← Chapters

အခန်း (၆၀၃-၆၀၄)

Vol. 61 Ch. 603-604

အခန်း (၆၀၃-၆၀၄)

Vol. 61 Ch. 603-604

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၃ + ၆၀၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင်က ပြောလိုက်သည်။ “ဒီစစ်ပွဲမှာ အရှေ့ဘက်ပြည်ထောင်စုက ကွမ်တုံနဲ့ ကွမ်ရှီးမှာ ကမ်းတက်ပြီး ကျွန်တော့်ရဲ့ အနောက်တောင်ပိုင်းကို တိုက်ရိုက် တိုက်ခိုက်လာလိမ့်မယ်လို့ သိပ်မထင်ဘူးဗျ။ အဲဒီသခင်လေးရဲ့ မျက်လုံးထဲမှာ ကျွန်တော့်ရဲ့ မဟာဗျူဟာ ဦးစားပေးအဆင့်က တာ့နင်အင်ပါယာ မြောက်ပိုင်းလောက် အရေးမပါဘူးလို့ ခံစားရတယ်။”

ထိုအချိန်တွင် မိန်းမစိုးတစ်ဦး ရောက်လာပြီး ဧကရာဇ်၏ နားနားကပ်၍ တီးတိုးလျှောက်တင်လိုက်သည်။ “ရောက်ပါပြီ ဘုရား။”

ထို့နောက် တံခါးပွင့်သွားလေသည်။ ဧကရီသည် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာသည်။

ပထမကြည့်လိုက်ရုံဖြင့် တုပိုင်သည် သူမကို မမှတ်မိလုနီးပါး ဖြစ်သွားသည်။ သေမျိုးမိန်းကလေးတစ်ယောက်သည် ဤမျှလောက် လှပနိုင်သည်လော။

တိုင်းပြည်နှင့် မြို့ပြကို မှောက်မှားစေနိုင်လောက်သော ဤမျက်နှာလေးသည် နီရှန်နတ်မိမယ်နှင့်ပင် ယှဉ်နိုင်ပေသည်။ ထို့အပြင် ကျက်သရေရှိခြင်း ၊ ရာဇဝင်ဆန်ခြင်းတို့နှင့် တော်ဝင်ဆန်သော ဟန်ပန်များဖြင့် ပြည့်နှက်နေလေ၏။

လီဝမ်ဝမ်သည် နတ်မိမယ်လေးကဲ့သို့ လှပသော်လည်း မိစ္ဆာဆန်လွန်းလှသည်။ မိုဟန်သည် လှပသော်လည်း ထိုင်းမှိုင်းလွန်းပြီး အေးစက်လွန်းလှသည်။

သူ့ရှေ့မှောက် ရောက်နေသော အမျိုးသမီးကမူ သွယ်လျပြီး ကျော့ရှင်းသည်။ ရာဇဝင်ဆန်ပြီး ကျက်သရေရှိသည်။ ခမ်းနားထည်ဝါသော်လည်း ရန်လိုသော အငွေ့အသက် မပါရှိပေ။ ထိုအမျိုးသမီးကို မှတ်မိရန် တုပိုင်သည် နှစ်စက္ကန့်ခန့် အချိန်ယူလိုက်ရသည်။

မင်းသမီးနင်းရွှဲ့ပင်ဖြစ်၏။ ယခင်က သူမသည် မိတ်ကပ် လုံးဝ မလိမ်းဖူးသော်လည်း ယနေ့တွင်မူ မိတ်ကပ် လိမ်းထားသည်။ ယခင်က ဝတ်ခဲ့သော အဝတ်အစားများသည် သာမန် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားပြီး တိမ်တိုက်သဖွယ် ဆံနွယ်များတွင် ရွှေထည် ကျောက်မျက်ရတနာ အမျိုးမျိုး ဆင်မြန်းထားသည်။

