အခက်အခဲနှင့်တွေ့ခြင်း
Vol. 3 Ch. 45
နောက်တနေ့တွင် လုမိသားစုသည် အောင်သွယ်တော်ကို တရားဝင်ဖိတ်ခေါ်ကာ မင်္ဂလာပွဲကမ်းလှမ်းဖို့ရန်အတွက် ရှန်းအိမ်တော်သို့ သွားခဲ့ကြသည်။
သခင်မရှန်းက ပြုံးကာဖြင့် အောင်သွယ်တော်က လုမိသားစု၏ ဒုတိယသခင်လေးကောင်းကြောင်း နေ့တစ်ဝက်လောက် ကြွားလုံးထုတ်နေသည်ကို နားထောင်ပြီးနောက် ပြန်ပြောလိုက်လေသည်။ "ဒီလိုအရေးကြီးကိစ္စအတွက် ကျွန်မတို့တွေ စဥ်းစားဖို့ အချိန်လေး နည်းနည်းတော့လိုပါတယ်"
အမျိုးသားဘက်က မင်္ဂလာပွဲ လာရောက်ကမ်းလှမ်းချိန်တွင် အမျိုးသမီးဘက်က တစ်ကြိမ် နှစ်ကြိမ်လောက်တော့ အနည်းငယ် ထိန်းချုပ်ထားရသည်။ နေရာတွင်ပင် သဘောတူလိုက်သည့် ထုံးစံမရှိချေ။
အောင်သွယ်တော်ကလဲ လုပ်ရိုးလုပ်စဥ်များကို ကောင်းကောင်းနားလည်ကာ သူမ၏မျက်နှာမှာ ဂန္ဓမာပန်းတစ်ပွင့်လို့ ပွင့်လန်းလို့နေတော့သည်။."ဒါကလဲ သဘာဝကျပါတယ်။ ကျွန်မ ရှင်တို့တွေ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန် နောက်၅ရက်လောက်နေရင် ပြန်လာခဲ့ပါ့မယ်"
၅ရက်ကြာပြီးသွားသောအခါ အောင်သွယ်တော်သည် အိမ်တံခါးဝသို့ တစ်ဖန်ရောက်လာခဲ့လေသည်။
ရှန်းမိသားစုက သဘောမတူသေးချေ။
အောင်သွယ်တော်က တတိယအကြိမ် ပြန်ရောက်လာသည့်အချိန်မှ ရှန်းမိသားစုသည် နောက်ဆုံးတော့ တုံ့ပြန်လေတော့သည်။
နောက်ဆက်တွဲ ကိစ္စများဖြစ်ကြသည့် ဇာတာခွင်များလဲလှယ်ခြင်း လက်ဆောင်ပေးခြင်း စေ့စပ်စာချုပ်များပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့၏။
လုလင်းသည် နန်းတွင်းသို့ ဝင်ရမည်ဖြစ်ကာ လုဖေးကလဲ စစ်စခန်းသို့ ပြန်ရပေမည်။ လက်ဖွဲ့ပစ္စည်း ပြင်ဆင်ခြင်းနှင့် မင်္ဂလာပွဲနှင့်ပတ်သတ်သည့် ကိစ္စရပ်များအားလုံးသည် လုမင်ယွိ၏ခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
လုမင်ဖန်းသည်လည်း စိတ်မအေးနိုင်ဘဲ သူမ၏ မိဘအိမ်သို့ တမင်တကာ တစ်ခေါက်ပြန်ရောက်လာခဲ့သည်။ လုမင်ယွိသည် အလွန်စည်းစနစ်တကျ စီမံခန့်ခွဲပေးပြီး သူမ ပြင်ဆင်ထားသည့် လက်ဖွဲ့ပစ္စည်းများမှာ ပြည့်စုံလုံလောက်ကာ အပြစ်အနာအဆာ တစ်စက်ကလေးမှ မရှိချေ။ လုမင်းဖန်းက ပြုံးကာ ချီးကျူးစကားပြောတော့သည်။ "စစ်မေ့က တကယ့်ကို ထက်မြက်ပြီးတော့ လုပ်ကိုင်တတ်တာပဲ။ ကိုယ်တိုင်က အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့လည်း ဒီလိုတာဝန်ကြီးကို ထမ်းဆောင်နိုင်တယ်။ ငါသာလုပ်ရမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ကောင်းအောင်တောင် လုပ်နိုင်မှာမဟုတ်ဘူး"
