အခန်း (၁၁၂၉-၁၁၃၁)
Vol. 76 Ch. 1129-1131
အခန်း (၁၁၂၉) - မျိုးနွယ်စုကို သုတ်သင်၍ အာဏာကိုပြသခြင်း
ချီရွှယ်ဖုန်း၏ မျက်နှာထားမှာ ရုတ်တရက် အလွန် အရုပ်ဆိုးသွားလေသည်။
"ဩော်... မင်းက အဲဒီအဖြစ်အပျက်တွေ အကုန်လုံးကို မြင်ခဲ့တယ်ဆိုတော့ ဘာဖြစ်လဲ၊ ဒီကိုလာပြီး ငါ့ကို လှောင်ပြောင်ချင်တာလား"
ရွှယ်ဟွင်းသည် အလွန် ကြောက်လန့်သွားပြီး အလျင်အမြန် ခေါင်းခါလိုက်သည်။
"ကျွန်မ မလုပ်ရဲပါဘူး၊ တကယ်တမ်းကျတော့ ကျွန်မ ဒီကို လာခဲ့တာက ထိုက်ယင် နတ်ဘုရားမျိုးနွယ်နဲ့ အဆက်အသွယ် ဖြတ်တောက်ပြီးပြီမို့လို့ပါ"
"အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ ဟုတ်လား"
ချီရွှယ်ဖုန်းက အံ့သြသွားသည်။
"ဟုတ်ပါတယ်"
ရွှယ်ဟွင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပြန်လည်ပြောပြလိုက်သည်။ အမှန်တွင် သူမ ပြောပြရာတွင်မူ အပြစ်အားလုံးကို ကျုံးအန်းအန်းနှင့် မုကုချင်းတို့အပေါ်သို့ ပုံချခဲ့သည်။ သူမ ပြောပြပြီးနောက် လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားလေသည်။
"တကယ်ကြီး ကျိန်စာသင့်မြို့တော်မှာ သွားခိုလှုံချင်နေတာလား၊ အဲ့ကျုံးအန်းအန်း ရူးသွားပြီလား"
ချီစစ်ရှန်သည် မျက်နှာသေဖြင့် နားထောင်နေပြီး ရွှယ်ဟွင်း စကားဆုံးမှသာ လျစ်လျူရှုစွာ မေးလိုက်သည်။
"အဲ့လိုဆိုရင် မင်းက ဒီကိုလာပြီး ဘာလုပ်ချင်တာလဲ"
ရွှယ်ဟွင်း၏ မျက်လုံးထဲတွင် အေးစက်သော နာကြည်းမှုများ ဖြတ်သန်းသွားသည်။
"မျိုးနွယ်စုခေါင်းဆောင်၊ ဧည့်သည်တော်များရှင့်... ကျွန်မ အခုလို အခြေအနေ ရောက်နေရတာ အဲဒီ မုကုချင်း ဆိုတဲ့ ကောင်မစုတ်ကြောင့်ပါပဲ၊ အခု သူက လမ်းမှားရောက်ပြီး ကျင့်ကြံနေလို့ ဒဏ်ရာအကြီးအကျယ် ရထားတဲ့အတွက် ဘယ်လိုမှ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး၊ ကျွန်မက ထိုက်ယင်ရေကန်ရဲ့ ခံစစ်အစီအရင်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့အတွက် လမ်းပြပေးပြီး ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ပေးနိုင်ပါတယ်"
ရွှယ်ဟွင်း၏ စကားကို ကြားပြီးနောက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ လူများစွာသည် သူမကို ရွံရှာမှုနှင့် သတိထားမှုများ ရောပြွမ်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူမ၏ ယခုလုပ်ရပ်သည် အလွန် ယုတ်မာလွန်းလှသည်။ ကိုယ့်မျိုးနွယ်စုကို သစ္စာဖောက်ရုံတင်မကဘဲ ပြင်ပလူများနှင့် ပူးပေါင်းကြံစည်နေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော လူမျိုးကို လူအများက လေးစားမှုမရှိဘဲ ခပ်ဝေးဝေး နေချင်ကြသည်။ သို့သော် ချီစစ်ရှန်၏ မျက်လုံးများမှာမူ အရောင်လက်သွားလေသည်။
"ဩော်... တကယ်လား"
ရွှယ်ဟွင်းသည် ထပ်ခါတလဲလဲ ဦးညွှတ်လိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်... ကျွန်မက အခု ဒီလိုအခြေအနေ ရောက်နေပြီး ထိုက်ယင် နတ်ဘုရားမျိုးနွယ်နဲ့လည်း လုံးဝ အဆက်အသွယ် ပြတ်သွားပါပြီ၊ ကိစ္စပြီးရင် ကျွန်မကို လက်ခံပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"
ချီစစ်ရှန်သည် အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းပြီ... မင်းက ဒီလောက်တောင် ရိုးသားနေမှတော့ ကိစ္စပြီးရင် မင်းကို လက်ခံပေးရုံတင်မကဘူး ဧည့်သည်အကြီးအကဲအဖြစ်ပါ ခန့်အပ်ပေးမယ်"
ရွှယ်ဟွင်းက အလွန် ဝမ်းသာသွားသည်။
"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်၊ ကျေးဇူးတင်ပါတယ်"
ထိုအခြေအနေကို မြင်သောအခါ ချီရွှယ်ဖုန်းက အလျင်အမြန် ဝင်ပြောလိုက်သည်။
"အဖေ... ဒီခရီးစဉ်မှာ ကျွန်တော် လိုက်ပါရစေ၊ အဲဒီ အသုံးမကျတဲ့ မိန်းမတွေကို ကိုယ်တိုင် မသတ်ရရင် ကျွန်တော့်ရင်ထဲက အမုန်းတရားတွေ ပြေပျောက်နိုင်မှာ မဟုတ်ဘူး"
"ကောင်းပြီ"
ချီစစ်ရှန်က ခေါင်းညိတ် သဘောတူလိုက်သည်။ ထိုအချိန်တွင် ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်၏ ခေါင်းဆောင် ပိုင်တုက ပြောလိုက်သည်။
"ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ငါတို့ရဲ့ မဟာမိတ်အဖွဲ့ကို ဆန့်ကျင်နေမှတော့ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်အနေနဲ့လည်း တာဝန်မကင်းပါဘူး၊ ပိုင်ချီ..."
