အခန်း (၁၁၃၅-၁၁၃၇)
Vol. 76 Ch. 1135-1137
အခန်း (၁၁၃၅) - သူတို့ကို ရှင်းလင်းပေးတာက သူတို့အတွက် ကံကောင်းခြင်းပဲ
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"လာ... ထိုင်ကြလေ"
အမျိုးသမီးနှစ်ယောက်သည် ခဏမျှ တွန့်ဆုတ်နေပြီးနောက် အဆုံးတွင် အေးအေးလူလူ လျှောက်လာကြပြီး စားပွဲဝိုင်း၏ အောက်ဘက်ထောင့်တွင် ဝင်ထိုင်လိုက်ကြသည်။
ယခုအခါ စားပွဲဝိုင်းကြီးသည် သက်ဝင်လှုပ်ရှားလာခဲ့လေသည်။ ကလေးမလေး နှစ်ယောက်နှင့် ရှောင်ယွီတို့သည် အစားအသောက်များကို အလွန် နှစ်သက်သဘောကျနေကြပြီး အရသာရှိရှိ စားသောက်နေကြသည်။
ချူရှောင်ယွင်နှင့် ကျုံးအန်းအန်းတို့မှာမူ ယခင်က ဟော့ပေါ့ လုံးဝ မစားဖူးကြပေ။ ထို့အပြင် သူတို့၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ အစာစားရန် လုံးဝ မလိုအပ်တော့ပေ။ သို့သော် စမ်းသပ်သည့်အနေဖြင့် တစ်လုပ်မျှ စားကြည့်လိုက်သောအခါ နှစ်ယောက်စလုံး၏ မျက်နှာများ ဝင်းလက်သွားကြသည်။
အရသာမှာ တကယ်ကို ကောင်းလွန်းသည်။ ထို့အပြင် တစ်လုပ်စားလိုက်တိုင်း အလွန် အစွမ်းထက်သော ဝိညာဉ်စွမ်းအားများ ပါဝင်နေသည်ကို ခံစားလိုက်ရသည်။ရွှယ်အန်းက ပြုံးလိုက်သည်။
"အရသာရှိတယ် မဟုတ်လား၊ ဒီရက်ပိုင်း အနီးအနားက တောင်တန်းတွေမှာ ကင်းလှည့်ရင်းနဲ့ ဟင်းခတ်အမွှေးအကြိုင်ကောင်းတွေ အများကြီး တွေ့ခဲ့တာလေ၊ ဒီဟင်းရည်အနှစ်က အနည်းဆုံး နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတာ၊ ပြီးတော့ ဒီအသားတွေက ရှားပါးတဲ့ ဝိညာဉ်ငှက်တွေ၊ သားရဲတွေရဲ့ အသားတွေဆိုတော့... တစ်လုပ်စားလိုက်ရင် အနည်းဆုံး ကျင့်ကြံမှုသက်တမ်း နှစ်ငါးဆယ်လောက် တိုးစေတယ်"
ချူရှောင်ယွင်နှင့် ကျုံးအန်းအန်းတို့ မှင်သက်သွားကြသည်။ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ဟွီယင်သည် ခဏမျှ အားရပါးရ စားသောက်ပြီးနောက် သက်သောင့်သက်သာဖြင့် သက်ပြင်းချလိုက်သည်။
"အစ်ကိုရွှယ်... အစ်ကို ကိုယ်တိုင်လုပ်တဲ့ ဟော့ပေါ့ကို မစားရတာ ကြာပြီနော်၊ အရမ်း စားလို့ကောင်းတာပဲ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"အဲဒီလောက်တောင် ကောင်းလို့လား"
ဟွီယင်က ခေါင်းကို အားပါပါ ညိတ်လိုက်သည်။
"ဒါပေါ့... အရမ်းမွှေးတာပဲ၊ ဟင်းခတ်အမွှေးအကြိုင်တွေ နည်းနည်း လိုနေရင်တောင်မှ အစ်ကိုရွှယ်ရဲ့ ဟင်းချက်လက်ရာကတော့ ရှယ်ပဲ"
ဟွီယင်က လက်မထောင်ပြလိုက်သည်။
"စားကောင်းရင် များများစားလေ"
ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။ ဟွီယင်သည် နားမလည်နိုင် ဖြစ်နေသော ပုံစံဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အထူးသဖြင့် အဝေးမှ လူအုပ်ကြီးသည် ပါးစပ်အဟောင်းသားဖြင့် ရပ်ကြည့်နေကြသည်ကို သတိထားမိလိုက်သဖြင့် မျက်မှောင်အနည်းငယ် ကြုတ်ကာ တိုးတိုးလေး မေးလိုက်သည်။
"အစ်ကိုရွှယ်... ဘာဖြစ်နေတာလဲ၊ ဘာလို့ လူတွေအများကြီးက ဒီဘက်ကို ဝိုင်းကြည့်နေကြတာလဲ"
ရွှယ်အန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ကိစ္စသေးလေးပါ"
ကိစ္စသေးလေး?
