ခံတပ်ပြိုသည့်ကြွက်ငယ်သဖွယ်
Vol. 40 Ch. 392
“...”
ရှန်းယီသည် သူ၏ဝတ်ရုံပေါ်မှ ဖုန်များကိုခါလိုက်ပြီး လက်ဝါးကသိုလှောင်အိတ်ဆီသို့ လှမ်းလိုက်ရာ ဗလာဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
သူ လက်ချောင်းများကို ဖြည်းညှင်းစွာဆုပ်ကိုင်လိုက်၏။
အသက်ပြင်းပြင်းအကြိမ်ကြိမ် ရှူရှိုက်ပြီးနောက် သူ့ဒေါသကိုဖိနှိပ်လိုက်နိုင်ခဲ့သည်။
စုန့်ပြည်နယ်မှ ယနေ့အထိ သူစုဆောင်းထားသမျှ နတ်ဆိုးအမြုတေများအားလုံး ကုန်သွားပြီဖြစ်သည်။ တစ်ခုမှမကျန်တော့ပေ။
ဓားချက် ၅ ချက်စာ ကာကွယ်ရန်အတွက် အကုန်ပေးဆပ်လိုက်ရလေ၏။
...
ဝူထုံတောင်ကို ပြောင်သလင်းခါသွားသည်အထိ မလုပ်နိုင်လျှင် သူ၏ရှန်းဆိုသော နာမည်ကို ပြောင်းပြန်လှန်ရေးလိုက်မည်။
"သွား... အဲ့ဒီမြင်းဖြူကို ရှာစမ်း" ဟု သူအမိန့်ပေးလိုက်၏။
ရှန်းယီသည် ချောက်နက်ပင့်ကူဧကရာဇ်နှင့် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်တို့ကို လွှတ်လိုက်သည်။
သူသည် စိတ်အာရုံမှတစ်ဆင့် ချင်းဟွာထံသို့လည်း အမိန့်ပေးလိုက်၏။
ဒေါသထွက်တာက ထားဦး၊ သိမ်းပိုက်ရမည့်အရာများကို လျစ်လျူရှုထား၍မဖြစ်ပေ။
ယခုအချိန်လောက်ဆိုလျှင် မြင်းဖြူနတ်ဆိုးဧကရာဇ်သည်လည်း ထွက်ပြေးလွတ်မြောက်လောက်ပေ၏။
"သခင်ကြီး..."
ချင်းဟွာသခင်မသည် ဒေါသကိုမနည်းထိန်းချုပ်ထားရင်း တောင်းပန်လိုက်၏။ "နီကျွင်း ကို သတ်ခွင့်ပြုပါ"
"မြင်းဖြူကို အရင်ရှာပါ" ဟု သူက ဖြတ်ကာပြောလိုက်၏။
ရှန်းယီသည် မည်သည့်အရာကပိုတန်ဖိုးရှိမှန်း သိ၏။ သူ့ရွှေကိုယ်ခန္ဓာဓမ္မကိုယ်ထည်နှင့် နီကျွင်းကို အနိုင်ယူဖို့ဆိုလျှင်အိမ်မက်မက်နေသလိုပင် ဖြစ်လိမ့်မည်။
သို့သော် ယနေ့သာ နီကျွင်းမရှိလျှင် ဤနတ်ဆိုးဘေးအန္တရာယ်ကိုသူတစ်ယောက်တည်း ဖြေရှင်းနိုင်ဖို့ဆိုလျှင် တကယ်မလွယ်ကူလှပေ။
သို့သော် အကြောင်းပြချက်က အကြောင်းပြချက်ပင်။
လမ်းတစ်လျှောက် စုဆောင်းလာခဲ့သမျှ အခြေခံအုတ်မြစ်တွေ ကုန်ခမ်းသွားတာကိုမြင်ရတော့ ရှန်းယီ လက်မခံနိုင်ဖြစ်ရသည်။
ဝူထုံတောင်သာ လုံလောက်သည့်လျော်ကြေးမပေးလျှင် ဤကိစ္စပြီးသွားမည် မဟုတ်ပေ။
ချင်းဟွာ တုံ့ဆိုင်းနေပြီးမှ မလိုလားစွာဖြင့် ပြန်ပြောလိုက်၏။ "ဟုတ်ကဲ့ပါ... ချင်းဟွာ နာခံပါတယ်"
