← Chapters

မြန်မြန်ထွက်သွားတော့၊ငါဘာမှမမြင်လိုက်သလို ဟန်ဆောင်ပေးမယ်

Vol. 40 Ch. 396

မြန်မြန်ထွက်သွားတော့၊ငါဘာမှမမြင်လိုက်သလို ဟန်ဆောင်ပေးမယ်

Vol. 40 Ch. 396

"နင် ဘာဖြစ်နေတာလဲ"

လီချင်းဖုန်းက သူ၏စီနီယာအစ်မကြီးဘေးသို့ ပြန်ကပ်သွားပြီး တံတောင်နှင့်တွန်းကာ တိုးတိုးလေးပြောလိုက်၏။ "ဘာလို့ ဒီလောက်တုန်လှုပ်နေတာလဲ။ တစ်ခါလောက်ဖြစ်ဖြစ်ပုံမှန်အတိုင်း မနေနိုင်ဘူးလား"

"ငါ..."

လင်းရှီသည် တံတွေးတစ်လုပ်ကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး သူမ၏မျက်ဝန်းထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ကာ ရပ်နေသည့်နေရာ၌ပင် ငြိမ်သက်နေမိသည်။

အခြားသူများလည်း ထိုအကြီးအကဲ၏ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားကြ၏။

ကျူးကျွယ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

...

လင်းရှီသည် ဂျူနီယာရှန်းကို ရင်းနှီးသူတစ်ယောက်ကဲ့သို့ နှုတ်ဆက်ရန် ကြိုးစားနေခြင်းထက်၊ သူ့ကို ကြောက်ရွံ့နေခြင်းနှင့် ပိုတူနေသည်။

၎င်းသည် ထွက်ပြေးချင်သော်လည်း မထွက်ပြေးရဲသည့် ရှုပ်ထွေးသော စိတ်ခံစားချက်မျိုး ဖြစ်နေ၏။

တော်တော်ထူးဆန်းတာပဲ။

"မင်းရဲ့ကျင့်ကြံခြင်း အခြေအနေ ဘယ်လိုလဲ"

ရှန်းယီသည် အခြားသူများကို လျစ်လျူရှုထားကာ ကျန်းချိုလန်၏ရှေ့တွင် ရပ်၍ တိုက်ရိုက်မေးမြန်းလိုက်၏။

"မဆိုးပါဘူး"

ကျန်းချိုလန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ လူငယ်၏မျက်နှာကို စူးစိုက်ကြည့်နေသည်။ သူမ၏မျက်ဝန်းထဲတွင် သတိမထားမိနိုင်လောက်သည့် တမ်းတမှုအချို့ပေါ်ထွက်လာပြီးနောက် "ဆရာက နောက်ထပ်အချိန်အနည်းငယ်ကြာရင် ဒုတိယမြောက်ဝိညာဉ်အမြစ်ကို ပေါင်းစပ်ဖို့ စဉ်းစားလို့ရပြီလို့ ပြောတယ်။ ဝူထုံတောင်က တော်တော် ရက်ရောပါတယ်၊ ကျွန်မအတွက် အထူးအဆင့် ဝိညာဉ်အမြစ်တစ်ခု ပြင်ဆင်ပေးထားတယ်"

"သူတို့ပစ္စည်းတွေကို မသုံးနဲ့"

ရှန်းယီက ခေါင်းခါလိုက်ပြီး ဟွာရှန်းဆေးလုံး သုံးလုံးကို ထုတ်ယူကာ သူမထံ ကမ်းပေးလိုက်၏။ "ဒါတွေကို သုံးလိုက်၊ မလောက်ရင် ငါ့ဆီထပ်လာယူ"

နန်ယန်ဂိုဏ်းမှ ချန်ထားခဲ့သော ဆေးကျမ်းများအရ

ပြင်ပမှ ဝိညာဉ်အမြစ်များကိုအသုံးပြုခြင်းမှာ အဆက့်နိမ့်နည်းလမ်းဖြစ်ပြီး၊ ဟွာရှန်းဆေးလုံးကို အသုံးပြုခြင်းမှာ အလယ်အလတ်အဆင့်ဖြစ်သည်။ မိမိကိုယ်တိုင် ဝိညာဉ်အမြစ်ကို ကျင့်ကြံယူနိုင်ခြင်းမှသာ အဆင့်မြင့်ဆုံးဖြစ်သည်။

