အခန်း (၆၀၁-၆၀၂)
Vol. 61 Ch. 601-602
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၁ + ၆၀၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
လီကျန့်က ဖြေလိုက်သည်။ "ဂျာချင်အင်ပါယာက ဂျိုဆွန်းကို သိမ်းပိုက်ပြီးပြီ ၊ ဝါတန်ခန်းနိတ်နိုင်ငံကို သိမ်းပိုက်ပြီးပြီဆိုတော့ စစ်အင်အား တောင့်တင်းနေပြီ။ တကယ်လို့ ဒါက အင်ပါယာဖျက်ဆီးခြင်းစစ်ပွဲသာဆိုရင် စစ်သည်အင်အား ၃ သိန်းကျော်လိမ့်မယ်။"
ဤကမ္ဘာမှ ဂျာချင်အင်ပါယာသည် အခြားသမိုင်းကြောင်းတစ်ခုဖြစ်သည့် ကမ္ဘာမြေသမိုင်းမှ ဟန်ကျင်းထက် များစွာ ပိုမိုအင်အားကြီးမားသည်။ ထို့ကြောင့် ဤအဆုံးအဖြတ်တိုက်ပွဲ၏ အတိုင်းအတာသည်လည်း ကမ္ဘာမြေသမိုင်းမှ ဆာဟူတိုက်ပွဲထက် များစွာ ကျော်လွန်ပေလိမ့်မည်။
"လျောင်တုန်းဒေသမှာရှိတဲ့ တာ့နင်အင်ပါယာရဲ့ စစ်တပ်ကလည်း ၃ သိန်းဝန်းကျင် ရှိတယ်။ ရွှမ်ဟွာမြို့နဲ့ ထုန်းကျိုးမြို့က စစ်တပ်တွေ ပေါင်းလိုက်ရင် ၅ သိန်းနီးပါး ရှိလိမ့်မယ်" လီကျန့်က ဆက်ပြောသည်။ "ဒီတစ်ခါ ဖန်းအုပ်စုက မြို့တော်ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်သလို ငွေတုံး ၂၅ သန်းကိုလည်း ဧကရာဇ်ကို ပေးလိုက်သေးတယ်... ဒါတွေက ဘာကို ဆိုလိုသလဲဆိုတော့ ဖန်းမိသားစုက ဧကရာဇ်ကို ဒီအဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်တာပဲ။ နယ်စားမင်း ယွမ်ထိန်နဲ့ ရွှမ်ဟွာနယ်စားမင်း နှစ်ယောက်လုံး မြို့တော်ကို အရေးပေါ် ဝင်သွားတာကလည်း ဖန်းမိသားစုက တာ့နင်အင်ပါယာရဲ့ အကြီးဆုံး စစ်ဘုရင်ကြီး နှစ်ပါးကို လုံးဝ စွန့်လွှတ်လိုက်ပြီး တာ့နင်အင်ပါယာနဲ့ ဂျာချင်အင်ပါယာကို ကံကြမ္မာ တိုက်ပွဲကြီး အကြီးအကျယ် နွှဲခိုင်းလိုက်ပြီဆိုတာ ပြသနေတယ်။"
တုပိုင် ခေါင်းညိတ်၏။ "အရှေ့ဘက်ပြည်ထောင်စုက အခွင့်ကောင်းယူပြီး ကွမ်တုံနဲ့ ကွမ်ရှီးမှာ ကမ်းတက်လာပြီးတော့ ငါတို့ အနောက်တောင်ပိုင်းကို တိုက်ခိုက်လာနိုင်မလား။"
လီကျန့်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုး... မဆုံးဖြတ်ရဲပါဘူး။"
တုပိုင်သည် သူ့မွေးစားအဖေ လီဝမ်ဟွေ့ကို ကြည့်လိုက်သည်။
"မဆုံးဖြတ်ရဲဘူး ဟုတ်လား" လီဝမ်ဟွေ့က ပြောလိုက်သည်။ "တကယ်လို့ ငါတို့ အနောက်တောင်ပိုင်းက အရှေ့ဘက်ပြည်ထောင်စုရဲ့ မဟာဗျူဟာအဆင့်အတန်းမှာ မြင့်မားတဲ့နေရာ ရောက်နေတယ်ဆိုရင် ၊ ပင်လယ်ရပ်ခြား အရှေ့ဘက်ပြည်ထောင်စု ဖန်းမိသားစုက အခွင့်ကောင်းယူပြီး ကွမ်တုံနဲ့ ကွမ်ရှီးမှာ ကမ်းတက်လာပြီး ငါတို့ အနောက်တောင်ပိုင်းကို တိုက်ခိုက်လာဖို့ များတယ်။ ဒါပေမဲ့ သူတို့မျက်လုံးထဲမှာ တာ့နင်အင်ပါယာရဲ့ မဟာဗျူဟာအဆင့်အတန်းက ပိုမြင့်နေမယ်ဆိုရင်တော့... သူတို့ရဲ့ စစ်တပ်က ယန်ဇီမြစ် တောင်ဘက်ကမ်းမှာ စုရုံးနေပြီး မြောက်ဘက်က ရှုပ်ထွေးမှုတွေကို ရှင်းလင်းဖို့ အသင့်ပြင်နေလောက်ပြီ။"
တုပိုင်က ပြောလိုက်သည်။ "လက်နက်တိုက်အားလုံးကို ၁၂ ပေါင်အမြောက်တွေ အစွမ်းကုန် ထုတ်လုပ်ဖို့ အမိန့်ပေးလိုက်။ စစ်ခုန်းယဲ့ရဲ့ ဓာတ်ခွဲခန်းကို မီးနတ်ဘုရား ယမ်းမှုန့်တွေ အစွမ်းကုန် ထုတ်လုပ်ခိုင်း။ ဟူနန်နဲ့ ကွမ်ရှီးကနေ ရိက္ခာတွေ စုဆောင်း။ စစ်သားသစ်တွေ ထပ်စုဆောင်းပြီး လေ့ကျင့်ပေး။ လျန်ကျိုး ၊ ဝူကျိုး ၊ ကွေ့လင် စီရင်စုတွေကို ကာကွယ်ဖို့ စစ်သည်အင်အား အများအပြား ချထားလိုက်။"
