← Chapters

အခန်း (၆၀၅-၆၀၆)

Vol. 61 Ch. 605-606

အခန်း (၆၀၅-၆၀၆)

Vol. 61 Ch. 605-606

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၅ + ၆၀၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“ဘယ်လိုနည်းလမ်းလဲ...” တုပိုင်က မေးမြန်းလိုက်၏။

အိပ်မက်စနစ်က လေးနက်သောလေသံဖြင့် ဖြေကြားလေသည်။ “ပေမင်ဓားဂိုဏ်းမှာလေ... သွားလိုက်ရင် ရပြီ”

တုပိုင် ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်လေ၏။ “ငါဒီည မင်္ဂလာဦးခန်းဝင်ရတော့မှာလေ... မင်းက ငါ့ကို ပေမင်ဓားဂိုဏ်းသွားပြီး ယန်စွမ်းအင်သွားဖြည့်ခိုင်းနေတာလား”

အိပ်မက်စနစ်က အေးဆေးစွာပင် ဆိုသည်။ “မင်းသမီးနင်းရွဲ့ကို လုပ်ချင်ရုံသက်သက်ပဲဆိုရင်တော့ မာအောင်လုပ်ပေးမယ်။ ဒါပေမဲ့ စနစ်ရှင် ဘာကိုမှ ခံစားလို့ရမှာ မဟုတ်ဘူး”

“ထွက်သွားစမ်း...” တုပိုင် ဒေါသတကြီး မောင်းထုတ်လိုက်၏။

ထို့နောက် တုပိုင်သည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ အပြင်ဘက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရာ မိုးလင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

တစ်ညလုံး သူအိပ်မပျော်နိုင်ခဲ့ချေ။

တုပိုင် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ သူ၏ ယန်စွမ်းအင်ကိစ္စကြောင့် မဟုတ်သကဲ့သို့ မင်းသမီးနင်းရွှဲ့နှင့် မင်္ဂလာဦးခန်းဝင်ရမည့် ကိစ္စကြောင့်လည်း မဟုတ်ခဲ့ပေ။

အမှန်စင်စစ် အဓိကအကြောင်းအရင်းမှာ... အိမ်ရှေ့စံမင်းသားကြောင့်ပင် ဖြစ်ချေသည်။

ပိုင်ဆယ်တွင် ရှိနေစဉ်က သူသည် လျှို့ဝှက်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ထိုစာထဲတွင် ဖန်းအုပ်စု၏ ကမ်းလှမ်းချက်များကို ဖော်ပြထား၏။ လီကျန့်ကို သတ်ဖြတ်ပေးပါက ဖန်းအုပ်စုအနေဖြင့် မြို့တော်ကို ပိတ်ဆို့ထားမှုအား ဖယ်ရှားပေးမည်ဟူ၍ ဖြစ်သည်။

မနေ့က ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံချိန်တွင် သူသည် ဤကိစ္စကို မလျှောက်တင်ဖြစ်ခဲ့ပေ။ ထိုအကြောင်းကြောင့်ပင် သူအိပ်မပျော်နိုင် ဖြစ်နေရခြင်းပင်။

ဤကိစ္စကို ဧကရာဇ်ထံ လျှောက်တင်သင့်သလော။ ဤသည်မှာ ကိစ္စသေးတစ်ခု ဆိုသော်ငြား ကိစ္စကြီးတစ်ခုလည်း ဖြစ်နေပြန်သည်။ နံနက်ခင်း နေမင်းကြီး ထွက်ပေါ်လာချိန်၌ တုပိုင်သည် ကိုယ်လက်သန့်စင်ပြီးနောက် နန်းတော်ထဲသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာခဲ့လေ၏။

“အရှင်မင်းကြီး... အရှင်မင်းကြီးတစ်ပါးတည်းသာ သိသင့်တဲ့ ကိစ္စသေးလေးတစ်ခု ရှိပါတယ်ဘုရား” တုပိုင်က လေးစားစွာ လျှောက်တင်လိုက်သည်။

လီလျန်တင်းနှင့် နင်ဇောင်ဝူတို့သည် ချက်ချင်းပင် ဆုတ်ခွာသွားကြပြီး နန်းဆောင်ဝန်းကျင်ရှိ လူအားလုံးကိုပါ ဖယ်ရှားရှင်းလင်းလိုက်ကြ၏။

“အနောက်တောင်ပိုင်းစစ်ပွဲ ပြီးဆုံးသွားတဲ့နေ့က ကျွန်တော်မျိုးဆီကို အိမ်ရှေ့စံမင်းသားဆီကပါဆိုပြီး လျှို့ဝှက်စာတစ်စောင် ရောက်လာခဲ့ပါတယ်ဘုရား” တုပိုင်က လျှို့ဝှက်စာကို ရင်ခွင်ထဲမှ ထုတ်ယူပြီး ဆက်သလိုက်သည်။

ရှပ်...

ဧကရာဇ်သည် စာကိုယူ၍ ဖွင့်ဖတ်ကြည့်လိုက်ရာ ရုတ်တရက် မျက်နှာပျက်သွားလေ၏။

အချိန်အတော်ကြာပြီးနောက် ဧကရာဇ်က သက်ပြင်းချလျက် မိန့်ကြားလာသည်။ “ငါ့သား... ဒါကို ငါ့ဆီလာပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တုပိုင်က ဆက်လက်လျှောက်တင်လိုက်၏။ “မြို့တော်ပိတ်ဆို့မှုကို မဖြေလျှော့ခင် လီကျန့်ကို သတ်ပေးဖို့ တုဟွေးဘက်က ကမ်းလှမ်းလာပါတယ်။ ဉာဏ်ကြီးတဲ့သူတစ်ယောက်အနေနဲ့ ဒါက မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတစ်ခုဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သလို ၊ ပါးနပ်လှတဲ့ အိမ်ရှေ့စံမင်းသားအနေနဲ့လည်း ဒါကို မမြင်ဘဲ နေမှာမဟုတ်ပါဘူး”

ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။

အိမ်ရှေ့စံသည် သူ့ထက်ပို၍ ဉာဏ်ကောင်းပြီး သူ့ထက်ပင် ဧကရာဇ်ဖြစ်ရန် ပို၍သင့်တော်သူဖြစ်ကြောင်း သူအမြဲသိထားခဲ့သည်။

