← Chapters

အောင်မြင်မှု

Vol. 3 Ch. 44

အောင်မြင်မှု

Vol. 3 Ch. 44

ရှန်းသခင်မသည် စိတ်ပြောင်းလဲ သွားသောအခါ နေ့စဉ်တံခါးဝသို့ ရောက်လာပြီး မျက်နှာချိုသွေးနေသည့် လုဖေးကို ကြည့်ရသည်မှာ ပိုလို့ပင် မျက်စိပသာဒ ဖြစ်လာလေတော့သည်။

ယခင်က အရာရာကို အပြစ်ရှာခဲ့သော်ငြားလည်း ယခုအခါ အရာရာတိုင်းကို အကောင်းမြင်နေမိ တော့သည်။

အရပ်ရှည်သည် ချောမောခန့်ညားသည် တောက်ပသည့် မျက်လုံးများလည်း ပိုင်ဆိုင်ထားသည်။ အသားအရည်က အနည်းငယ်ညို သော်ငြားလည်း ယောက်ျားပီသမှုကို ပိုပြီးပေါ်လွင်စေသည်။ စကားချိုချို မပြောတတ်လျှင်လည်း ဘာအရေးပါသနည်း။ နှလုံးသားက ရိုးသားပြီး ချစ်ခင်မြတ်နိုးတတ်သည် မဟုတ်ပါလား။

လုဖေးသည် ရှန်းသခင်မ၏ အပျော်မျက်လုံးကြောင့် မသက်မသာ ခံစားလိုက်ရပြီး လုမင်ယွိကို အမှတ်တမဲ့ လှမ်းကြည့်လိုက်တော့သည်။

လုမင်ယွိသည်လည်း ရက်ပေါင်းများစွာ ခွေးခေါင်းစစ်ရေးအကြံပေး (ပေါက်ကရအကြံပေးသူ) တစ်ယောက် လုပ်ခဲ့ရသည်ဖြစ်ကာ ရှန်းမိသားစု၏ သဘောထား ပြောင်းလဲမှုကိုလည်း စဉ်းစားမိလိုက်လေသည်။ ထို့ကြောင့်ပင် သူမက ယနေ့၌ လုဖေးကို အထူးတလည် အဖော်ပြုကာ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ရှန်းသခင်မသည် ‘ယောက္ခမက သမက်ကို ကြည့်လေလေ ပိုပြီးသဘောကျလေလေ’ မျက်လုံးများဖြင့် ကြည့်လို့နေလေသည်။

လုမင်ယွိသည် သူမ၏ မျက်လုံးများထဲက ထိုအကြည့်ကို တွေ့လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ မြင့်တက်သွားတော့၏။

ကြည့်ရတာ ဒီရက်ပိုင်း ဇွဲလုံ့လ ဝီရိယ ထားလိုက်တာ အကျိုးခံစားရတော့မယ် ထင်တယ်။

ရှန်းလန်ကတော့ ရှန်းသခင်မဘေးတွင် ရပ်လို့နေသည်။ ဒီနေ့တွင် ရှန်းလန်သည် နွေဦးအဝတ်အစား အသစ်လေးကို အပြာနုရောင်လေး ဝတ်ဆင်ထားကာ ကြည်လင်သန့်ရှင်းပြီး အိန္ဒြေရကာ စွဲမက်ဖွယ် ကောင်းနေတော့၏။

"လျန်အာ" သခင်မရှန်းက သမီးဖြစ်သူဘက် လှည့်ကြည့်ကာ ပြောလိုက်၏။ "ရှောင်ယွိတို့ မောင်နှမက ရှားရှားပါးပါး လာလည်တာလေ။ သမီး သူတို့ကို ဥယျာဉ်ထဲမှာ အဖော်ပြုပေးလိုက်အုံး"

ဒါသည် ရှန်းလန်နှင့် လု‌‌ဖေးတို့ တွေ့ဆုံစကားပြောဖို့ရန် ပါးပါးနပ်နပ် ခွင့်ပြုပေးလိုက်ခြင်းပင်။

ရှန်းလန်သည် ရင်ထဲတွင် ပျော်ရွှင်မှုများကို မျိုသိပ်ထားကာ တိုးတိုးညှင်းညှင်း ပြန်ဖြေလိုက်တော့၏။

