ရှန်းယီ၏တုံ့ပြန်ပေးဆပ်ခြင်း
Vol. 40 Ch. 397
ရှန်းယီက တစ်ဖက်လူကို ဖိအားအနည်းငယ်ပေးရန် ရည်ရွယ်ခဲ့ကြောင်း ဝန်ခံပါသည်။
သို့သော် ဤမျှမြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးသည် ယခုလိုတကယ်ကြီး မူးလဲသွားလိမ့်မည်ဟု သူ တကယ်မထင်ထားခဲ့မိပေ။
ပြီးခဲ့သည့်အကြိမ်က ထိုအမျိုးသမီးသည် ချောက်နက်ပင့်ကူဧကရာဇ်ကို အရူးတစ်ယောက်ကဲ့သို့ ထိုးကြိတ်ရိုက်နှက်ခဲ့သည်ကို သူမှတ်မိနေသေး၏။
သူက မည်မျှပင်ကြမ်းတမ်းခက်ထန်ပုံပေါက်နေပါစေ၊ ထိုပင့်ကူကြီးလောက်တော့ ရုပ်မဆိုးနိုင်ဘူးမဟုတ်လော။
“...”
ကုလားထိုင်လက်တန်းကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး ရှန်းယီက တံခါးကို တွန်းဖွင့်ကာ ထွက်ခွာလာခဲ့၏။
...
သူသည် လီချင်းဖုန်း၏သံသယဖြစ်နေသော မျက်နှာနှင့် ပက်ပင်းတိုးလေသည်။
"စီနီယာအစ်မ ဘယ်မှာလဲ"
ရှန်းယီ ပေါ့ပေါ့ပါးပါးခင်းကျင်းထားသော အစီအရင်၏အပြင်ဘက်တွင် ရောက်နေသော အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် နားကို အစွမ်းကုန် စွင့်ထားလျှင်တောင် ဘာမှ ကြားရမည် မဟုတ်ပေ။
"အထဲမှာ"
ရှန်းယီက လမ်းဖယ်ပေးလိုက်ပြီး သူ့စီနီယာအစ်ကိုများဖြစ်သော ဝူတောက်အန်းနှင့် ကျူးကျွယ်တို့ထံသို့ လျှောက်သွားလိုက်သည်။
သူက ကြောင်တောင်တောင်ဖြစ်နေသော ထိုနှစ်ယောက်ကို ခေါ်ဆောင်ကာ တောင်ပေါ်မှ ဆင်းလာစဉ်၊သူတို့နောက်ဘက်ရှိ သစ်သားအိမ်လေးထဲမှ စူးရှသောအော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"အား"
"ဟမ်"
ဝူတောက်အန်းက ရှန်းယီကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်၏။
ထိုအော်သံကြောင့် အိမ်ထဲတွင် ဘာဖြစ်သွားသလဲဆိုသည့် သိချင်စိတ်က ပိုမိုကြီးထွားလာသည်။
သို့သော် သူ၏အတင်းအဖျင်းစပ်စုလိုစိတ်မှာ တစ်ဖက်လူ၏လက်ထဲတွင် ကိုင်ထားသော အရာတစ်ခုကြောင့် ချက်ချင်း ပျောက်ကွယ်သွားရသည်။ "အဲဒါ ဘာကြီးလဲ"
"ကျွန်တော် ကူးယူလာတဲ့ ကျင့်စဉ်တွေပါ"
ရှန်းယီက ထူထဲသော စာအုပ်အထပ်လိုက်ကြီးကို ကမ်းပေးလိုက်၏။
သံသယဖြစ်မည်ကို စိုးရိမ်သောကြောင့် သူသည် အစီအရင်များပါရှိသော ကျောက်စိမ်းပြားနှစ်ခုကိုသာအပြင်သို့ ယူထုတ်လာခဲ့ပြီး ကျန်သည့်အရာများကို ကျမ်းစာတိုက်တွင် ထားခဲ့ခြင်းဖြစ်သည်။
ဆေးဖော်စပ်ရင်းအားလပ်သည့်အချိန်များတွင် သူသည် အခွင့်ကောင်းယူကာ ထိုကျင့်စဉ်အားလုံးကို ကူးယူခဲ့ခြင်း ဖြစ်သည်။
"ဒါ.. ဒါတွေက နောက်ထပ် ဝိညာဉ်သာလွန်ထူးကဲခြင်းကျင့်စဉ်တွေများလား"