ချီးကျူးစကား ပြောပြီးသွားသောအခါ လုမင်ဖန်းသည် အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်ရပြီး လက်ကိုလှမ်းကာ လုမင်ယွိ၏မျက်နှာလေးကို အသာအယာ ပွတ်သပ်လိုက်၏။ "စစ်မေ့ပင်ပန်းသွားပြီ"
သူမ အိမ်ထောင်ပြုပြီးသွားကတည်းက လုမင်ယွိသည် အိမ်မှုကိစ္စများကို စတင်စီမံခန့်ခွဲခဲ့ရသည်။ အသက်၁၄နှစ်အရွယ် မိန်းကလေးမှာ လူကြီးတစ်ယောက်လို အိမ်မှုကိစ္စများနှင့် အထွေထွေအရေးကိစ္စများကိုလည်း တာဝန်ယူခဲ့ရသည်။
လုမင်ယွိ၏ မည်းနက်နေသည့်မျက်ဝန်းများသည် မည်သူမှ နားမလည်နိုင်သည့် စိတ်အားတက်ကြွသွားသည့် အကြည့်လေးတစ်ခုဖြင့် လင်းလက်သွားတော့၏။ "အာ့ကောက ရှန်းကျဲနဲ့ လက်ထပ်နိုင်တာ ငါကတော့အရမ်းပျော်တယ်။ အခုလို အလုပ်များနေရတာကိုလည်း ပျော်တယ်"
ရှန်းလန် အကြောင်းပြောလာသည်တွင် လုမင်ဖန်း၏မျက်လုံးထဲ၌ အပြုံးများပြည့်နှက်လာတော့သည်။ "ငါလဲ တကယ်မထင်ထားဘူး။ အာ့တိက ရှန်းသခင်မလေးကို ကြိတ်ပြီးသဘောကျနေတာတဲ့လေ။ တကယ်ပါ။ သူက သူ့ရဲ့စိတ်ကို ဖုံးကွယ်ထားနိုင်တာကိုပဲ အံ့သြတာ"
ဟုတ်ပါ့!
နည်းနည်းလေးသာ ထပ်ပြီးဖုံးကွယ်ထားကြည့်ပါလား ကံကောင်းမှုနဲ့ ထပ်ပြီး လွဲချော်သွားတော့မလို့။
လုမင်ယွိသည် သူမ၏နှုတ်ခမ်းထောင့်လေးကို ပင့်တင်ထားလိုက်ကာ သူမ၏အသံကလဲ ပေါ့ပါးလို့နေသည်။ "အာ့ကောကလဲ အသက် မငယ်တော့ပါဘူး။ စောစောစီးစီး စေ့စပ်ပြီးသွားရင် လက်ထပ်ရက်ကိုလဲ စောစောစီးစီး သတ်မှတ်လို့ရတာပေါ့"
သာ့ဝေတိုင်းပြည်သည် ငြိမ်းချမ်းလာသည့်နှစ်များက မများပြားလှချေ။ ပြီးခဲ့သည့် ၂နှစ်အတွင်းတွင် အသေးအဖွဲ တိုက်ပွဲလေးများရှိခဲ့သည်။ တကယ့် တပြည်လုံး အတိုင်းအတာ စစ်ထွက်ခြင်းက ၂နှစ်အကြာတွင် ဖြစ်ပေလိမ့်မည်။
အကယ်၍ လုဖေးသာ မိန်းမလှလေးတစ်ယောက်ကို စောစောစီးစီး လက်ထပ်နိုင်ခဲ့မည်ဆိုလျှင် သူ၏ခြေလက်များက သွက်လက်နေခဲ့လျှင်တော့ စစ်ပွဲကြီးမစခင်တွင် ကလေးတစ်ယောက်ပင် ရနိုင်လောက်သည်။