"ဟုတ်ကဲ့ပါ။"
တုပိုင်သည် မင်းသမီးယွီကျိန်းကို ကြည့်ပြီး အမိန့်ပေးလိုက်၏ "မင်းသမီးယွီကျိန်း... မင်းသမီး အခုချက်ချင်း တောင်ဘက်ကိုသွားပြီး အန်နမ်နိုင်ငံကို သွားလိုက်ပါ။ ကျွန်တော်တို့ စစ်တပ်နှစ်ခုကြားမှာ ဆက်သွယ်ရေးလမ်းကြောင်း ၊ ရိက္ခာလမ်းကြောင်း ၊ လက်နက်လမ်းကြောင်း ၊ သတင်းအချက်အလက် လမ်းကြောင်းတွေ ချက်ချင်း တည်ဆောက်ရမယ်။ ပြီးတော့ အန်နမ်ဘုရင်လီချန်နဲ့ ကျန်းနန်နယ်စားမင်းဆီ သတင်းပါးလိုက်ပါ။ သူတို့အနေနဲ့ တစ်ခါမှ မကြုံဖူးလောက်အောင် ကြီးမားတဲ့ စစ်ပွဲကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောလိုက်ပါ။"
"ဟုတ်ကဲ့ပါ" မင်းသမီးယွီကျိန်းက နာခံလိုက်သည်။
ထိုအချိန်တွင် အရှေ့ဘက်ပြည်ထောင်စုမှ သခင်လေးသည် အလွန်ကြီးမားသော စစ်တုရင်ကွက်ကြီးတစ်ခုကို ကစားနေခြင်း ဖြစ်ကြောင်း တုပိုင် ရေးရေးလေး အာရုံခံမိလိုက်သည်။
မြောက်ဘက်တွင် ရွှေမိသားစု၏ ခန်းနိတ်နိုင်ငံနှစ်ခုကြား ပြည်တွင်းစစ် ဖြစ်ပွားနေပြီး ဂျာချင်အင်ပါယာက ဂျိုဆွန်းတိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ တောင်ဘက်တွင် အန်နမ်နိုင်ငံ ရင်ဆိုင်ရနိုင်ဖွယ်ရှိသော နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ ရှိနေသည်။
တုပိုင် မမြင်နိုင်သော နေရာများလည်း ရှိသေးသည်။ ဥပမာအားဖြင့် ယိုးဒယားနိုင်ငံသည် အရှေ့ဘက်ပြည်ထောင်စုသို့ တရားဝင် ဝင်ရောက်သွားပြီ ဖြစ်သည်။
အရှေ့ဂျပန်ယင်းအင်ပါယာတွင်လည်း အင်အားစုတစ်ခု၏ ချယ်လှယ်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော ပြည်တွင်းစစ်ကြီး တစ်ဖန်ပြန်လည် ဖြစ်ပွားနေသည်။
တုပိုင်၏ အနောက်တောင်ပိုင်း ဒေသသည်တော့ တိတ်ဆိတ်ငြိမ်သက်သော ကာလတစ်ခုသို့ ရောက်ရှိသွားနိုင်လေ၏။ အဘယ်ကြောင့်ဆိုသော် သခင်လေးသည် စစ်တုရင်အရွှေ့ကို တခြားနေရာသို့ ခေတ္တပြောင်းရွှေ့လိုက်သောကြောင့်ပင် ဖြစ်သည်။
"မနက်ဖြန်ကျရင် ငါ မြို့တော်ကို သွားပြီး ဧကရာဇ်နဲ့ သွားတွေ့မယ်" တုပိုင်က ပြောလိုက်သည်။ "ငါ မရှိတဲ့အချိန်မှာ အစိုးရကိစ္စ အဝဝကို မွေးစားအဖေ လီဝမ်ဟွေ့က တာဝန်ယူလိမ့်မယ်။ စစ်ရေးအာဏာကိုတော့... လီကျန့်က ပထမ ၊ ဖူဟုန်ပင်းက ဒုတိယ ၊ ကျီရှီရှောင်က တတိယ တာဝန်ယူရမယ်။"
ထိုစကားကို ကြားလိုက်ရသည်နှင့် လီကျန့်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီသွားပြီး သူ့နားသူပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ခန္ဓာကိုယ်က ခေတ္တမျှ တောင့်တင်းသွားပြီး စိတ်ဖြေလျော့ရန် လက်သီးဆုပ်လိုက်သော်လည်း လက်များပါ တောင့်တင်းနေသည်ကို တွေ့လိုက်ရသည်။
အချိန်အတော်ကြာမှ လီကျန့်သည် အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "ကျေးဇူးကြီးမားလှပါတယ်... ကျွန်တော်မျိုး အသက်ပေးပြီး တာဝန်ထမ်းဆောင်ပါ့မယ်။"
ထိုနေ့ နေ့လယ်ခင်းတွင် မဟာဆရာသခင်အဆင့်ရှိသော ဘိုးဘေးလီလျန်တင်းသည် လျန်ကျိုးစီရင်စုသို့ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့သည်။
"မင်း မြို့တော်ကို သွားတော့မယ်ဆိုတော့ လုံခြုံရေးအတွက် စိတ်မပူနဲ့။ ငါ လိုက်ပို့ပေးမယ်" ဘိုးဘေးက ပြောလိုက်သည်။
တုပိုင်သည် ဒူးနှစ်ဖက်ထောက်ပြီး ဂါဝရပြုလိုက်၏။
"ကျွန်တော်မျိုး ဘိုးဘေးကို ဂါရဝပြုပါတယ်..."
လီဝမ်ဟွေ့လည်း အံ့သြတကြီးဖြင့် ဒူးထောက်ဦးခိုက်ကာ အသံတုန်တုန်ဖြင့် ဂါဝရပြုလိုက်သည် "သားကလည်း မွေးစားအဖေကို ဂါရဝပြုပါတယ်"
ဘိုးဘေးက တုပိုင်ကို ရုတ်တရက် တားလိုက်ပြီး ဒူးထောက်ခွင့် မပေးချေ။
ထို့နောက် သူက သက်ပြင်းချပြီး ပြောလိုက်သည်။ "လောကကြီးရဲ့ အပြောင်းအလဲတွေက သိပ်မမြန်ဆန်လှပါဘူး။ နယ်စားမင်းတုပိုင်... မင်းက ငါ့သား ဝမ်ဟွေ့ရဲ့ သင်းကွပ်ခံရမယ့် လမ်းကြောင်းကိုလည်း ဖြတ်တောက်ပေးခဲ့တာပဲ။"
ဘိုးဘေးကြီးသည် ဟာသလုပ်ရန်သည် စိတ်ပျော်နေဆဲပင် ဖြစ်သည်။ နောက်တစ်နေ့ မနက်စောစောတွင် တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးကာ လီလျန်တင်းနှင့် ကျွမ်းကျင်ပညာရှင် ရာပေါင်းများစွာ၏ အစောင့်အရှောက်ဖြင့် လျန်ကျိုးစီရင်စုမှ ထွက်ခွာပြီး မြို့တော်ရှိရာ မြောက်ဘက်သို့ ဦးတည်သွားလေ၏။
လှေစီးသွားလျှင် ပိုမြန်သော်လည်း ယခုအချိန်တွင် တာ့နင်အင်ပါယာသည် ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
**--**--**--**--**--**--**--**
လျန်ကျိုးစီရင်စုမှ ထွက်လာပြီး မကြာမီ လီလျန်တင်းက ရုတ်တရက် အော်ပြောလိုက်သည်။ "ဘယ် မဟာဆရာသခင်လဲ... ကိုယ်ထင်ပြပါဦး။"
မလှမ်းမကမ်းမှ ကျီလန်ထင်း၏အသံ ထွက်ပေါ်လာသည်။ "တွေ့ဖို့ မလိုပါဘူး။ ကျုပ်နဲ့ တုပိုင်က ရင်းနှီးပြီးသားပါ။ အခြေအနေက အန္တရာယ်များတယ်။ သူ မြောက်ဘက်ကို သွားတဲ့လမ်းတစ်လျှောက် ကျုပ် ကာကွယ်ပေးလိုက်မယ်။ မြို့စားမင်းတုပိုင်... အခြေအနေက ခင်ဗျားထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ ကျေးဇူးပြုပြီး ပေမင်ဓားဂိုဏ်းကို အမြန်ဆုံး သွားပေးပါ။"
ထို့နောက် တုပိုင်သည် မနားမနေ ခရီးနှင်ပြီး မြောက်ဘက်မြို့တော်သို့ ဦးတည်သွားလေ၏။ မြို့တော်သို့ ရောက်ရှိပြီးနောက် တုပိုင်သည် မနားဘဲ နန်းတော်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
ဖန်းအုပ်စုက မြို့တော်ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်ပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေး ပြန်လည်စတင်လာသဖြင့် မြို့တော်မှာ ပြန်လည်အသက်ဝင်လာပြီ ဖြစ်သည်။
သို့သော် သိပ်တော့ စည်ကားခြင်း မရှိဘဲ ထူးထူးခြားခြား တိတ်ဆိတ်နေသယောင် ရှိသည်။
"နယ်စပ်မြို့ အနောက်ဘက်ကွပ်ကဲရေးမှူး နယ်စားမင်းတုပိုင်... ဧကရာဇ်မင်းမြတ်ကို ဖူးမြော်ဖို့ မြို့တော်ကို ရောက်လာပါပြီ။ ရှေ့က လူတွေ လမ်းဖယ်ပေးကြပါ"
"ဖယ်ကြ ၊ ဖယ်ကြ ၊"
"ဖယ်ကြ ၊ ဖယ်ကြ ၊"
စစ်သည်ထောင်ပေါင်းများစွာသည် တုပိုင်၏ရှေ့မှ ရုတ်တရက် ပေါ်လာပြီး လမ်းများကို ကြိုတင်ပိတ်ဆို့ကာ ရှင်းလင်းပေးလိုက်ကြသည်။
လမ်းဘေးဝဲယာတွင် မရေမတွက်နိုင်သော ပြည်သူများ ရပ်ကြည့်နေကြပြီး တုပိုင်ကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြကာ ပြောဆိုနေကြသည်။ "ဒါ အရှင်သခင်တုပိုင်ပဲ။"
"အရှင်သခင်တုပိုင်က တကယ် ခန့်ညားတာပဲ။"
"အရှင်သခင်တုပိုင် အသက်ရာကျော် ရှည်ပါစေ... အရှင်သခင်တုပိုင်က ငါတို့အားလုံးရဲ့ ကျေးဇူးရှင် ဖခင်ကြီးပဲ။"