ဝူတောက်အန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။ ရှန်းယီ၏ တည်ငြိမ်သော အမူအရာက သူ့ကို မလှည့်စားနိုင်ပေ။
ယခင်က လီမီးတောက်နှလုံးလောက်ကျွမ်းကျင့်စဉ် ကို ပေးတုန်းကလည်း ရှန်းယီက ယခုလိုသာ ဂရုမစိုက်သလို မျက်နှာထားမျိုး လုပ်ပြခဲ့ဖူးသည်။
"လုံးဝကြီးတော့ မဟုတ်ပါဘူး" ရှန်းယီက ခေါင်းခါလိုက်၏။
"ငါပြောသားပဲ... ဒါက တော်တော်များနေတာကို..." ဝူတောက်အန်းက တဟားဟား ရယ်မောလိုက်သော်လည်း သူ့အပြုံးမှာ မျက်နှာပေါ်တွင် ချက်ချင်း အေးခဲသွား၏။
"ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ရောက်ရင် သုံးလို့ရမယ့်ဟာတွေလည်း ပါတယ်။"
ထိုစကားကို ကြားလိုက်ရသည့်အခါ၊ကျူးကျွယ်က အချိန်ကိုက်ပင် ဝူတောက်အန်းကို လှမ်းထိန်းပေးလိုက်ရသဖြင့် ကျင့်စဉ်စာအုပ်များ ပြုတ်ကျမသွားခြင်း ဖြစ်သည်။
"လွှတ်.. လွှတ်ပါ၊ ငါ ရပ်နိုင်ပါတယ်"
ဝူတောက်အန်းသည် ယိုင်နဲ့နဲ့ဖြစ်သွားပြီး သူ့လက်ထဲမှ အရာများကို မီးခဲပုံကြီး ကိုင်ထားရသကဲ့သို့ ကြည့်လိုက်မိသည်။
သူသည် သူ့ရှေ့မှ လူငယ်လေးကို ငေးကြည့်နေမိ၏။
သိုင်းဘုံကျောင်းသည် ရှန်းယီကို မည်သည့်အရာများပေးခဲ့ဖူးသနည်း။ ရှန်းယီက သူ့အရည်အချင်းနှင့်သူ လဲလှယ်ယူခဲ့သည်များမှလွဲ၍ သူတို့ပေးနိုင်ခဲ့သည်မှာ ချန်းယွမ်ဆေဘာဓားရှည်တစ်လက်နှင့် မပြောပလောက်သော အမွှေးတိုင်မီးခိုးငွေ့ ဆန္ဒစွမ်းအားအနည်းငယ်မျှသာ ဖြစ်သည်။
သို့သော် ဂျူနီယာညီလေးရှန်းယီ ပြန်လည်ပေးဆပ်လိုက်သည်က ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် တိုက်ရိုက်လမ်းစတစ်ခု ဖြစ်နေသည်။
ဝူတောက်အန်းခမျာ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရ၏။
"စီနီယာအစ်ကိုကြီး ကျူး"
ရှန်းယီက ဘေးသို့ လှည့်ကြည့်လိုက်ပြီး သူ့သိုလှောင်ရတနာကို ပုတ်ပြလိုက်သည်။
"ဂျူနီယာညီလေး ရှန်း၊ ပြောသာပြောပါ"
ကျူးဂျွယ်က သူ့အတွက်လည်း တစ်ခုခု ပါလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နောက်တစ်ခဏတွင် ဝူထုံတောင် မှ အကြီးအကဲများကိုတံတွေးကျစေခဲ့သော နတ်ဘုရားဆေးလုံးများနှင့် အံ့ဖွယ်ဆေးရည်များကို သူ မြင်လိုက်ရသည်။
စုစုပေါင်း ၁၂ လုံး။
ရှန်းယီက ၎င်းတို့ကို ပေါ့ပေါ့ပါးပါးပင် လွှဲပြောင်းပေးလိုက်၏။ "ဒီအရာကို ဟွာရှန်းဆေးလုံးလို့ ခေါ်တယ်။ ဟွမ်ယွမ်အဆင့် ကျင့်ကြံသူတွေကို သူတို့ရဲ့ အဆင့်အတားအဆီးတွေ ချိုးဖျက်ရာမှာ ကူညီပေးနိုင်တယ်။ အစ်ကိုကြီး သင့်တော်သလိုပဲ ခွဲဝေပေးလိုက်ပါ"
"..."