လုဖေး၏ မင်္ဂလာပွဲကိစ္စအကြောင်း ပြောပြီးသွားသောအခါ လုမင်ဖန်းက လေသံတိုးတိုးဖြင့် တစ်ဖန်ရယ်မောတော့သည်။ "ဒီနေ့ နန်းတာ်စာမေးပွဲနေ့ပဲ။ မနက်ဖြန်ကျရင် ရလဒ်တွေကို တရားဝင်ကြေညာတော့မှာ။ အာ့တိရဲ့ မင်္ဂလာပွဲကိစ္စကိုလဲ ဆုံးဖြတ်ပြီးသွားပြီ။ စန်းမေ့အတွက် အနာဂတ်ခင်ပွန်းလောင်းလေးကို ရှာပေးရမဲ့အချိန်တန်ပြီ"
"ငါ ကြားထားတာတော့ ဒီတနှစ် ကျင့်ရှီတွေထဲမှာ ငယ်ရွယ်ပြီး လက်မထပ်ရသေးတဲ့သူတစ်ချို့ ပါနေတယ်။ ကျင့်ရှီတွေ စီတန်းလှည့်လည်တဲ့အခါကျရင် ငါ စန်းမေ့နဲ့အတူတူ သွားကြည့်ရမယ်"
ပထမဦးဆုံး ကျင့်ရှီသုံးယောက်က မြင်းဖြင့်စီတန်းလှည့်လည် သွားလာခြင်းသည် ကြီးကျယ်ခမ်းနားသည့်ပွဲတစ်ခု ဖြစ်လေသည်။ ဤပွဲသည် သုံးနှစ်တစ်ကြိမ်သာရှိ၏။ တော်ဝင်လမ်းမကြီးဘေးက စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၏ ဒုတိယထပ် သီးသန့်ခန်းများသည်လည်း အစောကြီးကတည်းက ကြိုတင် မှာယူထားပြီးသား ဖြစ်သည်။
လုမင်ယွီ၏မျက်လုံးများသည် အနည်းငယ် လင်းလက်သွားပြီး သူမကလဲ မသိမသာခေါ င်းညိမ့်လိုက်ကာ "ကောင်းပြီ အဲဒီ့အချိန်ကြရင် အတူတူသွားကြမယ်။"
...
ဒီအချိန်တွင်တော့ လုမိသားစုနှင့် ရှန်းမိသားစုတို့ကြားက မင်္ဂလာသတင်းသည်လည်း ပြန့်နှံ့သွားပြီဖြစ်၏။
ယုံးကျားဧကရာဇ်ကပင် ထိုအကြောင်းကို ကြားသိခဲ့လေသည်။
တခြားသူတွေရဲ့သားကိုကြည့်လိုက်စမ်း မင်္ဂလာပွဲကလဲ ချောမွေ့နေတာပဲ။
နန်းတော်ထဲမှာ ရှိနေသေးတဲ့ သူ့သားနှစ်ယောက်ကို စဥ်းစားကြည့်လိုက်တော့ သူတို့တွေရဲ့အမှားကို ပြန်လည်သုံးသပ်ရင်း ဒဏ်ရာတွေကို ပြန်လည်ကုစားနေရတုန်းပဲ။ ယုံးကျားဧကရာဇ်၏ စိတ်နှလုံးမှာ မငြိမ်းချမ်းနိုင်တော့ချေ။
ယုံးကျားဧကရာဇ်နှင့် လုလင်းတို့သည် စိတ်နေသဘောထား ဆင်တူကြသည်။ ထို့ကြောင့် နန်းတွင်းစာမေးပွဲနှင့် အလုပ်များပြီးသွားသောအခါ လုလင်းကို ဝမ်ဟွားနန်းဆောင်သို့ ဆင့်ခေါ်လေသည်။
လူသည် ပျော်ရွှင်စရာကိစ္စနှင့် ကြုံတွေ့ရလျှင် စိတ်ဓာတ်တက်ကြွနေတတ်သည်။
လုလင်းက လင်းဖြာနေသည့် မျက်နှာတစ်ခုဖြင့် အရှင်မင်းကြီးကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်၏။