ရှန်းယီသည် စိတ်ကိုလျော့လိုက်ပြီး သိုလှောင်အိတ်ထဲမှ ဟုန်ယွင်တစ်ခုကို မလိုလားစွာ ထုတ်လိုက်၏။
အရင်းအမြစ်တွေ ပြတ်လပ်နေတော့ ရှေးဟောင်းပစ္စည်းတချို့ကို ထုတ်သုံးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ဟုန်ယွင်ပေါ်တွင် ရပ်လိုက်ရင်း သူဝတ်ဆင်ထားသည့် ဝတ်ရုံကိုချစ်လည်းချစ် မုန်းလည်းမုန်းမိသည်။ နီကျွင်း၏ရက်စက်သော ဓားသိုင်းကွက်များအောက်တွင် သူအထိအခိုက်မရှိကျန်ရစ်ခဲ့သော်လည်း စွမ်းအင်သုံးစွဲမှုနှုန်းက ကြောက်ခမန်းလိလိပင်။
ရှန်းယီ အာရုံပြောင်းလိုက်ပြီး တိမ်စီးကာ လီပြည်နယ်ဘက်သို့ ဦးတည်လိုက်၏။
…
လီပြည်နယ်၊ လက်နက်ဂိုဏ်းတွင်
ရွှီချင်းအာ သည် ဆေးမီးဖိုတစ်ခုပေါ်တွင် အစီအရင်သင်္ကေတများကို စေ့စပ်သေချာစွာ ရေးထွင်းနေ၏။
လူအိုကြီးအချို့က သူမဘေးတွင် စိတ်လှုပ်ရှားစွာ ထိုင်နေကြသည်။ လက်နက်ဖန်တီးရာတွင် အစီအရင်များကိုအထောက်အကူပြုနိုင်မည်လောဟု သူတို့အမြဲ တွေးတောခဲ့ကြသော်လည်း အခွင့်အရေးမရခဲ့ကြပေ။
ဤမိန်းကလေးက လက်နက်ဖန်တီးခြင်းအတွက် သူတို့၏ထောင်ပေါင်းများစွာသော စိတ်ကူးစိတ်သန်းများကို ဖြည့်ဆည်းပေးရုံသာမက၊ထိုအရာများကို လက်နက်ဖန်တီးမှုလုပ်ငန်းစဉ်နှင့် လွယ်ကူစွာ ပေါင်းစပ်ပေးနိုင်စွမ်းရှိသည်။
"မိန်ကလေးက တကယ့် အစီအရင်ဆရာသခင်ကြီးပါပဲ"
"စီနီယာတို့ မြှောက်လွန်းပါပြီ။ ကျွန်မက နည်းနည်းပါးပါး စမ်းသပ်ကြည့်ရုံပါ" ဟု ရွှီချင်းအာက ပြန်ပြောလိုက်၏။
သူမသည် နဖူးမှချွေးများကို သုတ်လိုက်ပြီး ပြုပြင်စရာရှိမရှိ သူမရှေ့မှဆေးမီးဖိုကို သေချာစစ်ဆေးလိုက်သည်။
ဤအရာက ရှန်းယီမထွက်ခွာခင် မဟာချန်တွင် အပ်ထားခဲ့သည့် တစ်ခုတည်းသော အလုပ်ဖြစ်သည်။
အလွန်ကြာမြင့်နေပြီဖြစ်သော်လည်း သူမက တတ်နိုင်သမျှ ပြီးပြည့်စုံအောင် လုပ်ချင်နေသေး၏။
ရွှီချင်းအာ ထရပ်လိုက်ပြီး မွန်းကြပ်နေသော အခန်းထဲမှ ထွက်လာခဲ့သည်။
သူမ၏ဒေါ်လေးဖြစ်သူက အခန်းအပြင်ဘက်တွင် ပျင်းရိစွာ စောင့်ဆိုင်းနေသည်။ မူလက အပြင်ထွက်လာပြီးနောက် လွတ်လပ်စွာ လျှောက်သွားချင်ခဲ့သော်လည်း၊ရှန်းယီက လှည့်ထွက်သွားပြီး မဟာချန်တွင် သူတို့ကိုထားရစ်ခဲ့ကာ နောက်ဆံမတင်းခဲ့ပေ။