ချူရှောင်ယွင်နှင့် ကျုံးအန်းအန်းတို့ နှစ်ယောက်စလုံးသည် ထိုပေါ့ပေါ့ပါးပါး စကားကြောင့် ခါးသက်သက် ပြုံးလိုက်မိကြသည်။
ဟွီယင်က နားမလည်သေးသဖြင့် ရွှယ်အန်းက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။ ဟွီယင်သည် နားထောင်ပြီးနောက် ခြေဆောင့်ကာ နောင်တရစွာဖြင့် ပြောလိုက်သည်။
"ဒီလောက် စည်ကားမယ့်ပွဲကို ဘာလို့ ညီမလေးကို မခေါ်တာလဲ အစ်ကိုရွှယ်ရယ်၊ ညီမလေးရဲ့ အစွမ်းတွေက အရင်ကထက် အများကြီး ပိုကောင်းလာပြီနော်၊ အနည်းဆုံးတော့ အစ်ကို့ကို ကူညီပေးလို့ ရတာပေါ့"
"ကူညီဖို့ မလိုပါဘူး၊ ဒီကောင်တွေကို ရှင်းရတာက တန်မှမတန်တာ"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ အနီးနားရှိ လူများသာမက အဝေးမှ လူအုပ်ကြီးကပါ ထိုစကားကို ကြားလိုက်ရသဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
"အဲ့ရွှယ်အန်းက တကယ်ကို လွန်လွန်ကျွံကျွံ မောက်မာလွန်းအားကြီးတယ်၊ ဒီလောက်ကြီးမားတဲ့ ကိစ္စကို မတန်ဘူးလို့ ပြောရတယ်လို့၊ ဒါဆို ဘာကမှ တန်မှာလဲ"
"ဟုတ်တယ်... ကြားရတာ ရယ်ချင်စရာကြီး"
လူအများအပြားသည် မထီမဲ့မြင် မျက်နှာထားများဖြင့် တီးတိုး ပြောဆိုနေကြသည်။ ရွှယ်အန်း၏ စကားကို ကြားသောအခါ ဟွီယင်သည် ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ခေါင်းညိတ်လိုက်ပြီး။
"အဲ့တာတော့ ဟုတ်တယ်၊ စကြဝဠာထဲက အင်အားစုကြီးတွေရဲ့ ဖယ်ရှားခြင်းကို ခံလိုက်ရတာ ကြာပြီဖြစ်တဲ့ နတ်ဘုရားတစ်သိုက်ကို အစ်ကိုရွှယ် ကိုယ်တိုင် ရှင်းလင်းပေးတာက သူတို့အတွက် ကံကောင်းခြင်း တစ်မျိုးပါပဲ"
ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားပြီး ပြောစရာစကားမဲ့သွားကြသည်။
နတ်ဘုရားတွေက ဖယ်ရှားခံလိုက်ရတာ ကြာပြီတဲ့လား၊ ပြီးတော့ ရွှယ်အန်း ကိုယ်တိုင် ရှင်းလင်းပေးတာက သူတို့အတွက် ကံကောင်းခြင်းတဲ့လား၊ ဒီစကားတွေက နားထောင်ရတာ တော်တော်တော့ ခါးလွန်းတယ်...
ချူရှောင်ယွင်နှင့် ကျုံးအန်းအန်းတို့၏ မျက်နှာထားများလည်း အလိုအလျောက် ပြောင်းလဲသွားကြသည်။ ဤမျှ မြင့်မြတ်သော အရှိန်အဝါရှိပြီး ဤကဲ့သို့ စကားမျိုး ပြောရဲသည့် မိန်းကလေး၏ နောက်ခံကို သူတို့ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြသည်။ ဟွီယင်သည် သူတို့၏ အကြည့်များကို ဂရုမစိုက်ဘဲ ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"အစ်ကိုရွှယ်... ဒီနေ့က ဆယ်ရက်ပြည့်တဲ့ ရက်ချိန်းဆိုတော့ အစ်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ရွှယ်အန်းသည် ကောင်းကင်ကို မော့ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ဘာလုပ်ရမှာလဲ၊ ငါက သူတို့ကို အခွင့်အရေး ပေးပြီးပြီလေ၊ သူတို့က တန်ဖိုးမထားတတ်မှတော့... အခုမှ ငါ့ကို ရက်စက်တယ်လို့ လာအပြစ်မတင်နဲ့တော့"
ရွှယ်အန်း၏ စကားကို ကြားသောအခါ ဟွီယင်၏ မျက်လုံးများသည် တလက်လက် တောက်ပလာပြီး အရည်ပျော်ကျလုမတတ် နူးညံ့သိမ်မွေ့သော အကြည့်များ ဖြစ်ပေါ်လာသည်။
ဒါမှ လူတိုင်းအထက်မှာ မာန်ပါပါ ရပ်တည်ပြီး သေခြင်းရှင်ခြင်းကို ချုပ်ကိုင်ထားတဲ့ သူမ မှတ်မိနေတဲ့ အစ်ကိုရွှယ်အစစ်ပဲ...
သို့သော် သူမ၏ အကြည့်ကို ခံစားမိသော ရွှယ်အန်းသည် ခေါင်းမလှည့်ဘဲ သူမ၏ ခေါင်းကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။
"ဘာတွေ ကြည့်နေတာလဲ... မြန်မြန်စား"
"အ... နာတယ်"
ဟွီယင်သည် ခေါင်းကိုပွတ်ကာ မျက်နှာကို ရှုံ့မဲ့လိုက်ပြီးနောက် နှုတ်ခမ်းဆူကာ ဆက်လက် စားသောက်လိုက်သည်။
ရွှယ်အန်းလည်း အနည်းငယ် စားပြီးနောက် တူကို ချလိုက်ပြီး ဝိုင်ကို ဖြည်းညှင်းစွာ စတင်သောက်သုံးလိုက်သည်။ ခွက်လွတ်သွားတိုင်း အန်းယန်က သူ့အတွက် ဖြည့်ပေးလေသည်။ အချိန်များ ကုန်ဆုံးလာပြီး တစ်ခွက်ပြီး တစ်ခွက် သောက်သုံးလာခဲ့သည်။
နေလုံးကြီးမှာ ကောင်းကင်မှ လျှောကျသွားပြီး ကြယ်နှင့် လတို့ တပြိုင်နက် ထွက်ပေါ်လာသော အချိန်သို့ ရောက်သောအခါ လေထုအခြေအနေသည် တဖြည်းဖြည်း လေးလံဖိစီးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆယ်ရက်ပြည့်မည့် အချိန်က နီးကပ်လာသောကြောင့်ဖြစ်သည်။
ကျိန်စာသင့်မြို့တော်၏ တံခါးများသည် ကျယ်လောင်စွာ ပွင့်နေသော်လည်း အဝေးတွင် လူရိပ်တစ်ရိပ်မျှ မပေါ်လာပေ။ သို့သော် အဝေးမှ ပွဲကြည့်ပရိသတ် လူအုပ်ကြီးမှာမူ ပိုမို များပြားလာသည်။ စူးစမ်းလိုသူ အချို့ကဆိုလျှင် ရေပြင်ကြည့်မှန် နည်းလမ်းကို အသုံးပြု၍ ဤနေရာမှ မြင်ကွင်းများကို နေရာအနှံ့သို့ ထုတ်လွှင့်ပြသနေကြသည်။
အင်အားစု အသီးသီးသည် ဝိုင်ကို တစ်ခွက်ပြီး တစ်ခွက် သောက်နေသော အဖြူရောင်ဝတ် လူငယ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ လူအများအပြားသည် အေးစက်ပြီး လှောင်ပြောင်သော မျက်နှာထားများကို ပြသနေကြသည်။ ရွှယ်အန်း၏ လုပ်ရပ်သည် အချိန်ဆွဲခြင်း သက်သက်သာ ဖြစ်သည်ဟု သူတို့ ယုံကြည်နေကြသည်။
အချို့ကဆိုလျှင် ရွှယ်အန်း သောက်နေသည်မှာ တစ်ခွက်သောက်ရုံဖြင့် လူကို မှောက်သွားစေနိုင်သော အလွန်ပြင်းထန်သည့် စွေ့ဟွာယင် ဝိုင်အမျိုးအစား ဖြစ်ကြောင်း သတိထားမိကြသည်။ သို့သော် သူသည် အိုးပေါင်းများစွာ သောက်ထားပြီး ဖြစ်သည်။
ဤလောက်များပြားသော ပမာဏဆိုပါက စစ်မှန်အင်မော်တယ်ပင် မူးသွားနိုင်သည်။ သို့ဖြစ်ရာ သူယခင်က ပြောခဲ့သော စကားများကို မည်သို့ တည်နိုင်တော့မည်နည်း။ ရွှယ်အန်းသည် ထိုကိစ္စများကို အရက်နှင့်ရောချရန် ကြိုးစားနေပုံရသည်။