ယုံးကျားဧကရာဇ်ကလဲပြုံးကာ ရယ်စရာပြောလေတော့သည်။ "အိုက်ချင်း (ချစ်လှစွာသော အမတ်မင်း) ဘာဖြစ်လို့ အဲလောက်ပျော်နေရတာလဲ"
လုလင်းကလဲ ပြုံးကာပြန်ဖြေလေသည်။ "ကျွန်တော်မျိုးရဲ့မွေးစားသားနဲ့ ရှန်းသခင်မလေးတို့ စေ့စပ်ပြီးသွားပြီလေ။ ရှန်းသခင်မလေးက လှပတယ်။ အရည်အချင်းလဲရှိတယ်။ အသိပညာ ဗဟုသုတကြွယ်ဝပြီးတော့ ကျိုးကြောင်းဆင်ခြင်တတ်သူလဲ ဖြစ်တယ်။ ဒီလို ချွေးမလေးတစ်ယောက် ရထားတော့ ကျွန်တော်မျိုးက မပျော်ဘဲ ဘယ်လိုလုပ်နေပါ့မလဲ"
ယုံးကျားဧကရာဇ်ကလဲ ရယ်မောလိုက်ကာ "ကောင်းတယ် ကောင်းတယ်။ ဒီလိုပျော်ရွှင်စရာ သတင်းကြားရတော့ ကျန်းယဲ့စိတ်ထဲမှာလည်း အရမ်းပျော်ရွှင်မိပါတယ်။ ဒုတိယသခင်လေးလု လက်ထပ်တဲ့အချိန်ကျရင် ကျန်းကလဲ လူလွှတ်ပြီးတော့ လုအိမ်တော်ကို ဂုဏ်ပြုလက်ဆောင် ပို့ပေးလိုက်ပါအုံးမယ်"
လုလင်းက မြန်မြန်ဦးညွတ်ကာ ဧကရာဇ်ကို ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
ယုံးကျားဧကရာဇ်ကတော့ ပေါ့ပေါ့ပါးပါးသာ လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် အေးအေးလူလူ ရယ်မောချင်ဟန်ဆောင်လိုက်လေသည်။ "မောင်းမင်းက မောင်မင်းရဲ့ မွေးစားသားကို ကိုယ့်ရဲ့သားအရင်းလို အမြဲတမ်း သဘောထားလာခဲ့တာ။ နောက်ဆိုရင် ဒုတိယသခင်လေးလုက ဇနီးတစ်ယောက်နဲ့ လက်ထပ်အိမ်ထောင်ပြုပြီးတော့ လုမျိုးနွယ်သားတစ်ယောက် ရလာလိမ့်မယ်။ လုမိသားစုရဲ့ မျိုးရိုးကိုလဲ ဆက်ခံလို့ရတာပေါ့ ..."
ဒါနဲ့များ လုမင်ယွိအတွက် ဘာဖြစ်လို့ အိမ်ပါသားမက် ခေါ်စရာလိုသေးလဲ။
ဒီစကားများ မပြောခင်အထိတော့ လုလင်းသည် ဆက်ပြီးပြုံးနေလေသည်။ "အရှင်မင်းကြီး ပြောတဲ့စကားက မှန်ပါတယ်။ ကျွန်တော်မျိုးရဲ့ မွေးစားသား အပေါ်ချစ်ခြင်းက ကျွန်တော့်ရဲ့ သမီးအရင်းပေါ်ထားတဲ့ချစ်ခြင်းထက် မနည်းပါဘူး"
"ကျွန်တော်မျိုးလဲ အိုမင်းသွားတဲ့တနေ့တော့ ရှိလာမှာပဲလေ။ နောက်ပိုင်း ရှင်းယန်စစ်တပ်ကို ဒုတိယသားကိုပဲ လက်လွှဲပေးရမှာ။ လုမိသားစုရဲ့ အိမ်ကကိစ္စတွေကိုတော့ ရှောင်ယွိကိုပဲ တာဝန်ပေးထားခဲ့ရမှာ။ မောင်နှမနှစ်ယောက်က အပြန်အလှန် ကူညီထောက်ပံ့ပေးရင် ပိုကောင်းတာပေါ့"
တကယ့်ကို ပွင့်ပွင့်လင်းလင်းကြီး ပြောလိုက်တာပါလား။
ဘာမှမပြောပါနဲ့တော့။