တုပိုင် နန်းတော်သို့ သွားရာလမ်းတစ်လျှောက်တွင် ရာချီသောပြည်သူများက လမ်းဘေးတွင် ဦးညွှတ် အရိုအသေပေးကြသည်။
ဤအခြေအနေက သူ့ကို အလွန်အံ့သြသွားစေသည်။ သူ မြို့တော်တွင် မည်သည့်အချိန်က ဤမျှ နာမည်ကောင်း ရသွားသနည်း။ အနောက်တောင်ပိုင်း၌ဆိုလျှင် သူ၏နာမည်သည် အလွန်နံစော်နေပြီး ဖူကျိုးမြို့တွင်ဆိုလျှင် ကလေးအငိုတိတ်အောင်ပင် ခြောက်လှန့်၍ ရသည်။
ဧကရာဇ်၏ ဝါဒဖြန့်မှုအောက်တွင် သူတုပိုင်သည် မြို့တော်၏ မဟာကယ်တင်ရှင်ကြီး ဖြစ်လာလေသည်။ ယခုတစ်ကြိမ် ရန်သူများ ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်ခြင်းနှင့် မြို့တော်ရှိ ပြည်သူသန်းပေါင်းများစွာ အသက်ဆက်ရှင်သန်နိုင်ခြင်းမှာ တုပိုင်၏ ကျေးဇူးနှင့် စွမ်းဆောင်ရည်ကြောင့်သာ ဖြစ်သည်ဟု ပြည်သူများက ယုံကြည်နေကြသည်။
နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် တုပိုင်သည် စာကြည့်ဆောင် အပြင်ဘက်တွင် ဒူးထောက်ပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုး တုပိုင်... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်။ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ။"
စာကြည့်ဆောင်ထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီး အသက်ရှူသံပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် ခြေသံမြန်မြန်များ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ယောက်က သူ့ကို တွဲထူလိုက်သည်။
တစ်နှစ်အတွင်းမှာပင် ဧကရာဇ်က တကယ် အိုစာသွားခဲ့သည်။ လုံးဝ ပိန်ချုံးသွားပြီး ဆံပင်များ ဖြူရုံသာမက ဆံပင်ကျွတ်၍လည်း ပါးနေပြီ ဖြစ်သည်။
သူသည် တုပိုင်၏ လက်မောင်းကို ကိုင်ထားပြီး တုပိုင်၏ မျက်နှာကို အကြာကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါ့သား... မတွေ့ရတာ တစ်နှစ်ရှိပြီ။ မင်း... မင်း အများကြီး ရင့်ကျက်လာသလိုပဲ။ ငါက အရည်အချင်း မရှိလို့... မင်းလို ငယ်ရွယ်တဲ့ အရွယ်မှာ ဒီလောက် လေးလံတဲ့ တာဝန်တွေကို ထမ်းဆောင်စေခဲ့မိတယ်။"
တုပိုင်၏ မျက်ဝန်းများ ပူနွေးလာပြီး စကားမပြောနိုင်တော့ချေ။ သူတို့နှစ်ယောက်စလုံး အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။ ဧကရာဇ်က စကားစတင်ပြောကြားလိုက်သည်။ သူသည် ပြုံး၍ ပြောလိုက်သည်။ "မင်း အရမ်း ထူးဆန်းနေမှာပဲ။ ငါ့ရဲ့ အမိန့်တော်ထဲမှာ မင်းရဲ့ ရာထူးတိုးပေးတာ မပါသလို ၊ နယ်စပ်မြို့ အုပ်ချုပ်ရေးမှူး အဖြစ်လည်း ခန့်အပ်တာ မပါဘူး ဟုတ်တယ်မလား။"
ဧကရာဇ်က ဆက်ပြောသည်။ "ယွမ်ကျူး... အမိန့်တော် ထုတ်ပြန်လိုက်။ တုပိုင်ကို ကျန့်ရှီးနယ်စားမင်းကြီးအဖြစ် ခန့်အပ်လိုက်တယ်။ အနောက်ဘက် နယ်စပ်မြို့ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်။"
"ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ် ရာထူးကို ဖျက်သိမ်းပြီး ၊ ဖူကျန့်နဲ့ ကွမ်တုံ ဘုရင်ခံချုပ် အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်။"