လူတိုင်း အမျိုးမျိုး တွေးတောနေကြသော်လည်း ခြွင်းချက်မရှိ အားလုံး ထင်မြင်နေကြသည်မှာ ဤဆယ်ရက်တာ ကတိကဝတ်သည် ဟာသတစ်ခု ဖြစ်သွားပြီဟူ၍ ဖြစ်သည်။
သို့သော် ရွှယ်အန်းသည် ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေသော်လည်း သူ၏ မျက်လုံးများသည် ပို၍ ပို၍ ကြည်လင်တောက်ပလာသည်ကို မည်သူမျှ သတိမထားမိကြပေ။ အဆုံးတွင် သူ၏ မျက်လုံးများသည် ကြယ်နှင့် လကဲ့သို့ တောက်ပလာခဲ့သည်။
လေပြေတစ်ချက် တိုက်ခတ်သွားပြီးနောက် ရွှယ်အန်းမှာ ခေါင်းမော့လိုက်ပြီး ကြယ်တာရာ ပင်လယ်ပြင်ကို ကြည့်ကာ ပေါ့ပါးစွာ ပြုံးလိုက်သည်။
"ကဲ... အချိန်ပြည့်ပြီ"
သူ၏ အသံသည် မကျယ်လောင်သော်လည်း ကွင်းပြင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး လူတိုင်း၏ အကြည့်ကို ဖမ်းစားလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် လက်ကျန်ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် မှင်သက်ကာ မယုံကြည်နိုင်သော အကြည့်များစွာ၏ အလယ်တွင် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ကာ ပျင်းရိစွာ အကြောဆန့်လိုက်လေသည်။
"စားပြီးသောက်ပြီးပြီဆိုတော့... ကိုယ်လက်လှုပ်ရှား လုပ်ဖို့ အချိန်တန်ပြီ"
ထိုအချိန်တွင် အန်းယန်လည်း မတ်တတ်ရပ်လိုက်သည်။
"ယောက်ျား..."
ရွှယ်အန်းသည် နောက်လှည့်ကြည့်လိုက်ပြီး သူမကို နူးညံ့စွာ ပြုံးပြလိုက်သည်။
"ယန်အာက ဒီမှာပဲ စောင့်နေနော်၊ ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်"
အစာစားနေသော ကလေးမလေး နှစ်ယောက်သည်လည်း ခေါင်းမော့လာကြပြီး လက်သီးလေးများကို ဆုပ်ကာ ရွှယ်အန်းကို အားပေးလိုက်ကြသည်။
"ဖေဖေကြီး... လုပ်ပြလိုက်"
ရွှယ်အန်းသည် အားရပါးရ ရယ်ချလိုက်သည်။
"ကောင်းပြီဗျာ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ အဝေးမှ လူအုပ်ကြီးသည် ရွှယ်အန်း၏ အကြည့်နှင့် ဆုံမိသောအခါ ထိတ်လန့်သော မျက်နှာများဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလျက်သား ဖြစ်သွားကြသည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မိန်းကလေးကျုံး... မင်း လက်စားချေချင်တယ်ဆို၊ လာ လိုက်ခဲ့"
ကျုံးအန်းအန်း ခဏတာ ကြောင်သွားပြီးနောက် သူမ၏ မျက်နှာထား လေးနက်သွားကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် သူမ နောက်လှည့်ပြီး အမှောင်ထုထဲသို့ လှမ်းအော်လိုက်သည်။
"အားလုံး လိုက်ခဲ့ကြ"
ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အကြီးအကဲများနှင့် အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံး ထွက်လာကြသည်။
ရွှယ်အန်းသည် ထိုလူအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းရောင်များ ပျံသန်းထွက်ပေါ်လာပြီး လူတစ်ယောက်ချင်းစီ၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
"ကဲ... သွားကြစို့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ပုံရိပ်တစ်ခုလုံးသည် ချက်ချင်းပင် ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။
အခန်း (၁၁၃၆) - အထက်တန်းလွှာများ စုဝေးရာ၊ ငြိမ်းချမ်းသာယာတဲ့ အချိန်အခါ
ကျုံးအန်းအန်းက ပြတ်သားစွာ အော်ဟစ်လိုက်သည်။
"ထပ်ကြပ်မကွာ လိုက်ခဲ့ကြ"
သူမသည်လည်း နတ်ဘုရားစွမ်းအားများကို စုစည်းကာ လေထဲသို့ ပျံတက်လိုက်လေသည်။ တစ်ခဏအတွင်း ရွှယ်အန်း ထုတ်လွှတ်ထားသော အလင်းရောင်၏ ဦးဆောင်မှုဖြင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ် တစ်ခုလုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားကြလေသည်။
ကျန်ရစ်သူ အားလုံးသည် ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသော အလင်းတန်းများကို ငေးကြည့်ကာ ကြောင်အသွားကြသည်။ သူတို့သည် ရွှယ်အန်း အရှုံးပေးလိုက်ပြီဟု ထင်မှတ်ထားခဲ့ကြသော်လည်း မမျှော်လင့်စွာ သူသည် စကြဝဠာ အရပ်လေးမျက်နှာရှိ အစွမ်းထက် မျိုးနွယ်စုများကို ရင်ဆိုင်ပြီး တရားမျှတမှု တောင်းဆိုရန် ရဲရဲတင်းတင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ခရီးစဉ်မှ သူ ပြန်လာနိုင်ပါ့မည်လား။ မည်သို့ပင်ဆိုစေ ထိုအင်အားကြီး မျိုးနွယ်စုများသည် ပျော့ညံ့သူများ မဟုတ်ကြပေ။ လူအများအပြား၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုံးရယ်မှုများ အလိုအလျောက် ပေါ်လာကြသည်။
တစ်ချိန်တည်းမှာပင် ချူရှောင်ယွင်နှင့် အခြားသူများသည် ရွှယ်အန်း နောက်ထပ် ပြဿနာများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ အန်းယန်ပင်လျှင် အနည်းငယ် စိတ်ပူနေမိသည်။ ဟွီယင် တစ်ယောက်သာ ပေါ့ပေါ့ပါးပါး ရှိနေသည်။
"အာ... အစ်မယန်ရာ၊ အစ်ကိုရွှယ်အတွက် စိတ်ပူမနေပါနဲ့၊ အဲဒီ နတ်ဘုရား စုတ်ဖွားတွေက အစ်ကိုရွှယ် မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး၊ အရင်တုန်းကသာဆိုရင် အစ်ကိုရွှယ်ရဲ့ အကြည့်တစ်ချက်နဲ့တင် သူတို့တွေ ဖုန်မှုန့်ဖြစ်သွားလောက်ပြီ၊ ဒါကြောင့် စိတ်လျော့ပြီးသာ နေပါ"
ထိုသို့ပြောသော်လည်း အန်းယန်မှာ စိတ်မသန့် ဖြစ်နေဆဲဖြစ်သည်။ ထိုအချိန်တွင် နတ်ဘုရား သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ရွှေငါးသည် စားပွဲပတ်လည်တွင် အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ရုတ်တရက် ဟော့ပေါ့အိုးထဲသို့ ခုန်ဆင်းသွားလေသည်။
"ကျင်းလီ..."
