← Chapters

နီကျွင်း အနားယူရာမှပြန်လည်ထွက်ပေါ်လာခြင်း

Vol. 40 Ch. 400

နီကျွင်း အနားယူရာမှပြန်လည်ထွက်ပေါ်လာခြင်း

Vol. 40 Ch. 400

တောင်လေတစ်ခု ဝေ့ဝဲတိုက်ခတ်သွားပြီး ကောင်းကင်ယံတွင်ပြည့်နှက်နေသော နီရဲသည့် အရောင်အဝါများကို လွင့်စင်သွားစေသည်။

နေမင်းသည်မြင့်မားစွာ ထွန်းလင်းနေပြီး ကောင်းကင်ယံသည် ကြည်လင်တောက်ပနေ၏။

ထိုခမ်းနားပြီး အားကောင်းလှသော တိုက်ကွက်အောက်တွင် တောအုပ်၏လက်မဝက်မျှပင် ထိခိုက်ပျက်စီးခြင်းမရှိဘဲ အရာအားလုံးမှာ မူလအတိုင်း ကျန်ရစ်ခဲ့သည်။

နတ်ဆိုးသွေးနံ့များသာ လေထုထဲတွင်တဖြည်းဖြည်း ပျံ့နှံ့နေတော့သည်။

တောင်လေညင်းက တိုက်ခတ်သွားချိန်တွင် မြောင်ချင်းဟွေ့ သည် ရုတ်တရက် တုန်လှုပ်သွားပြီး မိုးကုပ်စက်ဝိုင်းကို ငေးကြည့်နေမိသည်။ ၎င်းမှာ သူမတစ်သက်လုံး ရရှိရန် အိပ်မက်မက်ခဲ့ရသည့် စွမ်းအားမျိုးပင်။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး ထွက်ခွာသွားသည်မှာ ကြီးကျယ်ခမ်းနားသော အိပ်မက်တစ်ခု အချည်းနှီး ဖြစ်သွားသကဲ့သို့ပင်။

"အဲ့ဒီ တာအိုနန်းတော်က စီနီယာအစ်ကိုနီနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ" ဟု သူမက တုံ့ဆိုင်းစွာ မေးလိုက်၏။

"ငါလည်း မသိဘူး"

ထုံရှင်းချွမ်းသည် အသက်ရှူနှုန်းကို ထိန်းညှိလိုက်၏။ ဤအရာမှာ သူ ဆုံးဖြတ်ချက်ချနိုင်သည့် အဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။

"ဒါဆို... ဒါကတကယ်ပဲ အဖေပေါ့" ယွီချောင်းအန်း က ချွေးများကိုသုတ်လိုက်သည်။ သူ့စီနီယာနှင့် ဂျူနီယာများက တစ်ဖက်လူကို ဘာကြောင့် ဤမျှထိယုံကြည်နေကြသလဲဆိုတာ အခုမှ နားလည်သွားတော့သည်။ သူတစ်ယောက်တည်းသာ အပိုတွေ စိတ်ပူနေခဲ့ခြင်းပင်။

သူက ချွေးများကို ခါထုတ်လိုက်ပြီး အပြစ်မကင်းသလိုခံစားချက်ဖြင့် ပြောလိုက်သည်။ "ကျန်တဲ့ နတ်ဆိုးဧကရာဇ်နှစ်ပါးနောက်ကို လိုက်ကြဦးမလား"

ကျန်သည့်အကောင်များက မြင်းဖြူကဲ့သို့ သူတို့၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်မထားရန် သူမျှော်လင့်နေမိသည်။

"မလိုတော့ဘူး၊ ပြန်ကြရအောင်"

ထုံရှင်းချွမ်းက အတိုချုံးပြောပြီး လှည့်ထွက်သွား၏။ သူတို့၏တာဝန်မှာ စီနီယာအစ်ကိုနီ၏ အစစ်အမှန်ခွန်အားအဆင့်ကို ဖုံးကွယ်ရန် ဖြစ်သော်လည်း ယခုအခါ ရှန်းယီက ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို ပိုင်ဆိုင်ထားပြီး အလွန်တရာ လူသိထင်ရှား ဖြစ်သွားခဲ့ပြီဖြစ်ပေသည်။

နတ်ဆိုးတစ်ထောင်ဂူ အနေဖြင့် နီကျွင်း၏ကိစ္စတွင် ဝင်ရောက်မစွက်ဖက်မီ ရှန်းယီနှင့် အရင် ရင်ဆိုင်ရမည်။ သူသည် တိမ်စီးကာ ဝူထုံတောင်ဆီသို့ ဦးတည်လိုက်၏။

ရက်အနည်းငယ် ကြာပြီးနောက်၊ နေဝင်ခါစ အချိန်တွင်...