တုပိုင်က ဆက်လက်လျှောက်တင်ပြန်သည်။ “တစ်ချိန်တည်းမှာပဲ ဖန်းအုပ်စုက လူလွှတ်ပြီး လီကျန့်ကို သတင်းသွားပေးပါတယ်။ ကျွန်တော်က လီကျန့်ကို ဖမ်းဆီးပြီး ကွပ်မျက်ဖို့ ကျင်းလင်ဆီ ခေါ်သွားလိမ့်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ လီကျန့်ကတော့ ဒီလိုရိုးရှင်းတဲ့ လှည့်ကွက်မျိုးကို မိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ အမြင်အရဆိုရင် ဒီလျှို့ဝှက်စာက ဖန်းအုပ်စုက အတုလုပ်ထားတာ ဖြစ်ပါလိမ့်မယ်။ ရည်ရွယ်ချက်က လီကျန့်နဲ့ ကျွန်တော်ကြားကို သွေးခွဲဖို့မဟုတ်ဘဲ ၊ ကျွန်တော်နဲ့ အရှင်မင်းကြီးကြား ၊ ပြီးတော့ ကျွန်တော်နဲ့ အိမ်ရှေ့စံမင်းသားကြား ဆက်ဆံရေးကို သွေးခွဲဖို့ပါပဲ”

ဧကရာဇ်က ခေါင်းညိတ်ပြီး နှစ်ထောင်းအားရစွာ မိန့်ဆိုလေ၏။ “ငါ့သား... မင်းဒီလိုတွေးပေးတဲ့အတွက် ငါအရမ်းဝမ်းသာတယ်”

တုပိုင်က ဆိုသည်။ “ဘာကြောင့်လဲဆိုတော့ အိမ်ရှေ့စံမင်းသားအနေနဲ့ ဒီလျှို့ဝှက်စာကို ရေးရမယ့် အကြောင်းပြချက်ကို ကျွန်တော် စဉ်းစားလို့မရသလို ၊ ဒီစာက သူ့အတွက် ဘာအကျိုးအမြတ်မှလည်း မရနိုင်လို့ပါ”

ဧကရာဇ်က ထောက်ခံသည်။ “ဟုတ်တယ်... ဒီလျှို့ဝှက်စာက အိမ်ရှေ့စံအတွက် ဘာအကျိုးမှ မရှိစေဘူး”

တုပိုင်က ဆက်ပြောသည်။ “အကယ်၍ ကျွန်တော်ကသာ ဒီလျှို့ဝှက်စာကို မဆက်သဘူးဆိုရင် အရှင်မင်းကြီးအပေါ် သစ္စာမဲ့ရာ ကျပါလိမ့်မယ်။ အကယ်၍ ဆက်သလိုက်ပြန်ရင်လည်း အိမ်ရှေ့စံမင်းသားအပေါ် မလေးစားရာ ရောက်နေပြန်ပါတယ်”

ဧကရာဇ်က ပြုံးလိုက်ပြီး မိန့်လေ၏။ “ကိစ္စမရှိပါဘူး”

ထို့နောက် ဧကရာဇ်သည် လျှို့ဝှက်စာကို ဖွင့်ကာ သေချာစွာ ဖတ်ရှုလိုက်သည်။

တုပိုင်က အရိုအသေပြုလိုက်ပြီး ဆိုသည်။ “ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး”

တုပိုင် ထွက်သွားပြီးနောက် ဧကရာဇ်သည် လျှို့ဝှက်စာကို နောက်တစ်ကြိမ် ထပ်မံဖတ်ရှုလိုက်ပြီး အမိန့်ပေးလိုက်၏။ “လီလျန်တင်း... အိမ်ရှေ့စံကို ခေါ်တော်မူလိုက်”

“အမိန့်တော်အတိုင်းပါဘုရား” လီလျန်တင်းက ပြန်ဖြေသည်။

သို့သော် ခဏအကြာတွင် ဧကရာဇ်က ပြန်လည်မိန့်ကြားလိုက်ပြန်၏။ “ထားလိုက်တော့... နေပါစေတော့”

မင်းသမီးနင်းရွှဲ့သည် မှန်ရှေ့တွင် ဆံပင်ဖြီးနေလေ၏။

ချစ်စဖွယ် အပျိုတော်လေးက သက်ပြင်းချလိုက်သည်။ “လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်မတို့တွေ့ခဲ့တဲ့ မိန်းမစိုးလေးက မင်းသမီးရဲ့ ကြင်ယာတော် ဖြစ်လာလိမ့်မယ်လို့ တကယ်မထင်ထားခဲ့မိဘူး”

ထို့နောက် ချစ်စဖွယ် အပျိုတော်လေးသည် သူမ၏ ပါးစပ်လေးကို ဖတ်ခနဲ ချက်ချင်းပြန်ပုတ်လိုက်မိသည်။ သူမအနေဖြင့် မိန်းမစိုးလေးဟု မပြောသင့်ပေ။

ဧကရာဇ်မင်းမြတ်သည် တုပိုင်၏ မိန်းမစိုးအဖြစ်မှ လူဝတ်လဲထားသည့် အထောက်အထားကို အသည်းအသန် ဆေးကြောပေးနေချိန်တွင် သူမက ထိုသို့ အော်ပြောလိုက်ပါက ဧကရာဇ်၏ ကြိုးပမ်းမှုများ အချည်းနှီး ဖြစ်သွားနိုင်ပေသည်။

“ညီမလေး... မင်းတော့ မတရားခံလိုက်ရပြီ” အိမ်ရှေ့စံက တိုးညှင်းစွာ ပြောလိုက်၏။

မင်းသမီးနင်းရွှဲ့၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ညီမတော်က မတရားခံလိုက်ရတယ် ဟုတ်လား။ ဘာလို့ မတရားခံရမှာလဲ။ တုပိုင်က အရမ်းတော်တယ် ၊ ရုပ်ချောတယ် ၊ ထူးချွန်တယ် ၊ ပြီးတော့ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ပြီးတော့ သူက ညီမတော်ထက် အသက်အများကြီး ငယ်သေးတယ်။ သူ့ကို လက်ထပ်တာ ဘာမှားလို့လဲ”