ရှန်းရှန်းနှင့် နျန်နျန်တို့ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဟော့ပေါ့အိုးသည် ဆူပွက်နေသောကြောင့် ဖြစ်သည်။
သို့သော် မမျှော်လင့်စွာ ကျင်းလီသည် ခေါင်းပြူထွက်လာပြီး ကျေနပ်အားရစွာ ကူးခပ်နေလေသည်။ အစာစားနေသော ရှောင်ယွီသည်လည်း လန့်သွားပြီးနောက် သရေတမြားမြားဖြင့် တူကို လှမ်းလိုက်သည်။
"ဒီငါးလေးက စားလို့ကောင်းမယ့်ပုံပဲ"
သို့သော် သူမ၏ တူသည် အိုးနှင့် ထိလိုက်သည်နှင့် တပြိုင်နက် ကျင်းလီသည် ရုတ်တရက် အမြီးဖြင့် ရိုက်ခတ်လိုက်လေသည်။ ပူလောင်နေသော ဟင်းရည်များသည် ရှောင်ယွီ၏ မျက်နှာပေါ်သို့ စင်သွားလေသည်။ ရှောင်ယွီက အော်ဟစ်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"နင်က ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့၊ ဒီနေ့ နင့်ရဲ့ ဆူးတောင်တွေ အကုန်လုံးကို ငါ ဆွဲဖြုတ်ပစ်မယ်"
ထိုသို့ပြောပြီးသည်နှင့် သူမသည် အင်္ကျီလက်မောင်းကို ပင့်တင်ကာ စတင်ရန် ပြင်လိုက်သည်။ သို့သော် ကျင်းလီသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ဟင်းရည်ထဲတွင် ပက်လက်လန်ကာ ဗိုက်ကို ဖော်ပြလျက် ရှောင်ယွီကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်နေလေသည်။ ရှောင်ယွီ ဒေါသအကြီးအကျယ် ထွက်သွားသည်။
"ဒီနေ့ ဘယ်သူမှ ငါ့ကို မတားနဲ့၊ ဒီကောင်ကို ငါ စားပစ်မယ်"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ဟော့ပေါ့အိုးအောက်မှ မီးကို မြှင့်လိုက်လေသည်။ ဟင်းရည်များသည် ပြင်းထန်စွာ ဆူပွက်လာပြီး ကျင်းလီသည် ခဏမျှ ရုန်းကန်ပြီးနောက် ဟင်းရည်ထဲသို့ မြုပ်သွားလေသည်။
"ကျင်းလီ..."
ရှန်းရှန်းနှင့် နျန်နျန်တို့ ထပ်မံ အော်ဟစ်လိုက်ကြသည်။ ထို့နောက် ရှန်းရှနက ရှောင်ယွီကို ဒေါသတကြီး စိုက်ကြည့်လာသည်။
"မမက ကျင်းလီကို သေအောင် ပြုတ်လိုက်တာပဲ၊ မမ သမီးတို့ကို ကျင်းလီတစ်ကောင် ပြန်ပေးရမယ်"
"ဟုတ်တယ်... သမီးတို့ကို ကျင်းလီ နောက်တစ်ကောင် ပြန်ပေး"
နျန်နျန်က အော်ပြောလိုက်သည်။ ရှောင်ယွီလည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ငါ... ငါက စလိုက်တာပါဟာ၊ ကျင်းလီက အပူဒဏ် မခံနိုင်မှန်း ဘယ်သူ သိမှာလဲ"
"မသိဘူး၊ သမီးတို့ကို ကျင်းလီ ပြန်ပေး"
နျန်နျန်က အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ဟော့ပေါ့အိုးထဲမှ ဟင်းရည်များသည် မျက်စိရှေ့မှောက်တွင်ပင် လျင်မြန်စွာ လျော့နည်းလာသည်။ မျက်စိတစ်မှိတ်အတွင်း ကျင်းလီသည် ဟော့ပေါ့ဟင်းရည် အကုန်လုံးကို သောက်လိုက်ပြီး ကျေနပ်အားရစွာ လေတက်လိုက်ကာ အိုးထဲမှ ခုန်ထွက်လာပြီး ရှောင်ယွီကို မထီမဲ့မြင် ကြည့်လိုက်သည်။
ထို့နောက် ၎င်းသည် နျန်နျန်၏ ရင်ခွင်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး သက်သောင့်သက်သာ မျက်လုံးမှိတ်နေလိုက်သည်။
ကလေးမလေး နှစ်ယောက်သည် ကျင်းလီ ဘာမှမဖြစ်သည်ကို တွေ့လိုက်ရသောအခါ ဒေါသမှ အပျော်အဖြစ် ပြောင်းလဲသွားကြသည်။ သို့သော် ရှောင်ယွီမှာမူ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။ ခဏကြာမှ သူ ဒေါသပေါက်ကွဲပြီး အော်ဟစ်လိုက်သည်။
"အားလုံး မြင်လိုက်ကြတယ် မဟုတ်လား၊ ဒီငါးက ငါ့ကို အထင်သေးရဲတယ်ပေါ့၊ ငါးတစ်ကောင်ကများ ငါ့ကို အထင်သေးရဲတယ်တဲ့လား၊ ဒါ ငါ့ကို စော်ကားတာပဲ"
သို့သော် သူ၏ အော်ဟစ်သံများကို လုံးဝ လျစ်လျူရှုထားကြသည်။ ရှောင်ယွီသည် စိတ်ဆိုးမာန်ဆိုးဖြင့် ဟွီယင်ကို အော်ပြောလိုက်သည်။
"မမဟွီ... မြင်လိုက်လား၊ အဲဘငါးက ငါ့ကို မထီမဲ့မြင် လုပ်သွားတာ၊ ငါ..."