ထုံရှင်းချွမ်းသည် အကြွင်းမဲ့နတ်ဆိုးနှိမ်နင်းရွှေမြှား(ရှေ့ပိုင်းမှာက တစ်မျိုးနော် မူရင်းမှာခု‌ပြန်ပြောင်းထားလို့လိုက်ပြောင်းထားတာပါ) ကို ထုတ်ယူကာ ဝူထုံတောင်ခြေသို့ ဆင်းသက်လိုက်ပြီး တိတ်ဆိတ်သော လမ်းကလေးအတိုင်းလျှောက်လာခဲ့၏။

ထိုစဉ် သူ့မျက်တောင်များ ရုတ်တရက် လှုပ်ခတ်သွားသည်။ လမ်းပေါ်တွင် အစိမ်းရောင် ဝတ်ရုံဝတ်ထားသော ကိုယ်ခန္ဓာတစ်ခုလှဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။တိုးညှင်းသော ဟောက်သံကိုသာ မကြားရလျှင် ထိုလူသေနေပြီဟုပင် ထင်မှတ်ရပေမည်။

"ဝရဇိန်ကြိုး လား"

ထုံရှင်းချွမ်းသည် ထိုလူ၏ကိုယ်ခန္ဓာကို တင်းကျပ်စွာချည်နှောင်ထားသည့် ရွှေရောင်ကြိုးကို ကြည့်လိုက်ရာမျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားသည်။ မြောင်ချင်းဟွေ့က သူ့လက်ကို တိုးတိုးလေးဆွဲလိုက်ပြီး ထိုဘက်သို့ စိုက်ကြည့်နေ၏။

ဝူထုံတောင်ပေါ်တွင် အာခံတတ်ဆုံးလူ ရှိသည်ဆိုလျှင် ထိုလူမှာသူတို့ရှေ့ရှိ တပည့်ပင် ဖြစ်လိမ့်မည်။ သူ၏ကလေးဘဝ အတွေ့အကြုံများကြောင့် သူသည် သံသယစိတ်များပြီး လုံခြုံမှုမရှိသလို ခံစားနေရသူ ဖြစ်သည်။ သူတို့၏ဆရာသခင်ကလည်း တပည့်များအပေါ် မည်သည့်အခါမျှ နွေးထွေးမှု မပေးခဲ့ပေ။

တခြားသူများနှင့် ယှဉ်လျှင်... ထုံရှင်းချွမ်းက မည်သည့်အချိန်ကမှ ဝန်မခံသော်လည်း၊ သူ့အတွက် နတ်ဘုရားဝိညာဉ်ပိုးချည်ကို အသက်စွန့်ပြီး သွားယူပေးခဲ့သည့် နီကျွင်းကိုသာ သူ အားအကိုးဆုံး ဖြစ်သည်။

"အရင်ဆုံး ဆရာ့ကို သွားတွေ့ရအောင်"

မြောင်ချင်းဟွေ့က ထုံရှင်းချွမ်းကို ဆွဲခေါ်သွားပြီး ကြောင်တောင်တောင်ဖြစ်နေသော ယွီချောင်းအန်းကို တစ်ချက်ကြည့်ကာ လမ်းအတိုင်း ဆက်လျှောက်သွားကြ၏။

"ဆရာ... ကျွန်မတို့ ပြန်ရောက်ပါပြီ"

သူမသည် ရေကန့်လန်ကာဂူအပြင်ဘက်တွင် ရပ်ပြီး အသာအယာခေါ်လိုက်၏။

ထုံရှင်းချွမ်း၏မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး သူ့လက်ထဲမှ ရွှေမြှားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဂူထဲသို့ တိုးဝင်သွားသည်။

သူသည် တိတ်ဆိတ်နေသော ဂူကို ကြည့်ကာ ပုံမှန်အတိုင်းပြန်မထွက်သွားဘဲ မေးလိုက်သည်။

"စီနီယာအစ်ကိုမှာ ဘာအပြစ်ရှိလို့လဲ၊ ဘာလို့ သူ့ကို ဝရဇိန်ကြိုးနဲ့ ချည်ထားရတာလဲ"

ဤကဲ့သို့ ပြတ်ပြတ်သားသား မေးခွန်းထုတ်မှုကြောင့် ယွီချောင်းအန်းမှာ ချွေးစေးများ ပြန်လာ၏။ ဆရာက ထုံရှင်းချွမ်းကို ဂရုစိုက်မည်မဟုတ်ဟု သူထင်ထားသော်လည်း ခဏအကြာတွင် ဂူထဲမှတိုးညှင်းသောအသံ ထွက်ပေါ်လာသည်။