ဤကျောက်မျက်ရတနာများနှင့် ဤခမ်းနားထည်ဝါမှုများသည် အမှန်တကယ်ပင် သာမန်နှင့် ကွဲပြားခြားနားလှသည်။

အတိတ်က နင်းရွှဲ့ကို ကမ္ဘာ့နံပါတ်တစ် အလှမယ်ဟု လူသိများသော်လည်း သူမသည် မည်သည့်အခါကမျှ မပြင်ဆင် မခြယ်သဖူးခဲ့ပေ။

ယနေ့တွင်မူ ကမ္ဘာ့ပထမအလှမယ်သည် သေချာပြင်ဆင်ခြယ်သထားလိုက်ရာ လူတိုင်း အသက်ရှူမှားလောက်အောင် လှပလွန်းနေသည်။

ဧကရာဇ်က ပြုံးပြီး ပြောလိုက်သည်။ “တုပိုင်... အခု မင်း ငါ့ကို စကားတစ်ခွန်း ပြောပြနိုင်ပြီ။ အနာဂတ်မှာ မင်း သာမန် ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာနိုင်မလား။ ကလေး ရနိုင်မလား။”

ထိုစကား ထွက်လာသည်နှင့် ဧကရီက အာမေဋိတ်သံ ပြုလိုက်သည်။ မင်းသမီးနင်းရွှဲ့က မျက်နှာ အနည်းငယ် ရဲသွားသော်လည်း သိပ်ပြီး ရှက်ရွံ့နေပုံ မရပေ။ တကယ်တမ်း ရှက်နေသူမှာ တုပိုင်ဖြစ်နေပြီး သူ ခေါင်းညိတ်ပြလိုက်သည်။

ဧကရာဇ်က မေးလိုက်သည်။ “မင်း... မင်း အိမ်ထောင်ကျပြီးပြီလား။”

တုပိုင်သည် ခဏ စဉ်းစားလိုက်သည်။ သူနှင့် အစ်မကြီးရွှဲ့ကွမ်ရင် ၊ အစ်မကြီးကျီပြောင်ပြောင် ၊ အစ်မကြီးလီတောက်ယွဲ့တို့သည် ကိုယ်ပိုင်ဘဝများကို တိတ်တဆိတ် ပေါင်းဖက်ထားကြသော်လည်း... တရားဝင် လက်ထပ်ထိမ်းမြားခြင်းတော့ မရှိသေးပေ။

“မိန်းမတွေတော့ ရှိတယ်။ တစ်ယောက်မက ရှိတယ်။ ဒါပေမဲ့... တရားဝင် လက်ထပ်ထားတာတော့ မရှိသေးပါဘူး၊” တုပိုင်က ပြောလိုက်သည်။

“အဟွတ်...” ဧကရာဇ်သည် ချောင်းမဟန့်ဘဲ မနေနိုင်တော့ချေ။ သူ့ကို မျက်ရိပ်ပြလိုက်သည်။

ဧကရီ၏ ရှေ့မှောက်တွင် အဘယ်ကြောင့် အမှန်တိုင်း ပြောနေရသနည်း။ ဧကရီကတော့ ကြားပုံမရသော်လည်း ဧကရာဇ် ကိုယ်တိုင်သည်လည်း မိန်းမလိုက်စားခဲ့သူဖြစ်ပြီး ကိုယ်လုပ်တော် တစ်ယောက်မက ရှိခဲ့သည်။ သူ ဧကရီနှင့် စတင်လက်ထပ်စဉ်က ငယ်ရွယ်သေးပြီး ကြောင်က ငါးကင်တွေ့သလို လှပသော အမျိုးသမီးများကို တွေ့လျှင် စိတ်လှုပ်ရှားတတ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဧကရီ မြင်ဖူးသမျှထဲတွင် တစ်လင်တစ်မယားစနစ်ကို တကယ်ကျင့်သုံးသူဟူ၍ အန်နမ်ဘုရင် လီချန် တစ်ယောက်တည်းသာ ရှိသည်။

