုက်တွန်းလေတော့သည်။

လုမင်ဟွားက နှုတ်ခမ်းကို ကွေးညွှတ်ထားကာ ပြုံးရယ်လိုက်ပြီး "ဝူမေ့ စိတ်မပူပါနဲ့။ ဒီအချိန်တောင် ရောက်နေပြီပဲ။ ရှန်းမိသားစုက သူတို့ကို နေ့လယ်စာမကျွေးဘဲ ဘယ်လိုလုပ်ပြီး‌တော့ ပြန်လွတ်လာမှာလဲ"

လက်ထပ်ခွင့်တောင်းရန် သွားရသည့်အချိန်တွင် စောစောပြန်လာပါက အမျိုးသမီးဘက်က လက်ထပ်ဖို့ရန် ဆန္ဒမရှိသည်ဟု ပြောနေခြင်းပင်။ နေ့ခင်းစာ စားဖို့ရန် ဖိတ်ခေါ်ခံရခြင်းက ကောင်းသည့်ကိစ္စ တစ်ခုဖြစ်ပေမည်။

လုမင်ယွိကလည်း ပျော်ရွှင်နေသည့် စိတ်အခြေအနေလေးတစ်ခု ဖြစ်နေပြီး ရယ်မောကာပြောလိုက်၏။ "မစောင့်နဲ့တော့။ နေ့လယ်စာအတွက် မီးဖိုဆောင်ကို ပြင်ခိုင်းလိုက်တော့ !"

နေစောင်းချိန် ရောက်လာသည့်အချိန်မှသာ လုလင်းတို့သားအဖသည် ပြန်ရောက်လာ လေတော့သည်။

လုမင်ယွိက ရှေ့သို့တက်လာပြီး သူမ၏မျက်လုံးများက လုလင်း၏မျက်နှာကို ဝေ့ဝဲကာ ကြည့်လိုက်ပြီးနောက် လူဖေး၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။ လုလင်း၏ ယုံကြည်ချက်ရှိသည့် ပုံစံနှင့်ယှဉ်လျှင် လုဖေး၏ စိုးရိမ်ပူပန်နေသည့်ရုပ်က မျက်နှာပေါ်တွင် အတိုင်းသား ဖြစ်လို့နေတော့သည်။

လုမင်ယွိက ပြုံးကာ ခရီးစဉ်အကြောင်းကို မေးမြန်းလိုက်၏။ "အာ့ကော ဒီနေ့ ရှန်းမိသားစုကို သွားတာဘယ်လိုနေလဲ"

လုဖေးက တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ကာ ပြောလိုက်သည်။ "ယိဖုက ငါ့ကိုခေါ်ပြီးတော့ ရှန်းမိသားစုအိမ် သွားခဲ့တယ်လေ။ လူကြီးမင်းရှန်းက ငါတို့သားအဖအပေါ် တော်တော်လေးကို ယဉ်ကျေးရှာပါတယ်။ သခင်မရှန်းကလည်း ငါတို့ကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ဒါပေမဲ့ သခင်မရှန်းက ကြာကြာတောင် မထိုင်ရသေးဘူး။ လူကြီးမင်းရှန်းက သူ့ကို အတွင်းဘက် ခြံဝင်းထဲကို ပြန်လွတ်လိုက်တယ်လေ"

ဒါတော့ ထူးဆန်းသွားပြီ။

လုမိသားစု သားအဖက လက်ထပ်ခွင့် တောင်းဖို့သွားတာလေ။ လူကြီးမင်းရှန်းက ဘာဖြစ်လို့ ရှန်းသခင်မကို မျက်နှာပြခွင့် မပေးတာလဲ။

လုမင်ယွိမှာ ခဏလောက် နားမလည်နိုင်အောင် ဖြစ်သွားသဖြင့် လုလင်းကို မေးရတော့သည်။ "အဖေ ဒီမင်္ဂလာပွဲက ဖြစ်မြောက်မယ်လို့ ထင်လား"