ရွှီဝမ်ယွင်မှာ နတ်ဆိုးတစ်ထောင်ဂူထဲတွင် သူနှင့်အတူ ယရည်ရွယ်ချက်မရှိ လျှောက်သွားခဲ့ရသည့် အချိန်များကို လွမ်းဆွတ်စပြုလာ၏။
"ဒါနဲ့"
သူမ စိတ်ဝင်စားသွားပြီး ရုတ်တရက်လှည့်ကြည့်လိုက်ကာ နတ်ဆိုးတစ်ထောင်ဂူအကြောင်းနှင့် သတင်းစကားများကို သတိရသွားသည်။
"နတ်ဆိုးတစ်ထောင်ဂူက ထိပ်တန်းဂူ ၁၀ ခုထဲမှာ နောက်ထပ် မဟာနတ်ဆိုးဧကရာဇ်တစ်ပါး ပေါ်လာပြီလို့ လောကကိုကြေညာလိုက်တာ နင်သိလား... သူ့နာမည်က ဘာတဲ့လဲ ခန့်မှန်းကြည့်"
"ဘာတဲ့လဲ"
ရွှီချင်းအာက စိတ်ဝင်တစား မေးလိုက်၏။ သူမ၏ဒေါ်လေးက နတ်ဆိုးနာမည်တစ်ခုကို အဘယ်ကြောင့်ဤမျှထိလျှို့ဝှက်နေမှန်း နားမလည်နိုင်ဖြစ်နေသည်။
"..."
ရွှီဝမ်ယွင် ပြောမည့်အချိန်တွင် နောက်မှ ခြေသံကြားလိုက်ရ၍ လန့်သွားသည်။
လှည့်ကြည့်လိုက်ရာ သူမမျက်နှာတွင် ပျော်ရွှင်မှုများ လင်းလက်လာ၏။
"ဘယ်တုန်းက ပြန်ရောက်တာလဲ"
"အခုပဲရောက်တာ" ရှန်းယီက ခေါင်းအနည်းငယ်ငြိမ့်ပြရင်း အိမ်ထဲသို့ ဝင်သွား၏။
ရွှီချင်းအာသည် အစ်ကိုကြီးရှန်းယီ၏ ကျောပြင်ကို ကြည့်လိုက်သည်။
တည်ငြိမ်နေဆဲပင်။ အနက်ရောင်ဝတ်ရုံတွင် ဖုန်တစ်စက်မျှမကပ်။ အန္တရာယ်များလှသည့် ပြင်ပကမ္ဘာကြီးက သူ့အတွက် လမ်းလျှောက်ထွက်သလောက်သာ ရှိပုံရသည်။
"ဒါ မင်းလုပ်ထားတာလား"
ရှန်းယီသည် သူ့ရှေ့မှ သေသပ်စွာဖန်တီးထားသော ဆေးဖိုကို စစ်ဆေးလိုက်၏။
"လက်နက်ဂိုဏ်းက စီနီယာတွေနဲ့ ပေါင်းလုပ်ထားတာပါ... သုံးလို့ရမရတော့ မသိဘူး" ရွှီချင်းအာက ရှက်ရွံ့စွာဖြင့် လက်များကို နောက်သို့ပစ်ထားလိုက်သည်။
"မင်းအတွက် ပင်ပန်းသွားပြီ"
ရှန်းယီ ခေါင်းငြိမ့်လိုက်ပြီး ကျောက်စိမ်းပြားနှစ်ခုကို ပစ်ပေးလိုက်၏။ "ဒါတွေကို ကူးယူထားလိုက်... ပြီးရင် အားတဲ့အချိန်ဖတ်ကြည့်ပေါ့"
ရွှီချင်းအာသည် ကျောက်စိမ်းပြားများကို လက်ထဲတွင်ဆုပ်ကိုင်ထားလိုက်ပြီး ချက်ချင်းမစစ်ဆေးသေးပေ။ "အစ်ကိုကြီးရှန်း ဘယ်လိုဆေးလုံးမျိုး ဖော်စပ်မလို့လဲ။ အစီအရင်တွေ ထပ်ထည့်ဖို့ လိုသေးလား"
"မင်းကိစ္စရှိတာ သွားလုပ်ချေ။ ငါလိုတာရှိရင် ခေါ်လိုက်မယ်" ဟု ရှန်းယီက လက်ကိုအနည်းငယ် ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အော်..."
ရွှီချင်းအာ နှုတ်ခမ်းဆူလိုက်၏။ လက်ဆောင်ရသည်ထက် တစ်ဖက်လူ၏ဘေးနားတွင် ပိုနေချင်သေးသည်။
သို့သော် သူမ လိမ္မာစွာပင် လှည့်ထွက်သွား၏။
ဟီးဟီး... ငါတစ်ယောက်တည်း လက်ဆောင်ရတာပဲ။
တံခါးပြန်ပိတ်လိုက်ပြီးနောက်
ရွှီချင်းအာသည် စိတ်စပ်စုသလို ကြည့်နေသော ဒေါ်လေးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်စိမ်းပြားကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြလိုက်ကာ စိတ်အာရုံကို ကျောက်စိမ်းပြားထဲ နှစ်လိုက်၏။
နောက်တစ်ခဏတွင် သူမမျက်နှာ ဖြူဖျော့သွားသည်။
"ဒါက..."
ရွှီချင်းအာ အလိုအလျောက် ပါးစပ်ကိုအုပ်လိုက်ပြီး စကား၏တစ်ဝက်ကို မျိုချလိုက်သည်။
သံသယအကြည့်ဖြင့် သူမဒေါ်လေး အနားရောက်လာမှသာ အလျင်စလို တီးတိုးပြောလိုက်သည်။
"ဒါက ဝူထုံတောင်က ထုံရှင်းချွမ်းရဲ့ ကောင်းကင်နတ်ပိုးချည်သန့်စင်ခြင်း ပဲ"
ဘာသာရပ်ပေါင်းစုံကို လေ့လာလိုက်စားသော ရွှီမိသားစုဝင်တစ်ယောက်အနေဖြင့် ထိုအစီအရင်ဆရာသခင်ကြီး၏ နာမည်ကျော်ကြားမှုကို မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။
ထိုစကားကြားသောအခါ ရွှီဝမ်ယွင် မျက်နှာထားလည်း ထူးဆန်းသွားသည်။
ဝူထုံတောင်၏ကျင့်စဉ်၊ ထို့အတု မိတ္တူမဟုတ်ဘဲ မူရင်းကျောက်စိမ်းပြားဖြစ်နေ၏။ မည်သို့ပြု၍ ရှန်းယီ၏လက်ထဲ ရောက်နေသနည်း။
သူမ စကားမဆုံးသေးသည့် ကိစ္စတစ်ခုကို သတိရသွားပြီး အသံနှိမ့်ပြောလိုက်၏။ "နတ်ဆိုးတစ်ထောင်ဂူရဲ့ ဧကရာဇ်အသစ်နာမည်က... ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်တဲ့"
ရွှီချင်းအာ ကျောက်စိမ်းပြားကို ရင်ဘတ်ထဲ တင်းကျပ်စွာ ပိုက်ထားလိုက်၏။
"..."
ဒေါ်လေးဖြစ်သူဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူမလည်း အသက်ရှူမြန်နေသည်ကို တွေ့လိုက်ရသည်။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်ဆိုသည်မှာ သူတို့ကိုယ်တိုင်မြင်ခဲ့ရသည့် ရှန်းယီသတ်လိုက်သည့်အကောင်ဖြစ်နေ၏။ ရွှေကိုယ်ခန္ဓာဓမ္မကိုယ်ထည်ကြောင့် ခေါင်းတောင်ကွဲသွားခဲ့သည်မဟုတ်လော။
အကယ်၍ သူသာပြန်အသက်ရှင်လာနိုင်သေးသည်ဆိုလျှင် နတ်ဆိုးတစ်ထောင်ဂူကို ခုခံနေစရာမလိုတော့ပေ။ သေဆုံးရမည်နေ့အား လက်ချိုးရေတွက်နေလျှင် ပိုကောင်းလိမ့်မည်။
"ဒါဆို..."
ရွှီချင်းအာ မျက်တောင်ခတ်လိုက်၏။
အစ်ကိုကြီးရှန်းယီ ဒီတစ်ခေါက် ပျောက်သွားတာက နတ်ဆိုးသွားသတ်တာမဟုတ်ဘဲ... နတ်ဆိုးတစ်ထောင်ဂူရဲ့နတ်ဆိုးဧကရာဇ် သွားလုပ်နေတာပေါ့။
ဝူထုံတောင်က လျှို့ဝှက်ကျင့်စဉ်ကိုတောင် ခိုးလာလိုက်သေးတယ်။
အမျိုးသမီးနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ကြောက်ရွံ့သော်လည်း မျက်လုံးထဲရှိ ထင်ကြေးများကို တွန့်ဆုတ်ခြင်းမရှိဖယ်ရှားပစ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အစ်ကိုကြီးရှန်းယီ၏လုပ်သမျှမှာ အကြောင်းပြချက်ရှိပါလိမ့်မည်။
“...”
အခန်းပြင်ပမှ တိုးညှင်းသော စကားသံများကို နားထောင်ရင်း ရှန်းယီ မျက်နှာထား မပြောင်းလဲပေ။
သူ့ယုံကြည်မှုကို ရယူနိုင်သူသိပ်မရှိပေ။ ရွှီချင်းအာ၏ ဉာဏ်ရည်ကို ယုံကြည်လို့သာ ညွှန်ကြားချက် သိပ်မပေးခဲ့ခြင်းဖြစ်သည်။
"ဘယ်လိုနေလဲ"
သူဘေးသို့ လှမ်းကြည့်လိုက်၏။
ချင်းချိုဘိုးဘေးက ဆေးမီးဖိုကို ပတ်ကြည့်နေသည်။ "သခင်ကြီးကို တင်ပြပါတယ်။ သုံးလို့တော့ ဖြစ်လောက်ပါတယ်"
၎င်းက မော့ကြည့်ပြီး ရှင်းပြ၏။ "ဆေးမီးဖိုက မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ ချင်းချိုတောင် ဒီလိုပစ္စည်းကောင်းမျိုးရှာတွေ့ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဟွာရှန်းဆေးလုံး နဲ့ ရှုပ်ထွေးမှုလွှမ်းမိုးဆေးလုံးတို့က အရည်အသွေးမြင့်လွန်းတော့ သာမန်လူသားတွေရဲ့လက်ရာနဲ့ ဖော်စပ်လို့မရလို့ပါ"
ရှန်းယီ ခေါင်းငြိမ့်လိုက်၏။ "အလုပ်ဖြစ်ရင် ပြီးတာပါပဲ"
လက်ရှိအင်အားက လုံလောက်ဖို့ အဝေးကြီးလိုသေးသည်။
တာအိုနန်းတော်၏အကူအညီပါလျှင်ပင်၊ နည်းလမ်းပေါင်းစုံသုံးလျှင်ပင် မြင်းဖြူနတ်ဆိုးဧကရာဇ်ကို နိုင်ဖို့မသေချာပေ။ နတ်ဆိုးတစ်ထောင်ဂူထဲမှ နတ်ဆိုးဧကရာဇ်အများအပြားကို ရင်ဆိုင်ဖို့ဆိုသည်မှာ ဝေလာဝေးပင်။
သူ တင်ပျဉ်ခွေထိုင်ပြီး စနစ်ဘောင်ကွက်ကို ဖွင့်လိုက်၏။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၂၄၀၀၀ နှစ်]
ခြေတစ်ထောင်နတ်ဆိုးဧကရာဇ် ကဲ့သို့အကောင်မျိုးအတွက်တော့ သူတို့၏ကျန်ရှိနေသော သက်တမ်းမှာ စိတ်ပူစရာပင်။
သို့သော် အကြောင်းပြချက်မရှိဘဲ အခြားနတ်ဆိုးများကိုသတ်ဖြတ်လိုက်လျှင် ဖြေရှင်းရခက်လိမ့်မည်။
ယခု နတ်ဆိုးတစ်ထောင်ဂူထဲမှ နတ်ဆိုးဧကရာဇ် သုံးပုံတစ်ပုံခန့်ကို သံသယအဝင်မခံဘဲ သတ်ဖြတ်နိုင်ခဲ့သည်မှာပင် လွန်စွာကံကောင်းနေပြီဖြစ်၏။
နန်ယန်ဂိုဏ်း၏အမွေအနှစ်ကို သိမ်းပိုက်ပြီးမှ ရန်သူအဖြစ်ပြောင်းလဲဖို့ စဉ်းစားရပေလိမ့်မည်။