ဧကရာဇ်က ပြောလိုက်သည်။ “တုပိုင်... ငါ မင်းသမီးနင်းရွှဲ့ကို မင်းရဲ့ ဇနီးအဖြစ် တရားဝင် စေ့စပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”

တုပိုင်၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာသည်။ မင်းသမီးနင်းရွှဲ့နှင့် လက်ထပ်ခြင်းသည် မူလက စနစ်၏ အဓိကမစ်ရှင်တစ်ခု ဖြစ်သည်။ သို့သော် စနစ်၏ အစီအစဉ်အရဆိုလျှင် ယန်ချီစွမ်းအင် ၁၀၀ ပြည့်ပြီး မင်းသမီးနင်းရွှဲ့၏ ကြိုက်နှစ်သက်မှု ၁၀၀ ပြည့်မှ လက်ထပ်ရမည် ဖြစ်သည်။

ယခုမူ တုပိုင်က စနစ်၏လမ်းကြောင်းကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သောကြောင့် ဤရလဒ်မျိုး မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲ မဖြစ်ခဲ့သော်လည်း အင်ပါယာ၏ နယ်စားမင်းကြီး ၊ အနောက်တောင်ပိုင်း၏ အရှင်သခင် တိုက်ရိုက် ဖြစ်လာခဲ့သည်။

‘သူ့ရဲ့ ယန်ချီစွမ်းအင်က ၁၀၀ မပြည့်သေးဘဲနဲ့ မင်းသမီးတစ်ပါးကို လက်ထပ်ရတော့မလား။’

တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျွန်တော်မျိုး အရှင်မင်းမြတ်ကို သီးသန့် ပြောစရာ စကားအချို့ ရှိပါတယ်။”

ချက်ချင်းပင် ဧကရီ ၊ နင်ဇောင်ဝူ ၊ လီလျန်တင်းနှင့် အခြားသူများ အားလုံး ထွက်ခွာသွားကြသည်။

မင်းသမီးနင်းရွှဲ့ကမူ ချက်ချင်း မထွက်သေးဘဲ ဆက်နေနေသည်။

တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျွန်တော် မင်းသမီးနင်းရွှဲ့ကို အရမ်း သဘောကျပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အခုထိ ကျွန်တော်က သာမန် ယောကျာ်းတစ်ယောက် မဟုတ်သေးပါဘူး။ ပြီးတော့ အရေးအကြီးဆုံး အချက်က... တကယ်လို့ အရှင်မင်းမြတ်က ကျွန်တော့်ရဲ့ အင်ပါယာကိုအကျိုးပြုကုသိုလ်တွေ အရမ်းများလွန်းလို့ ဆုချချင်တယ်ဆိုရင်တောင် မင်းသမီးနင်းရွှဲ့ကို မတရားသဖြင့် စတေးစရာ မလိုပါဘူး။”

ဧကရာဇ်က တုပိုင်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “တုပိုင်... ငါ့ရဲ့ အစိုးရအဖွဲ့ ဝန်ကြီးသစ်တွေက ပြောကြတယ်။ မင်းရဲ့ အာဏာကို ခွဲဝေပစ်ရမယ်တဲ့။ အနည်းဆုံးတော့ မင်းရဲ့ စစ်တပ်ကို သုံးပိုင်းခွဲပြီး လူတခြားစီကို တာဝန်ပေးရမယ်တဲ့။ ပြီးတော့ အနောက်တောင်ပိုင်းက ပြည်နယ်အသီးသီးရဲ့ အရာရှိတွေကို အကုန် လဲလှယ်ပစ်ရမယ်တဲ့။ အတိုချုပ် ပြောရရင် အနောက်တောင်ပိုင်း ပြည်နယ်သုံးခုက မင်းရဲ့ ကိုယ်ပိုင်နယ်မြေ မဖြစ်စေရဘူး၊ မင်းကို လီရူဟိုင်ထက် ပိုအင်အားကြီးတဲ့ စစ်ဘုရင် ဖြစ်ခွင့် မပေးနိုင်ဘူးတဲ့။”