ကျူးကျွယ်သည် တည်ငြိမ်မှုရရန် ကြိုးစားရင်း ဆေးလုံးများကို လှမ်းယူလိုက်သော်လည်း သူ၏ လက်ချောင်းထိပ်များက အနည်းငယ် တုန်ခါနေ၏။ လက်နက်တိုက်ထဲတွင် နှစ်ပေါင်းထောင်ချီ နေထိုင်ရင်း တည်ဆောက်ခဲ့သော စိတ်ထိန်းနိုင်စွမ်းများပင် ဤအချိန်၌ ယိမ်းယိုင်သွားရသည်။
ယုတ္တိကျကျတွေးကြည့်လျှင် အပြင်လောကတွင် အချိန်ကြာမြင့်စွာ နေလေ့ရှိသော ရှန်းယီကို ထည့်မတွက်ပါက သိုင်းဘုံကျောင်း၏ အသန်မာဆုံး ကျင့်ကြံသူမှာ စိတ်မနှံ့တော့သော ဘိုးဘေးကြီးသာ ရှိသည်။
အကယ်၍ ကျင့်ကြံသူတစ်စုသာ နတ်ဘုရားစိတ်ဝိညာဥ်အဆင့်သို့ ရုတ်တရက် ရောက်ရှိသွားပါက၊
ယင်ဝိညာဉ်များ ဦးဆောင်သော သိုင်းဘုံကျောင်း၏ နေရာသည်ပင် အန္တရာယ်ရှိလာနိုင်သည်။
သို့သော် မဟာချန်၏ ကာလကြာရှည် ယိုယွင်းပျက်စီးလာမှုက သူတို့အတွက် သင့်တော်သော လူများကို ရွေးချယ်ပေးပြီးသား ဖြစ်နေသည်။ ကျင့်ကြံခြင်းကို စွန့်လွှတ်ထားခဲ့ရပြီး ရွှမ်ကွမ်းဂူ အတွက် ခွေးများအဖြစ်သာ အမှုထမ်းပေးရင်း မဟာချန်ကို နောက်ဆုံးထွက်သက်အထိ ရုန်းကန်နိုင်အောင် ကူညီပေးခဲ့ရသော ထိုဟွမ်ယွမ်အရှင်သခင်များ သည် နောက်ဆုံးတွင် သူတို့၏ အဆင့်အတားအဆီးကို ချိုးဖျက်ရန် မျှော်လင့်ချက်ရရှိလာခဲ့ပြီ ဖြစ်၏။
ကျူးကျွယ်သည် ထိုကြမ်းတမ်းသော သိုင်းသမားကြီးများအတွက် တကယ်ပင် စိတ်လှုပ်ရှား ဝမ်းသာမိသည်။
သူကိုယ်တိုင်လည်း တချိန်က အထွတ်အထိပ်အဆင့်တွင်ရှိခဲ့ဖူးပြီး နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သို့ ဘယ်တော့မှ မရောက်နိုင်ခဲ့သူဖြစ်ရာ ထိုအထွတ်အထိပ်အဆင့် ဟွမ်ယွမ်အရှင်သခင်များ၏ ခံစားချက်ကို မည်သူထက်မဆို ပိုနားလည်သည်။
"ဂျူနီယာညီလေး.. မင်း ဒီဆေးတွေကို အဲဒီလူတွေအတွက်သက်သက်မဲ့ ဖော်စပ်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်။ တို့တွေအတွက် စိတ်ပူစရာမလိုပါဘူး။ မင်းကိုယ်မင်း အရင်ဦးစားပေးသင့်တယ်။ ဘာက ပိုအရေးကြီးတယ်ဆိုတာ တို့တွေ နားလည်ပါတယ်"
ကျူးကျွယ်က သက်ပြင်းချရင်း ဆေးလုံးများကို ပြန်ပေးရန် ပြင်လိုက်၏။
ဤမျှထိ အဖိုးတန်သောအရာမျိုး တစ်ဖက်လူထံ၌ မည်မျှထိခပ်များများ ရှိနိုင်မည်နည်း။
"ကျွန်တော် သောက်ပြီးပါပြီ၊ ဒါက လက်ကျန်တွေပါ"
ရှန်းယီက ဆက်ပြီး ငြင်းဆန်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ မရေရာသော အတိတ်နိတ်မိတ်တစ်ခုကို ခံစားနေရသောကြောင့် ဖြစ်သည်။
နတ်ဆိုးတစ်ထောင်ဂူ၏ ထူးဆန်းသော အပြုအမူများ၊ အဖိုးတန်နယ်မြေများနှင့် ဂူများကို စောင့်ကြပ်နေကြသော နတ်ဆိုးဧကရာဇ်များ၊ ခွေးအိုကြီးဟု ခေါ်ဝေါ်ခံရသူက ယခုထိ ပေါ်မလာသေးပေ။
ထို့အပြင် ဝူထုံတောင် ဘိုးဘေးကြီးသည် နေရာကို စောင့်ကြပ်ရန် ရတနာတစ်ခုကို ထိန်းသိမ်းထားရင်း အသက်ဆက်ရန် အသည်းအသန်ကြိုးစားနေခြင်း၊ နီကျွင်းကို ပြုစုပျိုးထောင်ရန် အာရုံစိုက်နေခြင်းတို့က သူ တစ်ခုခုကြံစည်နေကြောင်း သိသာစေသည်။
ထိုလုပ်ရပ်များက အလွန်ထူးဆန်းနေ၏။
အကယ်၍ ရှန်းယီသာ ဆိုလျှင် မျှော်လင့်ချက်ကို မိမိကိုယ်တိုင်အပေါ်တွင်သာ ထားရှိမည်မှာ သေချာသည်။