လုလင်းက မျက်လုံးများကို ပင့်လိုက်ပြီး ယုံကြည်ချက်ရှိစွာဖြင့် ဖြေလာသည်။ "လူကြီးမင်းရှန်းက နေရာမှာတင် အဖြေမပေးခဲ့ပေမယ့် ဒီမင်္ဂလာပွဲက ၁၀၀% ပြီးမြှောက်မယ်လို့ ယုံကြည်မှုရှိတယ်"

လုဖေးသည် ငိုရခက်ရယ်ရခက် ဖြစ်နေတော့သည်။ "ယိဖုက အရာအားလုံးကို ဘာကိုကြည့်ပြီး ဘယ်နေရာမှာ သေချာနေတာလည်း မသိပါဘူး။ ကျွန်တော့်အထင်တော့ လူကြီးမင်းရှန်းနဲ့ ရှန်းသခင်မတို့က ကျွန်တော့်ကို သိပ်သဘောမကျတဲ့ပုံပဲ"

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" လုလင်းက သူ့မွေးစားသား၏ပခုံးကို လှမ်းပုတ်လိုက်ရာ လုဖေးမှာ နေရာမှာတင် လဲကျလုမတတ် ဖြစ်သွားတော့သည်။ "မင်းက ဒီလောက်ထူးချွန်တဲ့ လူငယ်လေးပဲ။ သူတို့သာ မျက်လုံးမကန်း နေဘူးဆိုရင် အလားအလာရှိတဲ့ သမက်လောင်းအနေနဲ့ မင်းကို သေချာပေါက် သဘောကျမှာဘဲ"

လုဖေး "..."

သူသာ သူ့ရဲ့ယိဖုလောက် ယုံကြည်ချက်များရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။

လုမင်ယွိကတော့ တစ်ယောက်တည်း စဉ်းစားလို့နေသည်။ ဒါကလည်း အဖေက ဖန်းမိသားစုထဲက ငယ်ရွယ်ပြီး အရပ်မြင့်မြင့် ချောမောလှပလှတဲ့ ဒုတိယသခင်လေး ရှိနေတယ်ဆိုတာကို မသိသေးလို့ပါ။

အရင်ဘဝမှာတုန်းက သူက နွေဦးစာ‌မေးပွဲ အောင်သွားတာနဲ့ ချက်ချင်း ရှန်းမိသားစုနဲ့ ဖန်းမိသားစုတွေ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ နေ့ရက်ကို ပြန်တွက်ကြည့်မယ်ဆိုရင် ရက်တွေက သိပ်မကျန်တော့ဘူး။ ရှန်းမိသားစု လင်မယားကို ရက်အနည်းငယ်တည်းနဲ့ အထင်ကြီးအောင် လုပ်ဖို့လွယ်မှာ မဟုတ်ဘူး။ သူတို့ကို စိတ်ပြောင်းအောင်လည်း လုပ်ရဦးမယ်ဆိုတော့...

လုမင်ယွိသည် ထိုစကားများကို ထုတ်မပြောလိုက်ချေ။ သူမက အဖေဖြစ်သူ၏ စကားအတိုင်း သံယောင်လိုက်ကာ ပြောလိုက်တော့သည်။ "အဖေ ပြောတာမှန်တယ်။ အာ့ကော နင် ကိုယ့်ဟာကိုယ် ယုံကြည်ချက်ရှိရမယ်။ ပိုဆိုးတာက ရှန်းကျဲအပေါ် ပိုပြီးတော့ ယုံကြည်မှုရှိရမယ်"

သူမက သူ၏ ချစ်ရသူအကြောင်း ထုတ်ပြောလာချိန်တွင် လုဖေး၏အသားညိုညို ချောမောခန့်ညားနေသည့် မျက်နှာမှာ နီရဲသွားလေတော့သည်။

လုမင်ယွိက တိုးတိုးလေး ထပ်ပြောလိုက်၏။ "အာ့ကော ဒီကိုလာဦး။ ငါ နင့်ကို အကြံပေးစရာရှိတယ်။ ဒါက နင့်ရဲ့ဆန္ဒကို သေချာပေါက် ပြည့်အောင်လုပ်ပေးနိုင်တယ်"

လုဖေးသည် ချက်ချင်းဆိုသလို သူ့ခေါင်းကို အနားကပ်လာကာ စကားနည်းနည်းပါးပါး နားထောင်ခဲ့ပြီးနောက်တွင် တဆတ်ဆတ် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့မျက်လုံးများကလည်း လင်းလက်သွားလေတော့သည်။

...

နောက်ရက် အနည်းငယ်အတွင်းတွင် လုဖေးသည် နေ့တိုင်းဆိုသလို ရှန်းအိမ်တော်သို့သွားကာ ‘သတင်းပို့’လေတော့သည်။

တံခါးဝသို့ ရောက်လာသည့်အချိန်၌ သူက လက်ဆောင်များကို ယူသွားပေးတတ်သည်။ စျေးကြီးသည့် ပစ္စည်းများမဟုတ်ဘဲ ဒီအတိုင်း လက်ရာမြောက်သည့် မုန့်အနည်းငယ် သို့မဟုတ် ထူးခြားလှသည့် ဘွန်ဇိုင်းပင်လေးများသာ ဖြစ်လေသည်။

လူကြီးမင်းရှန်းကလည်း ရုံးတော်သို့သွားရသည်။ ရှန်းမိသားစုက သားများကလည်း စာလေ့လာနေရသဖြင့် နေ့တိုင်းသူ့ကို အဖော်လုပ်ပေးရန် အချိန်မရှိချေ။ သခင်မရှန်းနှင့် ရှန်းလန်တို့သားအမိ နှစ်ယောက်ကသာ လုဖေးကို ဧည့်ခံပေးရသည်။

သခင်မရှန်းကလည်း သမီးဖြစ်သူကို မနိုင်သဖြင့် မကြာခဏဆိုသလို မျက်နှာထွက်ပြရတော့သည်။

ကလေးနှစ်ယောက်က ရှက်ရှက်ရွံ့ရွှံ့ အပြန်အလှန် နှုတ်ဆက်ကြပြီး တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်ကို စောင့်ကြည့်ရင်း သခင်မရှန်းမှာ သဘောလည်း ကျမိသလို ကူကယ်ရာမဲ့ရလေသည်။ သိပ်မကြာမီတွင် သူမသည် သမီးဖြစ်သူကို ခြံဝင်းထဲ ပြန်လွှတ်ရလေ၏။

လုဖေးကလည်း အလျင်မလိုချေ။ သူကလည်း နေ့တဝက်လောက် အတွင်းခန်းမထဲတွင် ဒီအတိုင်းသာ ထိုင်နေလိုက်သည်။

သူသည် စကားများသူ မဟုတ်လေရာ သခင်မရှန်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သည့် စကားချိုချိုသာသာလည်း မပြောတတ်ပေ။ သို့သော်ငြား သူ၏မျက်လုံးများ ကြည်လင်နေပြီး သူ့စကားလုံးများက စိတ်ရင်းဖြင့်ရိုးသားကာ သူ့တွင်လူများ၏ စိတ်နှလုံးကို လှုပ်ရှားနိုင်စေသည့် တစ်စုံတစ်ခု ပိုင်ဆိုင်ထားလေသည်။

လူကြီးမင်းရှန်းက အိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ရှန်းသခင်မက သက်ပြင်းချကာ "သခင်ကြီး ဒုတိယသခင်လေးလုက ဒီနေ့လည်း ထပ်ရောက်လာ ပြန်တယ်"

ရှန်းလူကြီးမင်း "..."

ရှန်းလူကြီးမင်းလည်း ခေါင်းကိုက်သွားကာ သူ၏ငယ်ထိပ်ကို ထိကိုင်လိုက်ပြီး "ဒီကောင်စုတ်ကတော့ကွာ !"

ရှန်းသခင်မသည် ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ခင်ပွန်းဖြစ်သူကို မျက်စောင်းဖြင့် လှမ်းကြည့်လိုက်တော့၏။ "လူက ချောပါတယ်။ သူတို့က လက်ထပ်ဖို့လည်း ရိုးသားတယ်။ ဒါကြောင့်လည်း နေ့တိုင်း မျက်နှာလာပြနေရတာပေါ့။ ဘယ်လိုလုပ်ပြီး ကောင်စုတ်ဖြစ်ရမှာလဲ"

လူကြီးမင်းရှန်းသည် ဒီစကားကို ကြားလိုက်သည်နှင့် ချက်ချင်း သခင်မရင်ထဲက ချိန်ခွင်လျှာမှာ လုဖေးဘက်သို့ ယိမ်းယိုင်နေပြီဖြစ်မှန်း သိလိုက်လေသည်။ သူ့မှာ မနေနိုင်တော့ဘဲ နှုတ်ခမ်းကို တွန့်ချိုးမိတော့၏။ "လုဖေးက ချောမောတယ်လို့ မင်းက ထင်တယ်ပေါ့လေ !"

ရှန်းသခင်မက ပြုံးကာ ခင်ပွန်းဖြစ်သူကို လှမ်းကြည့်လိုက်ပြီး "လုဖေးက သေချာပေါက် ချောတာပေါ့။ ဒါပေမဲ့ ရှင်းယန်ဝမ်လောက်တော့ မချောပါဘူး"

လူကြီးမင်းရှန်း "..."

သခင်မရှန်းသည် သဘောကျသွားပြီး လက်ကိုလှမ်းလိုက်ကာ သူ့ခင်ပွန်းမျက်နှာကို ဆွဲလိမ်လိုက်တော့သည်။ "ကျွန်မက ဒီလောက်တောင် အိုနေပါပြီ။ မရှိတော့တဲ့ ရှာလကာရည်ကို သောက်ချင်နေသေးတယ်။ အဲဒီနေ့တုန်းက ကျွန်မက ရှင်းယန်ဝမ်ကို နည်းနည်းလေးပဲ ထပ်ကြည့်ခဲ့တာ မဟုတ်ဘူးလား။ ရှင်ကတော့ ကျွန်မကို အတင်းအကျပ် မောင်းထုတ်ပစ်လိုက်တာပဲ။ ကျွန်မလည်း အတွင်းဆောင်ထဲကို ပြန်သွားခဲ့ရတယ်လေ။ ရယ်ခံရမှာ မကြောက်ဘူးလား ရှင်က"

လူကြီးမင်းရှန်းသည် ဝန်ခံဖို့ရန် မလိုလားချေ။ ဘဲသေတစ်ကောင်ကတော့ ခေါင်းမာပြီးသားပင်။ "အဲလိုကိစ္စမျိုး မရှိပါဘူး။ လျှောက်ပြောမနေနဲ့"

သခင်မရှန်းကလည်း ပြုံးကာသူ့ကို ပြောလိုက်တော့၏။ "လူ့သဘာဝအရ ချောမောတဲ့ ယောက်ျားကို တစ်ခါနှစ်ခါလောက် ကြည့်တာက ပုံမှန်ပါပဲ။ တကယ်လို့ ကျွန်မကသာ အပေါ်ယံအလှပကိုပဲ ဂရုစိုက်နေမယ် ဆိုရင် ဟိုတုန်းက ဘာဖြစ်လို့ ရှင့်ကို လက်ထက်ခဲ့မှာလဲ"

ချောမောလှပတဲ့ လူငယ်လေးတွေ အများကြီး မင်္ဂလာကမ်းလှမ်းဖို့ လာခဲ့တာပဲလေ။ ဒါတောင်မှ သူမက သူ့ကိုရွေးချယ်ခဲ့သေးတာပဲ။

လူကြီးမင်းရှန်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခါးကို မတ်ထားလိုက်ကာ "ငါ ငယ်ငယ်တုန်းကလည်း လူချောလေးတစ်ယောက်ပါပဲ !"