“လူတိုင်းနီးပါးက ဒီအမြင် ရှိကြတယ်၊” ဧကရာဇ်က ဆက်ပြောသည်။ “ဖန်းမိသားစု ဆုတ်ခွာသွားတာနဲ့ တာ့နင်အင်ပါယာ မြောက်ပိုင်းတစ်ခုလုံးက ငါ့ရှေ့မှာ ဒူးထောက်လာကြတယ်။ ဒါကြောင့် သူတို့က အနောက်တောင်ပိုင်း ပြည်နယ်သုံးခုမှာ မင်းကို ဖိအားပေးဖို့ ၊ မင်းရဲ့ အာဏာကို ခွဲဝေဖို့အတွက် အရပ်ဘက်စစ်ဘက် အရာရှိ ၃၀၀ ကျော် ပြင်ဆင်ထားပြီးကြပြီ။”

“ဒါပေမဲ့ ငါ အားလုံးကို ငြင်းပယ်လိုက်တယ်၊” ဧကရာဇ်က ပြောလိုက်သည်။ “လီမိသားစု လက်အောက်မှာ ၊ လီဝမ်ဟွေ့ လက်အောက်မှာ ၊ ပြိုင်ဘက်ကင်းမြေအောက်မြို့တော်ထဲမှာ ပြည်တွင်းရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်ဆိုတာ ငါ သိတယ်။ အထူးသဖြင့် မင်း ငါ့ဆီ ရေးပို့ခဲ့တဲ့ ပြိုင်ဘက်ကင်းမြေအောက်မြို့တော်ရဲ့ ပြည်တွင်းရေး စီမံခန့်ခွဲပုံတွေကို ငါ အကုန် ဖတ်ဖူးတယ်။”

“ချင်မင်းဆက်ဥပဒေနဲ့ တော်တော် ဆင်တူတယ်။ အနောက်တောင်ပိုင်းတစ်ခုလုံးကို မင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီ။ အခု အဲဒီနေရာက စာရွက်ဖြူတစ်ရွက်လို ဖြစ်နေပြီ။ ဒီမြေရဲ့ ကုန်ထုတ်စွမ်းအားကို မင်း အပြည့်အဝ ညှစ်ထုတ်နိုင်မလားဆိုတာ ငါ စမ်းကြည့်ချင်တယ်။ တုဟွေးနဲ့ ဖန်းကျိုးက ငါ့ရဲ့ တာ့နင်အင်ပါယာ ခေတ်နောက်ကျနေပြီ ၊ ယဉ်ကျေးမှုရောင်ခြည် ကွယ်ပျောက်သွားပြီ ၊ အရှေ့ဘက်ပြည်ထောင်စုက ဘယ်လောက် ခေတ်မီကြောင်း ၊ ကုန်ထုတ်စွမ်းအားတွေ ဘယ်လောက် တိုးတက်ကြောင်း ငါ​နားထဲကနေ သွေးတွေစီးကျလာတဲ့အထိ ခဏခဏ ပြောနေကြတယ်။ ဒါဆိုရင် ငါ အနောက်တောင်ပိုင်းမှာ စမ်းသပ်ကြည့်မယ်။ မင်း ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲပြီးပြီလား။ အကြမ်းဖျင်း အစီအစဉ် ရှိသလား။”

“ရှိပါတယ် အရှင်မင်းမြတ်၊” တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ပြိုင်ဘက်ကင်းမြေအောက်မြို့တော်က အရာရှိ ၃၀၀၀ ကို လွှဲပြောင်း နေရာချထားပြီးပါပြီ။ ဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲပြီးတာနဲ့ အနောက်တောင်ပိုင်းမှာ အကောင်အထည် ဖော်ပါ့မယ်။ ဒီအစီအစဉ်ကို ကျွန်တော် ယူလာခဲ့ပါတယ်။ ခဏနေရင် အရှင်မင်းမြတ်ကို ပြပါ့မယ်။”