ဖြစ်နိုင်သည်မှာ နန်ယန်ဂိုဏ်းအတွင်းရှိ အရင်းအမြစ်များက ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများ ဆက်လက်တက်လှမ်းရန်လုံလောက်မှု မရှိတော့သဖြင့် သက်တမ်းကုန်ဆုံးကာ ညှိုးနွမ်းပျောက်ကွယ်သွားရမည့် အခြေအနေ ဖြစ်နေနိုင်သည်။
ထိုကဲ့သို့သော ရလဒ်မျိုးကို သူ လက်မခံနိုင်ပေ။
ဖြစ်နိုင်မည်ဆိုလျှင် ရှန်းယီသည် အပြင်ထွက်၍ ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးကို ကြည့်ရှုလိုသေးသည်။
မထွက်ခွာမီ သူသည် သိုင်းဘုံကျောင်း အပေါ် တင်ရှိနေသော အကြွေးကို ဆပ်ချင်ပေ၏။
"တခြားကိစ္စ ဘာမှမရှိတော့ရင် ကျွန်တော် သွားခွင့်ပြုပါဦး"
ရှန်းယီက ခေါင်းအနည်းငယ်ညိတ်ပြပြီး သူတို့နှစ်ဦး၏အကြည့်အောက်မှာပင် ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားသည်။
ယခုလိုအဖြစ်မျိုး မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးသော်လည်း၊ဝူတောက်အန်းမှာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ "မင်း ဘယ်လိုထင်လဲ... ဂျူနီယာညီလေး ရှန်းက အမြဲတမ်း အလုပ်ရှုပ်နေတာ ငါတို့ဆီက ဒီကိစ္စတွေကြောင့်များလား"
ကျူးကျွယ်သည် ဟွာရှန်းဆေးလုံးများကို ဂရုတစိုက် သိမ်းဆည်းလိုက်ရင်း မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာ၏။ "မင်း စဉ်းစားဖူးလား... ဒီလိုရတနာမျိုးကို ပိုင်ဆိုင်ထားတဲ့ ဒုတိယမြောက်နေရာဆိုတာ ဒီလောကကြီးမှာ ရှိနိုင်ပါ့မလားလို့"
နတ်ဆိုးတစ်ထောင်ဂူ ဆိုသည်မှာ...နတ်ဆိုးအုပ်ကြီးဝန်းရံထားသောအရာဖြစ်ပြီး ထိုကဲ့သို့သောနေရာမျိုးတွင် ရှန်းယီက လျှောက်သွားနေခဲ့၏။ ခြေလှမ်းတိုင်းတွင် မည်မျှအထိပင် သတိထားခဲ့ရမည်နည်းဆိုတာ တွေးကြည့်၍ပင်မရပေ။
အကယ်၍ ထိုနတ်ဆိုးဧကရာဇ်ကြီးများသာ သတိထားမိသွားလျှင် သေခြင်းရှင်ခြင်းအခိုက်အတန့်ဖြစ်သွားနိုင်ပေ၏။
"ဘာဖြစ်တာလဲ"
လီချင်းဖုန်းသည် ဆူညံသံကိ ကြားသဖြင့် အခန်းထဲမှထွက်လာရာ အဝေးသို့ ပျောက်ကွယ်သွားသော ကျောပြင်ကို လှမ်းမြင်လိုက်ရသည်။
သူ့ပါးစပ်က နှစ်ချက်မျှလှုပ်ရမ်းသွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "သူက ဒီတိုင်းကြီးထွက်သွားတာလား။ နတ်ဆိုးအမြုတေကို ယူသွားပြီး ဘာဖြစ်လဲဆိုတာတောင် နားမထောင်ဘဲ ဒီတိုင်း ထွက်သွားတာလား"
သူ အငြင်းခံရနိုင်ခြေကို မစဉ်းစားမိသည်တော့ မဟုတ်ပေ။ လီချင်းဖုန်းသည် ပြန်ရောက်ရင် အဆူခံရမည်ကိုပင် ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ကိစ္စများက ဤကဲ့သို့ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"စကားပြောနေလည်း လေကုန်တာပဲဖြစ်မှာပါ"
နှလုံးသားသန့်စင်မန္တန်ကြောင့် ပြန်လည်နိုးထလာသော လင်းရှီသည် တံခါးဝမှဖြည်းညှင်းစွာ ထွက်လာပြီး ကောင်းကင်ကိုရှုပ်ထွေးသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။ "သူက ငါတို့နဲ့အတူ ပြန်လိုက်လာမှာ မဟုတ်ဘူး"
"နင် တံခါးပိတ်လိုက်ပြီးတာနဲ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ငါ့ကို ရှင်းမပြတော့ဘူးလား..."