"တပည့် ရှိပါတယ်"
ရုပ်ရည်ချောမောသော်လည်း ပေါ့ပျက်ပျက်နိုင်သော လူတစ်ယောက် ရှေ့ထွက်လာသည်။
"မင်းလည်း သခင်လေးနဲ့အတူ လိုက်သွားလိုက်"
ပိုင်ချီ၏ မျက်နှာမှာ ဝင်းလက်သွားပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ"
သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ဝူထုန် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ရှုန်းရှောင်သည်လည်း အရည်အချင်းရှိသော လက်အောက်ငယ်သား တစ်ဦးကို စေလွှတ်လိုက်လေသည်။
မကြာမီပင် အစွမ်းထက်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးသွားပြီ ဖြစ်ကာ ချီရွှယ်ဖုန်းသည် မစောင့်နိုင်တော့ဘဲ ရွှယ်ဟွင်းကို ခေါ်ဆောင်၍ ထွက်ခွာသွားလေသည်။
သူတို့ ထွက်ခွာသွားသည်နှင့် ချီစစ်ရှန်သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝိုင်ခွက်ကို မြှောက်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ကဲ... အားလုံးပဲ သောက်ကြစို့"
လူအုပ်ကြီးသည် ဝိုင်ခွက်များကို မြှောက်လိုက်ကြသော်လည်း ယခုတစ်ကြိမ် သောက်သုံးရာတွင် လူအများစု၏ စိတ်ခံစားချက်များ ပြောင်းလဲသွားကြပြီ ဖြစ်သည်။
အထူးသဖြင့် အားနည်းသော အထက်တန်းလွှာ မိသားစုများသည် ယခုအချိန်တွင် အလွန် စိုးရိမ်ပူပန်ပြီး မနေတတ်မထိုင်တတ် ဖြစ်နေကြသည်။ အမြော်အမြင်ရှိသူ မည်သူမဆို ချီစစ်ရှန်၏ လုပ်ရပ်သည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို အပြစ်ပေးနေသည်ဟု ဆိုသော်လည်း အမှန်တွင် သူ၏ အာဏာကို ပြသနေခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင်နိုင်သောကြောင့် ဖြစ်သည်။
မီးနတ်ဘုရားအခန်းမအတွင်း ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီး ဆက်လက် ကျင်းပနေစဉ် ချီရွှယ်ဖုန်း ဦးဆောင်သော အဖွဲ့သည် အလွန် အစွမ်းထက်သည့် ပျံသန်းလှေကြီးကို စီးနင်းကာ ယခင်ကထက် ဆယ်ဆ ပိုမိုမြန်ဆန်သော နှုန်းဖြင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီသို့ ဦးတည်သွားနေလေသည်။ ယခင်က နေ့ဝက်ခန့် ကြာမြင့်ခဲ့သော ခရီးသည် ယခုအခါ တစ်နာရီကျော်မျှဖြင့် ထိုက်ယင်ရေကန်၏ အနီးအနားသို့ ရောက်ရှိလာခဲ့လေသည်။
ဤအချိန်တွင် ကာကွယ်ရေး အစီအရင်သည် မောက်မာစွာ မြင့်မားနေပြီး ထိုက်ယင်ရေကန် တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ ရွှယ်ဟွင်းသည် နာကြည်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လိုက်ခဲ့ကြပါ"
ထိုသို့ပြောပြီးသည်နှင့် သူမသည် လူတိုင်းကို အရှေ့တောင်ဘက် ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားလိုက်သည်။ ဤနေရာသည် ထူးခြားမှုမရှိဟု ထင်ရသော်လည်း ရွှယ်ဟွင်းမှာ ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် သီးခြား အမှတ်အသား တစ်ခုကို ညွှန်ပြလိုက်သည်။
"သခင်တို့... ဒီနေရာက ကာကွယ်ရေး အစီအရင် တစ်ခုလုံးရဲ့ အားအနည်းဆုံး နေရာပါပဲ၊ အစွမ်းကုန် တိုက်ခိုက်လိုက်ရင် အလွယ်တကူ ကွဲကြေသွားပါလိမ့်မယ်"
"ငါ လုပ်လိုက်မယ်"
ပိုင်ချီသည် စိတ်လှုပ်ရှားစွာ ရှေ့ထွက်လာပြီး လက်ထဲတွင် ဓားအလင်းရောင် တစ်ခုကို ဖန်တီးကာ ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။
ဂလစ်...
ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကာကွယ်ရေး အစီအရင်သည် ပြင်းထန်စွာ တုန်ခါသွားသော်လည်း ပြိုကျမသွားခဲ့ပေ။ ပိုင်ချီ၏ မျက်နှာ အရုပ်ဆိုးသွားပြီး အော်ဟစ်လိုက်သည်။
"ပွင့်စမ်းကွာ"
ထိုသြိုပြောရင်းနှင့် နောက်ထပ် ဓားတစ်ချက် ထပ်မံ ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ကာကွယ်ရေး အလင်းတန်းသည် ခဏမျှ တုန်ခါသွားပြီးနောက် ကျယ်လောင်သော အသံနှင့်အတူ ကွဲကြေပျက်စီးသွားခဲ့လေသည်။
"သွားကြစို့"
ချီရွှယ်ဖုန်းက အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးဝင်သွားသည်။ ကျန်လူများသည်လည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ သို့သော် ရွှယ်ဟွင်း ဝင်ရောက်သွားသည်နှင့် သူမ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားလေသည်။
"တောက်... သောက်ကျိုးနည်း..."