“ကောင်းပြီ၊” ဧကရာဇ်က ပြောလိုက်သည်။ “ဒါဆိုရင် ငါတို့ တာ့နင်အင်ပါယာရဲ့ မြေပေါ်ကနေလည်း ခေတ်မီ ကုန်ထုတ်စွမ်းအားတွေ ပေါက်ကွဲထွက်လာနိုင်ကြောင်း ဖန်းကျိုးနဲ့ တုဟွေးကို သက်သေပြလိုက်ကြတာပေါ့။ အဲဒီစကားလုံး ကောင်းတယ်။ မင်း ငါ့ဆီ ရေးပို့ခဲ့တဲ့ လျှို့ဝှက်စာထဲမှာ ဒီစကားလုံးကို ငါ အမှတ်မိဆုံးပဲ။ ဝန်ကြီးတွေက ပြောကြတယ်။ အနောက်တောင်ပိုင်းတစ်ခုလုံး မင်းရဲ့ လွတ်လပ်သောနိုင်ငံ ဖြစ်လာလိမ့်မယ် ၊ မင်းတုပိုင်က နောက်ထပ် လီမိသားစု ဖြစ်လာလိမ့်မယ်တဲ့။ ငါ ပြောလိုက်တယ်။ တုပိုင်က နယ်စားမင်းကြီး ဖြစ်ချင်ရင် ဖြစ်ပါစေ ၊ ဘုရင် ဖြစ်ချင်ရင် ဖြစ်ပါစေ။ တကယ်လို့ တကယ်တမ်း... အဲဒီနေ့ ရောက်လာခဲ့ရင်တောင်... အိုးထဲက အသားက အိုးထဲမှာပဲ ဆွေးသွားမှာပဲလေ။”

ထိုစကား ကြားလိုက်သည်နှင့် တုပိုင်သည် ချက်ချင်း ဒူးထောက်လိုက်သည်။ ဤစကားသည် လျူပန်းက ကျူးကော့လျန်ကို ပြောခဲ့သည့် “ငါ့သားက အရည်အချင်း မရှိပါဘူး” ဆိုသည့် စကားထက် ပိုပြီး ရိုးသားစစ်မှန်သည်။

“ကျွန်တော်မျိုး အသက်ပေးပြီး ကြိုးစားပါ့မယ်။”

ဧကရာဇ်က ပြုံးပြီး ပြောလိုက်သည်။ “ဒါကြောင့် ငါ မင်းသမီးနင်းရွှဲ့ကို မင်းနဲ့ စေ့စပ်ပေးတာက မင်းကို ဆုချဖို့ မဟုတ်ဘူး ၊ ငါ့အတွက် ငါ လုပ်တာ။”

တုပိုင်က ပြောလိုက်သည်။ “ဒီကိစ္စမှာ မင်းသမီးနင်းရွှဲ့ရဲ့ ဆန္ဒကို အပြည့်အဝ ထည့်သွင်းစဉ်းစားရပါမယ်။”

ဧကရာဇ်က ပြိုင်ဘက်ကင်း မင်းသမီးနင်းရွှဲ့ကို ကြည့်ပြီး မေးလိုက်သည်။”နင်းရွှဲ့... သမီး သဘောတူရဲ့လား”

မင်းသမီးနင်းရွှဲ့က တုပိုင်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်နေသော်လည်း ဘာကို တွေးမိသည်မသိ ၊ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ‘ခိ’ ခနဲ ရယ်မောလိုက်သည်။

ဧကရာဇ်က ပြောလိုက်သည်။ “ဒါဆိုရင် အတည်ပြုလိုက်ပြီ။ တုပိုင်... မင်း မြို့တော်မှာ သုံးရက် နေခဲ့။ မနက်ဖြန် မင်းအတွက် မင်္ဂလာပွဲ ကျင်းပပေးမယ်။ နက္ခတ်တာရာဌာနက တွက်ချက်ပြီးပြီ။ မနက်ဖြန်က ရက်ကောင်းရက်မြတ်ပဲ။”