အိမ်ရှေ့စံသည် ရုတ်တရက် ဘာပြောရမှန်း မသိတော့ပေ။

တုပိုင်သည် အလွန်တော်ကြောင်း ၊ စာပေနှင့် စစ်ရေး နှစ်ဖက်စလုံးတွင် ဘက်စုံထူးချွန်သူဖြစ်ကြောင်း ငြင်းမရပေ။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူသည် မိန်းမစိုးတစ်ယောက် ဖြစ်ခဲ့သည်။ မင်းသမီးနင်းရွှဲ့နှင့် လက်ထပ်မည့်သတင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် နင်းရွှဲ့သည် အင်ပါယာတစ်ခုလုံး၏ လှောင်ပြောင်စရာ ဖြစ်လာရတော့မည်။

ဧကရာဇ်ပင်လျှင် အာဏာရှိသူများနှင့် နယ်စားပယ်ရာများကို စည်းရုံးသိမ်းသွင်းရန်အတွက် သမီးတော်ကို ရောင်းစားသည်ဟူ၍ လူတို့၏ ကဲ့ရဲ့မှုကို ခံရပေလိမ့်မည်။

“ငါးမဟုတ်ဘဲနဲ့ ငါးရဲ့ပျော်ရွှင်မှုကို ဘယ်လိုလုပ်သိမှာလဲ” မင်းသမီးနင်းရွှဲ့က ဆက်ပြောလိုက်သည်။ “ဟိုတုန်းက မောင်တော်တို့အားလုံး ညီမတော်ကို လီယင်းတူနဲ့ လက်ဆက်သင့်တယ်လို့ ထင်ခဲ့ကြတယ်။ အခုကျပြန်တော့ တုပိုင်က မိန်းမစိုးဖြစ်ခဲ့ဖူးတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းကြောင့် ညီမတော် သူ့ကို လက်ထပ်ရတာ နစ်နာတယ်လို့ ထင်နေကြပြန်ပြီလား”

ထိုအချိန်တွင် အပြင်ဘက်မှ အပျိုတော်လေးတစ်ယောက် ဝင်လာပြီး ပြောလိုက်၏။ “မင်းသမီးလေး... သခင်ကြီးတုပိုင် နန်းတော်ထဲ ဝင်လာပါပြီ”

“တကယ်လား” မင်းသမီးနင်းရွှဲ့ ထရပ်လိုက်ပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

ချစ်စဖွယ် အပျိုတော်လေးက လှမ်းပြောသည်။ “မင်းသမီးလေး... ဆံပင်တောင် ဖြီးလို့ မပြီးသေးဘူးလေ”

တုပိုင် နန်းတော်အပြင်ဘက်သို့ ထွက်လာသောအခါ လှပသော ပုံရိပ်လေးတစ်ခုက သူ့ရှေ့တွင် လမ်းပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

“အကောင်ပေါက်လေး... နင့်ဆန္ဒ တစ်ဝက်လောက်တော့ ပြည့်သွားပြီမလား” မင်းသမီးနင်းရွှဲ့က ပြုံးလျက် မေးလိုက်သည်။

တုပိုင် ကြောင်အမ်းသွားပြီးမှ မင်းသမီးနင်းရွှဲ့ မည်သည်ကိုဆိုလိုသည်ကို သဘောပေါက်သွားလေ၏။

ခွေးအိမ်သခင်ကြီး၏ ဝိညာဉ်ထောင်ချောက်ထဲတွင် ရှိနေစဉ်က တုပိုင်သည် မင်းသမီးနင်းရွှဲ့ကို မယားကြီးအဖြစ် ၊ မင်းသမီးယွီကျိန်းကို မယားငယ်အဖြစ် ပေါင်းသင်းလိုကြောင်း သူ့ဆန္ဒကို ထုတ်ပြောခဲ့ဖူးသည်။

နောက်ပိုင်းတွင် မင်းသမီးယွီကျိန်းက မင်းသမီးနင်းရွှဲ့ကို ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။ ယနေ့ သူမက ထိုကိစ္စကို ထပ်ပြောလာသောကြောင့် တုပိုင်ခမျာ အတော်လေး ရှက်ရွံ့သွားရသည်။

“ဒါနဲ့... နင်သာမန်ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာမယ်လို့ ခမည်းတော်ကို ပြောခဲ့တာ တကယ်ပဲလား” မင်းသမီးနင်းရွှဲ့က မေးလိုက်၏။

တုပိုင် ထိတ်လန့်သွားရသည်။

သို့သော် မင်းသမီးနင်းရွှဲ့ကဲ့သို့ အမျိုးသမီးမျိုးသည် ဤကဲ့သို့သော စကားမျိုးကို ပြောထွက်မည် မဟုတ်ကြောင်း သူချက်ချင်း နားလည်လိုက်သည်။ သူမသည် သိုင်းလောကသား ပီသသော်လည်း ယောကျာ်း ၊ မိန်းမ ကိစ္စများတွင်တော့ ရဲတင်းလှသူ မဟုတ်ပေ။

သူမက တုပိုင်ကို ဤသို့ နောက်ပြောင်ရခြင်းမှာ သူမအနေဖြင့် လုံးဝ မနစ်နာကြောင်းနှင့် နှစ်ယောက်သား၏ အိမ်ထောင်သည်ဘဝ အနာဂတ်ကို မျှော်လင့်စောင့်စားနေကြောင်း ပြသလို၍သာ ဖြစ်ပေသည်။

ထို့နောက် မင်းသမီးနင်းရွှဲ့သည် တုပိုင်၏ လက်မောင်းကို ချိတ်လိုက်ပြီး ချစ်ခင်စုံမက်နေသူများပမာ လျှောက်လှမ်းလာခဲ့သည်။

“အကောင်ပေါက်လေး... နင့်စိတ်ထဲမှာ တစ်ခုခု ရှိနေတယ်မလား” မင်းသမီးနင်းရွှဲ့က မေးလိုက်၏။