လုမင်ယွိက ထရပ်လိုက်ပြီး ရှန်းလန်၏လက်ကို အမြတ်တနိုး လှမ်းကိုင်လိုက်၏။ လုဖေးကလည်း ထရပ်လိုက်ကာ သူတို့နောက်မှ လိုက်ပါသွားလေတော့သည်။

ပြည်ထဲရေးဌာန ဝန်ကြီးတစ်ယောက်အနေဖြင့် ရှန်းလူကြီးမင်းသည် လက်ကို မဆန့်တန်း သော်ငြားလည်း ရုံးတော်တခုချင်းစီက လက်ဆောင်ပဏာများက မနည်းပါးလှချေ။ ရှန်းမိသားစုသည် ငွေကြေးမရှားပေ။ ဥယျာဉ်ကိုလည်း လွန်ခဲ့သည့်နှစ် အနည်းငယ်က ပြန်လည်ပြုပြင် ထားခဲ့သည်။ တောင်နှင့် ကျောက်ဆောင်အတုများ လှပလွန်းသည့် သစ်ပင်ပန်းမန်များနှင့် အင်မတန်လှပသည့် ရှုခင်းလေး တစ်ခုရှိနေသည်။

သူမ၏ရှေ့တွင် လှပနေသည့် စမ်းချောင်းလေး တစ်ခုရှိကာ လုမင်ယွိသည်လည်း အလွန်ပျော်ရွှင်လို့နေသည်။

အမှန်တွင်တော့ လီဟောက်ဆိုသည့် "ဒုက္ခ" ကို ဖြေရှင်းပြီး ကတည်းက လုမင်ယွိ၏ နှလုံးသားထဲက အမုန်းတရားနှင့် ဒေါသများကလည်း အများကြီးပျောက်ကွယ် သွားခဲ့ပြီးဖြစ်သည်။

တစ်ဖန် အသက်ရှင် နေထိုင်ခွင့်ရသည်တွင် လက်စားချေဖို့ရုံသာမက မိမိကိုယ်တိုင်နှင့် မိမိ၏မိသားစု အတွက်လည်း ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုတွင် နေထိုင်ရပေမည်။

"ရှောင်ယွိ ရှန်းလန်က သူမ၏ခေါင်းကို လှည့်လာကာ လုမင်ယွိကို ချိုသာစွာဖြင့် ပြုံးပြ၏။ "နင် ဒီနေ့ ဘာဖြစ်လို့ လိုက်လာတာလဲ"

လုမင်ယွိသည် စိတ်ကို လျော့ထားလိုက်ကာ ရယ်ရယ်မောမောဖြင့် ရယ်စရာစကားလေး ပြောလိုက်၏။ "ဘာဖြစ်လို့ရမှာလဲ။ ငါက အခု လမ်းပိတ်နေတယ်လို့ ထင်လို့လား”

ရှန်းလန်သည် ရှက်ရွံ့သွားကာ မလှမ်းမကမ်းက ချောမောလှသည့် လူငယ်လေးကို မြန်မြန်လှမ်းကြည့် လိုက်ပြီး သူမ၏လေသံကလည်း တိုးညှင်းသွားတော့သည်။ "အမေက မနေ့တုန်းက ငါ့ကို ပြောတယ်။ အဖေက ဖန်းမိသားစုဆီ စာရေးပြီးတော့ မင်္ဂလာပွဲကို ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းပယ်လိုက်ပြီတဲ့"

လုမင်ယွိသည် စိတ်အားတက်ကြွ သွားကာ "တကယ်လား"

"တကယ် အမှန်ပဲ" ရှန်းလန်၏ ရင်ထဲက ကျောက်တုံးကြီးကို ဖယ်ရှားပစ်လိုက်ပြီး သူမသည်ပြုံးလိုက်သည့် အချိန်တွင် သူမ၏မျက်ခုံးများက လခြမ်းကွေးလေးလို ဖြစ်နေတော့သည်။ "ဒီရက်ပိုင်း အတွင်းမှာ သူ နေ့တိုင်း ရောက်လာတယ်လေ။ အမေက စိတ်ထဲမှာ ပျော့ပျောင်းသွားပြီးတော့ သဘောကျသွားခဲ့တာ"