တုပိုင် အံ့အားသင့်သွားသည်။ ‘ဒါ... ဒါက အရမ်း လောလွန်းတယ် မဟုတ်ဘူးလား။’

ဧကရာဇ်က သမီးတော်ကို ထိမ်းမြားပေးသည့် လုပ်ငန်းစဉ်က အလွန်ရှုပ်ထွေးပြီး အနည်းဆုံး ခြောက်လလောက် ကြိုတင်ပြင်ဆင်ရမည် မဟုတ်ပါလော။

ဧကရာဇ်က ပြောလိုက်သည်။ “ဒီကိစ္စကို တိုင်းပြည်တစ်ဝန်း ကြေညာလိုက်မယ်။ ဒါပေမဲ့ မင်္ဂလာပွဲကို တတ်နိုင်သမျှ ရိုးရှင်းအောင် လုပ်ရမယ်။ ဘယ်တော့မှ အကြီးအကျယ် မလုပ်ဘူး။ မြို့တော်မှာ မင်းရဲ့ ကျန့်ရှီးနယ်စားမင်းကြီးအိမ်တော် အသင့်ရှိနေပြီ။ ပြီးရင် နန်းတော်ထဲ လာပြီး သတို့သမီးကို လာကြို။ ပြီးရင် လူတိုင်း မင်းရဲ့ အနောက်ဘက် နယ်စားမင်းအိမ်တော်ကို လိုက်လာပြီး မင်္ဂလာဆောင်ကြမယ်။ ရိုးရှင်းမယ် ၊ ခမ်းနားမယ် ၊ လေးနက်မယ် ၊ မင်္ဂလာရှိမယ်။ ဘယ်လိုလဲ။”

တုပိုင်က အလိုအလျောက် မင်းသမီးနင်းရွှဲ့ကို လှမ်းကြည့်လိုက်သည်။

“ရှင် ကျွန်မကို ဘာလို့ ခဏခဏကြည့်နေတာလဲ” မင်းသမီးနင်းရွှဲ့က ရှက်ရွံ့စွာဖြငွ ပြောလိုက်သည်။

သူမ တကယ်ကို ရှက်နေပြီဖြစ်၏။.အဘယ်ကြောင့်ဆိုသော် တုပိုင်က အလိုအလျောက် သူမကို လှမ်းကြည့်လိုက်သည့် အမူအရာက... မိန်းမကြောက်သည့် လက္ခဏာမျိုး ပြသနေသောကြောင့်ပင်။ (စာရေးသူလည်း ကြောက်ရတယ်။ စာများများမရေးနိုင်တာ မိန်းမခိုင်းတာ လုပ်နေရလို့ပါ 😔)

အရာအားလုံးသည် အလွန် ရုတ်တရက် ဆန်လွန်းလှသည်။ မိန်းမရှုပ်သည့်ကောင်လေး တုပိုင်က သူ့၏ တစ်သက်တာ လက်တွဲဖော် ကိစ္စနှင့် ပတ်သက်လျှင် ကိုယ်ပိုင်အမြင် မရှိခဲ့ပေ။ အကယ်၍ ဤသို့သောကိစ္စမျိုးတွင် သူ့၌ ခိုင်မာသော အမြင် ရှိခဲ့ပါက ခေတ်သစ်ကမ္ဘာတွင် နေထိုင်စဉ်က မိန်းကလေးများနှင့် ရှုပ်ပွေနေသည်ကို သူ့စေ့စပ်သူက မိသွားမည် မဟုတ်ပေ။

“အမိန့်တော်အတိုင်းပါ ဘုရား” တုပိုင်က ပြောလိုက်သည်။

ဧကရာဇ်က ပြုံးပြီး ပြောလိုက်သည်။ “သွားတော့... ယွင်ဖုန်းက မင်းကို ကျန့်ရှီးနယ်စားမင်းအိမ်တော်ဆီ လိုက်ပို့ပေးလိမ့်မယ်။”