ယုံးကျားဧကရာဇ်၏နှာခေါင်းမှာ ပွယောင်းလုမတတ်ဖြစ်လာပြီး သူသည် ရယ်မောကာ ချီးကျူးစကား ပြောလေတော့သည်။ "ဒီလိုစဥ်းစားတော့လဲ တကယ့်ကို ပြီးပြည့်စုံတာပဲ"
စကားအနည်းငယ် ပြောပြီးသွားသည့်နောက်တွင် လုလင်းသည် လက်နှစ်ဖက်ကိုယှက်ကာ ဧကရာဇ်ကို အရိုအသေပေးပြီးနောက် ပြန်လာခဲ့တော့သည်။
ယုံးကျားဧကရာဇ်သည် ရုပ်တည်ကြီးဖြင့် နေရာတွင်ဆက်ထိုင်နေကာ တစ်စုံတစ်ခုကို စဥ်းစားလို့နေသည်။ သူ့မျက်နှာကလဲ လုံးဝကို မကောင်းလှချေ။ ခဏအကြာတွင်တော့ သူသည် ထရပ်လိုက်တော့၏။
လျိုကုန်းကုန်းကလဲ စဥ်းစားတွေးတောပေးတတ်သူ ဖြစ်ကာ ချက်ချင်းဆိုသလို အစေခံများထဲက တစ်ယောက်ကို မျက်ရိပ်ပြလိုက်တော့သည်။ အစေခံသည် တိတ်တိတ်လေး ပြန်ထွက်လာခဲ့ပြီး အစေခံငယ်လေးနှစ်ယောက်ကို လှမ်းခေါ်လိုက်ကာ ချန်းချန်နန်းဆောင်နှင့် ကျောင်းဖန်နန်းဆောင်တို့ဆီသို့ သတင်းသွားပို့ခိုင်းလိုက်တော့သည်။
နေ့ရက်များကို ပြန်တွက်ကြည့်လိုက်လျှင် ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ ရိုက်နှက်ခံရပြီးသည်မှာ ရက်၂၀ကျော်သွားပြီဖြစ်သည်။ မင်းသားနှစ်ပါးစလုံးသည် ကုသမှုခံယူဖို့ရန်အတွက် အဆောင်ထဲတွင်သာ နေနေရကာ ယုံးကျားဧကရာဇ်ကလဲ တခါမှ အလည်အပတ် မသွားခဲ့ချေ။
လျိုကုန်းကုန်းကသာ အခါအားလျော်စွာ "မိမိကိုယ်ကိုမိမိစကားပြော" ပြီး မင်းသားနှစ်ပါး၏ ဒဏ်ရာအခြေအနေကို ပြောဆိုနေတတ်သည်။ ယုံးကျားဧကရာဇ်က မျက်နှာမကောင်းသော်ငြားလည်း သူ့ကိုမတားဆီးခဲ့ချေ။
သူသည် မည်မျှပင် ဒေါသထွက်နေစေကာမူ သူတို့သည် သူ၏သားအရင်းများ ဖြစ်ကြသေးသည်။ ကောင်းကင်ဘုံ၏ သားတော်သည်လည်း အသွေးနှင့်အသားနှင့် တည်ဆောက်ထားသည့် လူတစ်ယောက်ဖြစ်၏။ သူသည် ဒေါသကြောင့် သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့မိသည်။ ဒေါသပြေလျော့သွားသည်နှင့်ချက်ချင်း သူ့ရင်ထဲတွင်လည်း နောင်တရသွားခဲ့၏။
ဟုတ်ပါသည်။ လျိုကုန်းကုန်းက ယုံးကျားဧကရာဇ်၏ လေးနက်လှသည့်အသံကို နားထောင်လိုက်၏။ "ချန်းချန်နန်းဆောင်ကို သွားမယ်"
လျိုကုန်းကုန်းကလဲ တလေးတစား ပြန်ဖြေလိုက်လေသည်။
မင်းသားနှစ်ယောက်၏ အဆင့်အတန်းကို ယုံးကျားဧကရာဇ်၏ ဤစကားတစ်ခွန်းတည်းနှင့်ပင် မြင်သာနိုင်ပေသည်။
...