"သူက အမှားတစ်ခု လုပ်ခဲ့တယ်၊ ဒါပေမဲ့ ဝန်မခံဘူး။ဆရာ့အပေါ် ရိုသေမှုမရှိဘူး။ မျက်နှာသာပေးခံရတာကို အခွင့်ကောင်းယူပြီး ထောင်လွှားနေတယ်။ ဒါကြောင့် သူ့ကိုအစားထိုးရလိမ့်မယ်။"

ထိုစကားကို ကြားရသောအခါ မြောင်ချင်းဟွေ့၏ မျက်နှာဖြူဖျော့သွားပြီး ထုံရှင်းချွမ်းကမူ ဒေါသတကြီးဖြင့် အံကြိတ်ကာ မေးလိုက်၏။ "ဆရာက သူ့နေရာမှာဘယ်သူနဲ့ အစားထိုးချင်လို့လဲ"

"မဟာချန်က ရှန်းယီ"

ရိုးရှင်းသော စကားလေးခွန်းမှာ တိတ်ဆိတ်သော လမ်းကလေးထဲတွင် ဟိန်းထွက်သွား၏။

ထိုစကားကို ကြားရသောအခါ ထုံရှင်းချွမ်းက ခါးသီးစွာလှောင်ပြုံးပြုံးလိုက်သည်။ "ဆရာ စိတ်ပျက်ရလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော် ရှန်းယီကို တွေ့ခဲ့တယ်၊ သူက ဝူထုံတောင်ကို လာမယ့်ပုံ မပေါ်ဘူး။"

သူက ဒေါသကို ဆက်လက်ပေါက်ကွဲလိုက်၏။ "သူ တကယ် လာခဲ့ရင်တောင် ရှန်းယီရဲ့စရိုက်နဲ့ဆိုရင် စီနီယာအစ်ကိုနီလိုမျိုး မြေပြင်မှာလှဲပြီး ဆရာ့ရဲ့ ကဲ့ရဲ့မှုကို ခံနေမှာမဟုတ်ဘူး။ သူသာ ဒီနေရာမှာဆိုရင် ဆရာ့ကို ဓားဆွဲထုတ်ပြီးခုတ်ဖို့က ပိုသေချာလိမ့်မယ်"

"နင် ရူးသွားပြီလား"

မြောင်ချင်းဟွေ့က ထုံရှင်းချွမ်း၏လက်မောင်းကို ဆွဲကာ ကြောက်ရွံ့တုန်လှုပ်စွာ တားလိုက်၏။

သို့သော် ဂူထဲတွင်ခဏမျှ တိတ်ဆိတ်သွားသည်။

နောက်ဆုံးတွင် ဂူထဲမှ အမျိုးသမီး၏ ရယ်သံ ထွက်ပေါ်လာပြီး အေးဆေးစွာပြောလိုက်သည်။ "အဲ့ဒီလိုလား"

သူမ၏စကားအဆုံးတွင် နီကျွင်း၏ကိုယ်ပေါ်မှ ရွှေရောင်ကြိုးသည် ရုတ်တရက် ပြုတ်ကျသွားပြီး ဂူထဲသို့ အလျင်အမြန် ပျံဝင်သွားသည်။

"တိတ်တိတ်နေကြစမ်း၊ နင်တို့ သူတို့ကိုနားလည်မှာ မဟုတ်ဘူး"

အမျိုးသမီး၏အသံမှာ ထောင်လွှားမှုများ ပြည့်နှက်နေသည်။ "နင်တို့ပြောတဲ့ အဲ့ဒီဂုဏ်ယူဝင့်ကြွားနေတဲ့ကျင့်ကြံသူက ငါ့ဆီကို ဘယ်လိုမျိုး လိုလိုလားလားနဲ့ လာပြီး အရိုအသေပေးမလဲဆိုတာမကြာခင် မြင်ရပါလိမ့်မယ်"

သူမအနေဖြင့် တပည့်စုဆောင်းရန် ကြိုးစားမှုများ မလိုပေ။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကို တက်လှမ်းချင်သော ထိုသူများ၏လမ်းကြောင်းအားလုံးမှာ သူမ၏လက်ခုပ်ထဲတွင်သာ ရှိသည်။

မိမိကိုယ်ပေါ်မှအနှောင်အဖွဲ့များ ပြေလျော့သွားသည်ကို ခံစားလိုက်ရသောအခါ ဟောက်သံများ ရပ်တန့်သွားသည်။ မြေပြင်ပေါ်တွင် လှဲနေသော ပုံရိပ်သည် ခါးဆီသို့လက်လှမ်းလိုက်သော်လည်း ဘာမှမရှိသဖြင့် လေထဲတွင်သာ လက်ယမ်းမိသွား၏။

သူသည် နှုတ်ခမ်းကိုသပ်လိုက်ပြီး မြေပြင်မှ ယိုင်တိုင်တိုင် ထရပ်လိုက်သည်။ နောက်သို့ပင် လှည့်မကြည့်ဘဲ လမ်းအတိုင်း ယိမ်းထိုးကာ ထွက်သွားခဲ့၏။

"ဟက်"

ထိုအခြင်းအရာကို မြင်သော် ထုံရှင်းချွမ်းက ဂူထဲသို့တစ်ချက်လှောင်လိုက်ပြီး သူလည်း လှည့်ထွက်လာခဲ့သည်။

ကျန်ရှိနေသော နှစ်ဦးမှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။ နှစ်ပေါင်းများစွာ သူတို့၏ဆရာသည် မိဘအရင်းကဲ့သို့ ဂရုမစိုက်သော်လည်း တောင်ပေါ်ရှိ အခြေအနေမှာ အဆင်ပြေခဲ့သည်။ ယခုမှ အဘယ်ကြောင့် ဤမျှအထိ တင်းမာသွားခဲ့ရကြောင်း သူတို့နားမလည်နိုင်ပေ။

အတော်ကြာပြီးနောက် မြောင်ချင်းဟွေ့ သက်ပြင်းအရှည်ကြီးချလိုက်၏။ သူမ၏စီနီယာအစ်ကိုနီ နှင့် ဆရာတို့မှာ တစ်ဦးနှင့်တစ်ဦး၏အနိမ့်ဆုံး စည်းများကို ကျော်လွန်သွားကြပုံရပြီး ဘယ်သူမှ လျှော့မပေးချင်ကြပေ။

ဝူထုံတောင်ထိပ်တွင်...

နီကျွင်းသည် သူ၏သစ်သားတဲလေးထဲသို့ ပြန်သွားပြီး ကုတင်အောက်မှ ဝိုင်အိုးအချို့ကို တူးထုတ်လိုက်၏။ နောက်ဆုံး လက်ကျန် ဝိုင်တစ်ငုံစာလောက်ကို အားရပါးရ သောက်လိုက်သည်။

သူ လှည့်ထွက်သွားခါနီးတွင် သူ့စုဆောင်းထားသမျှကိုအသိမ်းခံလိုက်ရသည်ကို သတိရသွားသဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မလိုလားစွာဖြင့် ရွှမ်ဓားကို ကောက်ကိုင်လိုက်သည်။

"ဘယ်ကို သွားမလို့လဲ" ထုံရှင်းချွမ်းက တံခါးဝတွင် ပိတ်ရပ်လိုက်၏။

"ဒီမှာနေရတာ ပျင်းဖို့ကောင်းတယ်၊ ငါ သွားတော့မယ်"

နီကျွင်းသည် ဓားပြားဖြင့် တစ်ဖက်လူကို ဘေးသို့တွန်းထုတ်ကာ တဲထဲမှထွက်လာခဲ့သည်။ သူ တောင်ပေါ်မှ ဆင်းတော့မည့် အချိန်တွင်...

"ဒါဆိုရင် စိတ်ဝင်စားစရာ တစ်ခုခုပြောပြမယ်"

ထုံရှင်းချွမ်းသည် လက်ဖဝါးများကို ဖြန့်လိုက်ရာ နတ်ဘုရားဝိညာဉ်ပိုးချည်များက ထိုနေရာကို လွှမ်းခြုံသွားပြီး အသံလုံအစီအရင်တစ်ခုကို တည်ဆောက်လိုက်၏။ "ဘယ်သူပဲ ခိုးနားထောင် နားထောင်... ခွေးပဲ"

သူစကားပြောပြီးသည်နှင့် ဂူထဲမှနတ်အာရုံတစ်ခုမှာ ဂရုမစိုက်သလိုဖြင့် ချက်ချင်း ဆုတ်ခွာသွား၏။

"မင်း ဘာပြောချင်တာလဲ" နီကျွင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါ မင်းကို မေးမယ်၊ မင်း ဘာလို့ အဲ့ဒီခြင်္သေ့ကို မနိုင်ခဲ့တာလဲ" ထုံရှင်းချွမ်းက အလေးအနက် ကြည့်လိုက်၏။