ဟွီယင်က သူ့ခေါင်းကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။
"မြင်တော့ ဘာဖြစ်လဲ၊ နင်က အရင် စတာလေ... ပါးစပ်ပိတ်ထားစမ်း"
ရှောင်ယွီသည် ခေါင်းကို ကိုင်ကာ ငိုမဲ့မဲ့ ဖြစ်သွားပြီး ပါးစပ်ပိတ်လိုက်ရသော်လည်း စိတ်ထဲတွင်မူ ဤငါးတုံးကြီးကို မည်သို့ လက်စားချေရမည်နည်းဟု အကြံထုတ်နေလေသည။
ထိုအချိန်တွင် ရွှယ်အန်းတို့အဖွဲ့သည် လေဟာနယ် အလွှာပေါင်းများစွာကို ဖြတ်သန်းကာ ထျန်ကျောက်ဘုံ၏ နယ်နိမိတ်ကို ကျော်လွန်ပြီး စကြဝဠာ အရပ်လေးမျက်နှာ တည်ရှိရာ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုသို့သော အမြန်နှုန်းမျိုးကို ပြောပြလျှင် လူများ တုန်လှုပ်သွားကြပေလိမ့်မည်။ သို့တိုင်အောင် ရွှယ်အန်းသည် နောက်မှ လိုက်ပါလာသော ထိုက်ယင်မျိုးနွယ်ဝင်များကို ငဲ့ကွက်သောအားဖြင့် တမင်တကာ အရှိန်လျှော့ပေးထားခြင်း ဖြစ်သည်။
အဆုံးတွင် သူတို့သည် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ် နေထိုင်ရာ နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ကျုံးအန်းအန်းက ခပ်တိုးတိုးလေး ပြောလိုက်သည်။
"သခင်ကြီး... ရှေ့မှာ ရှိနေတာက ကောင်းကင်မီးတောက် သဲကန္တာရပါ၊ ဒီတစ်ခါ မျိုးနွယ်စု မဟာမိတ်အဖွဲ့က ကောင်းကင်မီးတောက် မြို့တော်ထဲမှာ ရှိနေလောက်ပါတယ်"
ရွှယ်အန်းသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာပြီးနောက် ပြုံးစစဖြင့် ပြောလိုက်သည်။
"သွားကြစို့"
ထိုသို့ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။ ကျုံးအန်းအန်း ထိတ်လန့်သွားသည်။
"သခင်ကြီး... မလုပ်နဲ့..."
အဘယ်ကြောင့်ဆိုသော် ကောင်းကင်မီးတောက် မျိုးနွယ်ကဲ့သို့ အစွမ်းထက်သော မျိုးနွယ်စုသည် နယ်မြေအစပ်တွင် ကာကွယ်ရေး အစီအရင် သေချာပေါက် ချထားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ရွှယ်အန်း တန်းတန်းမတ်မတ် လျှောက်သွားလိုက်လျှင် ကာကွယ်ရေး အစီအရင်ကို သွားထိမိပြီး အတွင်းမှ လူများကို အချက်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သို့သော် အချိန်နှောင်းသွားခဲ့သည်။ ရွှယ်အန်း၏ ခြေထောက်သည် လေဟာနယ်ထဲသို့ နင်းမိသွားခဲ့ချေသည်။
ကျုံးအန်းအန်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး သူတို့ ရောက်ရှိနေကြောင်း တစ်ဖက်လူများ သိသွားပြီဟု တွေးလိုက်မိသည်။ သို့သော် ဆက်လက် ဖြစ်ပျက်လာသည့် အရာက သူမ၏ ထင်မြင်ယူဆချက်များကို လုံးဝ ကျော်လွန်သွားခဲ့သည်။
လေဟာနယ်ထဲတွင် မီးတောက်များ စီးဆင်းနေပြီး ပြင်းထန်သော အပူရှိန်များ ထုတ်လွှတ်နေသည့် အလင်းအလွှာတစ်ခု ပေါ်လာသည်။ ၎င်းသည် ကောင်းကင်မီးတောက် မျိုးနွယ်၏ ကာကွယ်ရေး အစီအရင် ဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် ရွှယ်အန်း၏ ခန္ဓာကိုယ်သည် ကာကွယ်ရေး အစီအရင်နှင့် ထိတွေ့လိုက်သောအခါ အလင်းအလွှာသည် လှိုင်းဂယက်များ ထသွားပြီးနောက် သခင်ကို တွေ့လိုက်ရသော အစေခံတစ်ဦးကဲ့သို့ တိတ်တဆိတ် ဖယ်ရှားပေးလိုက်ကာ ကြီးမားသော အပေါက်ကြီးတစ်ခုသည် လူတိုင်း၏ ရှေ့တွင် ပေါ်လာလေသည်။
ကျုံးအန်းအန်းနှင့် ထိုက်ယင်မျိုးနွယ်ဝင်များသည် အံ့အားသင့်စွာ ကြည့်နေမိကြသည်။ ကောင်းကင်မီးတောက် မျိုးနွယ်၏ ကာကွယ်ရေး အစီအရင်ကို ဤမျှ လွယ်ကူစွာ ဖောက်ထွင်းလိုက်သည်တဲ့လား။ ဤသည်မှာ အမှန်တကယ့်ကို စိတ်ကူးလို့ပင် မရနိုင်သော ကိစ္စဖြစ်သည်။ သို့သော် ရွှယ်အန်းသည် ထိုကိစ္စကို အရေးကြီးသည်ဟု မယူဆဘဲ အတွင်းသို့ ဝင်ရောက်သွားလေသည်။
ရွှယ်အန်းနှင့် သူ့အဖွဲ့သည် ကောင်းကင်မီးတောက် သဲကန္တာရထဲသို့ ဝင်ရောက်သွားချိန်တွင် ကောင်းကင်မီးတောက် နတ်ဘုရားခန်းမ အတွင်း၌ ငြိမ်းချမ်းသာယာ ဝပြောသော မြင်ကွင်းတစ်ခု ရှိနေဆဲ ဖြစ်သည်။ မျိုးနွယ်စု အားလုံး စုဝေးနေကြပြီး ပျော်ရွှင်စွာ သောက်စားနေကြသည်။
စင်မြင့်ပေါ်တွင် ထိုင်နေသော ချီစစ်ရှန်နှင့် ပိုင်တုပင်လျှင် အောင်နိုင်သူ၏ အရောင်အဝါများ ပေါ်လွင်နေကြသည်။
"ဟဲဟဲ... ဆယ်ရက်ပြည့်တဲ့ ရက်ချိန်းက ကျော်လွန်သွားပြီ၊ ဒီအချိန်လောက်ဆို ဟို ရွှယ်ဆိုတဲ့ကောင် ကျိန်စာသင့်မြို့တော်ထဲမှာ အရူးလုပ်ခံနေရလောက်ပြီ"
ပိုင်တုက အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ ရှုန်းရှောင်ကလည်း ဝင်ပြောသည်။
"ကျွန်တော် ထင်တာကတော့ အရူးလုပ်ခံရရုံတင် မကဘူး၊ စောင်ခေါင်းမြီးခြုံပြီး ငိုနေလောက်ပြီ"
ထိုစကားကြောင့် လူအုပ်ကြီးအကြား ဆူညံသော ရယ်မောသံများ ထွက်ပေါ်လာသည်။ အကျယ်ဆုံး ရယ်မောနေသူမှာ ချီရွှယ်ဖုန်းဖြစ်ပြီး သူက လှောင်ပြောင်သရော်ကာ ပြောလိုက်သည်။
"အဲဒီ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က အောက်တန်းစားတွေ အခုချိန် ဘယ်လို ခံစားနေရမလဲ ဆိုတာ ကျွန်တော် သိချင်လိုက်တာဗျာ၊ နောင်တရလွန်းလို့ နံရံကို ခေါင်းနဲ့ ပြေးဆောင့်ချင်နေလောက်ပြီ"
သူ့နောက်တွင် ရိုသေစွာ ရပ်နေသော ရွှယ်ဟွင်းက အလျင်အမြန် ဝင်ရောက် မြှောက်ပင့်လိုက်သည်။
"ဒုတိယသခင်လေး ပြောတာ မှန်ပါတယ်၊ ထိုက်ယင်မျိုးနွယ်က လူတွေ အခုလောက်ဆို ဟိုကောင်မစုတ် ကျုံးအန်းအန်းကို အသေမုန်းနေလောက်ပါပြီ"
ကျုံးအန်းအန်း နာမည်ကို ကြားလိုက်ရသည်နှင့် ချီရွှယ်ဖုန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ရွှယ်ဟွင်း၏ ပါးကို ရိုက်ချလိုက်လေသည်။
ရွှယ်ဟွင်းမှာ ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကာ ချီရွှယ်ဖုန်းကို ကြောင်အမ်းအမ်း ကြည့်လိုက်မိသည်။ ချီရွှယ်ဖုန်းက ရက်စက်စွာ ပြောလိုက်သည်။
"နောက်တစ်ခါ အဲဒီကောင်မစုတ် နာမည်ကို ငါ့ရှေ့မှာ ဘယ်တော့မှ မပြောနဲ့၊ ကြားလား”
အခန်း (၁၁၃၇) - စစ်ပွဲစတင်ပြီ၊ ဒါက အမြည်းသဘောပဲ ရှိသေးတယ်
ရွှယ်ဟွင်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
"ဟွန်း... အဲ့ကောင်မစုတ်ကို ဖမ်းမိလို့ကတော့ သေချင်ပေမဲ့ သေခွင့်မရအောင်ကို နှိပ်စက်ပစ်မယ်"
ချီရွှယ်ဖုန်း၏ မျက်လုံးများထဲတွင် အဆိပ်ပြင်းသော အမုန်းတရားများ ပြည့်နှက်နေသည်။ ကျုံးအန်းအန်း နာမည်ကို ကြားလိုက်ရသည်နှင့် သူ၏ ပါးပြင်ပေါ်မှ နာကျင်မှုများကို ပြန်လည် ခံစားလိုက်ရပြီး ရူးသွပ်လုနီးပါး ဖြစ်သွားရသည်။
ချီစစ်ရှန်သည် ထိုအရာကို သတိထားမိပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် မီးတောက်တစ်ခုသည် လေထုကို ဖြတ်သန်းကာ သူ့ရှေ့သို့ ရောက်ရှိလာလေသည်။ ချီစစ်ရှန်သည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ထိုအလင်းတန်းကို ဖမ်းယူလိုက်သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဤသည်မှာ ကောင်းကင်မီးတောက် မျိုးနွယ်မှ သတင်းစကား ပေးပို့ရာတွင် အသုံးပြုသော ကောင်းကင်မီးတောက် အမိန့်စာဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။ ထိုအချိန်တွင် ချီစစ်ရှန်သည် ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ ရယ်သံတွင် ပျော်ရွှင်မှုများ ပါဝင်နေသည်။ ဘေးတွင် ရပ်နေသော ပိုင်တုက မေးလိုက်သည်
"မျိုးနွယ်စုခေါင်းဆောင်ချီ... ဘာဖြစ်လို့လဲ"
ချီစစ်ရှန်က ရယ်မောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ကျိန်စာသင့်မြို့တော်ရဲ့ မြင်ကွင်းကို ပို့လိုက်လို့လေ"
"ဩော်... ကျိန်စာသင့်မြို့တော်က မြင်ကွင်း ဟုတ်လား"
ပိုင်တုက အနည်းငယ် အံ့သြသွားသည်။ ချီစစ်ရှန်သည် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
ထိုသို့ပြောပြီးသည်နှင့် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရေပြင်ကြည့်မှန်မှတစ်ဆင့် မြင်ကွင်းတစ်ခု နတ်ဘုရားဆောင် အတွင်းတွင် ပေါ်လာလေသည်။ ရေပြင်ကြည့်မှန် အတွင်း၌ ရွှယ်အန်း၊ အန်းယန်၊ ဟွီယင်နှင့် အခြားသူများသည် မြို့ရိုးပေါ်တွင် ထိုင်ကာ ဟော့ပေါ့ စားနေကြသည့် မြင်ကွင်း ပေါ်လာလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ထို့နောက် ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာသည်။
"ဒီအချိန်ရောက်နေတာတောင် သူတို့က စားနိုင်သောက်နိုင် နေကြသေးတယ်ဆိုတော့ တကယ် ရယ်စရာပဲ၊ ရွှယ်အန်းက တော်တော် သတ္တိကောင်းတာပဲ"
လူများစွာက မထီမဲ့မြင် ပြောဆိုလိုက်ကြသည်။ သို့သော် ရှုန်းရှောင်ကမူ အခြားအရာတစ်ခုကို အာရုံစိုက်နေသည်။ သူသည် မှန်ထဲမှ ရင်သပ်ရှုမောဖွယ် လှပသော အန်းယန်နှင့် ဟွီယင်ကို တပ်မက်စွာ စိုက်ကြည့်နေပြီး နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။
"အဲ့မိန်းမတွေက တော်တော် လှတာပဲ၊ ရွှယ်အန်း ဆိုတဲ့ကောင်ကို သတ်ပြီးရင် သူ့နားက မိန်းမတွေ အကုန်လုံးကို ဖမ်းပြီး ငါ ကောင်းကောင်း စံစားပစ်မယ်"
ထိုစကားများနှင့်အတူ သူသည် ယုတ်မာကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။ သို့သော် ထိုအချိန်မှာပင် အေးစက်သော အသံတစ်သံ အဝေးမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
"နှမြောစရာပဲ... မင်း အဲ့တာကို ခံစားဖို့ အသက်ရှိတော့မှာ မဟုတ်ဘူး"
"ဘယ်သူလဲ"