ရှန်းလန်က ခဏလောက် ရပ်တန့်သွားပြီးမှ တိုးတိုးလေး မေးလာခဲ့သည်။ "ဒီစိတ်ကူးကို သူ့ကို ပေးခဲ့တဲ့သူက နင် မဟုတ်လား"

လုမင်ယွိကလည်း ကျီစယ်သလို မျက်လုံးမှိတ်ပြလိုက်ကာ "ဒီနည်းလမ်းက နည်းနည်းလေး ရိုးအတယ် ထင်ရပေမယ့် အရမ်း အလုပ်ဖြစ်တယ်လေ"

ရှန်းလန်သည်လည်း ပျော့ပျောင်းစွာ ရယ်မောလိုက်လေသည်...

...

လုဖေး၏နားများကတော့ အလွန်ပါးလှပ်နေပြီး မီတာအနည်းငယ် ဝေးသည့်နေရာမှပင် စိတ်ပျော့သွားတယ် ထိရောက်မှုရှိတယ် ထိုစကားလုံးများကို မသဲမကွဲ ကြားနေရသည်။ မကြာခဏဆိုသလို သူသည် အံ့အားသင့်ရကာ ဝမ်းလည်းသာရပြီး ထပ်ပြီးသည်းမခံနိုင်တော့ဘဲ ခြေလှမ်းကျဲများဖြင့် လျှောက်လာလေတော့သည်။ "ရှန်းမေ့မေ့...မင်း...ကျွန်တော် ..."

ရှန်းလန်သည် အချိန်အကြာကြီး စောင့်ဆိုင်းလာခဲ့ပြီးနောက် မနေနိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းလေးကိုကိုက်ကာ ပြုံးမိလေတော့သည်။

လုမင်ယွိကတော့ မက်မွန်ပင်အောက်ဘက်သို့ လှည့်ကာထွက်သွားတော့၏။

မက်မွန်ကိုင်းလေးများသည် အစိမ်းရောင် သစ်ရွက်လေးများဖြင့် လှပနေကာ အဖူးလေ။တချို့ကလည်း နုနယ်စွာဖြင့် ထွက်ပေါ်လို့နေသည်။ မွေးရနံ့ သင်းသင်းလေးသည် စိတ်နှလုံးကို လန်းဆန်းစေသည်။ လုမင်ယွိသည်လည်း အနည်းငယ် အားစိုက်ကာ သစ်ပင်ပေါ်သို့ တက်လိုက်ပြီးနောက် သစ်ကိုင်းလေးပေါ်တွင် ထိုင်ချလိုက်တော့သည်။

ဤမျှခန့်ညားလှပသည့် ကိုယ်ဖော့ပညာလေး ဖြစ်သော်ငြားလည်း ဒီအချိန်တွင်တော့ ရှုစားမည့်သူ မရှိချေ။

လုဖေးတစ်ယောက်ကတော့ သူ့မျက်လုံးထဲတွင် သူ သဘောကျသည့် မိန်းကလေးသာ ရှိတော့သည်။

ရှန်းလန်ကလည်း ရှက်ရွံ့ကာ ပျော်ရွှင်မှုများအပြည့် ဖြစ်နေတော့၏။

နှစ်ယောက်သားမှာ အချင်းချင်း အပြန်အလှန် ကြည့်ရှုနေကြတော့သည်။ အချိန်အတော် ကြာသွားပြီးနောက်တွင် လုဖေးက လေသံတိုးတိုးဖြင့် နေလာခဲ့၏။ " ရှန်းမေ့မေ့ ကျွန်တော် ဘယ်တော့လောက် လက်ထပ်ခွင့် တောင်းဖို့ ထပ်လာရမလဲ"

ရှန်းလန်သည် ရှက်သွေးဖြာသွားကာ တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ "နွေဦးစာမေးပွဲ အောင်စာရင်း ထွက်တာနဲ့ချက်ချင်း လာလို့ရပါပြီ"

နေ့ရက်များကို ရေတွက်ကြည့်လိုက်လျှင်တော့ နောက်ထပ်ငါးရက်ပင် စောင့်ရပေဦးမည်။

လုဖေးသည် အလွန်စိတ်လှုပ်ရှားသွားပြီး ဘာပြောရမည်ပင် မသိတော့ချေ။ သူက သွားတန်းနှစ်ခုပေါ်အောင် ပြုံးလိုက်ပြီး အရူးတစ်ယောက်လိုပင်။ "ရှန်းမေ့မေ့ ကျွန်တော်လေ အရမ်းပျော်တာပဲ။ အရမ်းပျော်လိုက်တာ !"