"ဘာဖြစ်လို့လဲ"
ချီရွှယ်ဖုန်းက လန့်သွားသည်။
"ဟိုကောင်မစုတ် ကျုံးအန်းအန်းနဲ့ တခြားလူတွေရဲ့ အရှိန်အဝါကို ငါ အာရုံခံလို့ မရတော့ဘူး"
ရွှယ်ဟွင်း၏ မျက်နှာသည် အလွန် အရုပ်ဆိုးနေသည်။
"မင်း ပြောချင်တာက အကုန်လုံး ထွက်ပြေးကုန်ပြီပေါ့"
ချီရွှယ်ဖုန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ကျုံးအန်းအန်းကို အလွန်အမင်း မုန်းတီးသူ ဖြစ်ရာ ဤစကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ သွားများပင် ယားလာလေသည်။ ရွှယ်ဟွင်းသည် ချီရွှယ်ဖုန်း၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ထိတ်လန့်သွားသည်။ သို့သော် ချက်ချင်းပင် သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။
"မဟုတ်ဘူး... မဟုတ်ပါဘူး၊ တစ်ယောက်တော့ မပြေးသေးဘူး"
သူမသည် စောင့်မနေတော့ဘဲ ရှေ့သို့ အလျင်အမြန် ပျံသန်းသွားလေသည်။ ချီရွှယ်ဖုန်းနှင့် အခြားသူများသည်လည်း သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကျွန်း၏ အထက်သို့ ရောက်ရှိသွားကြသည်။ ရွှယ်ဟွင်းသည် ရင်ပြင်အလယ်ရှိ ခန်းမဆောင်ကြီးဆီသို့ တည့်တည့် သွားလိုက်ပြီး တံခါးဝရောက်မှသာ အောက်သို့ ဆင်းသက်လိုက်သည်။
"ဘယ်သူ ရှိနေတာလဲ"
ချီရွှယ်ဖုန်းက လေးနက်သော အသံဖြင့် မေးလိုက်သည်။ ရွှယ်ဟွင်းက မထီမဲ့မြင် ရယ်မောလိုက်သည်။
"သေချာတာပေါ့... ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင် မုကုချင်းပဲ၊ ကျွန်မ ပြောသားပဲ. အဲ့လူက အသက်ငွေ့ငွေ့ပဲ ကျန်တော့တာ၊ အသက်ဆက်ဖို့ ထိုက်ယင်ရေကန်ကို မှီခိုနေရတာဆိုတော့ ဘယ်လိုမှ ထွက်ပြေးလို့ မရနိုင်ပါဘူးလို့"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။ ချီရွှယ်ဖုန်းနှင့် ပိုင်ချီတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူမနောက်မှ လိုက်ပါ ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် ကျယ်ပြန့်သော ထိုက်ယင် နတ်ဘုရားဆောင်ကြီးသည် အလွန် တိတ်ဆိတ်ခြောက်ကပ်နေလေသည်။ ခန်းမအလယ်ရှိ စင်မြင့်ပေါ်တွင် တရားထိုင်နေသော အမျိုးသမီးတစ်ဦး အမှန်တကယ် ရှိနေသည်။ ထိုသူမှာ မုကုချင်း ဖြစ်ပေသည်။
သူမကို မြင်လိုက်ရသောအခါ ရွှယ်ဟွင်းသည် အောင်နိုင်သူအဖြစ် ကျယ်လောင်စွာ ရယ်မောလိုက်သည် -
"မုကုချင်း... ရှင် တကယ် မပြေးဘူးပဲ"
မုကုချင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် သူမ၏ အရှိန်အဝါသည် ပိုမို ညှိုးနွမ်းလာပြီး မျက်လုံးများပင် မှေးမှိန်နေပြီ ဖြစ်သည်။ ပထမ အကြည့်တွင် သူမသည် ယခင်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ ဟန်ပန်အမူအရာများ မရှိတော့ဘဲ သာမန်လူတစ်ယောက်နှင့် မခြားနားတော့ပေ။
ရွှယ်ဟွင်း၏ ဝင့်ကြွားနေသော မျက်နှာထားကို မြင်သောအခါ မုကုချင်းသည် အံ့သြခြင်းမရှိဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။
"နောက်ဆုံးတော့... နင်တို့ ရောက်လာပြီပဲ"
"စကားအများကြီး ပြောမနေနဲ့၊ မင်းရဲ့ တပည့် ကျုံးအန်းအန်းနဲ့ တခြားလူတွေ ဘယ်မှာလဲ"
ချီရွှယ်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ မုကုချင်းသည် ခေါင်းခါလိုက်သည်။
"ရှင်တို့ နောက်ကျသွားပြီ၊ သူတို့ ထွက်သွားတာ သုံးနာရီလောက် ရှိပြီဆိုတော့ အခုလောက်ဆို ကျိန်စာသင့်မြို့တော် နယ်မြေထဲကို ရောက်လောက်ပြီ"
ထိုစကားကို ကြားသောအခါ ချီရွှယ်ဖုန်းက ဒေါသပေါက်ကွဲသွားသည်။
"ကောင်မစုတ်... မင်းက အစကတည်းက ကြံစည်ထားတာကိုး၊ သူတို့ ထွက်ပြေးသွားပြီဆိုတော့ မင်းက သူတို့ရဲ့ ဆရာအနေနဲ့ အရင်ဆုံး အသက်ပေးဆပ်လိုက်တော့…”
အခန်း (၁၁၃၀) - အမျိုးသမီး တစ်ယောက် ဖြစ်ပေမဲ့... ကျွန်မ ဘယ်တော့မှ အရှုံးမပေးဘူး
ထိုသို့ပြောပြီးသည်နှင့် ချီရွှယ်ဖုန်းသည် သူ၏ နတ်ဘုရားစွမ်းအားကို ထုတ်သုံးကာ တည့်တည့် တိုးဝင်တိုက်ခိုက်လိုက်လေသည်။
သာမန်အခြေအနေမျိုးတွင် ဆိုလျှင် မုကုချင်းကဲ့သို့ အစွမ်းထက်သော မျိုးနွယ်စုခေါင်းဆောင် တစ်ဦးကို တိုက်ခိုက်ရန် သူ လုပ်ရဲမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် မုကုချင်းသည် မီးငြိမ်းခါနီး ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေသည်ကို လူအများက ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူ နာမည်ကျော်ကြားစေရန်အတွက် စိတ်ချရပြီး ထိရောက်သော ဤအခွင့်အရေးကို သူ လက်လွှတ်ခံမည် မဟုတ်ပေ။
သို့သော် သူ လမ်းခုလတ်သို့ ရောက်သောအခါ တောက်ပသော ဓားအလင်းရောင် တစ်ခုသည် ရုတ်တရက် ပျံသန်းထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းတည့်တည့်သို့ ပိုင်းချရန် ပြေးဝင်လာလေသည်။ ဓားအလင်းရောင်၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် လူအများအပြားသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြပေ။
ရွှယ်ဟွင်းမှာ ကြောက်လန့်လွန်း၍ လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။ အကယ်၍ ချီရွှယ်ဖုန်းသာ ဤနေရာမှာ သေသွားခဲ့လျှင် သူမလည်း အတူတူ လိုက်သေရပေလိမ့်မည်။ ထို့ကြောင့် သူမသည် အန္တရာယ်ကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ ပြေးဝင်သွားပြီး ချီရွှယ်ဖုန်းကို ဘေးဘက်သို့ တွန်းထုတ်လိုက်လေသည်။
ဂလစ်...