ယခုအချိန်တွင် တုပိုင်သည် သူမထက် ၁၀ စင်တီမီတာခန့် ပိုရှည်နေပြီ ဖြစ်သော်လည်း သူမက သူ့ကို ထိုသို့သာ ခေါ်ဝေါ်နေဆဲပင်။

‘ခင်ဗျားက ကျွန်တော့်ထက် လေးငါးနှစ်လောက် ပိုကြီးပေမဲ့လည်း အကောင်ပေါက်လေးတော့ မဖြစ်လာဘူးလေ’ တုပိုင် တွေးလိုက်မိသည်။

တုပိုင် ခေါင်းညိတ်ပြလိုက်၏။

“အမကို ပြောပြလို့ ရမလား” မင်းသမီးနင်းရွှဲ့က လေးနက်စွာ ပြောလိုက်သည်။ “အမတို့က မကြာခင် လင်မယားတွေ ဖြစ်တော့မှာလေ။ နင်နဲ့အမက တစ်သားတည်း ဖြစ်သင့်တယ်”

တုပိုင် တွေဝေသွားရသည်။

မင်းသမီးနင်းရွှဲ့က ဆက်ပြော၏။ “တုပိုင်... အမက တစ်ဖက်မှာ နင့်ရဲ့ ဇနီးဖြစ်သလို ၊ တစ်ဖက်မှာလည်း အင်ပါယာရဲ့ မင်းသမီးတစ်ပါး ဖြစ်တယ်။ နင့်ကို လက်ထပ်ပြီးရင်တောင်မှ အင်ပါယာအတွက် အမဆက်လက် တိုက်ပွဲဝင်သွားမှာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ၊ ကြက်နဲ့ရရင် ကြက် ၊ ခွေးနဲ့ရရင် ခွေးဆိုသလိုပါပဲ။ နောက်နောင်ကျရင် နင့်ဇနီးဆိုတဲ့ အမရဲ့ အထောက်အထားက အင်ပါယာမင်းသမီးဆိုတဲ့ အထောက်အထားထက် အများကြီး ပိုကြီးမားသွားမှာပါ”

တုပိုင် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “အရှင်မင်းကြီးနဲ့ တိုင်ပင်ထားတာမို့လို့ ဒီကိစ္စကို မင်းသမီးကို ပြောပြဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိပါဘူး”

မင်းသမီးနင်းရွှဲ့သည် ဘာမှမပြောတော့ဘဲ တုပိုင်ကို ဆွဲခေါ်ကာ ဧကရာဇ်ထံသို့ သွားပြီး မည်သည်တို့ဖြစ်ခဲ့သလဲ ဆိုသည်ကို မေးမြန်းလေတော့သည်။ ဧကရာဇ်သည် ခေတ္တမျှ တွေဝေနေပြီးမှ ကိစ္စအလုံးစုံကို ပြောပြလိုက်၏။

မင်းသမီးနင်းရွှဲ့က ပြောသည်။ “သမီးတော်ကို ပေးကြည့်ပါ”

ဧကရာဇ်က အိမ်ရှေ့စံ၏ လျှို့ဝှက်စာကို ကမ်းပေးလိုက်သည်။

မင်းသမီးနင်းရွှဲ့က ဆိုသည်။ “ဒါက မောင်တော်ရဲ့ လက်ရေးအစစ်ပါပဲ ၊ ဒါပေမဲ့... မောင်တော်အနေနဲ့ ဒီလျှို့ဝှက်စာကို ရေးရမယ့် အကြောင်းပြချက် လုံးဝမရှိဘူး ၊ ဘာလို့လဲဆိုတော့ သူ့အတွက် ဘာအကျိုးမှ မရှိလို့ပဲ”

ထို့နောက် မင်းသမီးနင်းရွှဲ့က ဆက်ပြောသည်။ “ခမည်းတော် ၊ အိမ်ရှေ့စံမောင်တော့်ကို ခေါ်ပြီး ရှင်းရှင်းလင်းလင်း မေးလိုက်ရင် မကောင်းဘူးလား”

ဧကရာဇ်က ခေါင်းခါလိုက်၏။

မင်းသမီးနင်းရွှဲ့က မေးသည်။ “မောင်တော်က တုပိုင်အပေါ် အငြိုးထားသွားမှာကို စိုးရိမ်လို့လား။ တုပိုင်က တိုင်တန်းဖို့ လာတယ်လို့ ထင်သွားမှာစိုးလို့လား”

ဧကရာဇ် တိတ်ဆိတ်နေလိုက်သည်။

မင်းသမီးနင်းရွှဲ့က ပြောသည်။ “တုပိုင်က ခမည်းတော်အပေါ် အရင်သစ္စာရှိပြီးမှ အိမ်ရှေ့စံအပေါ် သစ္စာရှိတာလေ။ သူက ဒီလျှို့ဝှက်စာကို လာအပ်တယ်ဆိုကတည်းက ဧကရာဇ်အပေါ်ထားတဲ့ သူ့ရဲ့ သစ္စာတရားကို သက်သေပြလိုက်တာပဲ။ ဒီကိစ္စကို ရှင်းကိုရှင်းရမယ် ၊ အဲဒီလိုမှ မဟုတ်ရင် ဒီနေ့ စိတ်ထဲမှာ အဖုအထစ်လေး ဖြစ်ကျန်ရစ်ခဲ့ပြီး နောင်ကျရင် ကြောက်စရာကောင်းတဲ့ ပြဿနာဆိုးကြီး ဖြစ်လာလိမ့်မယ်”

ထို့နောက် သူမက ဆက်ပြောလိုက်၏။ “ခမည်းတော် ၊ သမီးတော်က အိမ်ရှေ့စံမောင်တော်ကို ခေါ်လိုက်ပါ့မယ်။ ပြီးတော့ မဟာဆရာသခင် နင်ဇောင်ဝူကို မောင်တော့်ရဲ့ ဝိညာဉ်လှိုင်းတွေကို စစ်ဆေးခိုင်းပြီး လိမ်ပြောနေသလား ဆိုတာ ကြည့်ခိုင်းမယ်။ တကယ်လို့ ဒီစာကို မောင်တော် မရေးခဲ့ဘူးဆိုရင် အားလုံး ရှင်းသွားပြီလေ။ တကယ်လို့ မောင်တော် ရေးခဲ့တယ်ဆိုရင်လည်း ခမည်းတော် အပြစ်ပေးလို့ ရတာပေါ့။ တုပိုင်က ဒီလျှို့ဝှက်စာကို မောင်တော့်လက်ထဲ ကိုယ်တိုင်ပေးအပ်ပါစေ ၊ ဟုတ်ပြီလား”