"နောက်ဆိုရင် ကျွန်တော်က မင်းကို ရင်ထဲကအတိုင်း ကောင်းကောင်းလေး ဆက်ဆံပါမယ်။ မင်းရဲ့အဖေက မင်းအမေကို ဆက်ဆံတာထပ် ပိုပြီးတော့ ကောင်းအောင် ဆက်ဆံပါ့မယ် !"

လူကြီးမင်းရှန်းသည် ဇနီးဖြစ်သူကို ချစ်ခင်မြတ်နိုးပြီး အလိုလိုက် ချစ်ခင်ပေးကြောင်း မြို့တော်ထဲတွင် နာမည်ကြီးလေသည်။

ရုံးကပြန်လာလျှင် မကြာခဏဆိုသလို ရှန်းသခင်မ ကြိုက်နှစ်သက်သည့် သကြားအုပ် သစ်သီးအချိုပွဲများကိုလည်း သွားဝယ်ပေးတတ်သည်။ ရာသီအလိုက် ပိုးထည်ဆိုင်များ အတွင်းတွင် ပိုးထည်အသစ် များကိုလည်း ဝယ်ယူပေးတတ်ပြီး ရှန်းလူကြီးမင်း ကိုယ်တိုင် ရှန်းသခင်မအတွက် ပိတ်ထည်များကို ရွေးချယ်ပေးတတ်၏။ လက်ဝတ်ရတနာဆိုင်က လက်မှုပညာရှင်များကလည်း လူကြီးမင်းရှန်းနှင့် အလွန်ရင်းနှီးကြလေသည်။

ရှန်းလန်ကတော့ ကလေးဘဝကတည်းက သူမ မိဘများ၏ ချစ်ခင်မြတ်နိုးပုံကို မြင်တွေ့ရသည်မှာ နေသားကျနေပြီဖြစ်ကာ သူမသည်လည်း မိမိကိုယ်တိုင်က လူကောင်းတဦးနှင့် လက်ထပ်ပြီး လင်မယားချစ်ခင် ကြင်နာစွာ အတူတကွ အိုမင်းသည်အထိ နေထိုင်လိုသည်ဟု မျှော်လင့်ထားခဲ့သည်။

"လုအာ့ကော" ရှန်းလန်က မျက်လုံးများကိုပင့်ကာ လုဖေးကို လှမ်းကြည့်လာသည်။ "ဒီနေ့ အစ်ကို ပြောထားတဲ့စကားတွေ အားလုံးကို ကျွန်မ မှတ်ထားတယ်နော်"

လုဖေ၏ရင်ထဲတွင် နုနယ်ချိုမြိန်မှုများ အပြည့်ဖြစ်နေကာ သူ့အသံသည်လည်း ထူးထူးခြားခြား နူးညံ့နေလေတော့သည်။ "ဒီဘဝမှာ ကျွန်တော်က မင်းရဲ့ဆန္ဒအတိုင်း ဖြစ်စေရပါမယ်"

ရှန်းလန်၏ မျက်နှာလှလှလေးမှာ နီရဲသွားပြီး သူမ၏ မျက်လုံးများကလည်း ချစ်ခြင်းများအပြည့် ဖြစ်သွားတော့သည်။

မက်မွန်ပင် ပေါ်တွင်ထိုင်နေသည့် လုမင်ယွိသည် အဝေးက ထိုမြင်ကွင်းလေးကို စောင့်ကြည့်နေရင်း သူမ၏နှလုံးသားသည်လည်း ရုတ်တရက် ခုန်လာတော့၏။

အရင်ဘဝတုန်းက သူမလည်း ဒီလိုပျော်ရွှင်မှုမျိုးနဲ့ ချစ်ရတဲ့သူကိုကြည့်ပြီး လီဟောက်ရဲ့ လေးနက်တဲ့ သစ္စာပြုစကားကို နားထောင်ခဲ့ ဖူးသေးတယ်လေ။ သူ့ရဲ့လက်ကျန်ဘဝမှာ သူမကပဲ တစ်ယောက်သောသူ သူတို့တွေက ဒီဘဝမှာ အချင်းချင်း ဘယ်တော့မှ ခွဲခွာကြမှာ မဟုတ်ဘူးလို့ပေါ့။