ဓားသည် ရွှယ်ဟွင်း၏ လက်တစ်ဖက်ကို ဖြတ်တောက်ပြီးနောက် မုကုချင်း၏ ရှေ့သို့ ပြန်လည် ရောက်ရှိသွားလေသည်။ ချီရွှယ်ဖုန်းသည် ကြောက်လန့်၍ ချွေးစေးများ ထွက်နေသည်မှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ လွတ်မြောက်သွားသည်။
သို့သော် ထိခိုက်မှု မရှိလေ သူ ပိုမို ကြောက်ရွံ့လေ ဖြစ်လာပြီး ဒေါသနှင့် ထိတ်လန့်မှု ရောပြွမ်းကာ အော်ဟစ်လိုက်သည်။
"မင်း... မင်းက ဒဏ်ရာအကြီးအကျယ် ရနေတာ မဟုတ်ဘူးလား"
ဓားချက် လွဲချော်သွားသည်ကို မြင်သောအခါ မုကုချင်း၏ ဖြူဖပ်ဖြူရော် မျက်နှာသည် ပိုမို အရောင်ကင်းမဲ့သွားပြီး အဆုံးတွင် စက္ကူဖြူကဲ့သို့ ဖြူဆွတ်သွားလေသည်။ သူမ တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ... တကယ် နှမြောစရာ ကောင်းလိုက်တာ"
ထို့နောက် သူမသည် နာကျင်မှုကြောင့် ချွေးများဖြင့် ရွှဲနှစ်နေပြီး လက်ပြတ်သွားသော ရွှယ်ဟွင်းကို မော့ကြည့်လိုက်သည်။
"ကိုယ့်မျိုးနွယ်စုကို သစ္စာဖောက်ပြီး အခုလို တန်ကြေးပေးဆပ်ရတာ တကယ်ပဲ ထိုက်တန်ရဲ့လား၊ နင် ဘာပဲလုပ်လုပ် သူတို့မျက်လုံးထဲမှာ ခွေးတစ်ကောင်ထက် မပိုဘူးဆိုတာ မသိဘူးလား"
ရွှယ်ဟွင်းသည် နာကျင်မှုကြောင့် အနည်းငယ် တုန်ရီနေသော်လည်း နာကြည်းစွာ ပြန်အော်လိုက်သည်။
"ငါ့ကို လာဆရာလုပ်မနေနဲ့... မုကုချင်း၊ ဒီနေ့ နင် သေရတော့မှာ"
သူမ ထိုသို့ ပြောသော်လည်း ရှေ့သို့ ခြေတစ်လှမ်းပင် မတိုးရဲတော့ပေ။ ပစောက ဓားချက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် သူမတွင် နောက်ထပ် ဝှက်ဖဲများ ရှိမရှိ မည်သူ သိနိုင်မည်နည်း။
ချီရွှယ်ဖုန်းသည်လည်း ကြောက်ရွံ့မှု အနည်းငယ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"အားလုံး အတူတူ တိုက်ကြ၊ ဒီမိန်းမ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ငါ ကြည့်ချင်သေးတယ်"
"သခင်လေးချီ... ခဏလောက် နေပါဦး"
ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်မှ ပိုင်ချီသည် ရှေ့သို့ ထွက်လာသည်။ သူသည် မုကုချင်း၏ ဘေးပတ်လည်တွင် ဝဲပျံနေသော ဓားရှည်ကို မနာလိုအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် မျက်နှာထားကို ပြန်လည် ပြင်ဆင်ကာ ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ဓားကောင်းတစ်လက်ပါပဲ၊ ကျော်ကြားလှတဲ့ မျိုးနွယ်စုခေါင်းဆောင်မု ဆီမှာ ဒီလောက်ကောင်းတဲ့ ဓားသိုင်းပညာ ရှိနေသေးမယ်လို့ ကျွန်တော် ထင်မထားမိဘူး"
မုကုချင်းသည် ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေပြီး ခဏကြာမှ လျစ်လျူရှုစွာ မေးလိုက်သည်။
"နင်က ဘယ်သူလဲ"
"ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်က ပိုင်ချီပါ၊ မျိုးနွယ်စုခေါင်းဆောင်မုကို ဂါရဝပြုပါတယ်"
ပိုင်ချီက အနည်းငယ် ဦးညွှတ်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်... ဟက်"
မုကုချင်းသည် တိုးညင်းစွာ ရယ်မောလိုက်သော်လည်း မျက်ခုံးများ အနည်းငယ် ကြုတ်သွားသည်ကို ကြည့်လျှင် သူမသည် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ် သည်းခံနေရကြောင်း သိသာလှသည်။
ချီရွှယ်ဖုန်းနှင့် အခြားသူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲမှ ဝမ်းသာမှုကို တစ်ယောက် မြင်တွေ့လိုက်ကြသည်။ မုကုချင်းသည် သေချာပေါက် ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ ပိုင်ချီသည် ကိုယ်ချင်းစာဟန်ဆောင်ပြီး သက်ပြင်းချလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်မု... ခင်ဗျားက တစ်ချိန်တုန်းက အစွမ်းထက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တဲ့သူပါ၊ အခုလို အခြေအနေမျိုး မြင်ရတာ တကယ်ပဲ ဝမ်းနည်းစရာ ကောင်းပါတယ်၊ ကျွန်တော် ခင်ဗျားအတွက် စိတ်မကောင်းဖြစ်မိပါတယ်"
မုကုချင်းသည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ပိုင်ချီသည် သူမ၏ ဓားရှည်ကို တပ်မက်စွာ ကြည့်လိုက်ပြီး ဖျော့တော့စွာ ပြောလိုက်သည်။
"တကယ်တော့ ခင်ဗျား အခုချိန်ထိ တောင့်ခံထားနိုင်တာက အံ့ဖွယ်ရာပဲ၊ ဒီလိုလုပ်ပါလား... အဲဒီ ဓားရှည်ကို ကျွန်တော့်ဆီ ပေးလိုက်မယ်ဆိုရင် စစ်သည်တော် တစ်ယောက်နဲ့ ထိုက်တန်တဲ့ ဆက်ဆံမှုကို ပေးပါ့မယ်၊ ခင်ဗျားကို နှိပ်စက်ညှဉ်းပန်းတာတွေ မလုပ်ဘဲ ကောင်းကောင်းမွန်မွန် သေဆုံးခွင့် ပေးမယ်လေ... ဘယ်လိုသဘောရလဲ"
အမှန်တွင် ပိုင်ချီသည် ဝင်ရောက်လာကတည်းက မုကုချင်း၏ ဒူးရှေ့တွင် ရှိနေသော ဓားရှည်ကို မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်မှ ဆက်ခံသူ တစ်ဦးအနေဖြင့် သူ၏ ကျင့်ကြံမှုအဆင့် (Cultivation Level) သည် သေဆုံးသွားသော ပိုင်ချုံးကို မယှဉ်နိုင်သော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်။ ထိုဓားရှည်သည် သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သိရှိသည်။
ထို့ကြောင့် ယခုအချိန်တွင် စာနာသနားဟန် ဆောင်နေခြင်း ဖြစ်သည်။ မုကုချင်းသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် တိုးညင်းစွာ ရယ်မောလိုက်သည်။
"အစွမ်းထက်တဲ့သူ တစ်ယောက်နဲ့ ထိုက်တန်တဲ့ ဆက်ဆံမှု ဟုတ်လား"
"ဟုတ်ပါတယ်"
"ဒါပေမဲ့ အစွမ်းထက်တဲ့သူ တစ်ယောက်နဲ့ ထိုက်တန်တဲ့ နိဂုံးဆိုတာ တိုက်ပွဲမြေပြင်မှာ ကျဆုံးခြင်း မဟုတ်ဘူးလား"
မုကုချင်းက အေးစက်စွာ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ပိုင်ချီ၏ မျက်နှာ မဲမှောင်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်မု... ခင်ဗျားကို လေးစားလို့ ကျွန်တော် ဒီလို ပြောနေတာပါ၊ ပြီးတော့ ခင်ဗျား သေသွားရင်လည်း ဒီဓားရှည်က ကျွန်တော့်လက်ထဲ ရောက်လာမှာပဲလေ၊ ဒါကြောင့် အခုကတည်းက ပေးလိုက်တော့ ခင်ဗျား နာကျင်မှု သက်သာတာပေါ့၊ မဟုတ်ရင်..."
ပိုင်ချီသည် မုကုချင်း၏ နွမ်းနယ်နေသော်လည်း ရင်သပ်ရှုမောဖွယ် လှပနေဆဲဖြစ်သော ပါးပြင်များကို ကြည့်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
"ဂုဏ်သိက္ခာမဲ့တဲ့ ဆက်ဆံမှုမျိုး မခံရဘူးလို့ ကျွန်တော် အာမမခံနိုင်ဘူးနော်"
သူ၏ စကားကြောင့် ချီရွှယ်ဖုန်းနှင့် လူအုပ်ကြီးကြားတွင် လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
"ဟုတ်တယ်... ငြိမ်ငြိမ်လေး အညံ့ခံလိုက်၊ အဲ့တာဆို နာကျင်တာသက်သာလိမ့်မယ်"
မုကုချင်းသည် လှောင်ပြောင်သံများကြားတွင် မုကုချင်း ရုတ်တရက် ရယ်မောလိုက်ပြီး ရွှယ်ဟွင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မြင်လား... ဒါ နင် အရမ်း ဝင်ချင်နေတဲ့ နတ်ဘုရားမျိုးနွယ်ပဲ၊ သူတို့မျက်လုံးထဲမှာ ငါတို့က ကစားစရာထက် မပိုပါဘူး"
ရွှယ်ဟွင်းသည် မျက်နှာပျက်သွားသော်လည်း ကြောက်ရွံ့မှုကို ဖုံးကွယ်ပြီး ရက်စက်စွာ ပြန်ပြောလိုက်သည်။
"မုကုချင်း... စကားတွေ အများကြီး ပြောမနေနဲ့၊ အခု သခင်ကြီးတွေဆီမှာ အညံ့ခံလိုက်ရင် အချိန်မနှောင်းသေးဘူး"
"အညံ့ခံရမယ် ဟုတ်လား"
မုကုချင်းသည် ခေါင်းခါပြီး တိုးညင်းစွာ ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။
"ငါက အမျိုးသမီး တစ်ယောက် ဖြစ်ပေမဲ့ ဂုဏ်သိက္ခာမရှိပဲ နေထိုင်ဖို့နဲ့ တစ်စုံတစ်ယောက်ရဲ့ လက်အောက်မှာ ကျွန်ခံဖို့ လုံးဝ ငြင်းဆန်တယ်"
"ရှင်..."
ရွှယ်ဟွင်းက ဒေါသထွက်သွားသည်။ ထိုအချိန်တွင် မုကုချင်းသည် ဓားကို အားပြုလျက် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ သူမသည် ရှိနေသူ အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ဓားကို ရှေ့သို့ ချိန်ရွယ်ကာ တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။
"အားလုံး တပြိုင်နက်တည်း လာခဲ့ကြ"
"သေချင်နေတာပဲ"
ပိုင်ချီသည် စိတ်မထိန်းနိုင်တော့ဘဲ ဦးစွာ ပြေးဝင်သွားသည်။ သူသည် မုကုချင်း လက်ထဲမှ ဓားကို အလွန်အမင်း တပ်မက်နေသဖြင့် တုံ့ဆိုင်းမနေတော့ပေ။ သို့သော် သူ လမ်းတစ်ဝက်သို့ ရောက်သောအခါ မုကုချင်းသည် လက်ကိုမြှောက်ပြီး ဓားချက်တစ်ခု ထုတ်လွှတ်လိုက်သည်။
ဝုန်း...
တောက်ပသော ဓားအလင်းရောင် တစ်ခုသည် ပိုင်ချီထံသို့ တည့်တည့် ပြေးဝင်လာပြီး သူ၏ ထွက်ပြေးလမ်းကြောင်း အားလုံးကို ချက်ချင်း ပိတ်ဆို့လိုက်လေသည်။ ပိုင်ချီက အလွန်အမင်း ထိတ်လန့်သွားသည်။
"မဖြစ်နိုင်တာ"
သို့သော် ဓားချက်သည် သူ့ထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်ရာ ပိုင်ချီအနေဖြင့် သူ၏ ဓားဆန္ဒကို လှုံ့ဆော်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ဓားအလင်းရောင် တစ်ခုသည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်သည်။
ဘန်း...
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ပိုင်ချီ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ သူသည် အော်ဟစ်လျက် နောက်သို့ လွင့်စဉ်သွားလေသည်။ သူ မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ သူ၏ အဝတ်အစားများသည် ဓားအလင်းရောင်ကြောင့် စုတ်ပြဲနေပြီး သေစေနိုင်သော ဒဏ်ရာမှ သီသီလေး လွတ်မြောက်ခဲ့ရသည်။
ထိုမြင်ကွင်းသည် လူတိုင်းကို မှင်သက်သွားစေသည်။ ပိုင်ချီသည် ပိုမို ဒေါသထွက်လာသော်လည်း မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များလည်း ပေါ်လာသည်။ အကယ်၍ သူသာ လျင်မြန်စွာ ရှောင်တိမ်းခြင်း မပြုခဲ့လျှင် ထိုဓားချက်သည် သူ့အသက်တစ်ဝက်ကို ယူသွားပေလိမ့်မည်။
သို့သော် ထိုအချိန်၌ မုကုချင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာပြီးနောက် သွေးတစ်ပွက် အန်ချလိုက်ပြန်သည်။ ထို့အပြင် သွေးများထဲတွင် သူမ၏ အတွင်းကလီစာ အပိုင်းအစများ ပါဝင်နေသဖြင့် ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။
ထိုအခြေအနေကို မြင်သောအခါ ပိုင်ချီနှင့် အခြားသူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"သူတော့ သွားပြီ... အားလုံး အတူတူ တိုက်ကြ"
ထိုသို့ပြောပြီးသည်နှင့် သူတို့အားလုံး ရှေ့သို့ ပြေးဝင်သွားကြသည်။ သူတို့အမြင်တွင် ဤတိုက်ခိုက်မှုသည် သေချာပေါက် အောင်မြင်ပေလိမ့်မည်။
သို့သော် ထိုအချိန်မှာပင် သေလုနီးပါး ဖြစ်နေပြီး ရှုံးနိမ့်တော့မည့် အရှိန်အဝါများ ထွက်ပေါ်နေသော မုကုချင်း၏ မျက်လုံးထဲတွင် တောက်ပသော အေးစက်သည့် အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး သူမ၏ စွမ်းအားအရှိန်အဝါသည် ချက်ချင်း မြင့်တက်လာလေသည်။
"မကောင်းတော့ဘူး..."
ပိုင်ချီနှင့် အခြားသူများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်ကြသည်။
အခန်း (၁၁၃၁) - စစ်မြေပြင်တွင် အသက်ပေးသွားခြင်း
သို့သော် မုကုချင်းသည် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူမသည် ခေါင်းကိုသာ ငုံ့လိုက်ပြီး လက်ထဲရှိ ဓားကိုကြည့်ကာ တိုးညင်းစွာ ရယ်မောလိုက်သည်။
"မိတ်ဆွေဟောင်းရေ... နှုတ်ဆက်ပါတယ်၊ အန်းအန်းဆီ ရောက်တဲ့အခါ သူ့ကို ကောင်းကောင်း ကာကွယ်ပေးနော်"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ရုတ်တရက် ပြင်းထန်စွာ ဟစ်ကြွေးလိုက်ပြီး လက်ကို မြှောက်ကာ ဓားကို ပစ်လွှတ်လိုက်သည်။ ဓားရှည်သည် ငိုကြွေးနေသကဲ့သို့ စူးရှစွာ အော်မြည်လိုက်ပြီးနောက် လေဟာနယ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။
ထိုအခြေအနေကို မြင်သောအခါ ပိုင်ချီ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မကျေမနပ်ဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ကောင်မစုတ်... မင်း လုပ်ရဲတယ်ပေါ့"
ထိုအခါမှသာ မုကုချင်းသည် သူမ၏ ဝိညာဉ်ကို လောင်ကျွမ်းစေပြီး ဓားရှည်ကို လေဟာနယ်မှတစ်ဆင့် ပို့ဆောင်လိုက်ကြောင်း သူ သဘောပေါက်သွားလေသည်။ ဤလုပ်ရပ်ကြောင့် သူ၏ ကောက်ကျစ်သော အစီအစဉ်များ အားလုံး ပျက်စီးသွားခဲ့ရလေသည်။
"ငါ မင်းကို အရှက်ခွဲပစ်မယ်"
ပိုင်ချီသည် စိတ်ဖောက်ပြန်သကဲ့သို့ အော်ဟစ်လိုက်ပြီး ရှေ့သို့ ပြေးဝင်ရန် ပြင်လိုက်သည်။ မုကုချင်းသည် လူတိုင်းကို လျစ်လျူရှုစွာ ကြည့်လိုက်ပြီး ရွှယ်ဟွင်းကို အေးစက်စွာ ပြုံးပြလိုက်သည် -
"နင် နောင်တရမယ့်နေ့ကို ငါ စောင့်မျှော်နေမယ်"
ထို့နောက် သူမသည် ခုန်တက်လိုက်ပြီး အဆုံးသတ်ရန် ဆုံးဖြတ်ထားသည့် ဟန်ပန်ဖြင့် အလွန်အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် စိမ့်စမ်းမျက်လုံးထဲသို့ ဒိုင်ဗင်ထိုးချလိုက်လေသည်။
"သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်... တားကြ"
ရွှယ်ဟွင်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ချီရွှယ်ဖုန်း၊ ပိုင်ချီနှင့် အခြားသူများသည် မုကုချင်းကို တားဆီးရန် လှုပ်ရှားလိုက်ကြသည်။ သို့သော် အရာအားလုံး နောက်ကျသွားခဲ့ချေသည်။ မုကုချင်းသည် အရာအားလုံးကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုများ ရောက်မလာခင်မှာပင် သူမသည် အရှိန်မြှင့်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ရေကန်မျက်လုံးထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူမ၏ ကျဆင်းမှုသည် ရေတွင်းထဲတွင် လှိုင်းဂယက် အနည်းငယ်မျှပင် မဖြစ်ပေါ်စေဘဲ အေးစက်သော အငွေ့အသက်များသာ ဆက်လက် ပျံတက်နေလေသည်။
"သေ... သေသွားပြီလား"
ချီရွှယ်ဖုန်းမှာ အံ့သြတကြီး မေးလိုက်သည်။ ရွှယ်ဟွင်းသည် မြှောက်ပင့်လိုသော အမူအရာဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"သခင်လေး ရွှယ်ဖုန်း၊ သခင်လေးနဲ့ တခြား ဂုဏ်သရေရှိ သခင်ကြီးတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ဒီမုကုချင်းက အပြစ်ကြီးကျူးလွန်ထားမှန်း သိလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါပြီ၊ သူ့ဝိညာဉ်လည်း လုံးဝ ပျက်စီးသွားပါပြီ"
ဖြောင်း...
ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ချီရွှယ်ဖုန်းက ဒေါသတကြီး ပြောလိုက်သည်။
"ငတုံးမ... ငါက သူ့ကို အရှင်ဖမ်းချင်တာ၊ အခု သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကို မင်းက ပျော်နေတာလား"
ရွှယ်ဟွင်းသည် ပါးရိုက်ခံလိုက်ရသဖြင့် ယိုင်နဲ့သွားသော်လည်း တစ်စုံတစ်ရာ ခုခံရန် မရဲပေ။ သူမသည် ပါးပြင်ကို လက်ဖြင့်အုပ်ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောရှာသည်။
"ဟုတ်... ဟုတ်ကဲ့ပါ သခင်လေး... စိတ်လျော့ပါ၊ ကျွန်မ မှားပါတယ်"
"သူ တကယ် သေသွားပြီလား"
ပိုင်ချီသည် မယုံသင်္ကာ ဖြစ်နေသေးသည်။
ရွှယ်ဟွင်းက အလျင်အမြန် ပြောလိုက်သည်။
"ဒါက ခေတ်အဆက်ဆက် မပြောင်းလဲတဲ့ ထိုက်ယင်စိမ်းစမ်း မျက်လုံးပါ၊ မုကုချင်း မပြောနြဲ ဘုရင်အဆင့်၊ ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားအဆင့်တွေ ဝင်သွားရင်တောင် ဝိညာဉ်ပါမကျန် ပျက်စီးသွားတာပါ၊ ဒါကြောင့် သူ သေချာပေါက် သေသွားပါပြီ"
သူတို့ မကျေမနပ် ဖြစ်နေကြသော်လည်း အခြေအနေမှာ ဤအထိ ရောက်နေပြီဖြစ်ရာ ချီရွှယ်ဖုန်း၊ ပိုင်ချီနှင့် အခြားသူများသည် လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ ကျန်ရစ်သော ရတနာများစွာ ရှိနေသေးသဖြင့် ပြန်လည်တင်ပြသည့်အခါ လက်ခံနိုင်ဖွယ်ရာ အစီရင်ခံစာ ဖြစ်နိုင်သေးသည်။
ချီရွှယ်ဖုန်းနှင့် လူအုပ်စုသည် ထိုက်ယင်ရေကန်မှ ရတနာများကို လုယက်နေကြစဉ် စကြဝဠာ အရပ်လေးမျက်နှာနှင့် ကျိန်စာသင့်မြို့တော်ကြားရှိ နယ်မြေတွင် ကျုံးအန်းအန်းနှင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူအုပ်စုသည် အလျင်အမြန် ခရီးနှင်နေကြလေသည်။ ခရီးတစ်လျှောက်လုံးတွင် နောက်မှ လိုက်လာသူများ မီသွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် တစ်ခဏမျှပင် မနားရဲကြပေ။
ကံကောင်းစွာဖြင့် ယခုအခါ သူတို့သည် ကျိန်စာသင့်မြို့တော်၏ နယ်နိမိတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ လူအုပ်စုသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။
သို့သော် ထိုအချိန်တွင် သူတို့အပေါ်ရှိ လေဟာနယ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီးနောက် ဓားအလင်းရောင် တစ်ခု ပျံသန်းထွက်ပေါ်လာကာ လူအုပ်စုကို အရှိန်ပြင်းစွာဖြင့် လှည့်ပတ်လိုက်လေသည်။
လူတိုင်း လန့်ဖျပ်သွားကြသည်။ ထို့နောက် ဓားအလင်းရောင်သည် လူအုပ်စု၏ ရှေ့၊ ကျုံးအန်းအန်း၏ ဘေးသို့ ပျံသန်းရောက်ရှိလာပြီး တစ်ပတ်လှည့်ကာ ဝမ်းနည်းပက်လက် အော်မြည်သံကို ပြုလုပ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထိုဓားကို မြင်လိုက်ရသောအခါ ကျုံးအန်းအန်း တုန်လှုပ်သွားပြီး သူမ၏ မျက်နှာသည် ချက်ချင်း စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
"ဒါ... ဒါ ဆရာသခင်ရဲ့ ဓားပဲ"
ထို့နောက် သူမသည် မုကုချင်းနှင့် ရှိနေသော ဖျော့တော့သည့် ဆက်နွယ်မှု လုံးဝ ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။ ဤအချက်သည် ကျုံးအန်းအန်းအတွက် ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမသည် မလှုပ်မယှက် ရပ်တန့်သွားလေသည်။
ထိုအချိန်တွင် အကြီးအကဲများလည်း ထိုဓားကို မှတ်မိသွားကြပြီး မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
"မျိုးနွယ်စုခေါင်းဆောင်၊ မျိုးနွယ်စုခေါင်းဆောင်ဟောင်း... သူ..."
ကျုံးအန်းအန်းသည် တုန်ရီစွာဖြင့် ဓားရှည်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် သွေးနှင့်မျက်ရည်များ ရောပြွမ်လျက် ပြောလိုက်သည်။
"ဆရာသခင်... သူ ဆုံးသွားပါပြီ"
ကျုံးအန်းအန်း၏ ကြေညာချက်သည် သာယာနေသော နေ့ခင်းကြောင်တောင် မိုးကြိုးပစ်လိုက်သကဲ့သို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူတိုင်းကို တုန်လှုပ်သွားစေသည်။ ထို့နောက် သူတို့အားလုံး ကျယ်လောင်စွာ ငိုကြွေးလိုက်ကြလေသည်။
"မျိုးနွယ်စုခေါင်းဆောင်ဟောင်း..."
"မျိုးနွယ်စုခေါင်းဆောင်မု..."
ကျုံးအန်းအန်းသည် ငိုကြွေးသံများကြားတွင် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ သူမ ဒူးထောက်လိုက်သောအခါ သူမနောက်မှ လူတိုင်းသည်လည်း ဒူးထောက်လိုက်ကြလေသည်။
ယခုအချိန်တွင် ကျုံးအန်းအန်း၏ မျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူမသည် အမြဲတမ်း တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသော အမျိုးသမီး ဖြစ်သည်။ ငိုကြွေးခြင်းသည် အဓိပ္ပာယ်မရှိဘဲ မည်သည့်အရာကိုမျှ အထောက်အကူမပြုဟု ယုံကြည်ထားသူ ဖြစ်သည်။ သို့သော် ယခု သူမသည် မျက်ရည်များ စီးကျလာခြင်းကို မတားဆီးနိုင်တော့ပေ။
ပတ်ဝန်းကျင်ရှိ လူများသည်လည်း တိတ်တဆိတ် ရှိုက်ငိုနေကြသည်။ သို့သော် မကြာမီ ကျုံးအန်းအန်းသည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ပြတ်သားသော အလင်းရောင်များ တောက်ပလာသည်။
"ငိုတာ ရပ်လိုက်ကြတော့၊ ဆရာသခင် မရှိတော့ဘူး၊ အခု ငါတို့ လုပ်နိုင်တာက..."
ကျုံးအန်းအန်းသည် လူတိုင်းကို လှည့်ကြည့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
"သူ့အတွက် လက်စားချေပေးဖို့ပဲ၊ ဘာလို့လဲဆိုတော့ ရန်သူတွေရဲ့ သွေးက မျက်ရည်တွေထက် ငါတို့ကို ပိုပြီး နှစ်သိမ့်မှု ပေးနိုင်လို့ပဲ၊ နားလည်လား"
"နားလည်ပါတယ်"
လူတိုင်းသည် တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။ ထိုအချိန်တွင် ကျုံးအန်းအန်းသည် သူမ၏ အဖြူရောင် ဝတ်ရုံစွန်းကို ဆွဲဖြဲလိုက်ပြီး နဖူးစည်းအဖြစ် စည်းနှောင်လိုက်သည်။ သူမ၏ ဦးဆောင်မှုနောက်သို့ လိုက်၍ ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အဖွဲ့ဝင်အားလုံးသည်လည်း ဝတ်ရုံစွန်းများကို ဆွဲဖြဲကာ ခေါင်းတွင် စည်းနှောင်လိုက်ကြသည်။
တစ်ခဏအတွင်း လူအုပ်စုတစ်ခုလုံးသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားလေသည်။
ကျုံးအန်းအန်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး လေထဲတွင် ဝဲပျံနေသော ဓားကို ဆုပ်ကိုင်လိုက်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။
"ထွက်ခွာကြမယ်"
မျိုးနွယ်စုဝင် အားလုံး၏ မျက်လုံးများတွင် အရိုးထဲထိ အေးစက်သော အကြည့်များဖြင့် ပြည့်နှက်နေပြီး တိတ်တဆိတ် ရှေ့ဆက် လျှောက်လှမ်းလိုက်ကြသည်။ သူတို့သည် ငရဲမှ ထွက်ပေါ်လာသော စစ်တပ်တစ်တပ်ကဲ့သို့ ချီတက်လာကြပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ဆူပွက်နေလေသည်။
ကျိန်စာသင့်မြို့တော်...
ယနေ့သည် သုံးရက်မြောက်နေ့ ဖြစ်သော်လည်း ကျိန်စာသင့်မြို့တော် တစ်ခုလုံးသည် အေးစက်ပြီး ခြောက်ကပ်နေသည်။ သာမန်အင်အားစုများ နေနေသာသာ အထက်တန်းလွှာ မျိုးနွယ်စု တစ်ခုမှပင် ရောက်မလာခဲ့ပေ။
ထိုမြင်ကွင်းသည် လူများစွာကို နှုတ်ဆိတ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း ၎င်း၏ အဓိပ္ပာယ်ကို နားလည်ကြသောကြောင့်ဖြစ်သည်။
ဆယ်ရက်တာ ကတိတွင် သုံးရက် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း သတင်းစကား ပျံ့နှံ့သွားသည်မှာ သေချာသော်ငြား တစ်ယောက်မှ ရောက်မလာခဲ့ပေ။ အထက်တန်းလွှာ မျိုးနွယ်စုတိုင်းသည် ပွဲကြည့်ပရိသတ် လုပ်နေကြကြောင်း ရှင်းလင်းနေသည်။ အထူးသဖြင့် ချူရှောင်ယွင်သည် အရပ်ရပ်မှ အထက်တန်းလွှာများ စုဝေးနေကြသည်ဟု ကြားသိရသဖြင့် သူမ၏ စိုးရိမ်ပူပန်မှုများ ပိုမို ပြင်းထန်လာခဲ့သည်။
သို့သော် သူမနှင့် မတူဘဲ ရွှယ်အန်းသည် ဤသုံးရက်ကို အေးအေးလူလူ ကုန်ဆုံးခဲ့လေသည်။ သူသည် လုပ်စရာမရှိသည့်အခါ သူ့သမီးများနှင့်အတူ ဂိမ်းကစားခြင်း၊ မုန့်စားခြင်းများ ပြုလုပ်လေ့ရှိပြီး အန်းယန်နှင့်လည်း ရင်းနှီးစွာ စကားစမြည် ပြောဆိုလေ့ရှိသည်။ သူ့ထံတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် လုံးဝ မတွေ့ရပေ။
ထိုအခြေအနေကို မြင်သောအခါ ချူရှောင်ယွင်သည် ရယ်ချင်သလိုလို၊ စိတ်ပျက်သလိုလို ဖြစ်ရသည်။ ရွှယ်အန်းသည် မည်သည့်အခါမျှ အလျင်လိုတတ်ပုံ မရကြောင်း သူမ ရုတ်တရက် သတိထားမိလိုက်သည်။
သခင်ကြီးက ဆုံးဖြတ်ချက် တစ်ခုခု ချပြီးသား ဖြစ်နေလို့များလား...
ချူရှောင်ယွင်သည် စိတ်ထဲတွင် တွေးတောနေမိသည်။ သို့သော် သူမသည် မမေးရဲသဖြင့် မေးခွန်းများကို ရင်ထဲတွင်သာ သိမ်းထားလိုက်သည်။
ယနေ့တွင် ကျိန်စာသင့်မြို့တော်၏ တံခါးဝများသည် ယခင်ကကဲ့သို့ပင် ခြောက်ကပ်နေသည်။ ချူရှောင်ယွင်သည် မြို့စားအိမ်တော်တွင် ထိုင်လျက် လေဟာနယ်ကို ငေးကြည့်နေမိသည်။ တစ်စုံတစ်ယောက် လာရောက်ခိုလှုံရန် သူမ မျှော်လင့်နေမိသည်။ သို့သော် နာရီပေါင်းများစွာ စောင့်ကြည့်ပြီးနောက် ဘာမှ ထူးခြားမလာခဲ့ပေ။
ချူရှောင်ယွင်သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်ပြီးနောက် အတွင်းဆောင်သို့ ဝင်ရန် မတ်တတ်ရပ်လိုက်သည်။ ထိုအချိန်၌ သူမသည် ရုတ်တရက် နောက်လှည့်ကြည့်လိုက်ပြီး ဝေးကွာသော ကောင်းကင်ယံကို ကြည့်ကာ မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြမှုများ ပေါ်လာသည်။
"ပြင်းထန်လိုက်တဲ့ သတ်ဖြတ်လိုစိတ်ပဲ၊ ဒါ... ဒါ ဘာကြီးလဲ"
ထိုအချိန်မှာပင် သူမ၏ ဘေးနားမှ တည်ငြိမ်သော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။
"သူတို့က ကတိတည်သားပဲ၊ တကယ် ရောက်လာကြတာကိုး"
ထိုသို့ပြောရင်းနှင့် ရွှယ်အန်း၏ ပုံသဏ္ဌာန်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ချူရှောင်ယွင်ဘက်သို့ ပြုံးကာ လှည့်ကြည့်လိုက်သည်။
"သွားကြစို့၊ ငါတို့ဆီ လာပူးပေါင်းတဲ့ ဒီ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို သွားကြိုဆိုကြတာပေါ့”