ဤမင်းသမီးနင်းရွှဲ့ကား မျက်လုံးထဲ သဲတစ်ပွင့်ဝင်တာကိုပင် သည်းမခံနိုင်သူ ဖြစ်ပြီး ကိစ္စတိုင်းကို ရှင်းလင်းပြတ်သားစေချင်သူ ဖြစ်ပေသည်။

ခဏအကြာတွင် အိမ်ရှေ့စံသည် ဧကရာဇ်၏ စာကြည့်ဆောင်သို့ ရောက်လာသောအခါ တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့ နှစ်ဦးစလုံး ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရလေသည်။

တုပိုင်က အရိုအသေပေးကာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်ဘုရား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်မျိုး လျှို့ဝှက်စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ စာရေးသူနာမည်က အိမ်ရှေ့စံမင်းသား ဖြစ်နေပါတယ်။ ဒါ မင်းသား ရေးခဲ့တာပါလားခင်ဗျာ”

ထို့နောက် သူသည် လျှို့ဝှက်စာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။

အိမ်ရှေ့စံသည် လျှို့ဝှက်စာကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ရှူးရှူးရှားရှား ဖြစ်သွားလေသည်။ “ဒါ... ဒါက တကယ့်ကို ငါ့လက်ရေးပဲ ၊ တစ်ပုံစံတည်းပဲ”

ထို့နောက် သူသည် နေရောင်အောက်တွင် သေချာ ထောင်ကြည့်လိုက်လေ၏။

“သုံးထားတဲ့ စက္ကူနဲ့ မင်ရည်ကအစ ငါသုံးနေကျနဲ့ တစ်ထပ်တည်း တူနေတယ်” အိမ်ရှေ့စံက လက်လျော့သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ခမည်းတော် ၊ နယ်စားမင်းတုပိုင် ၊ ဒီလျှို့ဝှက်စာနဲ့ ပတ်သက်ပြီး... ကျွန်တော်မျိုး ဘာအပြစ်အနာအဆာမှ ရှာမတွေ့တော့ပါဘူး”

ဆိုလိုရင်းမှာ အလွန်ရှင်းလင်းသည်။ သူ မရေးခဲ့ပေ။

သို့သော် ဤလျှို့ဝှက်စာကို သူ မရေးခဲ့ပါဟု သက်သေပြနိုင်မည့် မည်သည့် သက်သေအထောက်အထားကိုမှ သူရှာမတွေ့နိုင်ဖြစ်နေသည်။

မင်းသမီးနင်းရွှဲ့သည် ရုတ်တရက် စာအုပ်စင်ကို မွှေနှောက်ရှာဖွေလိုက်ပြီး အစီရင်ခံစာအချို့ကို ရှာတွေ့သွားလေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်ရှေ့စံသည် ဧကရာဇ်ကိုယ်စား အစီရင်ခံစာအများအပြားကို ရေးသားခဲ့ရသည်။

“မဟုတ်ဘူး ၊ အပြစ်အနာအဆာ ရှိတယ်” မင်းသမီးနင်းရွှဲ့က ပြောလိုက်၏။ “ဒီလျှို့ဝှက်စာကို လွန်ခဲ့တဲ့ ရက် ၃၀ လောက်က ရေးခဲ့တာ ဖြစ်သင့်တယ်။ အဲဒီအချိန်တုန်းက ခမည်းတော်နဲ့ မောင်တော်က နေ့တိုင်း ဆန်ပြုတ်ရည်ပဲ သောက်နေရပြီး အရမ်းကို ဆာလောင်မွတ်သိပ်နေခဲ့တာလေ။ ဒါကြောင့် စာရေးတဲ့အခါ အားမစိုက်နိုင်တော့ဘဲ လက်ရေးတွေက အလိုလိုနေရင်း ပါးလွှာပြီး ပေါ့ပါးနေရမှာ”

တုပိုင်က အစီရင်ခံစာကို ယူလိုက်ပြီးနောက် လျှို့ဝှက်စာနှင့် ယှဉ်ကြည့်လိုက်သည်။

မင်းသမီးပြောသည့်အတိုင်းပင် လျှို့ဝှက်စာပေါ်ရှိ စာလုံးများသည် အလွန် အားပါပြီး ထင်းနေသည်။ အစီရင်ခံစာပေါ်ရှိ စာလုံးများကမူ ပါးလွှာပြီး အနည်းငယ် တုန်ရီနေသည်။

ဟူးးးး။ အားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြတော့၏။ အမှန်တရား ပေါ်ပေါက်သွားပြီ ဖြစ်လေ၏။

ဧကရာဇ်က မေးလိုက်၏။ “သားတော်... တုပိုင်ကို အပြစ်တင်မိသေးလား”

အိမ်ရှေ့စံသည် မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ပြောသည်။ “မဟာနယ်စားမင်းတုပိုင်က ဒီလျှို့ဝှက်စာကို ထုတ်ပြလိုက်ရင် ကျွန်တော်က သူ့ကို အပြစ်တင်လာနိုင်တယ် ဆိုတာ သိသိရက်နဲ့ကို ထုတ်ပြခဲ့တာပါ။ ဒါက သူ့ရဲ့ သစ္စာရှိမှုကို သက်သေပြနေတာပါပဲ။ ကျွန်တော့်စိတ်က ခမည်းတော်လောက် သဘေယထားမကြီးပေမဲ့... ဒါကို လက်ခံပေးနိုင်လောက်တဲ့အထိတော့ လုံလောက်ပါတယ်”

ဧကရာဇ်က ပြုံး၍ ပြောလေ၏။ “မင်းဒီလို တွေးပေးနိုင်တဲ့အတွက် ငါအရမ်းဝမ်းသာတယ်”