လီချင်းဖုန်းက တစ်ခုခုကိုသတိရသွားပုံဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ အမူအရာ လုံးဝမပြောင်းလဲသော ကျန်းချိုလန်လည်း ရောက်လာပြီး ယခင်အတိုင်းပင် သူ့ဘေးတွင် လာရပ်သည်။
သူမ၏အနည်းငယ် ဆုပ်ကိုင်ထားသော လက်ချောင်းများက သူမလည်းသိချင်နေကြောင်း ဖော်ပြနေသည်။
"အဲဒါက.. ဘာမှ မဟုတ်ပါဘူး"
လင်းရှီသည် သူတို့အကြည့်များကို ရှောင်လွှဲလိုက်ပြီး သူမ၏ပါးပြင်များ အနည်းငယ် ရဲတက်လာ၏။
ထိုလူငယ်လေးကြောင့် ကြောက်လန့်ပြီး မည်သည့်အရာမှ မလုပ်ရသေးခင် မူးလဲသွားခဲ့ရကြောင်း သူမ မည်ကဲ့သို့ပြောထွက်နိုင်မည်နည်း။
ယနေ့ အဖြစ်အပျက်ပြီးနောက် လင်းရှီသည် ရှန်းယီကို အနည်းငယ်ပိုယုံကြည်လာမိသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင်ပင် သူက သူမကို ဝါးမြိုခြင်း မပြုခဲ့ပေ။
သူက ယိုဝေနတ်ဆိုးဧကရာဇ် နှင့် ချောက်နက် ပင့်ကူဧကရာဇ်တို့ကို သတ်ဖြတ်ခဲ့ဖူးသူ ဖြစ်သည်။
အကယ်၍ သူသာ လူယောင်ဆောင်ထားသော နတ်ဆိုးတစ်ကောင်ဖြစ်နေလျှင်တောင်မှ ကံဆိုးရှာသောကြင်နာတတ်သည့် နတ်ဆိုးတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
"ဘာမှမဟုတ်ဘူး ဟုတ်လား"
လီချင်းဖုန်းက မယုံကြည်နိုင်သော အပြုံးဖြင့် ပါးစပ်ကိုဖြဲလိုက်ပြီး မျက်ခွံများမရပ်မနား လှုပ်ခတ်နေသည်။
ဘာမှမဟုတ်ဘဲနဲ့ ကုလားထိုင်ပေါ်မှာ မူးလဲနေတယ်ပေါ့၊ဘာမှမဟုတ်ဘဲနဲ့ ပါးတွေက အဲဒီလောက် ရဲနေတယ်ပေါ့လေ။
ကျန်းချိုလန်က တိတ်တဆိတ် အကြည့်လွှဲလိုက်ပြီး ဟွာရှန်းဆေးလုံးအနည်းငယ်ကို ထပ်မံ ဆုပ်ကိုင်လိုက်ပြန်လေ၏။ သူမအတွက် အချိန်သိပ်မကျန်တော့ကြောင်း သဘောပေါက်လိုက်သည်။
အကယ်၍ ရှန်းယီသာ တစ်ကိုယ်တည်း ဆက်လက် လျှောက်လှမ်းနေဦးမည်ဆိုလျှင်...နောက်ထပ် မည်သူများ ပါးရဲလာဦးမည်နည်းဆိုတာ သူမ တွေးတောင် မတွေးရဲတော့ပေ။