"ဟူနန်နဲ့ ဟူပေ ဘုရင်ခံချုပ်ရုံး တည်ထောင်ပြီး အစိုးရအဖွဲ့ဝန်ကြီး ဝမ်ဟွိုင်းရှိုကို ဘုရင်ခံချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ ဟူနန်နဲ့ ဟူပေ စစ်ဘက်ဆိုင်ရာ အရေးကြီး ကိစ္စတွေကို တုပိုင်က ယာယီ တာဝန်ယူရမယ်။"
ထိုစကားများကို ကြားလိုက်ရသည်နှင့် တုပိုင် လုံးဝ ကြောင်အသွားသည်။
'နယ်စပ်မြို့ အုပ်ချုပ်ရေးမှူးတင်မကဘူး ၊ စစ်ရေးနဲ့ အုပ်ချုပ်ရေး အာဏာပါ ရတာလား။ အရင်တုန်းက ပြည်နယ်သုံးခုရဲ့ စစ်ရေးအာဏာပဲ ရှိခဲ့တာ။ အခု ဟူနန်နဲ့ ဟူပေရဲ့ အုပ်ချုပ်ရေး အာဏာပါ ထပ်ပေါင်းလိုက်တာလား။ ဒါ... ဒါက တာ့နင်အင်ပါယာ တစ်ခုလုံးမှာ အာဏာအရှိဆုံး အရာရှိ ဖြစ်လာတာပဲ။'
ထို့နောက် ဧကရာဇ်၏ မျက်နှာထားက အနည်းငယ် ထူးဆန်းသွားပြီး ပြောလိုက်သည်။ "တုပိုင်... နင်ဇောင်ဝူ ပြောတာ ကြားတယ်။ မင်းက တကယ့် မိန်းမစိုး မဟုတ်ဘူးတဲ့။ မင်းက သာမန် ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာနိုင်တယ်တဲ့။ ပြီးတော့ အခုချိန်မှာ မင်းဆီမှာ ယောကျာ်းတစ်ယောက်ရဲ့ ယန်စွမ်းအင်တွေ ရှိနေပြီဆို။ ဟုတ်သလား။"
တုပိုင် ထိတ်လန့်သွားသည်။
ဤတစ်ကြိမ်တွင် ဧကရာဇ်က သူ့ကိုတကယ်ကြီး လက်ထပ်ပေးတော့မည့်ပုံရှိသည်။ တုပိုင်နှင့် ရွှဲ့ကွမ်ရင်တို့သည် ဤကိစ္စကို ဆွေးနွေးဖူးကြ၏။ မင်းသမီးယွီကျိန်းနှင့်ပင် ဆွေးနွေးဖူးသည်။ သူက အရှက်မရှိသော သဘောထားဖြင့် တုံ့ပြန်ခဲ့သည်။
"နင်ဇောင်ဝူ... လာခဲ့..." ဧကရာဇ်က ခေါ်လိုက်သည်။
မဟာဆရာသခင် နင်ဇောင်ဝူ ထွက်လာ၏။
"ဆရာသခင်နင်..." တုပိုင် ဦးညွှတ်လိုက်သည်။
နင်ဇောင်ဝူက မျက်စိတစ်ဖက် မှိတ်ပြပြီး ပြောလိုက်သည်။ "မြို့စားမင်းတုပိုင်... ဪ... မှားလို့... နယ်စားမင်းကြီးတုပိုင်။"
ဧကရာဇ်က ပြောလိုက်သည်။ "နင်ဇောင်ဝူ... မင်းပဲ ပြောပြလိုက်။"
မဟာဆရာသခင် နင်ဇောင်ဝူသည် ချောင်းဟန့်ပြီး ပြောလိုက်သည်။ "တုပိုင်ရဲ့ ဝှေးစေ့က တကယ်တမ်း မရှိတာ မဟုတ်ဘဲ ၊ ဗိုက်ထဲကနေ ပြန်မကျလာတာပါ။"
မဟာဆရာသခင် နင်ဇောင်ဝူက ဆက်ပြောသည်။ "တကယ်တော့ မိန်းမစိုး အများစုက အသက်မရှည်ကြဘူး။ ခြွင်းချက် အနည်းငယ်တော့ ရှိတာပေါ့။ တုပိုင်ရဲ့ အခြေအနေက ပိုထူးခြားတယ်။ သူ့ရဲ့ စွမ်းအင် အသက်ရှူသံကို ကျုပ် ရှင်းရှင်းလင်းလင်း အာရုံခံလို့ ရတယ်။ ယန်ချီစွမ်းအင်တွေက ပိုပိုပြီး အားကောင်းလာတယ်။ အခုဆိုရင် သာမန် ယောကျာ်းတစ်ယောက်ရဲ့ တစ်ဝက်လောက် ရောက်နေပြီ။ ဒါကြောင့် ဒီအတိုင်း ဆက်သွားရင် သူ မကြာခင် ပြီးပြည့်စုံတဲ့ ယောကျာ်းတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။"
ဧကရာဇ်က ပြောလိုက်သည်။ "အနာဂတ်မှာ ကလေးရနိုင်မလား။"
မဟာဆရာသခင် နင်ဇောင်ဝူက ပြောလိုက်သည်။ "ရနိုင်လောက်ပါတယ်။ ကျုပ်က ဗေဒင်ဆရာတော့ မဟုတ်ဘူး။ နည်းနည်းပါးပါးပဲ သိတာပါ။ တုပိုင်မှာ သားသမီး မြေးမြစ်တွေ အများကြီး ရလိမ့်မယ်။"
ထိုစကား ကြားသောအခါ ဧကရာဇ် ရယ်မောလိုက်သည်။
ထို့နောက် ဧကရာဇ်က မေးလိုက်သည်။ "သူ ရောက်ပြီလား။"
နင်ဇောင်ဝူက ပြောလိုက်သည်။ "မရောက်သေးပါဘူး။ ခဏလောက် ကြာပါဦးမယ်။"
ဧကရာဇ်က ပြောလိုက်သည်။ "ထိုင်ကြ... ထိုင်ကြ..."