ရှန်းသခင်မက နှာခေါင်းရှုံ့ကာ အသည်းအသန် ရယ်မောလေတော့သည်။

လင်မယားနှစ်ယောက်သည် စကားအနည်းငယ်ဖြင့် စနောက်ကျီစယ်ခြင်းကလည်း ပျော်စရာကိစ္စတစ်ခုပင်။

ရယ်ရယ်မောမော ပြောဆိုပြီးသွားသောအခါ သခင်မရှန်းက ပြောလာ၏။ "သခင်ကြီး လုမိသားစုက လက်ထပ်စေချင်နေတယ်။ လုဖေးကလည်း လူကောင်းတစ်ယောက်ပါ။ ပိုပြီးတော့ အရေးကြီးတာက ကျွန်မတို့လန်အာက ရင်ထဲကနေ သူ့ကို သဘောကျနေတာလေ"

နောက်ဆုံးအချက်ကတော့ အရေးအကြီးဆုံးပင်။

သမီးဖြစ်သူကို ချစ်မြတ်နိုးရသည့် မိဘများအနေဖြင့် သူတို့ထည့်သွင်း စဉ်းစားရမည့် ပထမဦးဆုံးအချက်မှာ သမီးဖြစ်သူ၏ နှလုံးသားရေးရာပင်။ သမီးဖြစ်သူက မလိုလားလျှင် ဖန်းမိသားစုထဲသို့ လက်ထပ်ဖို့ရန် အတင်းတိုက်တွန်းလျှင်လည်း ဘယ်အဓိပ္ပာယ် ရှိပါမည်နည်း။

ရှန်းလူကြီးမင်းသည်လည်း သက်ပြင်းချလေတော့သည်။

သခင်မရှန်းက တိုးတိုးလေး ထပ်ပြောလေသည်။ "ဒီနေ့ ကျွန်မ လုဖေးနဲ့စကား နည်းနည်းပါးပါး ပြောကြည့်သေးတယ်။ သူက ကျွန်မကို ပြောတယ်။ လက်ထပ်ပြီးသွားရင်လည်း ကိုယ်လုပ်တော် ဘယ်တော့မှ တော်ကောက်မှာ မဟုတ်ဘူးတဲ့လေ"

ရှန်းလူကြီးမင်းသည် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားတော့သည်။

ချောချောလှလှ ကိုယ်လုပ်တော်လေးများကို တော်ကောက်ခြင်းကလည်း ပုံမှန်ကိစ္စတစ်ခုပင်။ ဂုဏ်သရေရှိ အရာရှိများနှင့် စစ်သူကြီးများကို မဆိုထားနှင့် ပိုင်ဆိုင်မှုများစွာရှိပြီး ချမ်းသာကြသည့် စီးပွားရေး လုပ်ငန်းရှင်များကပင် သူတို့ကိုခစား ပေးဖို့ရန်အတွက် ငယ်ရွယ်သည့် မိန်းကလေးတချို့ကို ဝယ်ယူထားတတ်ကြသည်။

ဘဝတွင် ချစ်လှစွာသော ဇနီးတစ်ယောက်သာရှိသည့် သူ့လိုလူ မြို့တော်ထဲတွင် မရှိသလောက်ပင်။ လူကြီးမင်းရှန်း၏ သူ့အနာဂတ် သမက်လောင်းအတွက် လိုအပ်ချက်များကလည်း အမှန်ပင် မြင့်မားလွန်းလှသည်။

"ဒီကောင်လေး တော်တော်ကြိုးစား အားထုတ်ထားတာပဲ" လူကြီးမင်းရှန်း၏ လေသံသည် အများကြီး ပျော့ပြောင်းသွားလေတော့၏။

သခင်မရှန်းကလည်း ပျော့ပြောင်းစွာဖြင့် ပြောလိုက်သည်။ "လက်ထပ်ခွင့် တောင်းဆိုတဲ့ကိစ္စမှာ စိတ်ရင်းနဲ့ ပတ်သက်လာရင်တော့ ဒုတိယသခင်လေးဖန်းထက် အများကြီး ပိုသာပါတယ်"

ဒုတိယသခင်လေးဖန်းသည် မြို့တော်သို့ ရောက်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ တံခါးပိတ်ပြီး စာလေ့လာခြင်း မပြုခင်ကလည်း သူသည် ရှန်းအိမ်တော်သို့ တစ်ခါမှ ရောက်မလာခဲ့ချေ။ ဒုတိယသခင်လေးဖန်းက စာမေးပွဲအတွက် ပြင်ဆင်ရန် စိတ်နှစ်ထားသည့် အတွက်ကြောင့်ဟူ၍လည်း နားလည်ပေးနိုင်သည်။ ဖန်းမိသားစု၏ မင်္ဂလာပွဲကိစ္စအတွက် ရည်ရွယ်ချက်ကိုလည်း မြင်သာနိုင်သော်ငြား ဒုတိယဖန်းသခင်လေး ကိုယ်တိုင်က မင်္ဂလာကိစ္စနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှုတော့ မရှိလှချေ။

ယှဉ်ကြည့်လိုက် မည်ဆိုလျှင် လင်မယားနှစ်ယောက်၏ စိတ်နှလုံးသားသည် တစ်ဖက်သို့ အတူတူ ယိမ်းယိုင်သွားကြတော့၏။

ရှန်းလူကြီးမင်းကတော့ တွေဝေနေဆဲပင်။ "လုဖေးက စစ်သူကြီးတစ်ယောက်။ သူက စစ်တပ်ကို ဦးဆောင်ပြီးတော့ သေချာပေါက် စစ်တိုက်ထွက်ရမှာပဲ ..."

ရှန်းသခင်မက ပါးစပ်ကို ဖွင့်ဟလိုက်ကာ လူကြီးမင်းရှန်း၏ စကားကို ဖြတ်ပြောလိုက်လေသည်။ "လန်အာ ပြောတာလည်း မှန်ပါတယ်။ စစ်သူကြီးတွေအတွက် စစ်တိုက်ထွက်ရတာက တော်တော်လေး အန္တရာယ်များတယ်။ ရုံးတော်ထဲမှာ အရာရှိတစ်ယောက် လုပ်ရတာကလည်း စွန့်စားမှုတွေ မရှိတာမှ မဟုတ်ပဲ။ ဒုတိယသခင်လေးဖန်းက အနာဂတ်မှာ ချောမွေ့ပြီး တည်ငြိမ်တဲ့အလုပ်အကိုင် တစ်ခုရလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီးသိမှာလဲ"

ရှန်းလူကြီးမင်းသည် သူ၏ကျိုးတိုးကျဲတဲ ဆံပင်လေးကို ပွတ်သပ်လိုက်ကာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေတော့သည်။ အချိန်တော်တော် ကြာသွားပြီး နောက်တွင်တော့ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တော့၏။ "ဒါဆိုရင်လည်း လုမိသားစုရဲ့ မင်္ဂလာပွဲအဆိုကိစ္စကို သဘောတူလိုက်ကြမယ် !"

“ငါ အခုပဲ စာကြည့်ခန်းထဲ သွားပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖန်းမိသားစုကို သွယ်ဝိုက်ပြီး ပြောပြလိုက်မယ်"

...

All Chapters