“ဟားဟားဟား...” ဧကရာဇ်က ရယ်မောလျက် ပြောလိုက်သည်။ “တုပိုင်... မင်း အိမ်ပြန်တော့လေ။ မွန်းလွဲပိုင်းမှာ မင်္ဂလာပွဲအတွက် စတင်ပြင်ဆင်ရတော့မယ်”

တုပိုင်က ဆိုကာ ပြန်ထွက်သွားသည်။ “မှန်လှပါ... ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦးဘုရား”

ခဏအကြာတွင် အိမ်ရှေ့စံသည်လည်း ထွက်ခွာသွားလေ၏။ စာကြည့်ဆောင်ထဲတွင် နင်ဇောင်ဝူ ၊ မင်းသမီးနင်းရွှဲ့နှင့် ဧကရာဇ်တို့သာ ကျန်ရစ်ခဲ့တော့သည်။

နင်ဇောင်ဝူက လျှောက်တင်သည်။ “အိမ်ရှေ့စံမင်းသား လိမ်မပြောခဲ့ပါဘူး။ ဝိညာဉ်လှိုင်းတွေ အားလုံး ပုံမှန်ပါပဲ”

“တကယ့်ကို လန့်သွားတာပဲ” ဧကရာဇ်က ရေရွတ်လိုက်သည်။

နင်ဇောင်ဝူသည် ဆိုကာ ထွက်သွားလေ၏။ “ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး”

စာကြည့်ဆောင်ထဲတွင် ဧကရာဇ်နှင့် မင်းသမီးနင်းရွှဲ့သာ ကျန်ရစ်ခဲ့တော့သည်။ အချိန်အကြာကြီး တွေးတောနေပြီးနောက် ဧကရာဇ်သည် အထူးနည်းလမ်းဖြင့် ပိတ်သိမ်းထားသော ကျောက်သလင်းပိုက်ဘူးတစ်ခုကို မင်းသမီးနင်းရွှဲ့ထံ ကမ်းပေးလိုက်သည်။

“နင်းရွှဲ့... ဒါက သမီးအတွက် ခမည်းတော်ပေးတဲ့ လျှို့ဝှက်အမိန့်တော်ပဲ။ တစ်သက်လုံး ဒါကို မဖတ်ဘဲ နေနိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ တစ်နေ့ကျလို့ မျှော်လင့်ချက် လုံးဝမဲ့သွားပြီလို့ ခံစားရတဲ့အချိန်ရောက်ရင် ဒီလျှို့ဝှက်အမိန့်တော်ကို ဖွင့်ကြည့်လိုက်... အသုံးဝင်ချင် ဝင်လာလိမ့်မယ်” ဧကရာဇ်က ပြောလိုက်သည်။

မင်းသမီးနင်းရွှဲ့ အံ့ဩသွားရပြီး ကျောက်သလင်းပိုက်ဘူးထဲတွင် ပိတ်သိမ်းထားသော ဧကရာဇ်၏ လျှို့ဝှက်အမိန့်တော်ကို လက်ခံရယူလိုက်လေ၏။

**--**--**--**--**--**--**--**

တုပိုင် နန်းတော်ထဲမှ ပြန်ထွက်လာချိန်တွင် စစ်သူကြီးဝတ်စုံ ဝတ်ဆင်ထားသော ခန့်ညားထည်ဝါသည့် လူငယ်တစ်ယောက်နှင့် ပက်ပင်းတိုးလေသည်။

ထိုလူငယ်က တုပိုင်ကို မြင်လိုက်ရသောအခါ အစပိုင်းတွင် အံ့ဩသွားပြီးနောက် လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်လေ၏။

“ညီလေးတုပိုင်”

တုပိုင်ကြောင်အသွားရသည်။ မည်သူနည်း။ အဘယ်ကြောင့် ညီလေးဟု လာခေါ်နေသနည်း။

မကြာမီပင် တုပိုင် သူ့အထောက်အထားကို သဘောပေါက်သွားသည်။ သူ့ဘိုးဘေး လီလျန်တင်း၏ မြေး ၊ တုပိုင်နှင့် ယှဉ်ပြိုင်ခဲ့သော မိန်းမစိုးခေါင်းဆောင်၏ တစ်ဦးတည်းသော ပြိုင်ဘက်ပင် ဖြစ်လေ၏။

‘ဒါဆို သူက လီယွမ်ပေါ့။’

အလွန်ပင် ကြည့်ကောင်းလှပြီး ချောမောကာ သူရဲကောင်းဆန်လွန်းလှပေသည်။

“အစ်ကို လီယွမ်လား” တုပိုင်က မေးလိုက်၏။

“ငါပါပဲကွာ...” လီယွမ်က ရှေ့တိုးလာကာ တုပိုင်၏ လက်မောင်းကို ဆွဲကိုင်၍ ရယ်မောလိုက်သည်။ “မင်းနဲ့ငါ ညီအစ်ကိုတွေ နောက်ဆုံးတော့ တွေ့ကြပြီပေါ့။ ငါလျောင်တုန်းမှာ တာဝန်ထမ်းဆောင်နေတုန်းက ငါ့ကိုယ်ငါ အတော်လေး လုပ်နိုင်တယ်ဆိုပြီး ဂုဏ်ယူနေခဲ့တာ။ မင်းလို လူတော်လူကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုရင် ညီလေးကို အဝေးကြီးမှာ ထားပစ်ခဲ့ရပြီလို့တောင် ထင်ခဲ့မိတယ်။ ဒါပေမဲ့ သတင်းကြားကြားချင်း ငါလုံးဝ မှင်သက်သွားရတယ်။ မင်းကျေးဇူးကြောင့်... ငါ့မှာ စစ်တပ်ထဲမယ် နောက်ထပ် ၁၀ နှစ်လောက်နေရင်တောင် မင်းကို မမီနိုင်တော့ဘူး ၊ ဟားဟားဟား...”