လူတိုင်း လန့်ဖျပ်သွားကြသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူများကို ဦးဆောင်ကာ ကောင်းကင်မီးတောက် နတ်ဘုရားဆောင် အတွင်းသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
"ရွှယ်အန်းပဲ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဝုန်း...
နေရာတစ်ခုလုံးသည် ပြင်းအား ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်လိုက်သကဲ့သို့ တုန်လှုပ်သွားကြသည်။ ချီစစ်ရှန်၊ ပိုင်တုနှင့် အခြားသူများသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ကြပြီး ရွှယ်အန်းကို ထိတ်လန့်သော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
အထူးသဖြင့် ချီစစ်ရှန် ဖြစ်ပြီး သူ၏ မျက်လုံးများကို သူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ ဤကောင်းကင်မီးတောက် မြို့တော်သာမက ကောင်းကင်မီးတောက် သဲကန္တာရ တစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သူသိသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပုရွက်ဆိတ်တစ်ကောင် ဝင်လာလျှင်ပင် သူ သိရှိနိုင်သည်။
သို့သော် ယခု ရွှယ်အန်းနှင့် လူအုပ်ကြီး ဝင်ရောက်လာသည်ကို သူ လုံးဝ အရိပ်အယောင်မျှ မသိလိုက်ရပေ။ ချီစစ်ရှန် မည်သို့ မကြောက်လန့်ဘဲ နေနိုင်ပါမည်နည်း။
လူအုပ်ကြားတွင် ရပ်နေသော ချီရွှယ်ဖုန်းသည် ရွှယ်အန်း၏ နောက်တွင် ကျုံးအန်းအန်း ပါလာသည်ကို မြင်လိုက်ရသောအခါ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။
"ကောင်မစုတ်... မင်းက ဒီကို လာရဲသေးတယ်ပေါ့"
ကျုံးအန်းအန်း၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေပြီး ချီရွှယ်ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ တုန်လှုပ်ချောက်ချားနေသော ရွှယ်ဟွင်းဘက်သို့ ခြိမ်းခြောက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
သူမ စကားမပြောသော်လည်း သူမ၏ မျက်လုံးထဲမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် ရွှယ်ဟွင်း တုန်ရီသွားပြီး ချီရွှယ်ဖုန်း၏ နောက်တွင် ကြောက်လန့်တကြား ဝင်ပုန်းလိုက်မိသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး လျစ်လျူရှုစွာ မေးလိုက်သည်။
"လူစုံပြီလား"
သူ၏ အသံသည် မကျယ်လောင်သော်လည်း ရှိနေသူအားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။ တစ်ခဏအတွင်း ကောင်းကင်မီးတောက် နတ်ဘုရားဆောင်ကြီးသည် ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့လေသည်။
လူအများအပြားသည် ရွှယ်အန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ သူ ရုတ်တရက် ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
သူက ရေပြင်ကြည့်မှန်ထဲမှာ အစာစားနေတာ မဟုတ်ဘူးလား၊ ဘာတွေ ဖြစ်ကုန်တာလဲ...
လူများစွာသည် သံသယများနှင့် မရေရာမှုများဖြင့် ပြည့်နှက်နေသဖြင့် ရွှယ်အန်း၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ တစ်နေရာလုံး ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။ ရွှယ်အန်း ပြုံးလိုက်သည်။
"အရမ်းကြီး တည်မနေကြပါနဲ့၊ ငါက မေးကြည့်ရုံပါ၊ လူစုံပြီဆိုတော့လည်း ကိစ္စတွေ ပိုလွယ်သွားတာပေါ့"
ထိုသိုဘပြောပြီးသည်နှင့် ရွှယ်အန်းသည် ခေါင်းမော့ကာ ရှုန်းရှောင်ကို ဖျော့တော့သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းဆီက အငွေ့အသက်ကို ကြည့်ရတာ... မင်းက ဝူထုန် နတ်ဘုရားဂိုဏ်းက လူပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား"
ရှူန်းရှောင်မှာ ကြမ်းတမ်းသည်ဟု နာမည်ကြီးသော်လည်း ရွှယ်အန်း၏ အကြည့်ကို ရင်ဆိုင်ရသောအခါ မသိစိတ်၏ စေ့ဆော်မှုကြောင့် နောက်သို့ ခြေတစ်လှမ်းဝက်ခန့် ဆုတ်မိသွားသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့် အခိုက်အတန့်တွင် သူ ရင်ဆိုင်နေရသည်မှာ သာမန်လူငယ်လေး တစ်ယောက် မဟုတ်ဘဲ ဧရာမသတ္တဝါကြီး တစ်ကောင်ဖြစ်သည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သွယ်လျသော အဖြူရောင်ဝတ် လူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ရှေးဦးကမ္ဘာဦး နဂါးကြီးတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ခံစားရပြီး ရှုန်းရှောင်ကိုပင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူသည် မိမိကိုယ်မိမိ ပြန်လည် ထိန်းချုပ်လိုက်ပြီး ရက်စက်စွာ ရှေ့တိုးလာကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဟုတ်တယ်... ငါက ဝူထုန် နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှုန်းရှောင်ပဲ၊ မင်းက..."