ဟိုတုန်းက သူမ သူ့ကိုချစ်ခဲ့သလောက် နောက်ပိုင်းမှာတော့ သူမ သူ့ကို မုန်းတီးခဲ့ရတယ်။ ပိုပြီး မုန်းတီးခဲ့ရတာကတော့ သူမကိုယ်တိုင်ပါပဲ။ သူမမှာ မျက်လုံးမပါလို့ မှာယွင်းတဲ့လူကိုမှ ယုံကြည်ခဲ့မိတယ်လေ။

ကံကောင်းချင်တော့ အရာအားလုံး ပြီးဆုံးသွားပါပြီ။

သူမရဲ့ဘဝကလည်း လီဟောက်တို့သားအမိနဲ့ ဘယ်တော့မှ ထပ်ပြီးပတ်သက်တော့မှာ မဟုတ်ဘူး။ သူမလည်း ဘဝအသစ် အနာဂတ်အသစ်နဲ့ နေနိုင်သွားပြီ။

...

၅ရက်ကြာပြီးနောက်တွင် နွေဦးစာမေးပွဲရလဒ်ကို ထုတ်ပြန်ကြေညာပေးခဲ့သည်။

ဖန်းမိသားစု၏ ဒုတိယသခင်လေးသည်လည်း အမှန်ပင် အဆင့်မြင့်သည့် နေရာတစ်ခုဖြင့် အောင်မြင်ခဲ့လေသည်။

သို့သော်ငြား အောင်မြင်ကြသည့် ကျင့်ရှီအသစ်ထဲတွင် အထင်ရှားဆုံးသောသူမှာ ၁၇နှစ်အရွယ် ဖန်းကုန်းဇီ မဟုတ်ဘဲ ၁၈နှစ်အရွယ် ကျိုးလီသာ ဖြစ်တော့သည်။ ဒုတိယသခင်လေးဖန်းသည်လည်း အဆင့်နိမ့်သည်မဟုတ်ဘဲ အဆင့်သုံးဆယ် အတွင်းဝင်ခဲ့သည်။ ကျိုးလီကတော့ နွေဦးစာမေးပွဲတွင် ဒုတိယအဆင့်ချိတ်ခဲ့၏။

ယခင်နှစ်များ၏ ထုံးစံအရ စာမေးပွဲအောင်မြင်ကြသည့် ကျင့်ရှီအားလုံးသည် နန်းတွင်းစာမေးပွဲ ပြီးမှသာ နောက်ဆုံးအဆင့်ကို အတည်ပြုနိုင်သည်။ သို့သော်ငြား အဆင့်သတ်မှတ်ချက်ကတော့ အများကြီး ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

တော်ဝင်စာမေးပွဲသည် ပညာရေးဝန်ကြီးဌာန၏ ကိစ္စဖြစ်သည်။ လုလင်းက ညီလာခံတွင် ထိုအကြောင်းကို နားထောင်ခဲ့ပြီးနောက် အိမ်သို့ ပြန်ရောက်လာသောအခါ လုမင်ယွိကို ပြုံးကာပြောတော့သည်။ "ရှောင်ယွိ အသစ်ရွေးချယ် ခံခဲ့ရတဲ့ကျင့်ရှီတွေထဲမှာ ပညာရှင်ကောင်းလေး နှစ်ယောက်ပါတယ်။ သူတို့တွေက ငယ်ရွယ်ပြီးတော့ မြင့်မားချောမောကြတယ်။ အိမ်ထောင်လည်း မပြုရသေးဘူး။

"တစ်ယောက်ကတော့ ဖန်ဇီကျန်းလို့ ခေါ်တယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကျိုးလီလို့ ခေါ်တယ်"

"သမီးရဲ့စန်းကျဲက စကားနည်းပြီး စာဖတ်ရတာကိုလည်း သဘောကျတယ်။ အဖေ့အထင်တော့ သူ့ရဲ့ခင်ပွန်းအတွက် ကျင့်ရှီအသစ် တစ်ယောက်လေးကို ရွေးချယ်ပေးလိုက်တာက သင့်တော်မယ်လို့ ထင်တယ်"

လုမင်ယွိကတော့ အနည်းငယ်သာ ပြုံးလိုက်ပြီးနောက် ပုံမှန်အတိုင်း ဆက်ပြောလိုက်တော့သည်။ "အရင်ဆုံး အာ့ကောရဲ့ မင်္ဂလာပွဲကိစ္စကိုပဲ စီစဉ်ပေးလိုက်ပါအုံး။ အဲဒီနောက်မှ စန်းကျဲရဲ့ မင်္ဂလာပွဲကို စီစဉ်ပေးလို့ရပါတယ်"

ဒါလည်း ဟုတ်တာပဲလေ။ တစ်ခုပြီးမှ တစ်ခုပေါ့။

လုလင်းသည် ပျော်ရွှင်နေပြီး သူလက်ချောင်းများကို ပွတ်သပ်ကာ အကျယ်ကြီး လက်ဖျောက်တီးလိုက်လေသည်။ "ဟုတ်ပြီ။ ငါ မနက်ဖြန်ကျရင် ရှန်းအိမ်တော်ကို သွားမယ်"

လုမင်ယွိကပြုံးကာ စကားဝိုင်းကို ဆက်ပြောလိုက်၏။ "သမီးကတော့ အဖေ့ကို ကိုယ်တိုင်သွားစေချင်တယ်။ မင်္ဂလာကိစ္စကို ကမ်းလှမ်းတဲ့အခါ အောင်သွယ်တော်လည်း သေချာပေါက်ပါရမှာပေါ့။ အိမ်တော်ထိန်းကို အောင်သွယ်တော် တစ်ယောက်ဖိတ်ကြားပေးဖို့ ပြောထားပြီးသွားပြီ။ မင်္ဂလာပွဲကမ်းလှမ်းတဲ့ အခမ်းအနားအတွက် လက်ဆောင်တွေကိုလည်း အသင့်ပြင်ထားပြီးပြီ"

လုမင်ယွိသည် သူမ၏ယခင်ဘဝတွင် နှစ်ပေါင်းများစွာ မိဖုရားခေါင်တစ်ပါး လုပ်ခဲ့ရသည့်အတွက် ဤကဲ့သို့ အသေးအဖွဲကိစ္စများကို ပြင်ဆင်ရာတွင် ဘာပြဿနာမှ မရှိနိုင်ချေ။

လုလင်းကလည်း ပြုံးကာ သမီးဖြစ်သူကို ချီးကျူးလေတော့သည်။ "ငါ့သမီးက တကယ်ကို ဉာဏ်ရည်ထက်မြက်ပြီး လုပ်ရည်ကိုင်ရည် ရှိလှတယ်။ ရုပ်ကလေးကလည်း လှတယ်။ အရည်အချင်း ကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ ဘယ်လိုပဲကြည့်ကြည့် ဘယ်သူမှ ငါ့သမီးလေးနဲ့ ထိုက်တန်တဲ့သူ ရှိမှာမဟုတ်ဘူး"

လုမင်ယွိသည် စနောက်ခံလိုက်ရသဖြင့် ခပ်တိုးတိုးရယ်မောကာ စိတ်ထဲမှာကြိတ်ပြီး တောင်းပန်လိုက် လေတော့သည်။

တောင်းပန်ပါတယ် အဖေ။ သမီး အဖေ့ကိုလိမ်ခဲ့မိတာ။

တကယ်တော့ သမီးက လုံးဝလက်မထပ်ချင်တော့တာပါ။

အိမ်ပါသမက်ကို ခေါ်မယ်ဆိုတဲ့ဟာကလည်း ဒီအတိုင်း အကြောင်းပြချက် တစ်ခုပါပဲ။ နောက်ဆိုရင် အိမ်ပါသမက်တစ်ယောက်က အိမ်တော်ထဲ ဝင်လာတဲ့ တစ်နေ့ ရှိလာတဲ့အခါ ဒါကလည်း အပေါ်ယံ ဟန်ဆောင်မှု သက်သက်ပဲ ဖြစ်မှာပါ။ သမီးက သမီးရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်ယောက်ျားတစ်ယောက်ကိုမှ ထပ်ပြီးအပ်နှံတော့မှာ မဟုတ်ဘူး။

...

All Chapters