တကယ်ကို ဖော်ရွေလိုက်တဲ့သူတစ်ယောက်ပင်။ မရည်ရွယ်သော်လည်း အေးစက်စက်ဖြစ်တတ်သည့် သူ့အစ်ကို လီလင်းနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

အမှန်တော့ လီယွမ်သည်လည်း အလွန် မာန်မာနကြီးသူ တစ်ယောက်ဖြစ်ပြီး သူအထင်မကြီးသူများနှင့်ဆိုလျှင် စကားပင် ဖက်မပြောတတ်သူ ဖြစ်၏။ သို့သော် တုပိုင်ကိုတော့ သူတကယ်ကို လေးစား၍ ဤမျှလောက်အထိ ဖော်ရွေနေခြင်းပင်။

“ညီလေး ၊ မင်းမင်္ဂလာဆောင်တော့မယ်လို့ အစ်ကို ကြားတယ် ၊ ပြီးတော့ မင်းလက်ထပ်မှာက မင်းသမီးနင်းရွှဲ့တဲ့ ၊ ဘုရားရေ... အစ်ကို့ကို မနာလိုဖြစ်အောင် လုပ်နေတာလားကွ” လီယွမ်က သူ့ပခုံးကို ထပ်ပုတ်ရင်း ပြောလိုက်သည်။ “ဒီည မင်းကို မူးအောင် မတိုက်နိုင်ရင် ငါမင်းအစ်ကို မလုပ်တော့ဘူး။ ကဲပါ ၊ အစ်ကို အရှင်မင်းကြီးကို သွားတွေ့လိုက်ဦးမယ်။ နေ့လယ်ကျရင် ပြန်ဆုံကြတာပေါ့။ မင်းမင်္ဂလာပွဲအတွက် ဒီနေ့ အစ်ကိုကပဲ ဦးဆောင်ပေးမယ်။ သေချာပေါက် လှပတဲ့ပွဲလေး ဖြစ်စေရပါမယ်”

ထို့နောက် လီယွမ်သည် ဧကရာဇ်ကို သွားရောက်ဖူးမြော်ရန် ထွက်ခွာသွားလေ၏။

“ဒါဆိုရင် အိမ်မှာပဲ အစ်ကို့ကို စောင့်နေပါ့မယ်” တုပိုင် ပြုံး၍ပြောလိုက်သည်။

တုပိုင် အနည်းငယ် ထူးဆန်းနေမိသည်။ ဤအစ်ကိုလီယွမ်က မိန်းမစိုးဝတ်စုံကိုပင် မဝတ်ဘဲ စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားသည် မဟုတ်ပါလား။

မွန်းတည့်ချိန်၌ အစ်ကိုကြီးလီယွမ်သည် တုပိုင်၏ အိမ်တော်သို့ တကယ်ပင် ရောက်လာခဲ့ပြီး ညီအစ်ကို ရာပေါင်းများစွာကိုပါ ခေါ်ဆောင်လာခဲ့သည်။

သူ့ကွပ်ကဲမှုအောက်တွင် နယ်စားမင်းတုပိုင်အိမ်တော်ရှိ အစေခံအားလုံး လှုပ်ရှားရတော့ပြီး တစ်နာရီကျော်ကျော် အတွင်းမှာပင် အိမ်တော်တစ်ခုလုံး လုံးဝ အသစ်စက်စက် ဖြစ်သွားခဲ့ရသည်။

မီးပုံးများနှင့် အလှဆင်ဖဲကြိုးစများ နေရာအနှံ့ ရှိနေပြီး မင်္ဂလာစာလုံးများကို နေရာတိုင်းတွင် ကပ်ထားသဖြင့် ဧကဧကရာချီ ကျယ်ဝန်းသော အိမ်တော်ကြီးသည် ပျော်ရွှင်ဖွယ် အရောင်အသွေးများဖြင့် ပြည့်နှက်သွားလေတော့၏။

မွန်းလွဲပိုင်းတွင်လည်း ဤအစ်ကိုလီယွမ်ကပင် ဦးဆောင်၍ ပျော်ပွဲရွှင်ပွဲအဖွဲ့ ၊ နှဲဆရာများနှင့် ဗုံတီးဝိုင်းများဖြင့် သတို့သမီးကို ကြိုဆိုရန် နန်းတော်သို့ ချီတက်သွားကြပြန်သည်။

ဆည်းဆာချိန်၌ ရိုးရာသီချင်းအသံများထွက်ပေါ်လာသည်။

“ဟိတ်ဟိတ်ဟိတ် ၊ မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ်။ ဟျောင့်... ငါ့စော်ပိုမိုက်တယ်”

သတို့သမီးဖြစ်သူ မင်းသမီးနင်းရွှဲ့သည် ဝေါယာဉ်ပေါ်တွင် ထိုင်လိုက်ပြီး ဆွေမျိုးမိတ်သင်္ဂဟများ ကြိုဆိုပို့ဆောင်သည့် လူတန်းကြီးတွင် လူထောင်ပေါင်းများစွာ ပါဝင်လေသည်။

အလေးချိန်ကျင်းပေါင်း ရာပေါင်းများစွာသော ပစ္စည်းဥစ္စာများပါ ထပ်ပေါင်းလိုက်သောအခါ မြို့တော်တစ်ခုလုံး ချက်ချင်းပင် ဟိုးလေးတကျော် ဖြစ်သွားရတော့သည်။

မြို့တော်ရှိ မရေမတွက်နိုင်သော ပြည်သူများသည် ကြည့်ရှုရန်အတွက် လမ်းမပေါ်သို့ စုပြုံရောက်ရှိလာကြသည်။ ယနေ့သည် မင်းသမီးနင်းရွှဲ့၏ မင်္ဂလာပွဲဖြစ်ကြောင်းနှင့် လက်ထပ်မည့်သူမှာ တုပိုင်ဖြစ်ကြောင်း မြို့သူမြို့သားများ သိရှိသွားကြသည်။

မင်္ဂလာပွဲကို ဤမျှ အလျင်စလို စီစဉ်ရခြင်းမှာ တစ်ချက်က တုပိုင် အလုပ်များနေခြင်းကြောင့် ဖြစ်ပြီး ၊ ဒုတိယအချက်မှာ လုံခြုံရေးအရ ဖြစ်သည်။ ဖန်းအုပ်စုကို တုပိုင်၏ လုံခြုံရေးအား ထိပါးရန် သို့မဟုတ် မင်္ဂလာပွဲတစ်ခုလုံးကို ဖျက်ဆီးရန် မည်သည့်အခွင့်အရေးမျှ ပေး၍ မဖြစ်ပေ။

“သခင်ကြီးတုပိုင်နဲ့ မင်းသမီးလေး... ရာသက်ပန် ပေါင်းဖက်နိုင်ပါစေ”

“သခင်ကြီးတုပိုင်နဲ့ မင်းသမီးလေး... သားဦးရတနာ စောစောရပါစေ”

“သခင်ကြီးတုပိုင်... မဟာနယ်စားမင်းဘွဲ့နဲ့ ထာဝရ တည်တံ့ပါစေ”

ပြည်သူအများ၏ ဆုတောင်းသံများကြားတွင် မင်းသမီးနင်းရွှဲ့၏ ဝေါယာဉ်သည် အင်ပါယာမြို့တော်၏ အစိတ်အပိုင်းအချို့ကို လှည့်လည်ပြီးနောက် တုပိုင်၏ အနောက်ပိုင်းမဟာနယ်စားအိမ်တော်သို့ ဝင်ရောက်လာလေသည်။

တုပိုင်၏ မင်္ဂလာပွဲသို့ တက်ရောက်သူ သိပ်မများလှပေ ၊ လူအယောက် ဒါဇင်အနည်းငယ်သာ ရှိသည်။

ဧကရာဇ် ၊ အိမ်ရှေ့စံ ၊ ဧကရီ ၊ လီလျန်တင်း ၊ နင်ဇောင်ဝူ ၊ မြို့တော်ရှိ တော်ဝင်မိသားစုဝင်များ ၊ ဧကရာဇ်၏ မှူးမတ်အဖွဲ့သစ်မှ ဝန်ကြီးအချို့နှင့် မြို့တော်၏ ဝန်ကြီးဌာန ခြောက်ခုမှ အရေးပါသော အရာရှိများသာ တက်ရောက်ကြသည်။

ထို့ပြင် အရေးအကြီးဆုံး ဧည့်သည်များမှာ လျောင်တုန်းဘုရင်ခံ ယွမ်ထိန်နှင့် ရွှမ်ဟွာဘုရင်ခံ လန်အောက်တို့ ဖြစ်ကြသည်။

အခမ်းအနားများ အားလုံးသည် ဧကရာဇ်မင်္ဂလာဆောင် ကျင်းပပုံ အခမ်းအနားမျိုး မဟုတ်ဘဲ အရပ်သားများ ဇနီးသည် လက်ထပ်ယူသည့် ရိုးရာဓလေ့အတိုင်းသာ လုံးဝ ကျင်းပခြင်း ဖြစ်သည်။

ထိုသည်ကို ကြည့်ခြင်းအားဖြင့် မင်းသမီးနင်းရွှဲ့က တုပိုင်ကို လက်ထပ်ခြင်း ဖြစ်ပြီး ၊ တုပိုင်က တော်ဝင်မိသားစုနှင့် လက်ထပ်ခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာစေသည်။

တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့ ဒူးထောက်လိုက်ပြီး အပြင်လောကကြီးကို ဦးညွှတ်လိုက်ကြ၏။

“ဒုတိယအဆင့် မိဘဘိုးဘွားများကို ကန်တော့ခြင်း”

တုပိုင် မိဘဘိုးဘွားများကို ဦးညွှတ်လိုက်သည်။ ခန်းမဆောင် အမြင့်တွင် ဧကရာဇ်နှင့် ဧကရီတို့ ရှိနေပြီး ထိုနေရာတွင် လီလျန်တင်းလည်း မတ်တတ်ရပ်နေလေ၏။

သူသည် တုပိုင်၏ မွေးစားအဖေ ဖြစ်သလို မြို့တော်တွင်ရှိသော တုပိုင်၏ တစ်ဦးတည်းသော လူကြီးမိဘ ဖြစ်သော်လည်း ဧကရာဇ်၏ ရှေ့တွင်တော့ ဝင်မထိုင်ရဲပေ။ ဂါရဝပြုခြင်းကို ခံယူရန် မတ်တတ်ရပ်နေရုံသာ တတ်နိုင်လေသည်။

“ဇနီးမောင်နှံ အပြန်အလှန် ကန်တော့ခြင်း”

တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့ တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြသည်။ ဤအဆင့်တွင်တော့ သူတို့ နှစ်ဦးသည် ဇနီးမောင်နှံများ အဖြစ်သို့ တရားဝင်ဖြစ်သွားပြီဖြစ်လေ၏။

ထို့အပြင် ဤမင်္ဂလာပွဲသည် အလွန်ရိုးရှင်းသော်လည်း တာ့နင်အင်ပါယာတစ်ခုလုံးသို့ အချိန်တိုအတွင်း ပျံ့နှံ့သွားမည်မှာ သေချာလေသည်။

“မင်္ဂလာဦးခန်းဆောင်သို့ ဝင်စေ”

မင်းသမီးနင်းရွှဲ့၏ အပျိုတော်က သတို့သမီး မင်းသမီးလေးကို တွဲထူကာ မင်္ဂလာဦးခန်းဆောင်ထဲသို့ ခေါ်ဆောင်သွားလေသည်။ တုပိုင်သည်တော့ မင်္ဂလာဦးခန်းဆောင်ထဲသို့ မဝင်နိုင်သေးဘဲ အပြင်ဘက်ရှိ ဧည့်သည်များနှင့် အတူ အရက်သောက်နေရသေး၏။

စိတ်ရင်းမှန် သည်ဖြစ်စေ ၊ မမှန်သည်ဖြစ်စေ မင်္ဂလာပွဲတက်ရောက်လာသော အရာရှိအားလုံးသည် တုပိုင်အပေါ် အလွန်ရင်းနှီးပျူငှာကြပြီး မျက်နှာလိုမျက်နှာရပင် ပြုမူနေကြရာ သူ၏ မိန်းမစိုးဟူသော အထောက်အထားကို လုံးဝ မေ့လျော့သွားကြသည့်အလားပင်။

တုပိုင်၏ မွေးစားအစ်ကို လီယွမ်ကတော့ ယနေ့ပွဲတွင် စိတ်အားအထက်သန်ဆုံး သူပင် ဖြစ်လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၅ + ၆၀၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters