ဝူထုံတောင်မှ တာအိုမိတ်ဆွေရှန်းထံ အလည်အပတ်ရောက်ရှိခြင်း
Vol. 40 Ch. 395
"ဂိုဏ်းတူအစ်မကြီး၊ခဏနေကြရင် စိတ်ကိုထိန်းပြီး ပြီးခဲ့တဲ့တစ်ခေါက်ကလိုမျိုး မလုပ်ပါနဲ့နော်..."
အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် မင်္ဂလာတိမ်တိုက်များကို နင်းလျက်လိုက်ပါလာသော်လည်း သိုင်လက်နက်ဂိုဏ်းထံသို့ တိုက်ရိုက်ဆင်းသက်ခြင်း မပြုပေ။
သူက လင်းရှီး၏ဝတ်ရုံလက်စကို ဆုပ်ကိုင်ကာ လေးလေးနက်နက် တောင်းပန်လိုက်၏။ "သူ့စိတ်က ဂျူနီယာညီမလေးကျန်းလောက်သဘောကောင်းတာ မဟုတ်ဘူး။ဒါက ဆရာသခင်ရဲ့အမိန့်မို့လို့ ကျေးဇူးပြုပြီး ကိစ္စတွေပျက်စီးသွားအောင် မလုပ်ပါနဲ့ဗျာ။"
သဘောတရားအရဆိုလျှင် သူအလေးစားဆုံး စီနီယာအစ်ကိုနီ နေရာဖယ်ပေးရလျှင်ပင် တောင်ပေါ်၌ ဂိုဏ်းအစ်မကြီးရှိနေသေးရာ ပြင်ပလူတစ်ယောက်၏အလှည့် မဖြစ်သင့်ပေ။
ဤအရာက ပြီးခဲ့သည့်အဖြစ်အပျက်ထက်ပင် ပို၍ စိတ်ပျက်အားငယ်ဖွယ် ကောင်းလှ၏။
ပြီးခဲ့သည့်တစ်ခေါက်တွင် ဆရာသခင်သည် ကျန်းချိုလန်ကို တပည့်အဖြစ် လက်ခံလိုက်စဉ် ဂိုဏ်းတူအစ်မကြီး၏မျက်နှာပေါ်၌မနာလိုဝန်တိုခြင်းဆိုသည့် စာလုံးကို အထင်းသားရေးထိုးထားသကဲ့သို့ ဖြစ်ပျက်ခဲ့ပုံက ချင်းဖုန်းကို အတော်လေး စိတ်ပူပန်စေခဲ့သည်မှာ အထင်အရှားပင်။
...
“…”
အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဘေးနားရှိလူငယ်လေးကို ကြည့်လိုက်၏။
သူမ၏ယခင်စိတ်သဘောထားအတိုင်းသာဆိုလျှင် ချင်းဖုန်းပြောလိုက်သည့် စကားတစ်ခွန်းတည်းနှင့်ပင် ဝိညာဉ်ဖိအားဖြင့်ဖိနှိပ်ခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါအခြေအနေများက ကွာခြားသွားခဲ့ပြီ။ မဟာချန်သို့ ရောက်ရှိလာပြီးနောက်တွင်ပင် သူမသည် မည်သည့် မကျေနပ်ချက်ကိုမျှ မခံစားခဲ့ရပေ။
သူမ၏ပါရမီနှင့် စိတ်နေသဘောထားအရ ကြီးမားသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် အမှန်တကယ်ခက်ခဲလှ၏။ ဤအချက်ကို လူတိုင်းသိကြသော်လည်း ယခင်က မည်သူမျှသူမ၏ မျက်နှာကို တဲ့တိုးကြည့်၍ သတိမပေးရဲခဲ့ကြခြင်းသာ ဖြစ်သည်။
ဤအရာကို တွေးတောမိရင်း လင်းရှီသည် မည်သည့် ရှင်းပြချက်မှမပေးတော့ဘဲ ခေါင်းကိုသာ အနည်းငယ်ညိတ်ပြလိုက်၏။ "အင်း"
သူမသည် ကြီးမားသောတာဝန်များကို မကိုင်တွယ်နိုင်ကောင်းရှိသော်လည်း ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးများကိုမူ ကောင်းစွာ စီမံခန့်ခွဲနိုင်ပါသေးသည်။
ဆရာသခင်က သူမကိုလွှတ်လိုက်ခြင်းမှာ ဝူထုံတောင်သည် ထိုကျင့်ကြံသူအပေါ် အလေးထားကြောင်း ပြသလိုရင်းသက်သက်သာ ဖြစ်သဖြင့် သူမလုပ်ဆောင်ရမည်မှာ မိမိ၏အော်ရာကို ထိန်းချုပ်ပြီး စကားနည်းနည်းပြောရန်သာ လိုအပ်၏။
"ဂိုဏ်းတူအစ်မကြီး နားလည်ပေးတာ ဝမ်းသာပါတယ်ဗျာ။"
ချင်းဖုန်းက သက်ပြင်းချလိုက်၏။ အခြားအရာများကို ထားလိုက်ဦး၊ ဂိုဏ်းတူအစ်မကြီးသည် နတ်ဆိုးတစ်ထောင်ဂူမှ ပြန်လာပြီးကတည်းက ပို၍ သိမ်မွေ့လာခဲ့သည်။
ကျန်းချိုလန်သည် ထိုနှစ်ဦး၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။
သူမ၏မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိသော်လည်း ရင်ထဲတွင်မူ ခံစားချက်များပြည့်နှက်နေ၏။
မလိုအပ်ဘဲ မသေမျိုးဂိုဏ်းနှင့် လွန်စွာအရောအနှောမလုပ်ရန် ရှန်းယီကို သူမ သတိပေးခဲ့ဖူးသည်များကို ပြန်သတိရမိသည်။ သူ၏ဉာဏ်ပညာထက်မြက်မှုနှင့်ဆိုလျှင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မည်သည့် ဆရာသခင်၏လမ်းညွှန်မှုကိုမျှ မလိုအပ်သည်မှာ သေချာသည်။
သူတစ်ပါး၏ ချုပ်ချယ်ကန့်သတ်မှုကို ရှောင်ရှားနိုင်ရန်အတွက် ဖြစ်သည်။
သို့သော် ထိုလူငယ်သည် ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ဝူထုံတောင်မှ လူကိုယ်တိုင် လာရောက်ဖိတ်ကြားရမည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာလိမ့်မည်ဟု သူမကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့မိချေ။
ဤမာနကြီးသော ကျင့်ကြံသူများသည်ပင် သူတို့၏အထက်စီးဆန်သော သဘောထားများကို ဘေးဖယ်ထားပြီး ဖော်ရွေပျူငှာမှုနှင့် လက်ဆောင်ပေးကမ်းခြင်းများကို စတင်စဉ်းစားလာကြပြီ ဖြစ်ပေ၏။
လောကကြီး၏အဖြစ်အပျက်များသည် အမှန်တကယ်ကို မတည်မြဲလိုက်ပေ၏။
သူတို့နှစ်ဦးစကားပြောနေကြစဉ် အောက်ဘက်ရှိ လက်နက်ဂိုဏ်းတွင် မည်ကဲ့သို့သော လှုပ်လှုပ်ရှားရှားဖြစ်ရပ်များကြုံတွေ့နေရသည်ကို သတိမထားမိကြပေ။
ယင်ဝိညာဉ်ကျင့်ကြံသူဖြစ်သော ကျူးကျွယ် သည် ဝူတောက်အန်း နှင့် လက်နက်ဂိုဏ်းအဖွဲ့သားများစွာကို ဦးဆောင်လျက်တောင်ထိပ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာကြခြင်း ဖြစ်သည်။
ရွှီမိသားစုနှင့် ရွှမ်ကွမ်းဂူကြား အငြင်းပွားမှု ဖြစ်ပွားပြီးကတည်းက အကြီးအကဲမြောင်က သူတို့အနေဖြင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မဟာချန်၏ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
သို့သော် နတ်ဆိုးတိုက်ခိုက်မှု ရောက်ရှိလာချိန်တွင် လီချင်းဖုန်းသည် ဝင်ရောက်ဖြေရှင်းပေးခဲ့သည်သာမက ဝူထုံတောင်မှ အခြားအကြီးအကဲများလည်း ရောက်ရှိလာခဲ့ကြသည်။
ကျူးကျွယ်သည် တိမ်တိုက်များကို မော့ကြည့်လိုက်သ၏ည်။
မည်သည့်အရာများဖြစ်နေသလဲဆိုတာကို သိပ်နားမလည်နိုင် ဖြစ်နေသည်။
ဒီနှစ်တွေတစ်လျှောက်လုံး ဝူထုံတောင်ရဲ့ မာနကြီးမှုတွေက ဟန်ဆောင်မှုသက်သက်ပဲဖြစ်ပြီး တကယ်တမ်းကျတော့ သူတို့က မဟာချန်ကို မဟာမိတ်ရင်းချာအဖြစ် အမြဲသဘောထားခဲ့တာများလား။
ဟာသပါပဲကွာ...
သူသည် အခန်းဘက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီး ဤအရာက ဂျူနီယာရှန်းကြောင့် ဖြစ်လောက်သည်ဟု ခန့်မှန်းလိုက်သည်။
အသေအချာကြီး ထင်ထားသည့်အတိုင်းပင်။
နောက်တစ်ခဏ၌ အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်း၏ ကြည်လင်ပြတ်သားသော အသံသည် ကောင်းကင်ယံမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ "ဝူထုံတောင်ရဲ့ဂိုဏ်းသားတွေက မဟာချန်က တာအိုရောင်းရင်းရှန်းဆီ လာရောက်လည်ပတ်ပါတယ်၊ ကျုပ်တို့ရောက်ရှိကြောင်းကို လူတိုင်းသိအောင် ကြေညာပေးစေလိုပါတယ်။"
ဤစကားကိုကြားလိုက်ရသောအခါ လက်နက်ဂိုဏ်းသားများသာမက ယင်ဝိညာဉ်အဆင့်ရှိသူအများအပြားပါ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်သွားကြသည်။
သူတို့သည် ဝူထုံတောင်က ဤမျှယဉ်ကျေးသိမ်မွေ့စွာပြောဆိုသည်ကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ကြပေ။
ယခင်ကဆိုလျှင် လူမလာမီ အမိန့်သံမှာ အရင်ရောက်လာလေ့ရှိပြီး သူတို့က မိုင်ရာချီဝေးသော နေရာအထိ တိမ်စီးကာ သွားရောက်ကြိုဆိုခဲ့ကြရသည်။
ယခုလာရောက်လည်ပတ်သည့်အခါတွင်မူ သူတို့ရောက်ရှိကြောင်းကို အရင်ကြေညာခိုင်းရကောင်းမှန်းပင် သိတတ်နေကြပြီဖြစ်၏။
"အကြီးအကဲချင်းဖုန်း၊ အရင်ဆုံး အနားယူပါအုံးခင်ဗျာ။ အရာရှိရှန်းက တံခါးပိတ်ကျင့်ကြံနေလို့ လူကြီးမင်းတို့ခေတ္တလောက် စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်" ကျူးကျွယ်က နှိမ့်ချလွန်းခြင်း၊ ဘဝင်မြင့်လွန်းခြင်းမရှိဘဲ တုံ့ပြန်လိုက်၏။
ထိုလူအနည်းငယ်က သူ့ကိုမြင်ရမည်မဟုတ်မှန်း သိသော်လည်းကျင့်ဝတ်ကို လစ်လျူမရှုဘဲ လက်နှစ်ဖက်ကို ဆုပ်လျက် အရိုအသေပြုလိုက်သည်။
လက်ဆုပ်၍ အရိုအသေပြုခြင်းသည် မဟာချန်၏ ကျင့်ဝတ်ဖြစ်ပြီး၊ စောင့်ဆိုင်းနေခြင်းမှာ ဂျူနီယာရှန်းအပေါ် လေးစားမှုကြောင့် ဖြစ်သည်။
ယနေ့တွင် ဂျူနီယာရှန်းသည် ဧည့်သည်များကို တံခါးဝအထိရိုသေစွာ သွားရောက်ကြိုဆိုရန် အရာရာကို ပစ်ချပြီးအလျင်စလိုလုပ်စရာ မလိုတော့ပေ။
“…”
အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် ခေါင်းနောက်စေ့ကို မတတ်သာသည့်အလား ကုတ်လိုက်ပြီး သူ့ဂိုဏ်းအစ်မကြီးကို ခိုးကြည့်လိုက်ပြန်သည်။
သူ့အတွက်ကိစ္စမရှိသော်လည်း၊ ဂိုဏ်းတူအစ်မကြီးကသိက္ခာကျသည်ဟု ခံစားရပြီး မိုက်မိုက်မဲမဲ တစ်ခုခု ထပ်လုပ်မိမှာကို စိုးရိမ်နေခြင်းဖြစ်သည်။
"ဆင်းသွားလို့ရပြီ"
လင်းရှီး၏မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိဘဲ ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
ထိုသို့ဖြင့် လူသုံးဦးသည် တောင်ထိပ်ပေါ်သို့ အတူတကွ ဆင်းသက်လိုက်ကြသည်။
ရှေ့ဆုံးမှအမျိုးသမီးကို မြင်လိုက်ရသောအခါ ကျူးကျွယ်နှင့် ဝူတောက်အန်းတို့ ရုတ်တရက် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။
"..."
သူတို့စိတ်ထဲတွင် သံသယတစ်ခု ဝင်ရောက်လာ၏။
ကောလာဟလနှင့်သတင်းကြီးသော ဝူထုံတောင်၏ ဂိုဏ်းတူအစ်မကြီး အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ။
သူမက ဘာကိစ္စကြောင့် ဒီကိုရောက်နေရတာလဲ။
ဤသူသည် နီကျွင်းထက်ပင် ပိုမိုအင်အားကြီးမားသော စီနီယာတစ်ဦးဖြစ်သည်။
တစ်ဖက်လူသည် နတ်ဘုရားစိတ်ဝိညာဉ်ပြီးပြည့်စုံခြင်းအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ကာ ပိုမြင့်မားသော နယ်ပယ်တစ်ခုကိုပင် အနည်းငယ် ထိတွေ့နေပြီဟု ပြောဆိုကြသည်။
ဤကဲ့သို့သော တည်ရှိမှုမျိုးက အဘယ်ကြောင့် ဂျူနီယာရှန်းကို လာရောက်လည်ပတ်ရသနည်း။
သူမ၏ရည်ရွယ်ချက်က မကောင်းသောသဘော ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။
"လျှောက်တွေးမနေကြနဲ့တော့၊ မြန်မြန်လုပ်ပြီး ရှန်းယီ ကို ခေါ်လိုက်စမ်းပါ..." အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းက လူအုပ်ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာအသံနှိမ့်၍ ပြောလိုက်၏။
"ငါ သူနဲ့အတူတူ ထမင်းတောင် စားဖူးတယ်၊ ငါတို့တွေကသူစိမ်း မဟုတ်ပါဘူးကွ။"
“…”
ကျူးကျွယ် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ခေါင်းခါကာ ပြောလိုက်၏။ "လူကြီးမင်းတို့ ကျေးဇူးပြုပြီး စိတ်ရှည်သည်းခံ စောင့်ဆိုင်းပေးကြပါ။ အရာရှိရှန်းတံခါးပိတ်ကျင့်ကြံနေခြင်းက မဟာချန်အတွက် အရေးအကြီးဆုံး ကိစ္စဖြစ်ပြီး နှောင့်ယှက်လို့ မဖြစ်ပါဘူး။"
"မင်းတို့ကွာ ဟူး" လီချင်းဖုန်း မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် လက်အင်္ကျီစကို ခါလိုက်သည်။
တကယ်ကို ခေါင်းမာတဲ့ မြည်းအုပ်စုပဲ။
သူတို့ကို ငြင်းပယ်လိုက်သော ကျူးကျွယ်သည် သူ့နောက်မှ ဝူတောက်အန်းမျက်တောင်ခတ်ပြလိုက်သည်ကို သတိမထားမိလိုက်ပေ။
"အဲ."
ဝူတောက်အန်းသည် မုတ်ဆိတ်မွှေးကို သပ်ရင်း လူသုံးယောက်အနက် အတိတ်ဆိတ်ဆုံးလူထံ ကြည့်လိုက်၏။
သူ မှတ်မိတာမမှားဘူးဆိုရင်၊ သိုင်းဘုံကျောင်း သန့်စင်ခြင်း၌ရှန်းယီကို ချန်းယွမ်ဆေဘာဓား ပေးအပ်စဉ်က ဤမိန်းကလေးက သူ့ဘေးနားတွင် ရှိနေခဲ့သည် မဟုတ်လော။
ဟဲဟဲ ကျူးကျွယ်၊ ကျူးကျွယ်ရေ၊ မင်းရဲ့ဉာဏ်က ဒီအဘိုးကြီးလောက် မထက်မြက်မှန်း ငါသိသားပဲ၊ တော်တော် တယူသန်တာပဲ။
ဤသို့တွေးလိုက်ရင်း ဝူတောက်အန်းသည် လူအုပ်ထဲမှခြေဖျားထောက် ထွက်လာကာ သစ်သားအိမ်လေးဆီသို့လွင့်မျောသွားပြီး တံခါးဝတွင် ရပ်လျက် တိုးတိုးလေးလှမ်းခေါ်လိုက်၏။
"ဂျူနီယာရှန်း၊ မင်းဆီကို မိတ်ဆွေဟောင်းတစ်ယောက် ရောက်နေတယ်"
“…”
ရှန်းယီ သည် နောက်ဆုံးတွင် ဆေးအဆိပ်အတောက်များကို ဖိနှိပ်လိုက်နိုင်ပြီး သူ၏ မျက်နှာအရောင်အသွေး ပုံမှန်ပြန်ဖြစ်သွားသည်။
သူ တံခါးပေါက်မှထွက်လာပြီး အဘိုးအိုကို တစ်ချက်ကြည့်လိုက်၏။
ဒီလူက အတင်းအဖျင်းဒီလောက်ကြိုက်မှန်း သူ အရင်က ဘာလို့ သတိမထားမိခဲ့တာပါလိမ့်။
ရှန်းယီ လူအုပ်ရှေ့သို့ ဖြည်းညှင်းစွာလျှောက်လာပြီး မျက်နှာတစ်ချက်မပျက်ပြောလိုက်၏။
"ပြောစရာရှိရင် ပြောကြ"
ချင်းဖုန်းမှာ လူငယ်ထွက်လာသည်ကို မြင်လျှင်မြင်ချင်းနှုတ်ဆက်စကားဆိုရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်လူက ဖော်ရွေသော အမူအရာအနည်းငယ်မျှပင်မပြသဘဲ မကျေနပ်ချက်အချို့ ရှိနေပုံပေါက်နေသဖြင့် ကြောင်အမ်းသွားသည်။
ငါ မင်းကို ဘာလုပ်မိလို့လဲကွာ။
လီချင်းဖုန်း အနည်းငယ်နားမလည်နိုင်ဖြစ်ကာ လင်းရှီကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
ဤကောင်လေးအား စိတ်ကြီးမှန်းသူသိထားသော်လည်း၊ ရှစ်မျက်နှာ စားသောက်ခန်းမတွင် စကားပြောရအဆင်ပြေခဲ့သည်ကို ပြန်သတိရမိပြီး ဤမျှလောက်ထိ ဘုကလန့်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဂိုဏ်းအစ်မကြီး စိတ်ဆိုးသွားမှာ မဟုတ်ပါဘူးနော်။
သို့သော် လီချင်းဖုန်းကို ကျောက်ရုပ်ဖြစ်သွားစေသည်မှာ ထိုအကြည့်ပင်။
လင်းရှီ၏မျက်လုံးများ ပြူးကျယ်သွားပြီး မျက်တောင်များ အနည်းငယ်တုန်ယင်နေကာ၊သူမ၏အသက်ရှူသံများ ပိုမို ဖရိုဖရဲ ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။
သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်နေပြီး၊ အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ဖွာလန်ကြဲနေသော ဆံပင်များအောက်မှ ချောမောခန့်ညားသော မျက်နှာကို စူးစိုက်ကြည့်နေသည်။
"ဒါက... နည်းနည်း မများလွန်းဘူးလား..."
သူ့ဂိုဏ်းတူအစ်မကြီးသည် ရုပ်ရည်သွင်ပြင်ကို တန်ဖိုးထားပြီး ထူးခြားသောရုပ်ရည်ရှိသည့် တပည့်များကိုရွေးချယ်တတ်မှန်း လီချင်းဖုန်း သိထားသည်။
ရှန်းယီ က တကယ်ပဲရုပ်ချောပေမယ့်၊ ဒီလောက်ထိကြီးတော့ မဟုတ်လောက်ပါဘူး။
ကျန်းချိုလန်သည် သူမဘေးမှအမျိုးသမီး၏ ပုံမှန်မဟုတ်သောအမူအရာကို ကြည့်ရင်း သူမ၏ ကြည်လင်သောမျက်ဝန်းများထဲတွင် သံသယများ ပေါ်ထွက်လာခဲ့၏။
ထိုအချိန်တွင်ပင်တည်ငြိမ်သော အသံတစ်သံကို သူမ ကြားလိုက်ရသည်။
"ဒီကို လာခဲ့"
ရှန်းယီ လက်ကို အနည်းငယ်ဝှေ့ယမ်းပြလိုက်၏။
ကျန်းချိုလန်မသိစိတ်ဖြင့် ခြေလှမ်းလှမ်းလိုက်သော်လည်း လင်းရှီက အရင်ထွက်သွားနှင့်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမ ခဏမျှတိတ်ဆိတ်သွား၏။
"..."
ရှန်းယီ၏အကြည့်က သူမထံတွင် စူးစိုက်နေကြောင်းသေချာသွားပြီးနောက် သူမခြေလှမ်း ထပ်လှမ်းလိုက်ပြန်ပေ၏။