ထို့နောက် သူတို့သုံးယောက် ထိုင်လိုက်ကြသည်။
ဧကရာဇ်က ပြောလိုက်သည်။ "ဖန်းမိသားစုက မြောက်ဘက်ကနေ လုံးဝ ဆုတ်ခွာသွားပြီ။ ရွှမ်ဟွာနယ်စားမင်းကြီး.လန်အောက်နဲ့ ကျန့်ပေနယ်စားမင်းကြီး ယွမ်ထိန်တို့ကလည်း လက်လျှော့လိုက်ကြပြီ။ နင်ရှားနယ်စပ်မြို့က ဖင်းရွှေနယ်စားမင်းကြီးကတော့ ဖန်းမိသားစုကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ငါ့ကိုလည်း သိပ် ဂရုမစိုက်ဘူး။"
တာ့နင်အင်ပါယာတွင် နယ်စားမင်းကြီးလေးပါး ရှိပြီး သူတို့သည် အင်ပါယာ၏ အမြင့်ဆုံး စစ်ရေးအာဏာကို ကိုင်စွဲထားကြသည်။
နင်ရှားနယ်စပ်မြို့က ဖင်းရွှေနယ်စားမင်းကြီး ၊ ရွှမ်ဟွာနယ်စပ်မြို့က လန်အောက်နယ်စားမင်းကြီးနှင့် ကျန်းနန်နယ်စားမင်းကြီး ဆုန်ချွဲ။ လျောင်တုန်းအရှေ့ဘက်မြို့က ကျန့်ပေနယ်စားမင်းကြီး ယွမ်ထိန်တို့ လေးပါးဖြစ်သည်။
နင်ရှားနယ်စပ်မြို့က ဖင်းရွှေနယ်စားမင်းကြီးသည် လက်ရှိအချိန်တွင် ပဒေသရာဇ်တစ်ပိုင်း ဖြစ်နေသည်။ နန်းတော်နှင့် သိပ်အဆက်အဆံ မရှိပေ။ တွန်းဟွမ်း ၊ ကျားယွီကွမ်း ၊ ကျန်းရဲ့မှသည် လန်ကျိုးအထိ သူ၏ ပိုင်နက်နယ်မြေများ ဖြစ်သည်။ သူ့ထံ၌ စစ်သည်သိန်းချီ ရှိပြီး အဓိကအားဖြင့် အင်အားကြီးမားသော ကျွန်းကော်ခန်းနိတ်နိုင်ငံကို ကာကွယ်ရန် ဖြစ်သည်။
ဧကရာဇ်က ပြောလိုက်သည်။ "အခု လျောင်တုန်းမြို့က နယ်စားမင်းကြီး ယွမ်ထိန်နဲ့ ရွှမ်ဟွာမြို့က နယ်စားမင်းကြီး လန်အောက်တို့ မြို့တော်မှာ ရောက်နေကြတယ်။ သူတို့က မင်းနဲ့ တွေ့ဖို့ စောင့်နေကြတယ်။"
တုပိုင်က ပြောလိုက်သည်။ "လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ဂျိုဆွန်းနိုင်ငံက ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်။ ဂျိုဆွန်း တော်ဝင်နန်းတော်တောင် ဂျောလာပြည်နယ်က ဂျယ်ဂျူစီရင်စုကို ပြောင်းရွှေ့ခဲ့ရတယ် မဟုတ်လား။ ပြီးတော့ ဂျိူဆွန်းနိုင်ငံရဲ့ ရေတပ်က ဂျာချင်အင်ပါယာထက် ပိုတောင့်တင်းတယ်။ ဒါကြောင့် စစ်ပွဲက ဒီလောက် မြန်မြန် မပြီးခဲ့ဘူး။ ဒါပေမဲ့ ရုတ်တရက်ကြီး ဂျိူဆွန်းရေတပ် တစ်ခုလုံး ပျက်စီးသွားပြီး ဂျိုဆွန်း တော်ဝင်မိသားစု ဖမ်းဆီးခံလိုက်ရတယ်။ ဘုရင်က လက်နက်ချပေမယ့် အသတ်ခံလိုက်ရတယ်။ လက်ရှိ ဂျိူဆွန်းဘုရင်က ၆ နှစ်သား ကလေးလေးပဲ ရှိသေးတယ် ဟုတ်လား။"
ဧကရာဇ်က ပြောလိုက်သည်။ "ဟုတ်တယ်။"
ထင်ရှားသည်မှာ ဖန်းအုပ်စုက ရုတ်တရက် ဝင်ရောက်စွက်ဖက်လိုက်ခြင်း ဖြစ်သည်။ အရှေ့ဘက်ပြည်ထောင်စုအတွက် ဂျိုဆွန်းရေတပ်ဆိုသည်မှာ မည်သည့်အရာမျှ မဟုတ်ပေ။ အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်ကျူးကျော်မှုကြောင့် ဤကမ္ဘာ၏ ဂုဏ်သတ္တိများက အတော်လေး မြင့်မားနေသည်။ ထို့ကြောင့် ဂျိုဆွန်းနိုင်ငံ၏ လူဦးရေသည်လည်း အခြားကမ္ဘာမြေထက် ပိုများပြားပြီး ၁၁ သန်းခန့် ရှိသည်။
ယခု ဂျာချင်အင်ပါယာက ဂျိူဆွန်းနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်၍ သူ့စစ်ရေးအင်အားကို ရူးသွပ်စွာ ချဲ့ထွင်နေခြင်း ဖြစ်သည်။