တုပိုင်၏ ကျန့်ရှီးနယ်စားမင်းအိမ်တော်သည် နန်းတော်နှင့် အလွန်နီးကပ်ပြီး နှစ်ကီလိုမီတာပင် မဝေးပေ။

ဤသည်မှာ မူလက နယ်စားမင်းအိမ်တော်တစ်ခု ဖြစ်သည်။ ဖန်းမိသားစု ဆုတ်ခွာသွားသောအခါ မြို့တော်ရှိ မှူးမတ်မျိုးနွယ် အများအပြားလည်း နန်ကျင်းသို့ လိုက်ပါသွားကြသဖြင့် အိမ်တော်များစွာ လွတ်နေခဲ့သည်။

အိမ်တော်တစ်ခုလုံး ဧက ၃၀၀ ကျော် ကျယ်ဝန်းသည်။ ယခင်ပိုင်ရှင်က ငွေကြေးနှင့် လုပ်အား အများအပြား သုံးစွဲခဲ့ပုံရသည်။ ထို့ကြောင့် အိမ်တော်တစ်ခုလုံး ခမ်းနားထည်ဝါပြီး မဏ္ဍပ်များနှင့် မျှော်စင်များ ပါရှိသည်။ မြို့တော်တွင် ရှိနေသော်လည်း ကျန်းနန်ဒေသ ဥယျာဉ်ပုံစံမျိုး ရှိနေသည်။

နယ်စားမင်းအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် တိမ်တိုက်သဖွယ် များပြားသော အစေခံများနှင့် အိမ်ဖော်များကို တုပိုင် တွေ့လိုက်ရသည်။

တုပိုင်ကို မြင်သောအခါ ဤအစေခံများက သပ်သပ်ရပ်ရပ် ဒူးထောက်ပြီး ဦးခိုက်ကြ၏။ “သခင်ကြီးကို ဂါရဝပြုပါတယ်”

တုပိုင်သည် အံ့သြသွားပြီး မိန်းမစိုးယွင်ဖုန်းကို ပြောလိုက်သည်။ “ဒါ... အရမ်း ဖြုန်းတီးရာ မကျဘူးလားဗျ။”

ယွင်ဖုန်းက တိုးတိုးလေး ပြန်ပြောသည်။ “ဒါတွေ အများစုက မြို့တော်မှာ ရိက္ခာပြတ်တုန်းက ကျန်ရစ်ခဲ့တဲ့ မိဘမဲ့ကလေးတွေပါ။ မိဘတွေက သားသမီးတွေကို သနားပြီး သူတို့ရဲ့ အစာကို ကလေးတွေကို ကျွေးရင်း ငတ်သေကုန်ကြတာလေ။ အရှင်မင်းမြတ်က ဒီကလေးအုပ်စုကြီးကို ပြုစုပျိုးထောင်ဖို့ နည်းလမ်း ရှာထားတယ်။ နောင်ကျရင် နယ်စားမင်းရဲ့ အိမ်တော်ကလည်း စစ်တပ်စခန်းတစ်ခု ဖြစ်လာမှာဆိုတော့ ဒီကလေးတချို့ကို ဒီမှာပဲ ပြုစုပျိုးထောင်လိုက်တာပါ။”

ထိုအစေခံများကို ကြည့်နေသော တုပိုင်၏ မျက်လုံးများ ရုတ်တရက် နူးညံ့သွား၏။ “ထကြပါ”

“ကျန့်ရှီးမဟာနယ်စားမင်းကို ဂါရဝပြုပါတယ်၊” ဆံပင်ဖြူနှင့် မိန်းမစိုးတစ်ဦး တုပိုင်ကို ဦးခိုက်လိုက်သည်။

