ငါ့အတွေးကြောင့် ငါရှိသည်
Vol. 40 Ch. 394
ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ယံသို့ တောက်လျှောက် ထိုးတက်နေသည်။
ထိုအရာက လီပြည်နယ်ရှိ ဝိညာဉ်စွမ်းအင်များကို ပိုမိုသိပ်သည်းလာစေ၏။
သာမန်လူများပင်လျှင် သူတို့၏ခန္ဓာကိုယ်များ ပေါ့ပါးလာသည်ကို ခံစားမိကြပြီး ကုသရခက်ခဲသော ရောဂါဆိုးများအလိုအလျောက် ပျောက်ကင်းသွားသည့် ဖြစ်ရပ်များပင် မကြာခဏ ဖြစ်ပေါ်လာခဲ့သည်။
"ဘယ်လို အင်မော်တယ်ဆေးမျိုး ပေါ်ထွက်လာတာလဲ..." ဝူတောက်အန်းမှာ ကြောင်အမ်းလုနီးပါး ဖြစ်နေသည်။ သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် ဘဏ္ဍာတိုက်ရှိ ရှေးဟောင်းစာအုပ်ပေါင်းများစွာကို ဖတ်ရှုလေ့လာခဲ့ဖူးသော်လည်း ဤမျှ တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သူ့အတွက် ပို၍လွန်ကဲသည်ဟု ထင်ရသည့်အချက်မှာ ဤကဲ့သို့သောရွှေရောင်အလင်းတန်းမျိုး ပေါ်ထွက်လာသည်မှာ နှစ်ဆယ့်ခြောက်ကြိမ်မြောက်ရှိနေပြီ ဖြစ်သည်။
...
ဂျူနီယာညီလေး ရှန်းယီ က ဒီနယ်မြေထဲက ဝိညာဉ်ဆေးပစ္စည်းတွေ အကုန်လုံးကို သိမ်းကျုံးယူသွားတာများလား။
“…”
လက်နက်တိုက်ထိန်းသိမ်းသူ ကျူးကျွယ်မှာ ဝူတောက်အန်းထက်ပင် ပို၍ပြင်းပြင်းထန်ထန် တုန်လှုပ်နေ၏။
သူသည် အနည်းဆုံးရင်းနှီးသော ဆေးဘက်ဝင်ပစ္စည်းအမျိုးအစား ၁၀ မျိုးကျော်၏အနံ့ကို အာရုံခံမိလိုက်သည်။
အားလုံးမှာ နှစ်ထောင်ချီမှ တစ်ကြိမ်သာ တွေ့ရတတ်သော ရှားပါးရတနာများဖြစ်ကြ၏။
ထိုအရာများအပြင် သူတစ်ခါမှ မကြားဖူးသော ပို၍ပြင်းထန်သည့် အခြားဆေးရနံ့များလည်း ပါဝင်နေသည်။
ထိုမျှအဖိုးတန်သော ပစ္စည်းများဖြင့် ဖော်စပ်ထားသည့် ဆေးလုံးသည်စားသုံးလိုက်ပါက ချက်ချင်းပင် အင်မော်တယ်တစ်ပါး ဖြစ်လာစေနိုင်သည်လော။
...
"အာဘ်..."( လေတက်သံပါမရေးတတ်လို့)
သစ်သားအိမ်လေးထဲတွင် ရှန်းယီ သည် ဟွာရှန်ဆေးလုံးတစ်လုံးကို ပါးစပ်ထဲထည့်ကာ ထုံထိုင်းစွာ ဝါးစားလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေရသော ချင်းချိုဘိုးဘေးကြီး၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွား၏။
ဤဆေးလုံးတစ်လုံးတည်းကပင် ဟွမ်ယွမ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ရန် အခွင့်အရေးများစွာ တိုးမြှင့်ပေးနိုင်သည်။
ထို့ကြောင့် ၎င်းတို့သည် အလွန်ရှားပါးလှသည်။
မူလက ဆေးတစ်ကြိမ်ဖော်လျှင် ၅ လုံး သို့မဟုတ် ၆ လုံးခန့်သာရရှိတတ်ပြီး ရှန်းယီ ကျွမ်းကျင်လာလျှင်ပင် အများဆုံး ၁၀ လုံးထက် မကျော်လွန်ပေ။
ဤမျှတိုတောင်းသော ကာလလေးအတွင်း...