တုပိုင်က ပြောလိုက်သည်။ "ဖန်းမိသားစုက နန်ကျင်းမှာ နောက်ထပ် အင်ပါယာအချက်အချာ တစ်ခု တည်ထောင်လိုက်တယ်။ ပြီးတော့ ယန်မင်းသားကိုလည်း ခေါ်သွားတယ်။ သူတို့က ဂျာချင်အင်ပါယာရဲ့ လက်ကို သုံးပြီး မြောက်ဘက် တရုတ်ပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေတာ။ အရှင်မင်းမြတ်နဲ့ အိမ်ရှေ့စံသာ ဂျာချင်အင်ပါယာလက်ချက်နဲ့ နတ်ရွာစံသွားရင် တောင်ဘက်က ယန်မင်းသားက ဧကရာဇ်အဖြစ် အလိုလို နန်းတက်လို့ ရသွားပြီ။ နန်ကျင်းက တာ့နင်အင်ပါယာက အလိုအလျောက် တရားဝင် အင်ပါယာ ဖြစ်သွားလိမ့်မယ်။"
ဧကရာဇ်သည် တုပိုင် ကိုယ်တိုင်ဆွဲထားသော အသေးစိတ်ကျပြီး ကြီးမားသော မြေပုံနားသို့ လျှောက်သွားလိုက်သည်။
"မူလက မွန်ဂိုလီးယား ရွှေအင်ပါယာဟာ ခန်းနိတ်နိုင်ငံ ၄ ခု ကွဲသွားတယ်။ တစ်ခုကို ဂျာချင်က ဖျက်ဆီးလိုက်တယ်။ တစ်ခုကို ကျွန်းကော်က ဖျက်ဆီးလိုက်တယ်။ အခု မြောက်ဘက်က ကျွန်းကော်ခန်းနိတ်နိုင်ငံနဲ့ ဝါနခန်းနိတ်နိုင်ငံတို့ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြတယ် ၊" ဧကရာဇ်က ပြောလိုက်သည်။ "ဂျာချင်အင်ပါယာရဲ့ နောက်ထပ်တိုက်ပွဲက ဝါနခန်းနိတ်နိုင်ငံဘက် လှည့်လာမလား ၊ ဒါမှမဟုတ် ငါတို့ တာ့နင်အင်ပါယာဘက် လှည့်လာမလား။"
အခြားကမ္ဘာမြေသမိုင်း၏ ဤကာလတွင် ကျွန်းကော်ခန်းနိတ်နိုင်ငံ မပေါ်ထွန်းသေးသော်လည်း ဤကမ္ဘာတွင်မူ မီးနတ်ဘုရားဂိုဏ်း၏ ပံ့ပိုးမှုဖြင့် ဆယ်စုနှစ်များစွာ စော၍ ပေါ်ထွန်းလာခဲ့သည်။
တုပိုင်က ဖြေကြားလိုက်သည်။ "တကယ်လို့ ဒီစစ်ပွဲရဲ့ နောက်ကွယ်မှာ မီးနတ်ဘုရားဂိုဏ်းနဲ့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ချယ်လှယ်မှု ရှိနေတယ်ဆိုရင် ၊ ဂျာချင်အင်ပါယာက မကြာခင် ဝါနခန်းနိတ်နိုင်ငံကို စစ်တပ်လွှတ်ပြီး ကျွန်းကော်ခန်းနိတ်နိုင်ငံနဲ့အတူ ဝါနတစ်နိုင်ငံလုံးကို ခွဲဝေယူပါလိမ့်မယ်။"
ဧကရာဇ် မျက်မှောင်ကြုတ်ပြီး ဆိုလိုက်သည်။ "အဲဒီအချိန်ကျရင် ဂျာချင်အင်ပါယာက နောက်ထပ် မြင်းစီးတပ် ၁ သိန်း ထပ်ရသွားမှာပေါ့။"
ဤကမ္ဘာသည် လုံးဝ ကွဲပြားခြားနားသည်။ ဂျာချင်အင်ပါယာသည် ဂျိုဆွန်းနိုင်ငံနှင့် မွန်ဂိုလီးယား၏ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ထားပြီးပြီ ဖြစ်၍ အခြားကမ္ဘာမြေမှ ဟန်ကျင်းထက် များစွာ ပိုမိုအင်အားကြီးမားသည်။ ဤအရာအားလုံးသည် အခြားကမ္ဘာမြေသမိုင်းထက် နှစ်ပေါင်းများစွာ စောနေသည်။
သို့သော် ထူးဆန်းသည်မှာ အခြားကမ္ဘာမြေသမိုင်းတွင် ဤကာလ၌ ကျဆုံးခဲ့ပြီးဖြစ်သော ရှန်ယန်နှင့် လျောင်ယန်မြို့များမှာ ဤကမ္ဘာတွင် မကျဆုံးသေးခြင်း ဖြစ်သည်။
သာမန်စစ်မဟာဗျူဟာအရဆိုလျှင် ရှန်ယန်ကို မသိမ်းဘဲ ဂျာချင်က ဂျိုဆွန်းကို မည်သို့ ကျူးကျော်နိုင်မည်နည်း။ နောက်ကျောကို လှံနှင့်ထိုးမည်ကို မကြောက်ဘူးလော။
သို့သော် လက်တွေ့တွင် ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်၍ တုပိုင်သည် အလွန်အံ့သြသွားကာ ကိစ္စများစွာသည် သာမန်ယုတ္တိဗေဒနှင့် မကိုက်ညီကြောင်း ခံစားလိုက်ရသည်။
ဂျာချင်အင်ပါယာ၏ အရှင်သခင်သည် ဖြတ်လမ်းနည်း သုံးထားသကဲ့သို့ ခံစားရစေသည်။ ထို့ပြင် ဂျာချင်အင်ပါယာနှင့် လီမိသားစုတို့ မှောင်ခိုကုန်သွယ်ကြသည့်အခါ အများဆုံးပို့သည့် ကုန်ပစ္စည်းမှာ မည်သည့်အရာဖြစ်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ အဆီ ၊ ဝေလငါးအဆီ ဖြစ်ပေသည်။
ဖြတ်လမ်းနည်း မသုံးထားပါက ဂျာချင်အင်ပါယာသည် မည်သည့်အချိန်က ပင်လယ်ကို ပိုင်ဆိုင်သွားသနည်း။ တာ့နင်အင်ပါယာထက် စောပြီး ပင်လယ်ပြင်ကို မည်သည့်အချိန်က ထိန်းချုပ်လိုက်သနည်း။