"အဲ့ဒီကောင်က မြန်လွန်းတယ်၊ ပြီးတော့ တာအိုနန်းတော်ရဲ့အထောက်အပံ့မပါတဲ့ ဓားသိုင်းက စွမ်းအားတွေအများကြီး လျော့သွားတာ၊ ဒါကြောင့် သူ ငါ့ကိုအသာစီးရသွားတာပဲ" နီကျွင်းက အေးဆေးပင် ပြန်ဖြေသည်။ သူသည် ရှုံးနိမ့်မှုကို သိပ်ပြီး ဂရုမစိုက်တတ်သူဖြစ်သည်။

သူသည် လင်းရှီနှင့် မတူပေ။ ကျင့်ကြံခြင်း စတင်ကတည်းက နီကျွင်းသည် အဆင့်အတန်းများကို ဂရုမစိုက်ဘဲ တခြားသူများ၏အရိုက်အနှက်ကို အမြဲခံခဲ့ရသူ ဖြစ်သည်။

ကျောက်စိမ်းအဆင့်မှာတင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သူ အသက်ရှင်နေရသည်မှာ ကံကောင်းလွန်း၍ပင်။

"သူ သွားလာတဲ့အခါ ဘယ်လို နည်းစနစ်မျိုး သုံးလဲ" ထုံရှင်းချွမ်းက ဆက်မေးသည်။

နီကျွင်း ခဏမျှစဉ်းစားလိုက်ပြီး "သူက ခရမ်းရောင်နဲ့အဖြူရောင်ရောနေတဲ့ အလင်းတန်းကြီးအဖြစ် ပြောင်းသွားတာ..."

"တော်ပြီ" ထုံရှင်းချွမ်းက တောင်ခြေကို တစ်ချက်ကြည့်ကာ နီကျွင်း၏နားနားသို့ ကပ်ပြောလိုက်၏။

"အဲ့ဒီခြင်္သေ့က ရှန်းယီပဲ၊ သူ ရုပ်ဖျက်ထားတာ။ သူက နတ်ဆိုးတစ်ထောင်ဂူမှာ နတ်ဆိုးဧကရာဇ် လုပ်နေတာ၊ဘာလို့ ဝူထုံတောင်ကို လာပြီး မင်းရဲ့ တပည့်နေရာကို လုမလဲ"

"ငါ ပြောပြဦးမယ်၊ သူ့ရဲ့အခုအင်အားက မင်းထက် မနိမ့်ဘူး။ နောက်ဆုံးတစ်ခေါက်က မင်းကို သူမတိုက်ခဲ့တာက မင်းကို အဖက်မလုပ်ချင်လို့ပဲ"

"အခုရော ပျင်းဖို့ကောင်းနေသေးလား"

ထုံရှင်းချွမ်း၏စကားများမှာ ဆွဲဆောင်မှုရှိလှ၏။ သူသည် စီနီယာအစ်ကိုနီကို တခြားတပည့်များထက် ပိုနားလည်သည်။

"..."

နီကျွင်း၏မျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ နက်မှောင်သောမျက်ဝန်းထဲတွင် တက်ကြွမှုများ ပြန်လည် ပေါ်ပေါက်လာ၏။

သူသည် ရှေ့သို့လှမ်းတက်လိုက်ပြီး လက်ထဲမှ ရွှမ်ဓားကို ဝှေ့ယမ်းကာ ကောင်းကင်ယံရှိ နတ်ပိုးချည်များကို ဖျက်ဆီးပစ်လိုက်၏။

လွင့်စင်နေသော အလင်းစများကြားတွင် နီကျွင်းသည် ရွှမ်ဓားကိုပစ်လွှတ်လိုက်ပြီး ဓားပေါ်သို့ နင်းကာဝေးကွာရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။

"အရူးကောင်"

ထုံရှင်းချွမ်းသည် သူ၏ ဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူ့စီနီယာအစ်ကိုနီ ပျောက်ကွယ်သွားသည့် ဘက်ကို ကြည့်ရင်း စိုးရိမ်စိတ်များ လျော့နည်းသွားသည်။

သို့သော် ကျန်ရှိသော တဲများကို ကြည့်ကာ သူ ဇဝေဇဝါ ဖြစ်သွား၏။ သူ မမှားဘူးဆိုလျှင် ဂျူနီယာညီမလေးနှင့် ကျန်သည့်သူများမှာ ရှန်းယီကို အကူအညီတောင်းဖို့ သွားကြတာ ဖြစ်သည်။

သို့သော် ရှန်းယီသည် မြင်းဖြူကိုသတ်ဖို့ သွားပြီးဖြစ်ရာ သူတို့ အဘယ်ကြောင့် ယခုထိပြန်မရောက်သေးသနည်း။

All Chapters