← Chapters

မိုင်တစ်သောင်းအကွာမှ တိုက်ခိုက်ခြင်း

Vol. 40 Ch. 391

မိုင်တစ်သောင်းအကွာမှ တိုက်ခိုက်ခြင်း

Vol. 40 Ch. 391

ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်စဉ်တစ်ခုဖြစ်သည်။

အနည်းငယ်မျှသောအဆင့်၌ပင် ထုတ်သုံးလျှင် စွမ်းအင်သုံးစွဲမှုပမာဏမှာ ကြောက်ခမန်းလိလိဖြစ်ပြီး သာမန်ကျင့်ကြံသူများအတွက် မယုံကြည်နိုင်လောက်အောင်ပင်။

ဤသည်မှာ ရှန်ူယီ၏ ပထမဆုံးအကြိမ် အစွမ်းကုန်ထုတ်သုံးခြင်းဖြစ်သည်။

ရလဒ်မှာမူ အလွန်သိသာလှ၏။

သက်ပြင်းအနည်းငယ်ရှူရှိုက်မိရုံအချိန်အတွင်းမှာပင် သူသည် မဟာချန် နှင့် အတော်ဝေးကွာသွားခဲ့ပြီဖြစ်သည်။

“…”

...

ရှန်းယီသည် နန်ယန်အသွင်ပြောင်းနည်းစနစ်ကို ဖြေလျော့လိုက်ရာ ရွှေပိုးချည်ထိုးကွက်များပါသည့် အနက်ရောင်ဝတ်ရုံပေါ်လာ၏။

သူသည် အသက်ရှူအနည်းငယ် မြန်ဆန်နေသည်။

နတ်ဆိုးအမြုတေတစ်ခုကိုထုတ်ယူပြီး ပါးစပ်ထဲထည့်လိုက်၏။

ယခု လူသူကင်းမဲ့သည့်နေရာသို့ ရောက်ရှိလာပြီဖြစ်ရာ ဖုံးကွယ်ထားရန်မလိုတော့ပေ။

အစောပိုင်းက အခြေအနေအရေးကြီးနေသဖြင့် သူ့ပုံစံမှန်ကို မထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အသက်အန္တရာယ်နီးကပ်နေချိန်တွင် အသွင်ပြောင်းနည်းစနစ်ကိုဖြေလျော့လိုက်ပါက အသက်လုပြေးနေရသည့် နတ်ဆိုးတစ်ကောင်က မိမိကိုယ်ကို ကယ်တင်ရန် ရုပ်ဖျက်ထားသည်ဟု ထင်မြင်သွားနိုင်ကာ ရှင်းပြရန်ခက်ခဲသွားလိမ့်မည်။

ထို့အပြင် နတ်ဆိုးတစ်ထောင်ဂူ၏ သတင်းကွန်ရက်က အနည်းငယ်ကြောက်စရာကောင်း၏။ မဟာချန်ထဲသို့ ခိုးဝင်လာသည့် ရွှမ်ကွမ်းဂူမှ ကျင့်ကြံသူများပင် မလွတ်မြောက်ခဲ့ပေ။

၎င်းကိုကြည့်ခြင်းအားဖြင့် နတ်ဆိုးတစ်ထောင်ဂူ တွင် သူလျှိုလုပ်နေသည့် ကျင့်ကြံသူများရှိနေနိုင်သည်မှာ သေချာသလောက်ပင်။

မျက်လုံးများနှင့် နားများက များပြားလွန်းလှ၏။

ရှန်းယီသည် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်ဟူသည့်အမည်နာမကို အချိန်အတိုင်းအတာတစ်ခုထိ ဆက်လက်သုံးစွဲလိုသေးသည်။

ဘိုင်ဟုန်၏အသက်ကိုလိုချင်သော်လည်း ထေနတ်ဆိုးတစ်ထောင်ဂူထဲမှ ကျန်ရှိနေသေးသည့် ရတနာများက ပို၍အရေးကြီးသည်။

စုန့်ပြည်နယ်တွင် နီကျွင်းစောင့်ကြပ်နေသရွေ့ ပြဿနာကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ပေ။

ဤသည်မှာ သူ့အတွက် ကိုယ်လွတ်ရုန်းပြီး တခြားကိစ္စများကို လုပ်ဆောင်ရန် အခွင့်ကောင်းဖြစ်သည်။