သူ စကားမဆုံးခင်မှာပင် ရွှယ်အန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ ကျောက်စိမ်းဖြင့် ထုလုပ်ထားသကဲ့သို့သော လက်ကို ဆန့်ထုတ်လိုက်ပြီး ရိုက်ချလိုက်လေသည်။
ဝုန်း...
တောင်ပြိုကျလာသကဲ့သို့ ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုက ရှုန်းရှောင်၏ အပေါ်သို့ ကျရောက်လာသည်။ ရှုန်းရှောင်၏ ရိုင်းစိုင်းသော ဒေါသစိတ်များ တောက်လောင်လာပြီး သူသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
"မင်းက လုပ်ရဲတယ်ပေါ့"
ထိုသို့ပြောပြီးသည်နှင့် သူသည် တစ်ကိုယ်လုံးရှိ နတ်ဘုရားစွမ်းအားများကို လှည့်ပတ်ကာ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်သည်။ သို့သော် သူသည် ရွှယ်အန်းကို လျှော့တွက်မိကာ သူ့ကိုယ်သူ အထင်ကြီးလွန်းခဲ့သည်။
ထိုလက်၀ါးချက်အား ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ရှုန်းရှောင်၏ ခန္ဓာကိုယ်အတွင်းမှ မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
ထို့နောက် ရှုန်းရှောင်သည် အော်ဟစ်လိုက်ပြီး အလွန်မာကျောသော ကြမ်းပြင်ထဲသို့ တိုက်ရိုက် ရိုက်သွင်းခြင်း ခံလိုက်ရကာ သူ၏ အရပ်အမောင်းသည် ချက်ချင်း တစ်ဝက်ခန့် ပုဝင်သွားလေသည်။ ထို့အပြင် ရှုန်းရှောင်၏ အရေပြားများသည် ကျိုးပဲ့သွားသော သူ၏ အရိုးများဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရပြီး သွေးများ စီးဆင်းနေသည့်ကြားမှ ဖြူဖွေးသော အရိုးငုတ်တိုများကို တွေ့မြင်နေရသည်။
လက်ဝါးတစ်ချက်တည်းဖြင့် ဝူထုန် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် သွေးများ အဆက်မပြတ် အန်ထွက်လာပြီး သေလုနီးပါး ဖြစ်သွားခဲ့ရလေသည်။
တစ်နေရာလုံး ချက်ချင်းပင် သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ရွှယ်အန်းကို လှောင်ပြောင်ရယ်မောရန် ပြင်ဆင်ထားသူများသည် ယခုအခါ လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။ သူ့ နောက်တွင်ပါလာသော ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဝင်များပင်လျှင် နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ ဖြစ်ကုန်ကြသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ သူ ဝင်လာပြီး စကားနည်းနည်းလောက် ပြောရုံဖြင့် တန်းပြီး လက်ပါလိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပေ။
ထိုတိတ်ဆိတ်မှုများကြားတွင် ရွှယ်အန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ ဆိုတာ ငါ ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ စောစောက မင်းပြောလိုက်တဲ့ စကားတစ်ခွန်းတည်းအတွက်နဲ့တင်... ဒီလက်ဝါးရိုက်ချက်က အမြည်းသဘောပဲ ရှိသေးတယ်"
ရွှယ်အန်း၏ လွှမ်းမိုးချုပ်ကိုင်သော စကားကို ကြားသောအခါ လူအများအပြား နှုတ်ဆိတ်သွားကြသည်။ သတ္တိနည်းသူ အချို့ကဆိုလျှင် ရွှယ်အန်းနှင့် ဝေးရာသို့ တိတ်တဆိတ် နောက်ဆုတ်သွားကြပြီး ဖြစ်သည်။
ထိုအချိန်တွင် ချီစစ်ရှန်သည်လည်း တုန်လှုပ်မှုမှ သတိပြန်ဝင်လာပြီး ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ရွှယ်အန်း... မင်းရဲ့ သတ္တိကိုတော့ ငါ လေးစားတယ်၊ ငါ့ရဲ့ ကောင်းကင်မီးတောက် မြို့တော်အထိ လာပြီး မွှေရဲတယ်ဆိုတော့ မင်း ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"
"ဟုတ်တယ်... ရွှယ်အန်း၊ မင်းက ငါ့သားကို သတ်ခဲ့တယ်၊ အဲဒီ အကြွေးကို ငါ မင်းနဲ့ မရှင်းရသေးဘူး၊ အခု မင်းက ငါတို့ တံခါးဝအထိ လာပြီး ရန်စရဲတယ်ပေါ့"
ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်မှ ပိုင်တုကလည်း ခြိမ်းခြောက်စွာ ဟိန်းဟောက်လိုက်သည်။
ရွှယ်အန်း၏ လက်ဝါးရိုက်ချက်ကြောင့် မြေကြီးထဲသို့ ပြားကပ်သွားလုနီးပါး ဖြစ်နေသော ရှုန်းရှောင်ပင်လျှင် ဤအချိန်၌ သွေးတစ်ပွက် အကြီးအကျယ် အန်ထုတ်လိုက်နိုင်ခဲ့သည်။ ထို့နောက် သူသည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရွှယ်အန်းကို ရက်စက်သော အကြည့်ဖြင့် ကြည့်ကာ ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်းရဲ့ အစွမ်းက တကယ်ပဲ ထူးခြားပါတယ်၊ ဒါပေမဲ့ လက်ဝါးတစ်ချက်တည်းနဲ့ ငါ့ကို အပြတ်ရှင်းနိုင်ပြီလို့ မင်း တကယ် ထင်နေတာလား၊ မင်းက နုသေးတာပဲ"
ထိုသို့ပြောရင်းနှင့် မြေကြီးထဲသို့ ရောက်နေသော ရှုန်းရှောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုသည် ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။ သို့သော် သွေးများ လွင့်စင်ခြင်း၊ အသားစ အရိုးစများ ပြန့်ကျဲခြင်း မရှိဘဲ ၎င်းတို့သည် ချက်ချင်းပင် ပြန်လည် စုစည်းပေါင်းစပ်သွားကြလေသည်။