ရှန်းယီ က ဆေးလုံးပေါင်း ၈၀ နီးပါးကို မျိုချလိုက်သည်ကို သူ မျက်ဝါးထင်ထင် တွေ့မြင်နေရ၏။
ဒါက... တကယ်ရော အလုပ်ဖြစ်ရဲ့လား။
သို့သော် ဤကဲ့သို့သော ကောင်းကင်ဘုံရတနာမျိုးကို သခင်ဖြစ်သူက စားသုံးမှသာ ဖြုန်းတီးရာမရောက်ဘဲ ထိုက်တန်ပေလိမ့်မည်။
“…”
ရှန်းယီ ဆေးလုံးကို မျိုချလိုက်ပြီး ပြင်းထန်သော ဆေးအာနိသင်များ ပျော်ဝင်ကာ သူ၏ တာအိုဝိညာဉ်အင်္ဂါငါးရပ်ထဲသို့ ပေါင်းစည်းသွားသည်ကို ခံစားလိုက်ရသည်။
လမင်းဝါးမြိုစွမ်းအင်စုစည်းခြင်းနည်းစနစ်သည် ဆေးအာနိသင်များကို အပြည့်အဝ စုပ်ယူနိုင်စွမ်းရှိသည်။
စနစ်ဘောင်ကွက်နှင့် ပေါင်းစပ်လိုက်သောအခါ ချေဖျက်လိုက်သော ဆေးလုံးတစ်လုံးစီတိုင်းသည် ၁၀ နှစ်တာမျှကျင့်ကြံရသော အချိန်ကာလနှင့် ညီမျှသည်။
နှစ်ခုစလုံးကို ပေါင်းစပ်လိုက်လျှင် ဆေးလုံး၏ အာနိသင်ကို အစအနပင် လေလွင့်ခြင်း မရှိစေဘဲ အပြည့်အဝ အသုံးချနိုင်သည်ဟု ဆိုနိုင်ပေ၏။
[နှစ်ပေါင်း ၈၂၃ နှစ်တွင်၊ သင်သည် ဟွာရှန်းဆေးလုံး၏စွမ်းအားကို နောက်တစ်ကြိမ် ချေဖျက်ခဲ့သည်၊ ၎င်းသည် သင်၏အင်္ဂါငါးရပ်ထဲသို့ စီးဝင်သွားပြီး ဝိညာဉ်အမြစ်၅ ခုလုံးကို မိုးမြေ၏ ဆေးကြောခြင်းကို ခံရသကဲ့သို့ တောက်ပလာစေကာ အောင်မြင်စွာ အသွင်ပြောင်းလဲစေခဲ့သည်]
[နောက်ဆုံးတွင် ဆေးအာနိသင်ကုန်ဆုံးသွားပြီး သင်သည် သိမ်မွေ့နက်နဲသောပြောင်းလဲမှုများကို ကြည့်ရှုကာ နှလုံးသားထဲမှ ကျေနပ်သော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်]
ရှန်းယီသည် အတွင်းစိတ် တွေးတောဆင်ခြင်မှုထဲတွင် နစ်မြုပ်သွားသည်။
သူ၏ခန့်မှန်းချက် မှန်ကန်ခဲ့သည်၊ ဟွာရှန်းဆေးလုံးသည် ကျင့်ကြံသူတစ်ဦးကို ဝိညာဉ်အမြစ်များ စုစည်းရန်ကူညီပေးနိုင်ပြီး ဖြစ်နိုင်ချေများစွာဖြင့် ၎င်းတို့ကို ဖြည့်ဆည်းပေးနိုင်သည်။
အနိမ့်ဆုံးအဆင့်ရှိသော အစစ်အမှန်သူရိယချီလင်ကျောက်တုံးပင်လျှင် ယခုအခါ တောက်လောင်နေသောမီးပြင်းဖိုကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ၊ စွေ့သစ်သားမှာလည်း ကျိုးပဲ့နေသော သစ်ကိုင်းစမှ စိမ်းလန်းစိုပြေသော သစ်ပင်ကြီးအဖြစ် ကြီးထွားလာခဲ့သည်။
ကျန်ရှိသောသုံးခုအတွက်မူ ပြောင်းလဲမှုများမှာ ထိုမျှကြီးမားခြင်း မရှိသော်လည်း ၎င်းတို့၏အော်ရာများမှာ ပိုမိုနက်ရှိုင်းလာ၏။
ဤတိုးတက်မှုများနှင့်အတူ သူ၏တစ်ကိုယ်လုံးသည် ဆက်လက်တိုးတက်ရန် မဖြစ်နိုင်တော့သည့် အမှတ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။
သူ၏ကျင့်ကြံခြင်းအဆင့် အတားအဆီးကို မချိုးဖျက်ရသေးသော်လည်း သူအာရုံခံနိုင်သည့် ဝိညာဉ်စွမ်းအင်အကွာအဝေးမှာ သုံးဆကျော် တိုးလာခဲ့သည်။
ရှန်းယီ ကျန်ရှိနေသော ဟွာရှန်းဆေးလုံးများကို ရေတွက်ကြည့်ရာ ၁၀ လုံးကျော် ကျန်နေသေးသဖြင့် အခြားနေရာတွင်အသုံးပြုနိုင်စေရန် သေချာစွာ သိမ်းဆည်းလိုက်၏။
ထို့နောက် သူသည် ရှုပ်ထွေးမှုလွှမ်းမိုးခြင်းဆေးလုံး အလုံး ၁၀၀ ခန့်ကို ထုတ်ယူလိုက်၏။
နန်ယန်ဂိုဏ်းမှ ဟွာရှန်းဆေးလုံးများနှင့် ယှဉ်လျှင် ချင်းချိုမှထုတ်လုပ်သော ဤဆေးလုံးများသည် ဆေးအာနိသင်ကို အခြေခံမျှသာထိန်းချုပ်ထားသဖြင့် သိသာထင်ရှားစွာပင်ပိုမိုကြမ်းတမ်းသည်။
သို့သော် ရှန်းယီအတွက်မူ ဤအရာများက သူအလိုအပ်ဆုံးအရာများ ဖြစ်သည်။
သူသည် နှမြောတွန့်တိုခြင်း မရှိဘဲ လက်တစ်ဆုပ်စာယူကာ မျိုချလိုက်၏။
လှိုင်းထန်နေသော ဆေးအာနိသင်များသည် သူ၏ခန္ဓာကိုယ်အတွင်း ချက်ချင်းပင် ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။
သူ၏ဝိညာဉ်အမြစ်များ အသွင်ပြောင်းလဲခြင်း မရှိခဲ့ပါက သူသည် ချက်ချင်းပင် ဒုက္ခရောက်သွားနိုင်ပေသည်။
[ပထမနှစ်တွင်၊ သင်သည် ရှုပ်ထွေးမှုလွှမ်းမိုးခြင်းဆေးလုံးများစွာကို စားသုံးခဲ့သည်။ မည်သည့် ကျင့်စဉ်ကိုမျှအသုံးမပြုဘဲ ထိုလှိုင်းထန်သော ဆေးအာနိသင်သက်သက်ကိုသာ အားကိုးကာ၊ လမင်းဝါးမြိုစွမ်းအင်စုစည်းခြင်းနည်းစနစ်ဖြင့် အတားအဆီးကို အတင်းအဓမ္မချိုးဖျက်ရန် စတင်ကြိုးစားခဲ့သည်]
ရှန်းယီ မျက်လုံးများကို မှိတ်ထားလိုက်၏။
နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ချိုးဖျက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အဓိကသွေးကြောများဖြင့်ဆုံးဖြတ်နိုင်သော ကနဦးအဆင့်များကဲ့သို့ထင်ရှားခြင်း မရှိပေ။
၎င်းသည် မိုးမြေ၏ထင်ယောင်ထင်မှား နယ်ပယ်ကြားတွင် ဖြစ်တည်မှုပိုဆန်လာပေ၏။
ရှုပ်ထွေးမှုလွှမ်းမိုးခြင်းဆေးလုံး ဆိုသည်မှာ မိုးမြေစည်းချက်ကို အတင်းအဓမ္မအာရုံခံနိုင်ရန် ကူညီပေးသော အဖိုးတန်ဆေးဝါးဖြစ်သည်။
တာအိုဝိညာဉ်၏ အင်္ဂါငါးရပ်သည် ဆေးအာနိသင်များကို ရူးသွပ်စွာစတင်ဝါးမြိုလေတော့သည်။
မျက်စိတစ်မှိတ်အတွင်း မိုးမြေအတွင်းရှိ စည်းချက်များ ရုတ်တရက်ကြည်လင်ပြတ်သားလာသယောင် ခံစားလိုက်ရသည်။
လီ ၃၀၀ ... လီ ၈၀၀။
[နှစ်ပေါင်း ၃၆၀ တွင်၊ သင်သည် ထိုနည်းလမ်းလေးကို အသုံးပြု၍ဆေးအာနိသင်အားလုံးကို ကုန်ဆုံးစေကာ၊ နတ်ဘုရားစိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်]
ရှန်းယီ တစ်ခဏမျှပင် မရပ်တန့်ဘဲနောက်ထပ် ဆေးတစ်ဆုပ်ကိုတိုက်ရိုက် စားသုံးလိုက်၏။
မိုင်ထောင်ချီသော မိုးမြေ၏စွမ်းအင်ကို ထိန်းချုပ်ရသည့်ထိုခံစားချက်က အလွန်ပင် အံ့သြဖွယ်ကောင်းလှသည်။
ငါ့အတွေးအောက်မှာ ငါသည်သာပြိုင်ဘက်ကင်းဘဲ။
ထိုခံစားချက်နှင့် နှိုင်းယှဉ်လျှင် ယင်ဝိညာဉ်ဖြင့် ဓားစီးကာမိုင်ထောင်ချီသို့ ကိုယ်တိုင်ခရီးသွားရခြင်းမှာ ထည့်ပြောစရာပင် မလိုတော့ပေ။
[နှစ်ပေါင်း ၇၃၀ တွင်၊ သင်သည် လီ ၂၁၀၀ အကွာအဝေးမှ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ခဲ့ပြီး မိုးမြေတစ်ခုလုံးကို မိမိစိတ်တိုင်းကျ စေခိုင်းနိုင်သကဲ့သို့ ဖြစ်လာကာ နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်၏ မဟာတာအိုကို ပုံဖော်နိုင်ခဲ့သည်]
ရှန်းယီ နောက်ဆုံးလက်ကျန် ရှုပ်ထွေးမှုလွှမ်းမိုးခြင်းဆေးလုံး တစ်ဆုပ်ကိုဖမ်းယူလိုက်သည်။
သူ၏မျက်နှာမှာ နီမြန်းလာပြီး ဆေးမှ အဆိပ်အတောက်များက နှလုံးကို တိုက်ခိုက်လာ၏။
ချင်းချိုအဘိုးကြီးမှာ တံတွေးတစ်လုပ် မျိုချလိုက်မိသည်၊ အမှန်တကယ်တွင် နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ကူးပြောင်းရာတွင် နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်ရန်အတွက်သာ ဤဆေးကို အသုံးပြုလေ့ရှိသည်။
တစ်ကြိမ်တည်းနှင့် ဤမျှအများကြီး မျိုချမည့်လူ ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
နောက်ဆက်တွဲ ဖြစ်လာမည့် အကျိုးဆက်များကို ထည့်မတွက်တော့ဘူးလော။
“…”
ရှန်းယီ ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ၏မျက်ဝန်းထဲရှိ စူးရှမှုမှာပိုမိုပြင်းထန်လာသည်။
သူက အခြေအနေကို မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ သိမြင်နေ၏။
သို့သော် ချောက်နက်ပင့်ကူဧကရာဇ်ပင်လျှင် သူ့အခြေအနေနှင့် ပတ်သက်၍ အကြံအစည်မဲ့နေခဲ့ရာ ဆေးဝါးကိုအားကိုးခြင်းသည်သာ နောက်ဆုံးထွက်ပေါက် ဖြစ်နေပြီဖြစ်သည်။ လိုအပ်သော ပါဝင်ပစ္စည်းများကို နောက်ဆုံးတွင် စုဆောင်းမိပြီဖြစ်ရာ သူအဘယ်ကြောင့် ဆက်လက်ချုပ်တည်းနေရဦးမည်နည်း။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤအဆင့်ထိ ဤနည်းလမ်းဖြင့်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။
မဟာချန်၏ဝိညာဉ်စွမ်းအင် ထက်ဝက်နီးပါးက သူ့ကို တုံ့ပြန်လာသည်အထိပင်။
လီ ၃၃၀၀
"ဖူး"
ရှန်းယီ သွေးမည်းတစ်လုပ်ကို အန်ထုတ်လိုက်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူကာပါးစပ်ထောင့်ကို အနည်းငယ် သုတ်လိုက်၏။
ရွှီမိသားစုမှ တူနှင့်တူမဖြစ်သူတို့က နီကျွင်းသည် လီ ၇၀၀၀၊ ၈၀၀၀ ခန့်အကွာမှ ဝိညာဉ်စွမ်းအင်များကိုစုစည်းနိုင်သည်ဟု ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သည်ကို သူမှတ်မိနေသေး၏။ ဟွာရှန်းဆေးလုံးများစွာကို စားသုံးပြီးသည့်တိုင် သူသည် ထိုအဆင့်နှင့် အလှမ်းကွာနေသေးသည်ဟု ထင်ရသည်။
သို့သော် ထိုသို့မဟုတ်ပေ။
နီကျွင်းသည် မိုးကြိုးစည်းချက်ကိုသာ စုစည်းနိုင်ပေ၏။
သူ၏သီးခြားကွဲပြားသော ဝိညာဉ်အမြစ်ကြောင့်နှင့် ကျင့်ကြံခြင်းနည်းစနစ်၏ ပံ့ပိုးမှုကင်းမဲ့ခြင်းကြောင့် အကွာအဝေးပိုင်းတွင် အားနည်းချက်အချို့ ရှိနေခြင်းဖြစ်သည်။ သို့သော် ဤ လီ ၃၃၀၀ အတွင်းတွင် သူ၏အင်္ဂါငါးရပ်နှင့် ကိုက်ညီသော မည်သည့် မိုးမြေစည်းချက်မဆို သူ၏ အမိန့်ကို နာခံရပေမည်။
သို့သော် ထိုအဆင့်သို့ ရောက်ရှိခြင်းက ပြီးပြည့်စုံခြင်း မရှိသေးပေ။
သူသည် အကွာအဝေး၏အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လိုအပ်နေသည်မှာ မိုးမြေနှင့်တစ်သားတည်းဖြစ်သည့် ခံစားချက်ပင်။
ထိုအရာမျိုးသည် အချိန်ကာလတစ်ခုယူ၍ သွေးယူမွမ်းရခြင်း သို့မဟုတ် တစ်ညတာအတွင်း စေ့စေ့စပ်စပ်နားလည်သဘောပေါက်ပြီး ဉာဏ်အလင်းပွင့်ရန်အတွက် တာအိုနှလုံးသားအတွက် အခွင့်အရေးတစ်ခုခု လိုအပ်သည်။
ရှန်းယီ စိတ်ထဲမှသက်ပြင်းချလိုက်၏။
ဟူးး
ယခုလို နက်နဲပြီးဆုပ်ကိုင်ရခက်သော အရာများက သူ့ကိုခေါင်းအကိုက်စေဆုံးပင်။
"သခင်ကြီး"
ချင်းချိုအဘိုးကြီး အော်ဟစ်လုနီးပါး ဖြစ်သွားသည်။ သခင်ဖြစ်သူ မည်သည့်အရာများကို တွေးတောနေသနည်း။ သူ့အား သတ်ဖြတ်ရန် စီစဉ်နေသည်လော။
"ပြန်တော့" ရှန်းယီ က အတင်းအဓမ္မ ဘောင်ကွက်ထဲ ပြန်ထည့်မည့်အစား အံ့သြဖွယ်ကောင်းစွာ ခေါင်းညိတ်ပြလာခဲ့၏။
သူသည် ခန္ဓာကိုယ်အတွင်း စုပုံနေသော အဆိပ်အတောက်များကို စစ်ဆေးလိုက်သည်။
၎င်းတို့သည် သူ၏တာအိုဝိညာဉ် တစ်ကိုယ်လုံးနီးပါးကို အမည်းရောင်ဆိုးထားသော်လည်း ကံကောင်းထောက်မစွာပင် စွေ့သစ်သား ရှိနေခြင်းက အဆိပ်အချို့ကို ခုခံပေးနိုင်သည်။
လောလောဆယ် ပြဿနာမရှိဘူးဆိုရင်၊ ပြဿနာမရှိဘူးလို့ ဆိုလိုတာပဲ။
တံတားနားရောက်ရင် လမ်းဖြောင့်သွားမှာပါ၊အနာဂတ်မှာ ဖြေရှင်းဖို့နည်းလမ်းတစ်ခုတော့ အမြဲရှိနေမှာပဲ။
ရှန်းယီသည် လွတ်လပ်ကျင့်ကြံသူ တစ်ဦးအနေဖြင့် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အတားအဆီးများနှင့် ကြုံတွေ့ရသည်ကို ကြာမြင့်စွာကတည်းက ကျင့်သားရနေပြီဖြစ်သည်။
ပြဿနာမရှိမှသာ ထူးဆန်းနေပေလိမ့်မည်။
သူ ဘောင်ကွက်ကို ပြန်ဖွင့်လိုက်ပြီး အနန္တအင်ပါယာနတ်ဆိုးနန်းတော်ဆီသို့ ကြည့်လိုက်၏။
ထိုအချိန်တွင် သူ၏အနက်ရောင်ဝတ်ရုံစ အနည်းငယ် လှုပ်ခတ်သွားပြီး ရှန်းယီ မျက်မှောင်အနည်းငယ်ကြုတ်ကာ တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
အသက်ရှူသံ သုံးခု၊ တစ်ခုထက်တစ်ခု ပို၍ရင်းနှီးနေပေ၏။