ခေတ်သစ်ကမ္ဘာမြေသမိုင်းနှင့် ယှဉ်လျှင် အရာအားလုံးက လုံးဝ ကွဲပြားခြားနားနေသည်။ ထိုစဉ်က မန်ချူးနှင့် မင်မင်းဆက်တို့၏ စစ်ပွဲသည် နှစ်ပေါင်း ၄၀ ၊ ၅၀ ခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲများစွာ ရှိခဲ့သည်။
ဤကမ္ဘာတွင်တော့ သိုင်းပညာ ထွန်းကားမှုကြောင့် ၊ အင်အားကြီးမားသော အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် စစ်ပွဲများတွင် လုံးဝ ကွဲပြားခြားနားသော အခြေအနေများ ရှိနေနိုင်သည်။
ဂျာချင်အင်ပါယာနှင့် တာ့နင်အင်ပါယာတို့၏ စစ်ပွဲတွင် အဆုံးအဖြတ်တိုက်ပွဲတစ်ခုတည်းဖြင့် ကမ္ဘာကို ဆုံးဖြတ်မည့် အခြေအနေမျိုး ဖြစ်လာနိုင်ခြေ အလွန်များသည်။
"နယ်စားမင်း ယွမ်ထိန်ရဲ့ ခန့်မှန်းချက်အရဆိုရင် ဂျာချင်အင်ပါယာနဲ့ ငါတို့ရဲ့ အဆုံးအဖြတ်တိုက်ပွဲက နောက်ထပ် ခြောက်လလောက်နေရင် ဖြစ်လာလိမ့်မယ် ၊" ဧကရာဇ်က ပြောလိုက်သည်။ "ဂျာချင်အင်ပါယာနဲ့ ဂျိုဆွန်းနိုင်ငံ စစ်ပွဲက တစ်နှစ်နီးပါး ကြာခဲ့ပေမယ့် အများစုက မြို့ကို ဝိုင်းရံထားတာပဲ ရှိတယ်။ တကယ့် အသေအပျောက်က သိပ်မများဘူး။"
"ဒီအဆုံးအဖြတ်တိုက်ပွဲမှာ ငါတို့က မြောက်ဘက်က စစ်တပ်အားလုံးကို သုံးမယ်။ စစ်သည်အင်အား ၅ သိန်းလောက် ရှိလိမ့်မယ် ၊" ဧကရာဇ်က ဆက်ပြောလိုက်သည်။ "ပြီးတော့ ဂျာချင်အင်ပါယာက... နယ်စားမင်း ယွမ်ထိန်ရဲ့ ခန့်မှန်းချက်အရ စစ်သည် ၃ သိန်းခွဲလောက် စေလွှတ်လိမ့်မယ်။"
ဤစစ်ပွဲ၏ အတိုင်းအတာသည် မန်ချူးနှင့် မင်မင်းဆက်ကြားရှိ မညိသညွစစ်ပွဲထက်မဆို ပိုမိုကြီးမားနေပြီဖြစ်လေ၏။
အခြားသမိုင်းတစ်ခုတွင် ချင်မင်းဆက် တရုတ်ပြည်ထဲ မဝင်ရောက်မီ အကြီးဆုံးစစ်ပွဲက စစ်သည် ၁ သိန်းထက် မကျော်ခဲ့ပေ။ တရုတ်ပြည်ထဲ မဝင်ရောက်မီ မန်ချူးစစ်တပ်အင်အားသည်လည်း သိန်းဂဏန်း အနည်းငယ်သာ ရှိခဲ့သည်။
ထို့ကြောင့် တုပိုင်၏ ထိုသမိုင်းကာလ မှတ်ဉာဏ်များက အသုံးမဝင်သလောက် ဖြစ်နေသည်။ တုပိုင်က ပြောလိုက်သည်။ "စစ်ပွဲ ဖြစ်လာရင် မင်းသမီးနင်းရွှဲ့ရဲ့ တပ်မတော်သစ်လည်း ပါဝင်တိုက်ခိုက်မှာလား။"
ဧကရာဇ်က ပြောလိုက်သည်။ "အဲဒီအဆင့်ထိ မရောက်ဖို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူ ပါဝင်လာဖို့ အခွင့်အလမ်း အရမ်းများတယ်။ ဘာလို့လဲဆိုတော့ စစ်ပွဲ ဖြစ်လာတာနဲ့ တိုင်းပြည်ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲ ဖြစ်လာနိုင်ပြီး တစ်ပွဲတည်းနဲ့ အဖြေပေါ်သွားနိုင်လို့ပဲ။"
တုပိုင်က ပြောလိုက်သည်။ "ကျွန်တော်မျိုး အနောက်တောင်ပိုင်းကနေ အကောင်းဆုံး လက်ရွေးစင်တပ်ဖွဲ့တွေကို အမြောက်တွေနဲ့အတူ မြောက်ဘက်ကို လွှတ်ပြီး မင်းသမီးနင်းရွှဲ့ရဲ့ တပ်မတော်သစ်ထဲ ဖြည့်ဆည်းပေးပါ့မယ်။"
ဧကရာဇ်က ပြောလိုက်သည်။ "စစ်ပွဲ ဖြစ်လာရင် မင်းရဲ့ အနောက်တောင်ပိုင်းက ပိုအန္တရာယ်များလိမ့်မယ်။ မင်းက မြောက်ဘက်နဲ့ အနောက်တောင်ပိုင်း တစ်ခုခုကို ရွေးပြီး ကာကွယ်ရမယ်။ မဟုတ်ရင် တိုင်းပြည် တကယ် ကျဆုံးသွားလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ အင်အားကို မဖြန့်ခွဲလိုက်နဲ့။"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၁ + ၆၀၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team