ထိုသို့တွေးနေစဉ် ရှန်းယီသည် လီပြည်နယ်ဘက်သို့ လှမ်းကြည့်လိုက်၏။

ထိုစဉ် သူ့နားဘေး၌ မိုးကြိုးသံတစ်ချက် ရုတ်တရက် ပေါက်ကွဲသွားသည်။

"ကျွတ်"

ရှန်းယီ လှည့်ကြည့်လိုက်ရာ မျက်နှာထားတင်းမာသွား၏။

မိုးကုတ်စက်ဝိုင်းဆီ၌ ခရမ်းရောင်အလင်းစက်လေးတစ်ခုကို တွေ့လိုက်ရပြီး ၎င်းသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် ကြီးမားလာသည်။

ခရမ်းရောင်ကောင်းကင် နတ်ဘုရားမိုးကြိုးဓားနန်းတော်မှ ထုတ်လွှတ်လိုက်သည့် နတ်စွမ်းရည်မှာ တောင်တန်းများနှင့် မြစ်ပေါင်းများစွာကိုကျော်ဖြတ်ကာ သူ့နောက်သို့ လိုက်လာနိုင်သည်လော။

"မိုက်မဲလိုက်တာ"

ရှန်းယီ မျက်မှောင်ကြုတ်လိုက်ပြီး ကြီးမားသောဖိအားများ လွှမ်းမိုးလာသည်ကို ခံစားလိုက်ရ၏။

သူ တွေဝေမနေတော့ပေ။

ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမြစ်များအားလုံး လှုပ်ရှားသွားပြီး မိုးမြေရှိ စွမ်းအင်များချက်ချင်းစုစည်းလာသည်။ တိမ်ဖြူများသည် သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွား၏။

ထိုင်ခင်းတစ်ခုပေါ်တွင် နီမြန်းသောနတ်ဆိုးစွမ်းအင်ဖြင့်ဖွဲ့စည်းထားသည့် လူရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်။

ဘေးပတ်လည်တွင်ကြောက်မက်ဖွယ်ကောင်းသည့် အင်မော်တယ်နတ်ဆိုးကိုးကောင် ဝဲပျံနေပြီး၊ နဂါးများက လက်သည်းထုတ်ကာ၊ ကျားများက ဘေးတွင်ဝပ်စင်းလျက်၊ ကျောက်စိမ်းဖားပြုတ်က မတ်မတ်ထိုင်နေသည်။ ၁၆ ကျန်းပတ်လည်သည် နတ်ဆိုးဘုံအဖြစ် ပြောင်းလဲသွား၏။

အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းပင်။

အနန္တအင်ပါယာနတ်ဆိုးနန်းတော်

ရှန်းယီ၏မျက်ဝန်းများ နက်ရှိုင်းသွားပြီး ညာဘက်လက်ဝါးကို ဖြည်းညှင်းစွာမြှောက်လိုက်သည်။ သူတတ်မြောက်ထားသည့် တစ်ခုတည်းသော နတ်ကျင့်စဉ်ကို ထုတ်ပြလိုက်ခြင်းဖြစ်သည်။

လက်ဝါးမြှောက်လိုက်သည်နှင့် မဟာနတ်ဆိုးကိုးပါး အင်မော်တယ်နတ်ဆိုးများ တပြိုင်နက် ပျံတက်သွားကြ၏။

"ဝေါင်း...."

ခရမ်းရောင်မိုးကြိုးသည် အနန္တအင်ပါယာနတ်ဆိုးနန်းတော်၏ အကွာအဝေးထဲသို့ ဝင်ရောက်လာသည်။ ထိုခဏ၌ လှိုင်းထနေသော ခရမ်းရောင်မိုးကြိုးများသည် သွေးရောင်လှိုင်းလုံးကြီးအဖြစ် ရုတ်တရက်ပြောင်းလဲသွားပြီးနောက် စွမ်းအင်များ စုပ်ယူခံလိုက်ရကာ ထိုင်ခင်းပေါ်မှပုံရိပ်ထံသို့ ပေါင်းစည်းသွားသည်။

သွေးလှိုင်းလုံးများ ပျောက်ကွယ်သွားရာ ခရမ်းရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရသည့် ဓားရှည်တစ်လက် ပေါ်လာသည်။

ခရမ်းရောင်ကောင်းကင်နတ်ဘုရားမိုးကြိုး ၏ အားဖြည့်မှု မရှိတော့သဖြင့် ဓား၏စွမ်းအားမှာ ချက်ချင်းပင် အဆပေါင်းများစွာလျော့ကျသွား၏။

ရှန်းယီ၏ ရွှေပိုးချည်ကွပ်အနက်ရောင်ဝတ်ရုံမှာ လေမတိုက်ဘဲ လှုပ်ခတ်နေသည်။

ဝတ်ရုံပေါ်မှ သင်္ကေတများ လေထဲသို့လွင့်မြောလာပြီး အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

"ဘုန်း"

ခရမ်းရောင်ကျောက်စိမ်းဓားရှည်က အစီအရင်နှင့် ထိတွေ့လိုက်သည်နှင့် ကြီးမားသောတုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများကို ချက်ချင်းပင် ကျန်းအနည်းငယ်ခန့်အထိ မြေပြန့်ပြောင်းလဲပစ်လိုက်သည်။

ကျယ်ပြောသော ရေကန်ကြီးမှာလည်း ထက်ဝက်ကျော်ခန့် ရုတ်တရက်ပျောက်ကွယ်သွား၏။

ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် ခရမ်းရောင်ကျောက်စိမ်းဓားရှည်သည် တစ်စစီ ကြေမွသွားပြီး နတ်ဆိုးစွမ်းအင်အဖြစ် ပြန့်ကျဲသွားသည်။

"ဟူး..."

ရှန်းယီ၏ အသက်ရှူသံများ ကမောက်ကမဖြစ်ကာ လေးလံလာသည်။ ခါးတွင်ချိတ်ထားသည့် သိုလှောင်ရတနာအိတ်ကို ပုတ်လိုက်ပြီး...

နောက်ထပ် နတ်ဆိုးအမြုတေ အများအပြားကို ချက်ချင်း မျိုချလိုက်၏။

အသက်ရှူနှုန်းကို ခေတ္တထိန်းညှိပြီးနောက်...

ရှန်းယီသည် ရှေ့မှ ဟင်းလင်းပြင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး ခဏမျှကြာသော် လီပြည်နယ်ဘက်သို့ ဦးတည်ကာ ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်း နည်းစနစ်ကို ထပ်မံထုတ်သုံးလိုက်သည်။

သို့သော် သူလှည့်လိုက်ချိန်မှာပင်...

ကောင်းကင်ပေါ်၌ ဒုတိယမြောက် ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာပြန်သည်။

…

ခရမ်းရောင်ကောင်းကင် နတ်ဘုရားမိုးကြိုးဓားနန်းတော်သည် မြေပြင်ထက်တွင် လွှမ်းမိုးနေ၏။

နီကျွင်း သည် သူ့၏ရွှမ်ဓားပေါ်တွင် ရပ်နေသည်။

ထိုခြင်္သေ့အသုံးပြုသွားသည့် နေရာရွှေ့ပြောင်းခြင်း နတ်ကျင့်စဉ်မျိုးကို သူပင် ယှဉ်နိုင်ရန်ခက်ခဲသည်။

ကံဆိုးသည်မှာ ထိုခြင်္သေ့၏အငွေ့အသက်ကို သူ့ဓားသိုင်းက မှတ်သားမိသွားပြီဖြစ်ရာ ကမ္ဘာမြေအဆုံးထိ ပြေးပါစေလွတ်မြောက်နိုင်မည်မဟုတ်ပေ။

နီကျွင်းသည် ရှေ့မှ ဟင်းလင်းပြင်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။

သူ့မျက်လုံးများက အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုအကြည့်ဖြင့် ပစ်မှတ်ထားခံရပြီးနောက် ယနေ့အထိ အသက်ရှင်ကျန်ရစ်သူ နတ်ဆိုးမှာ ၇ ကောင်အောက်သာ ရှိတော့သည်။

ရုတ်တရက်...

သူ့ဓားသွားကဲ့သို့ မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်ဝန်းထဲတွင် အံ့သြရိပ်များယှက်သန်းသွား၏။

နီကျွင်း၏အာရုံခံစားမှုထဲတွင် သူလွှတ်လိုက်သည့် ခရမ်းရောင်ကောင်းကင် နတ်ဘုရားမိုးကြိုး ဓားသိုင်းမှာ ချောက်နက်ထဲသို့မျိုချခံလိုက်ရသကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။

သို့သော် ထိုခြင်္သေ့၏အသက်စွမ်းအင်မှာ မှေးမှိန်နေသော်လည်း ယခင်ကနှင့်ယှဉ်လျှင် လုံးဝပြောင်းလဲခြင်း မရှိသေးပေ။

နီကျွင်း ခဏမျှတိတ်ဆိတ်သွားပြီးနောက် လက်ကို ထပ်မြှောက်လိုက်သည်။

ဒုတိယဓားသိုင်းသည် ဓားနန်းတော်၏ အတားအဆီးများကို ဖောက်ထွက်ပြီး ထိုအရပ်မျက်နှာဆီသို့ ဟိန်းဟောက်ကာပြေးဝင်သွားသည်။

၁၀ စက္ကန့်ခန့်အကြာတွင်...

နီကျွင်း၏မျက်ခုံးများ ပြေလျော့သွားသော်လည်း မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာ၏။

ထိုခြင်္သေ့က သူ့ဂိုဏ်းတူညီအစ်ကိုများ ပြောပြထားသည်ထက် ပိုထူးဆန်းနေသည်။

သူ နောက်ထပ် နှစ်ကြိမ်လက်ကို ဝှေ့ယမ်းလိုက်၏။

ဘုန်း ဘုန်း

ခရမ်းရောင်ကောင်းကင် နတ်ဘုရားမိုးကြိုးဓားနန်းတော်ကြီးမှာ ရုတ်တရက်ပြင်းထန်စွာ တုန်ခါသွားပြီးပြိုကွဲစပြုလာကာ အောက်မှပလ္လင်ပါ ပြိုကျလာသည်။

နီကျွင်း၏ မျက်နှာထားမှာ မပြောင်းလဲပေ။ မည်သည့်အရညကိုမှ မမြင်သည့်အလား နောက်ဆုံးတွင် သူ၏အင်္ကျီလက်စကို အားကုန်လွှဲချလိုက်သည်။

နောက်ထပ်သိပ်သည်းသော ခရမ်းရောင်မိုးကြိုးများ ဟိန်းဟောက်ထွက်ပေါ်လာ၏။

မြင်းဖြူနတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ခဲ့သည့် နှစ်ချက်အပါအဝင် စုစုပေါင်း ဓားချက် ၇ ချက်ဖြစ်၏။

ကောင်းကင်ပေါ်ရှိ ဓားနန်းတော်ကြီးမှာ လုံးဝ ပျက်စီးသွားသည်။

နီကျွင်း ညာဘက်လက်ကိုချလိုက်သည်နှင့် ခြေအောက်ရှိ ရွှမ်ဓားမှာ အထောက်အပံ့မဲ့သွားပြီး သူတို့နှစ်ခုလုံး မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

"ဘုန်း"

နီကျွင်း၏ အပြာရောင်ဝတ်ရုံကြီး လေထဲတွင် လွင့်ပျံနေပြီး မညီညာသော ကျောက်တုံးကြီးတစ်ခုပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားသည်။

သူ့မျက်လုံးများက ကောင်းကင်ကို စိုက်ကြည့်နေ၏။ ထိုခြင်္သေ့၏အငွေ့အသက်မှာ ရှိနေဆဲဖြစ်ပြီး နောက်မှရုတ်တရက်လုံးဝပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။

နီကျွင်း ကိုယ့်ကိုယ်ကိုလှောင်ပြောင်ကာ ရယ်မောလိုက်ပြီး ဖြည်းညှင်းစွာထထိုင်လိုက်၏။ ဘေးနားရှိ ရွှမ်ဓားကို ကန်ထုတ်လိုက်ပြီး ရှစ်မျက်နှာစားသောက်ခန်းမမှ ဝယ်လာသည့် ဝိုင်နှင့် ဘဲကင်ကို ထုတ်ယူကာတစ်ယောက်တည်း စားသောက်နေလိုက်သည်။

ဝိုင်တစ်ငုံသောက်လိုက်၊ အသားတစ်ဖတ် စားလိုက်ဖြင့် အချိန်အတော်ကြာသွားပြီး သူ ၉ ကောင်မြောက် ဘဲကင်နှင့် ၂၃ အိုးမြောက် ဝိုင်ကို သောက်ပြီးချိန်တွင်...

မင်္ဂလာတိမ်တိုက်များကို စီးနင်းလျက် လူတစ်ယောက် ကမန်းကတန်းရောက်လာ၏။

နုပျိုသောမျက်နှာနှင့် လူငယ်လေးသည် ကျောက်တုံးအောက်မှ ရွှမ်ဓားကို ကောက်ယူလိုက်ပြီး ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။

ထို့နောက် ခုန်တက်ကာ နီကျွင်း၏ကော်လာကို ဆွဲမပြီး "ခင်ဗျား ရူးသွားပြီလား။ ဆရာက ခင်ဗျားကို ဝူထုံတောင်ကနေ မထွက်ဖို့ တားထားတယ်လေ" ဟု အော်ဟစ်လိုက်သည်။

လီချင်းဖုန်းသည် သူ့ဆရာတူအစ်ကို၏ ကုန်ခမ်းနေသော အငွေ့အသက်ကို သတိထားမိလိုက်၏။

သူ ပတ်ဝန်းကျင်ကို ထိတ်လန့်စွာကြည့်လိုက်ပြီး နီကျွင်း၏ကိုယ်ကို လှုပ်ခါလိုက်သည်။

"ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ်ကိုယ့်ကိုယ်ကို ဒီလိုအခြေအနေရောက်အောင် လုပ်ရတာလဲ။ နတ်ဆိုးတစ်ကောင်ကောင်သာ ဖြတ်သွားရင် ခင်ဗျားသေပြီပဲ"

ထိုစကားကြားမှ နီကျွင်းက ဝိုင်အိုးကို ချလိုက်ပြီး ပြန်လှဲချလိုက်ကာ "သေပါစေတော့" ဟု လှောင်ပြောင်သလို ပြောလိုက်၏။

လီချင်းဖုန်း မျက်နှာတွင် ထိတ်လန့်မှုများအပြည့်ဖြစ်သွားပြီး မယုံကြည်နိုင်စွာကြည့်နေသည်။

"ကျုပ်ခင်ဗျားအတွက် နေရာတကာဖင်လိုက်ဆေးပေးနေရတာနှစ်တွေအများကြီးရှိပြီ။ အရှုပ်ထုပ်တွေကို ရှင်းပေးခဲ့ရတယ်။ အခု ခင်ဗျားက ဒီလိုပေါ့ပေါ့တန်တန်ပဲ ပြောထွက်တယ်ပေါ့"

သူ စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်၏။

"ခင်ဗျား ကျုပ်ကိုရော ထည့်တွက်သေးရဲ့လား"

ထိုသို့ပြောပြီးနောက် လီချင်းဖုန်းသည် သိုလှောင်အိတ်ထဲမှ ရွှေရောင်ကြိုးတစ်ချောင်းကို ထုတ်လိုက်ပြီး အမောတကြီးပြောလိုက်သည်။ "ဆရာက ခင်ဗျားကို ဒါနဲ့တုပ်ပြီး ပြန်ခေါ်လာဖို့ မှာလိုက်တယ်။ ကျုပ် ခင်ဗျားဘက်ကနေတောင် ဝင်ပြောပေးခဲ့သေးတာ။ အခုကြည့်ရတာ ခင်ဗျား တကယ်မှတ်လောက်သားလောက်အောင် ဖြစ်ဖို့လိုနေပြီ"

နီကျွင်းက ရုန်းကန်ခြင်းမရှိဘဲ အတုပ်ခံလိုက်၏။

လီချင်းဖုန်းက သူ့ကို မြေကြီးပေါ်မှဆွဲထူလိုက်ပြီး ဆရာတူအစ်ကို၏ဂရုမစိုက်သော မျက်နှာထားကို အကြာကြီး စိုက်ကြည့်နေကာ နောက်ဆုံးတွင် မေးလိုက်သည်။

"ခင်ဗျား တကယ်တမ်း ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး"

နီကျွင်း မျက်လုံးမှိတ်ထားလျက် အေးစက်စွာ ပြောလိုက်၏။ "ငါ အရမ်းပျင်းလာလို့... ဘာရည်မှန်းချက်မှ မရှိတော့သလို ခံစားရလို့"

သူသည် တစ်ချိန်ကကမ္ဘာကိုတုန်လှုပ်စေခဲ့သည့် လူသတ်သမား၊ ကျမ်းစာတိုက်ကို တစ်ယောက်တည်း ဝင်စီးရဲသည့် အရူးတစ်ယောက်ဖြစ်သည်။

အသက်လုကာ ထွက်ပြေးရသည့် စိတ်လှုပ်ရှားမှုမျိုးကို သူနှစ်သက်၏။

သို့သော် တာအိုနန်းတော်ဖြစ်တည်လာပြီးနောက်ပိုင်း သူအမှန်တကယ် နှစ်သက်သည့်အရာများကို စိတ်ကြိုက်မလုပ်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

သူသည် ကျပ်တည်းထူထဲသည့် ဓားအိမ်ထဲသို့ အတင်းထိုးစိုက်ခံထားရသည့် ကျောက်မျက်ရတနာစီ ဓားတစ်လက်ကဲ့သို့ ခံစားနေရသည်။

All Chapters