သတင်းပို့ရန်အတွက် ကျောင်းဖန်နန်းဆောင်ဆီသို့ အပြေးအလွှားသွားသည့် အတွင်းခန်းအစေခံလေးမှာ ရင်တလှပ်လှပ် ခုန်နေတော့သည်။
ဒီအချိန်တွင် ချောင်မိဖရားခေါင်သည် ချန်းချန်နန်းဆောင်ထဲတွင်ရှိနေပြီး ဟွေ့အန်းကုန်းကျူးကလဲ ယခုမှ ပြန်လည်သက်သာလာသည့် ဒုတိယမင်းသားထံသို့ အလည်အပတ်ရောက်လာရင်း ချန်းချန်နန်းဆောင်တွင် ရှိနေလေသည်။
ဒီအချိန်အတွင်းတွင် ချောင်မိဖရားခေါင်သည် သိသိသာသာ ပိန်ကျသွားကာ သူမ၏အသားအရေမှာလည်း မှေးမှိန်သွားပြီး သူမ၏မျက်လုံးထောင့်များတွင်လည်း သိသာသည့် အရေးအကြောင်းများ ပေါ်ထွက်နေတော့သည်။
ဟွေ့အန်းကုန်းကျူးမှာ မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရပြီး ဒုတိယမင်းသားကို ဆူပူမာန်မဲလေတော့၏။ " ... မူဟုပ်က နင့်အတွက်နဲ့ ကောင်းကောင်းလဲ မစားနိုင်၊ ကောင်းကောင်းလဲ မအိပ်နိုင် နေ့တိုင်း စိုးရိမ်နေရတာ။ သူ့ရဲ့သားအရင်းတစ်ယောက်အနေနဲ့ နင့်ရဲ့မူဟုပ်ကို ဘာဖြစ်လို့ ကိုယ်ချင်းမစာနိုင်ရတာလဲ"
ဒုတိယမင်းသား၏ ခန္ဓာကိုယ်ပေါ်က ကျာပွတ်ဒဏ်ရာများသည်လည်း ပျောက််ကင်းလုနီးပါးရှိနေပြီဖြစ်ကာ လမ်းလျှောက်ခြင်းရပ်ခြင်း ထိုင်ခြင်း လဲလျောင်းခြင်းတို့တွင် ကြီးကြီးမားမား ပြဿနာမရှိတော့ချေ။ အပြင်ဘက်မှ ကြည့်လျှင်တော့ ဘာဒဏ်ရာဒဏ်ချက် အရိပ်အယောင်မှ မကျန်ရစ်တော့ပေ။
ဒုတိယမင်းသားသည် ဟွေ့အန်းကုန်းကျူးကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ကာ "မင်းလဲ ကိုယ်ဝန်ဆောင်ပြီး သိပ်မကြာခင် ကလေးမွေးတော့။ မူဟုပ်ကို မစိုးရိမ်ရစေနဲ့။ မင်းလဲ မူဟုပ်ကို လိမ်မာသိတတ်ကြောင်းပြသင့်တယ်"
ဟွေ့အန်းကုန်းကျူး "..."
ဟွေ့အန်းကုန်းကျူးသည် ဆို့နစ်သွားပြီး ပြန်လည်ချေပဖို့ရန် စကားပင် ရှာမတွေတော့ချေ။ သူမ၏မျက်လုံးများက တွန့်ချိုးသွားကာ ဒေါသထွက်လာတော့သည်။ " ငါ ကိုယ်ဝန်မဆာင်နိုင်တာက ငါတစ်ယောက်တည်းကို အပြစ်တင်လို့ရမလား"
ဒုတိယမင်းသားကလဲ နားလည်စွာဖြင့် ခေါင်းညိမ့်ပြလိုက်ကာ "ဒါဆိုရင် ဖုမာ (ယောက်ဖတော်)ရဲ့ အပြစ်ဖြစ်နေတာကိုး။ ငါ ရက်နည်းနည်းလောက်နေရင် နန်းတော်ကထွက်ပြီး မင်းသမီးအိမ်တော်ကို သွားလိုက်မယ်။ သူ့ကို ဆုံးမပြီးတော့ သာ့ကျဲကို ထောက်ပံ့ပေးဖို့ ပြောလိုက်မယ်"
အနိုင်ကျင့်တတ်ကာ ကျိုးကြောင်းဆီလျော်သည် မဆီလျော်သည်မသိဘဲ နိုင်လိုမင်းထက်ပြမူတတ်သည့် ဟွေ့အန်းကုန်းကျူးသည် သူမ၏မောင်အရင်း၏ပါးစပ်ကြောင့် ဆွံ့အသွားလေတော့သည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောကာ လက်လှမ်းပြီး ဒုတိယမင်းသားကို လိုက်ရိုက်လေတော့၏။ "ငါတို့ လင်မယားကြားကကိစ္စက နင့်အလုပ် မဟုတ်ပါဘူး"
ဒုတိယမင်းသားကလဲ ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်၏။ "သာ့ကျဲ ပြောတာမှန်ပါတယ်။ ကျွန်တော်က သာ့ကျဲတို့ လင်မယားကြားကကိစ္စကို မဆင်မခြင် ဝင်မစွက်ဖက်သင့်ပါဘူး"
ဒါကြောင့်လည်း ငါ့ရဲ့တသက်တာ အရေးကြီးကိစ္စကို နင်လဲ ပေါက်ကရလျှောက်ပြောဖို့ မလိုဘူး”
...