လောလောဆယ်တွင် နောက်ဆုံးအဆင့်သို့ မရောက်နိုင်သေးသော်လည်း ပြင်ပပစ္စည်းများကို အားကိုးရန် မလိုအပ်ပေ။ အလယ်အလတ်လမ်းစဉ်ကို ရွေးချယ်ခြင်းက အသင့်တော်ဆုံးပင်။

"ကျေးဇူးတင်ပါတယ်"

ကျန်းချိုလန်သည် ဆေးလုံးများကို ယူလိုက်သော်လည်း သူမ၏အကြည့်မှာ ရှန်းယီ၏ မျက်ဝန်းများဆီမှ မခွာသေးပေ။

ဆေးလုံးထက်ပင် ရှန်းယီ၏ အမူအရာက သူမကို အခြားအရာတစ်ခုအား ပြောပြနေခြင်း ဖြစ်သည်။

ထိုအရာမှာ ယခုမှစ၍ သူတို့နှစ်ဦးသည်

ရွှမ်ကွမ်းဂူ၏ လိုက်လံဖမ်းဆီးခြင်းကို တိမ်းရှောင်နေရသည့်ကျင့်ကြံသူလေးများ မဟုတ်တော့ပေ။ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် မလိုတော့ဘဲ သူမနှင့် ရှန်းယီသည် ချင်ကျိုးမှ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း လူတိုင်းကို ဗြောင်ကျကျ ပြောနိုင်ပြီဖြစ်သည်။

ရှန်းယီ၏သတိကြီးသော စရိုက်နှင့်ဆိုလျှင် ဤမျှများပြားသော လူအုပ်ကြီးရှေ့တွင် ဤဆေးလုံးများကို ထုတ်ပေးရဲခြင်းမှာ သူသည် အခြေအနေကို ထိန်းချုပ်နိုင်သည့် ယုံကြည်ချက်နှင့် အင်အား ရှိနေပြီဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။

"ကျွန်မ ရှင့်ကို အရမ်းသတိရနေတာ" ကျန်းချိုလန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူမ၏ကာကွယ်ထားသော စိတ်တံတိုင်းများကို ရုတ်တရက် ဖြေချလိုက်၏။

သူမ၏ရုတ်တရက်ထွက်ပေါ်လာသော စကားလုံးများကို ရှန်းယီတစ်ယောက်သာ နားလည်နိုင်ပေလိမ့်မည်။

ဤမိန်းကလေးမှာ ယခုလိုပင်။

လီချင်းဖုန်းသည် ပြင်းထန်သော ဆေးရနံ့ကို ရရှိလိုက်သောအခါမျက်လုံးများကို မှေးကြည့်ကာ အနားသို့ ကပ်လာခဲ့သည်။ "ဒါက ဘာလဲ။ ငါ့ကို ပြပါဦး"

"ဝိုး..ဝါး.."

သူသည် အတော်ကြာအောင်အံ့သြတကြီး ကြည့်နေသော်လည်း ဘာဆေးမှန်း ဝေခွဲမရဖြစ်နေသည်။

"ဒါကို ငါမသိဘူး" သူမသိသော်လည်း၊ ဤဆေးလုံးများ ပေါ်လာသည့်အချိန်၌ လူတိုင်း၏ အကြည့်မှာ ကျန်းချိုလန်၏လက်ထဲသို့ ရောက်သွားကြပြီး သူတို့၏မျက်နှာများတွင် မသိစိတ်မှ ယစ်မူးသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

လီပြည်နယ်တစ်ခုလုံးကို ပြောင်းလဲစေနိုင်သော ဆေးလုံးတစ်လုံးကို သူတို့မျက်စိရှေ့တွင် အလွယ်တကူ မြင်တွေ့လိုက်ရခြင်းဖြစ်ပေ၏။

"နင်တစ်ယောက်တည်းပဲ လက်ဆောင်ရတာ မဟုတ်ဘူးထင်တယ်"

ရွှီဝမ်ယွမ်သည် ဆေးရနံ့ကို ရှူရှိုက်ကြည့်ရင်း ကောင်မလေးကို လှမ်းကြည့်လိုက်၏။

“…”

ရွှီချင်းအာက ခါးကိုထောက်လိုက်ပြီး သွားများကို တင်းတင်းစေ့ကာ "ရှင် တော်တော် အနှောင့်အယှက်ပေးတာပဲ"

ရှန်းယီ၏မျက်နှာထား အနည်းငယ် ပျော့ပြောင်းသွားသည်ကို အခွင့်ကောင်းယူပြီး လီချင်းဖုန်းသည် သိုလှောင်ရတနာအိတ်တစ်ခုကို အမြန်ထုတ်ယူလိုက်ပြီး အရေးကြီးသော ကိစ္စကို စတင်ပြောဆိုတော့သည်။ "ဒါနဲ့... ဒါကို မင်းဆီပေးဖို့ ဆရာက ခိုင်းလိုက်တာ၊ မင်းသာ..."

ရှန်းယီသည် သိုလှောင်ရတနာကို ယူကာအတွင်းသို့ ကြည့်လိုက်ရာ နတ်ဆိုးအမြုတေများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

ယခင်က သူဆုံးရှုံးခဲ့ရသည်များထက် ဆများစွာ ပိုများနေသည်။

သူ၏မျက်ဝန်းထဲမှ အေးစက်မှုများမှာ အနည်းငယ် လျော့ပါးသွားသည်။

သူသည် အိတ်ကို အသာအယာ သိမ်းလိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလို အကြည့်ကို လွှဲလိုက်၏။

"ဟေး ငါပြောလို့ မပြီးသေးဘူးလေ၊ ဒီလောက်ကြီးကျ မင်း တော်တော်လွန်တာပဲ" လီချင်းဖုန်းသည် ဒေါသတကြီး ခုန်ပေါက်နေတော့သည်။ ဝူထုံတောင်မှ လူတွေနှင့် လူအုပ်ကြီးရှေ့တွင် ဤမျှ အရှက်မရှိ လုပ်ရဲသည့် ရှန်းယီကို သူ ကြောင်ကြည့်နေမိသည်။

"မင်း တကယ်ပဲ ဝူထုံတောင်မှာ လူမရှိဘူးလို့ ထင်နေတာလား။ အစ်မကြီး... ကြည့်ပါဦး သူ့ကို"

အမှန်တကယ်ပင် သူသည် ရှန်းယီကို မယှဉ်နိုင်သော်လည်း သူ့နောက်တွင် လင်းရှီရှိနေ၏။

စကားမဆုံးမီမှာပင် ရှန်းယီက အဝေးသို့ ခေါင်းညိတ်ပြလိုက်သည်။ "ဒီကို လာခဲ့"

ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားကာ သစ်သားအိမ်ထဲသို့ ပြန်ဝင်သွားခဲ့၏။

“…”

လူတိုင်းသည် တစ်ပြိုင်နက်တည်း လင်းရှီကို လှည့်ကြည့်လိုက်ကြရာ၊ ထိုအမျိုးသမီးမှာ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် လူငယ်၏နောက်သို့ စကားတစ်ခွန်းမှ မဆိုဘဲ လိုက်ဝင်သွားကာ တံခါးကိုပါ ပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ဘန်း..

လီချင်းဖုန်းသည် ဒေါသတကြီးဖြင့် သူ၏ဆံပင်များကို ဆွဲဖွလိုက်ပြီး မျက်လုံးများပြူးထွက်နေတော့သည်။

တောက်... တစ်ယောက်ယောက်များ ဘာဖြစ်နေတာလဲဆိုတာ ရှင်းပြပေးနိုင်ကြမလား။

သူ စိတ်ပူနေခဲ့သည့် ဒေါသထွက်ပြီး အရာရာကို ဖျက်ဆီးပစ်မည့် စီနီယာအစ်မကြီးမှာ ရှန်းယီကို မြင်ကွာကတည်းက စကားမပြောနိုင်သောအအတစ်ဦးကဲ့သို့ ဖြစ်နေသည်။

လှောင်ပြောင်သော စကားလုံးများကို ထားလိုက်ပါဦး၊ အသက်ကိုပင် ပြင်းပြင်းမရှူရဲသလို ဖြစ်နေ၏။

ဒါက ငါ့ရဲ့မာနကြီးလှတဲ့ ဂိုဏ်းတူအစ်မကြီး ဟုတ်သေးရဲ့လား။

"ငါ့နှလုံးခုန်တာ နည်းနည်း မြန်နေသလိုပဲ"

ဘေးနားရှိ ကျူးကျွယ်နှင့်အတူ ဝူတောက်အန်းသည် အသက်ကြီးမှရင်တုန်ပန်းတုန် ဖြစ်နေရ၏။

ဂျူနီယာညီလေးရှန်း၏ လှုပ်ရှားမှုတိုင်းမှာ ဓားသွားပေါ်တွင် ကပြနေသကဲ့သို့ပင်။

ဝူထုံတောင်မှ လူများက သူတို့နှင့် အငြင်းပွားမှု မဖြစ်သေးခြင်းကပင် မဟာချန်မှ လူစုကို အတော်လေး အားနာစိတ် ဖြစ်ပေါ်စေသည်။

"ဂျူနီယာညီလေးရှန်းမှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပါ... ဖြစ်နိုင်တာပေါ့"

ကျူးကျွယ်မှာ တည်ငြိမ်နေပုံ ပေါက်သော်လည်း အမှန်တကယ်တွင် သူလည်း ထိတ်လန့်နေသည်။

မဟာချန်သည် မည်မျှပင်မြန်မြန်ဆန်ဆန် တိုးတက်နေပါစေ၊ ဝူထုံတောင်ကို မည်သို့ယှဉ်နိုင်မည်နည်း။

သူတို့၏တပည့်များအားလုံးကို ထားပါ၊ဝူထုံတောင် ဘိုးဘေးတစ်ယောက်တည်းနှင့်ပင် ၎င်းတို့ မဟာမိတ်သုံးဖွဲ့ပေါင်းထားသည်ထက် သာလွန်နေပြီ ဖြစ်သည်။

“…”

ကျန်းချိုလန်သည် သူမ ရရှိထားသော ဆေးလုံးကို အာနိသင်ပင်မမေးဘဲ ဂရုတစိုက် သိမ်းဆည်းလိုက်၏။

ရှန်းယီ ပေးသည့်အရာက သူမကို မည်သို့လုပ် အန္တရာယ် ပေးနိုင်ပါ့မနည်း။

သူမသည် ထိုအိမ်လေးကို ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်များ ပေါ်ထွက်လာသည်။

လင်းရှီ၏စရိုက်ကို သူမ သိထားသလောက်၊ ထိုအမျိုးသမီးသည် နီကျွင်းရှေ့မှာပင် ဤကဲ့သို့သော အညံ့ခံသည့် အမူအရာမျိုး တစ်ခါမျှ မပြဖူးပေ။

ဂိုဏ်းတူအစ်မကြီးသည်လည်း ထိုတောင်ကြီး၏ ခန့်ညားထည်ဝါမှုကို တွေ့မြင်ခဲ့ရ၍လော။

ထိုအရာတော့ မဖြစ်နိုင်ပေ။ကျန်းချိုလန် မှတ်မိသလောက်ဆိုလျှင် လင်းရှီသည် အပြင်ကို တစ်ခါသာ ထွက်ဖူးသည်။

ထို့ထက်... မည်သည့်ကိစ္စများ ဆွေးနွေး၍တံခါးများ ပိတ်ထားရသနည်း။

…

လူတိုင်းသည် အမျိုးမျိုးသော ထင်မြင်ချက်များနှင့် သံသယများ ရှိနေကြစဉ်

အိမ်ထဲတွင်မူ လင်းရှီသည် သစ်သားတံခါးကို မှီလျက် သူမရှေ့မှတည်ငြိမ်သော မျက်နှာကို သေမတတ်ကြောက်လန့်စွာ ကြည့်နေသည်။

သူမ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသလို ခံစားနေရ၏။

သူမ အခြားသူများကိုမှားနိုင်သော်လည်း ဤမျက်နှာကိုတော့ ဘယ်တော့မှမေ့မည်မဟုတ်ပေ။

ချောက်နက်ပင့်ကူဧကရာဇ်၏အပေါ်တွင်ပင် သူသည် ရွှေမျက်လုံးခြင်္သေ့အဖြစ်သို့ သူမမျက်စိရှေ့တွင် ပြောင်းလဲသွားခဲ့သည် မဟုတ်လော။

လင်းရှီ၏အသက်ရှူသံမှာ ပို၍ မြန်လာပြီး နောက်ဆုံးတွင် တိုးတိုးလေးကပ်တောင်းပန်လိုက်သည်။ "ထွက်သွားပါ၊တခြားသူတွေကို မထိခိုက်ပါနဲ့၊ငါနင့်ကို မမြင်လိုက်သလိုဟန်ဆောင်ပေးပါမယ်... ဆရာနဲ့ နီကျွင်းကိုလည်း ငါမပြောဘူး။ကျေးဇူးပြုပြီး ထွက်သွားပေးပါ၊ ငါတောင်းပန်ပါတယ်"

“…”

ရှန်းယီသည် တိတ်ဆိတ်နေပြီးမှ၊ နီကျွင်း၏ဓားငါးချက် မည်သည့်နေရာကရောက်လာသည်ကို နားလည်သွားတော့သည်။

ဒီအူကြောင်ကြောင်မကတော့။

သူမသည် အခြေအနေတစ်ခုလုံးကို လုံးဝ လွဲမှားစွာ နားလည်ထားခြင်းဖြစ်သည်။

ယခုအချိန်အထိ သူမက သူ့ကိုရုပ်ဖျက်ထားသည့် ရွှေမျက်လုံးခြင်္သေ့ဟု ယုံကြည်နေဆဲပင်။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ရှန်းယီသည် ကုလားထိုင်တစ်လုံးကို ကန်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "ထိုင်"

"ငါမထိုင်ဘူး..."

ထိုသို့ပြောရင်းပင် လင်းရှီသည် ကုလားထိုင်ပေါ်၌ ပျာပျာသလဲ ထိုင်လိုက်သည်။

သူမတွင် ဤခြင်္သေ့ကိုအနိုင်ယူနိုင်မည့် ယုံကြည်ချက် အစအနမျှ မရှိပေ။

ပင့်ကူဧကရာဇ်ကို သူသတ်ဖြတ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သောပုံစံမှာ သူမ၏စိတ်ထဲ၌ ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။ ကျင့်ကြံခြင်းနှင့် နည်းစနစ်များကို ဘေးဖယ်ထားလျှင်ပင်၊ ထိုသတ်ဖြတ်ခြင်းဆန္ဒ တစ်ခုတည်းကပင် သူမ မယှဉ်နိုင်သော အရာဖြစ်သည်။

လွှမ်းမိုးထားသည့် နတ်ဆိုးစွမ်းအားနှင့် အားကောင်းလှသည့် နတ်ဆိုးခန္ဓာကိုယ်မှာ တကယ့်အစစ်အမှန်များပင်။

မဟာချန်ကလူတွေက သူ့ကို ဘာလို့ ဒီလောက် လေးစားနေကြတာလဲ။ သူက တခြားသူတွေရှေ့မှာ တစ်ခါမှလက်စမပြဘဲ သူ့ရဲ့ဟာကွက်တွေကို ဖုံးကွယ်ထားလို့များလား။

"မင်း နတ်ဘုရားစိတ်ဝိညာဉ်ပြီးပြည့်စုံခြင်းအဆင့် ကို ဘယ်လို ချိုးဖျက်ခဲ့တာလဲ" ရှန်းယီလည်း ထိုင်လိုက်၏။

လင်းရှီသည် အတော်ကြာအောင် ကြောင်ကြည့်နေပြီးမှတစ်ဖက်လူက သူမကို လှောင်ပြောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ် မေးမြန်းနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

"ငါ... ငါက တောင်ပေါ်မှာပဲ နေတာလေ... ဆေးလုံးတွေစားတယ်၊ ကျင့်စဉ်တွေ ကျင့်တယ်... ဘာမှမလုပ်ဘူး... မိုးမြေရဲ့စွမ်းအင်တွေနဲ့ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားတာပဲ"

"ဒါဆို မင်းမှာ ဘာလို့တာအိုနန်းတော် မရှိသေးတာလဲ"

ရှန်းယီက လှမ်းကြည့်လိုက်ရင်း စကားပင် မဆိုနိုင်တော့ပေ။ တာအိုနှလုံးသား ဆိုသည့် သဘောတရားမှာ အမြဲတမ်းမြင့်မြတ်နက်နဲနေရန် မလိုကြောင်း သူ သိလိုက်ရသည်။

သူမကဲ့သို့ စားလိုက်အိပ်လိုက်၊ စိတ်ထဲတွင် ဘာသောကမျှ မရှိသည့်သူများမှာ အမှန်တကယ်တော့ ဉာဏ်အလင်းပွင့်ရန် မလိုအပ်ပေ။ အကြောင်းမှာ သူတို့၏စိတ်သည် အစကတည်းက ပိတ်ဆို့နေခြင်း မရှိသောကြောင့်ပင်။

"ဆရာက ငါ့အတွက် တာအိုနန်းတော် ကျင့်ကြံဖို့ မလိုဘူးလို့ ယူဆတယ်... နန်းတော်တည်ဆောက်ဖို့အတွက်ရတနာက တစ်ခုပဲရှိတာ၊ အဲ့ဒါက နီကျွင်းအတွက် သီးသန့် ချန်ထားတာလေ"

လင်းရှီသည် သူမ၏ဂိုဏ်းသားများကိုပင် တစ်ခါမျှ မပြောပြဖူးသည့် စကားများကို ရှန်းယီ၏ နက်မှောင်သော မျက်ဝန်းများရှေ့တွင် ပြောထုတ်လိုက်မိ၏။

"နန်းတော် တည်ဆောက်ဖို့ ရတနာဆိုတာ ဘာလဲ"

ရှန်းယီသည် အခွင့်အရေးကို လက်မလွှတ်ဘဲ အကုန်လုံးကို တစ်ခါတည်း မေးမြန်းလိုက်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ဤမျှအူကြောင်ကြောင်နိုင်သော အဆင့်မြင့်ကျင့်ကြံသူမျိုးကို ရှာတွေ့ရန် ခက်ခဲလှသည် မဟုတ်လော။

"ငါ ပြောဖို့မသင့်တော်ဘူး... ဆရာပြောတာကတော့ တာအိုနန်းတော်ဆိုတာ ပန်းချီကားတစ်ချပ်နဲ့ တူပြီး၊ ရတနာကတော့ တံဆိပ်တုံးနဲ့ တူတယ်တဲ့"

လင်းရှီသည် အသက်ရှူရန် ပို၍ ခက်ခဲလာသော်လည်း ရှင်းပြနေသည်ကို မရပ်တန့်နိုင်ပေ။

"ပန်းချီကားက ဘယ်လောက်ပဲ လှနေပါစေ၊ နောက်ဆုံးမှာ တည်ငြိမ်သွားဖို့နဲ့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကို ရောက်ဖို့အတွက် တံဆိပ်တုံးတစ်ခု လိုအပ်တယ်"

"အဲ့ဒီရတနာက အခြေခံအကျဆုံးကိရိယာတစ်ခုပဲ၊ ဒါပေမဲ့ အဲ့ဒါက ဆရာ့ဂိုဏ်းပျက်စီးသွားတုန်းက အသည်းအသန် ယူထုတ်လာခဲ့တဲ့ပစ္စည်းနှစ်ခုထဲက တစ်ခုပဲ"

"နောက်ထပ် ပစ္စည်းတစ်ခုက ဘာလဲ"

ရှန်းယီသည် မတ်တပ်ရပ်လိုက်ပြီး သူမ၏ရှေ့သို့ လျှောက်သွားကာ ကုလားထိုင်လက်တန်းများကို ဖိလျက် သူမကို အပေါ်စီးမှငုံ့ကြည့်လိုက်၏။

နီးကပ်လှသော ထိုမျက်နှာကို ကြည့်ရင်း လင်းရှီသည် ထိုလွှမ်းမိုးထားသော ဖိအားကြောင့် မေ့လဲလုနီးပါးဖြစ်သွားကာ နောက်ဆုံး စကားလုံး နှစ်လုံးကို ပြောလိုက်တော့သည်။

"တာအိုချပ်ပြား"။

All Chapters