တုပိုင်သည် သူ့ကို အမြန် တွဲထူလိုက်သည်။

“ဒါကတော့ ဘိုးဘေးလီလျန်တင်းနဲ့အတူ လိုက်ပါလာခဲ့တဲ့ မိန်းမစိုးအိုကြီး လီဟုန်ချင်းပါ။ သိုင်းပညာ အဆင့်အတန်း မြင့်မားပါတယ်။ သူက ဒီနေ့ကစပြီး နယ်စားမင်းအိမ်တော်ရဲ့ အိမ်တော်ထိန်းချုပ် ဖြစ်ပါလိမ့်မယ်၊” ယွင်ဖုန်းက ပြောလိုက်သည်။

ကိုယ့်လူရင်းပင် ဖြစ်ပေသည်။

“အဘိုး... ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး” တုပိုင်က ပြုံးပြီး ပြောလိုက်သည်။

**--**--**--**--**--**--**--**

ထိုနေ့ည၌ သူ၏ မဟာနယ်စားမင်းအိမ်တော် အသစ်ကြီးထဲတွင် တုပိုင်သည် တစ်ညလုံး မျက်စိကြောင်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ မင်္ဂလာဆောင်တော့မည် ဖြစ်သောကြောင့်ပင်။.အစ်မကြီးရွှဲ့ကွမ်ရင် ၊ အစ်မကြီးကျီပြောင်ပြောင်တို့နှင့်ကဲ့သို့ တိတ်တဆိတ် ပေါင်းဖက်တာမျိုး မဟုတ်ဘဲ ၊ တကယ့် တရားဝင် မင်္ဂလာပွဲကြီး ဖြစ်သည်။ ကောလာဟလများအရဆိုလျှင် တုပိုင်က မိန်းမစိုး ဖြစ်နေဆဲပင်။

မင်းသမီးနင်းရွှဲ့ တုပိုင်နှင့် လက်ထပ်လိုက်လျှင် အနေခက်စရာတွေ အများကြီး ရှိလာနိုင်သလို ၊ အတိုင်းအတာတစ်ခုထိ နစ်နာမှုတွေလည်း ရှိလာနိုင်သည်။

မင်းသမီးနင်းရွှဲ့ လက်ထပ်ပြီးလျှင် သူ့ကို မုဆိုးဖို အဖြစ် ထားထားမည်လော။ မနက်ဖြန် မင်္ဂလာဆောင်တော့မည်။ ဪ... မဟုတ်ပေ ၊ ယနေ့ပင် ဖြစ်၏။

အမှန်စင်စစ်... တုပိုင်တွင် အစ်မကြီးကျီပြောင်ပြောင်နှင့် အစ်မကြီးလီတောက်ယွဲ့တို့ကိုတောင် ဆွဲဆောင်နိုင်ခဲ့သည့် ပထမတန်းစား လျှာစွမ်းနှင့် လက်ချောင်းစွမ်းရည်တွေ ရှိပါသည်။

သို့သော် မင်းသမီးနင်းရွှဲ့ကတော့ မတူပေ။ သူမ တုပိုင်ကိုလက်ထပ်ခြင်းမှာ ကလေးလိုချင်သောကြောင့် ဖြစ်သည်။

သူ့၏ ယန်ချီစွမ်းအင်တန်ဖိုးက ၅၀ နီးပါး ရောက်နေပြီဆိုသော်လည်း ၁၀၀ ပြည့်ရန် လိုနေသေးသည်။ ရုတ်တရက် တုပိုင်က ပြောလိုက်သည်။ “စနစ်... ငါ့ရဲ့ ယန်ချီစွမ်းအင်တန်ဖိုးကို ချက်ချင်း ၁၀၀ ပြည့်အောင် လုပ်ချင်တယ်။ နည်းလမ်း ရှိလား။ ရှိလား။”

အိပ်မက်စနစ်က ခေတ်မျှ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်သည်။ “ရှိပါတယ်။”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၃ + ၆၀၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters