အခန်း (၆၀၇-၆၀၈)
Vol. 61 Ch. 607-608
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၇ + ၆၀၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဧကရာဇ်သည် လက်တစ်ဖက်ဖြင့် တုပိုင်ကို တွဲထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် လီယွမ်ကို တွဲထားကာ အမိန့်တော် ချမှတ်လေ၏။
“တုပိုင်... အရင်တုန်းက မင်းရဲ့ မွေးစားအစ်ကိုက အထောက်အထား ဖုံးကွယ်ပြီး စစ်တပ်ထဲမှာ တာဝန်အများကြီး ထမ်းဆောင်ခဲ့ဖူးတယ်။ နောက်ပိုင်းကျမှ လီလျန်တင်းက သူ့ကို အရှေ့ဘက်ကွပ်ကဲရေးရုံးထဲ ဝင်ခိုင်းပြီး ပြီးတော့ ရှန်ယန်ဝေကို ပို့လိုက်တာ... မင်းသိရဲ့လား။ ဂျာချင်တွေနဲ့ တိုက်ပွဲမှာ မင်းရဲ့ မွေးစားအစ်ကို တစ်ယောက်တည်းပဲ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာလေ။ မင်းရဲ့ ဘိုးဘေးက လူသုံးတဲ့နေရာမှာ အရမ်းတင်းကျပ်လွန်းတယ်။ အမိန့်တစ်ချက်တည်းနဲ့ ငါသူ့ကို မင်းလိုပဲ အရှေ့ဘက်ကွပ်ကဲရေးရုံးကနေ ထွက်ခွင့်ပြုလိုက်ပြီ။ အခုဆိုရင် သူက ရှန်ယန်စစ်သူကြီး ဖြစ်နေပြီ”
တုပိုင် မှင်သက်သွားရလေ၏။ ဧကရာဇ်သည် တကယ့်ကို... စိတ်လိုက်မာန်ပါ လုပ်တတ်ပါပေသည်။ တုပိုင်ကို မိန်းမစိုးအဖွဲ့ထဲကနေ ထွက်ခွာခွင့်ပြုရုံသာမက ၊ လီယွမ်ကိုပါ မိန်းမစိုးအဖွဲ့ကနေ ထွက်ခွာခွင့်ပေးပြီး စစ်ဘက်ဆိုင်ရာ အရာရှိတစ်ယောက် ဖြစ်လာစေသည်။
ချစ်မြတ်နိုးရသည့် လူတွေအတွက်ဆိုပါက ဧကရာဇ်သည် တကယ်ကို ဘာမဆို လုပ်ပေးတတ်သူဖြစ်၏။
“မကြာသေးခင်ကပဲ သူနောက်ထပ် တိုက်ပွဲတစ်ခု အနိုင်ရခဲ့ပြီး ရန်သူ့ခေါင်းပေါင်း တစ်ထောင် နီးပါးကို ဖြတ်နိုင်ခဲ့တယ်”
ဧကရာဇ်က ဆက်လက်မိန့်ကြားသည်။
“မဟာနယ်စားမင်းယွမ်ထိန် ကိုယ်တိုင်တောင် ပြောတယ် ၊ သူ့လက်အောက်မှာသာ လီယွမ်လိုလူ ဆယ်ယောက်လောက်ရှိရင် ဂျာချင်အင်ပါယာကို တောဝက်သစ်တောအထိ မောင်းထုတ်ပစ်နိုင်တယ်တဲ့”
ဧကရာဇ်သည် တုပိုင်ပြီးလျှင် လီယွမ်ကို ဒုတိယအချစ်ဆုံးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
“လီယွမ်... မောင်မင်းသာ ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးနိုင်မယ်ဆိုရင် ငါကိုယ်တောင်ဆုချဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ နယ်စားဘွဲ့ ပေးရမယ်ဆိုရင်တောင် ငါကိုယ်တော်ပေးဖို့ ဝန်မလေးဘူး။ မောင်မင်းကို သေချာပေါက် တောက်ပလာစေရမယ်”
ဧကရာဇ်သည် ဤည အလွန်ပျော်ရွှင်နေသဖြင့် ဝိုင်တစ်ခွက်နှစ်ခွက်လောက် ပိုသောက်ဖြစ်ခဲ့သည်။
**--**--**--**--**--**--**--**
အချိန် နှစ်နာရီခန့်ကြာမြင့်ပြီးနောက် စားပွဲသောက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ တုပိုင်၏ မဟာနယ်စားအိမ်တော်ကြီးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားပြီး သူသည်လည်း မင်္ဂလာဦးခန်းဆောင်သို့ တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့လေ၏။
“စနစ်ရေ... ယန်စွမ်းအင် ၁၀၀ မပြည့်သေးရင်တောင် ဆက်ဆံလို့ရတယ်လို့ မင်းပြောခဲ့တယ်မလား” တုပိုင်က စိတ်ထဲမှ မေးလိုက်သည်။ “ပြည့်စုံတဲ့ ယောကျာ်း နဲ့ မိန်းမလိုမျိုး ဆက်ဆံလို့ ရတယ်မလား”
အိပ်မက်စနစ်က ပြန်ဖြေ၏။ “ရပါတယ်။ မင်းရဲ့ မူလစွမ်းအင်ကို အထူးနည်းလမ်းတစ်ခု သုံးပြီး မင်းရဲ့ အသက်ဇစ်မြစ်ဆီ အတင်းအဓမ္မ ပို့ဆောင်လိုက်ရင် ပုံမှန်အတိုင်း မင်္ဂလာဦးညကို ဖြတ်သန်းလို့ ရပါတယ်။ ဒါပေမဲ့ ဒါက ပြည့်စုံတဲ့ ယောကျာ်း ပီသမှုကို ပြန်လည်ရရှိစေမယ့် ပုံမှန်နည်းလမ်းတော့ မဟုတ်ဘူး။ ပြီးတော့ ကလေးရဖို့လည်း မဖြစ်နိုင်သလို ၊ သက်တောင့်သက်သာလည်း ရှိမှာမဟုတ်ဘူး”
တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။ “ငါသိတယ် ၊ အဲဒီကျင့်စဉ်ကို အခုချက်ချင်း ပေး”
အိပ်မက်စနစ်က သတိပေးလိုက်လေ၏။ “စနစ်ရှင်... ဒီလိုမလုပ်ဖို့ ကျွန်တော် အလေးအနက် အကြံပေးချင်ပါတယ်။ မင်းသမီးနင်းရွှဲ့က မင်းရဲ့ ဇနီး ၊ မင်းရဲ့ အမျိုးသမီးလေ။ မင်းသူ့ကို တကယ့်မင်္ဂလာဦးည ပေးချင်တယ်ဆိုရင် ဒီနေ့မှ မဟုတ်ပါဘူး။ မင်း ပြည့်စုံတဲ့ ယောကျာ်း တစ်ယောက် ပြန်ဖြစ်တဲ့အထိ ယန်စွမ်းအင် ၁၀၀ ပြည့်တဲ့အထိ စောင့်လိုက်ပါ။ ပြီးမှ သူရဲ့ ဖြူစင်သန့်ရှင်းတဲ့ ခန္ဓာကိုယ်လေးကို ရယူလိုက်ပါ။ ဒါမှလည်း ကလေးရဖို့အတွက် သူ့အတွက် ပိုကောင်းမှာဖြစ်သလို အရာအားလုံးက သဘာဝကျမှာလေ”
“အကယ်၍ မင်းကသာ သွေးစွမ်းအင်ကို မင်းရဲ့ အသက်ဇစ်မြစ်ဆီ အတင်းပို့ဆောင်မယ့် အထူးနည်းလမ်းကို သုံးပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ရယူလိုက်မယ်ဆိုရင် ကိရိယာတွေ သုံးတာနဲ့ ဘာကွာခြားတော့မှာလဲ” အိပ်မက်စနစ်က ဆက်ပြောသည်။
တုပိုင်က ပြန်ပြော၏။ “ဘယ်လိုလုပ် ကိရိယာ ဖြစ်ရမှာလဲ။ အဲဒါ ငါ့ရဲ့ အသက်သွေးကြောပဲလေ”
အိပ်မက်စနစ်က ဆက်လက်ရှင်းပြသည်။ “မင်းနဲ့ လီတောက်ယွဲ့ ၊ ကျီပြောင်ပြောင်တို့ကြားက ရင်းနှီးမှုက ကစားတယ်လို့ သတ်မှတ်လို့ရပေမဲ့ ဒီနေ့ကတော့ လူသားဆန်ဆန် လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်သင့်ပါတယ်။ ဒါက သဘာဝကျသင့်ပြီး စိတ်နှလုံး နဲ့ ဆန္ဒ ပေါင်းစပ်မှု ဖြစ်သင့်တယ်လေ”
တုပိုင်က မေးလိုက်သည်။ “မင်းက စနစ်တစ်ခု မဟုတ်ဘူးလား။ မင်းမှာ စိတ်နှလုံး ဆိုတာ မရှိဘူးမလား။ အဲဒါကိုတောင် မင်းက ဒီလောက် ဂရုစိုက်နေသေးတာလား”
အိပ်မက်စနစ်က သက်ပြင်းချလိုက်လေ၏။ “ဒါက ကျွန်တော့်စကား မဟုတ်ပါဘူး၊ မင်းရဲ့ နောက်ထပ် အတွေးတစ်ခုပါပဲ။ ကျွန်တော်က ပြန်ပြောပြနေရုံပါ စနစ်ရှင်”
အိပ်မက်စနစ်၏ အသံသည် အနည်းငယ် ပြတ်သားခက်ထန်နေပုံ ရသည်။ ထို့နောက် အိပ်မက်စနစ်က ဆက်ပြော၏။ “စနစ်ရှင်... ပြီးတော့ မင်းက နောက်ပိုင်း ကျွန်တော်နဲ့ အမြဲတမ်း ဆန့်ကျင်နေတယ်။ ကျွန်တော့်သတိပေးချက် အများကြီးကို မင်းက လျစ်လျူရှုခဲ့တယ်၊ လုံးဝကို ဆန့်ကျင်ခဲ့တာ။ ဒီတိုက်ပွဲကို နိုင်ပြီးတဲ့နောက် မင်းလူတစ်လုံး ဖြစ်သွားပြီဆိုပြီး ကျွန်တော့်ကိုတောင် အထင်သေးလာပြီလို့ ထင်တယ်။ မင်းကျွန်တော်နဲ့ စကားမပြောတာ ဘယ်လောက်ကြာပြီလဲ။ မီးနတ်ဘုရား ယမ်းမှုန့်ရဲ့ လျှို့ဝှက်ချက်ကိုတောင် ကျွန်တော့်ကို မမေးဘဲ စစ်ခုန်းယဲ့ကို အတုခိုးခိုင်းခဲ့တယ်လေ။ ဟုတ်ပါတယ် ၊ စစ်ခုန်းယဲ့က အရမ်းတော်ပါတယ်။ ကောင်းကင်ပေါ်က အရာတွေကိုတောင် အတုခိုးနိုင်တာပဲ”
တုပိုင် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ရေရွတ်လိုက်သည်။ “မင်းငါ့ကို လှည့်စားခဲ့တာ အကြိမ်ကြိမ်ပဲလေ”
အတိုင်းအတာတစ်ခုအထိ ဤသည်မှာလည်း အမှန်တရားပင် ဖြစ်ချေသည်။ အိပ်မက်စနစ်က ဖြေရှင်းချက်ပေးသည်။ “အခြေခံအားဖြင့်တော့ ကျွန်တော်က မင်းကောင်းဖို့အတွက် ၊ မင်းအကျိုးအတွက် လုပ်ပေးခဲ့တာပါ။ မင်းက အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတာလေ။ မင်းက ကျွန်တော့် အကြံပေးချက်တွေကို အမြဲတမ်း လျစ်လျူရှုပြီး ကျွန်တော့်အမြင်တွေကို လုံးဝ နားမထောင်ခဲ့ဘူး”
တုပိုင်က အမိန့်ပေးလိုက်၏။ “အဲဒီကျင့်စဉ်ကို ပေးစမ်းပါ။ ငါမင်းသမီးနင်းရွှဲ့နဲ့ မင်္ဂလာဦးခန်းဝင်ချင်တယ်”
အိပ်မက်စနစ်က သတိပေးပြန်သည်။ “ဒါက သာမန် လူသားဆန်တဲ့ ဆက်ဆံရေး လက်ဆောင်တစ်ခု မဟုတ်ဘူးနော်။ ဒီတစ်ခါ မင်းသမီးနင်းရွှဲ့ရဲ့ အပျိုစင်ဘဝကို မင်းယူလိုက်တာနဲ့ နောက်တစ်ခါ မင်း ပြည့်စုံတဲ့ ယောကျာ်း တကယ်ပြန်ဖြစ်လာတဲ့အခါ အဲဒါ ရှိတော့မှာ မဟုတ်ဘူး”
တုပိုင်က စိတ်မရှည်စွာ အော်ပြောလိုက်သည်။ “ကျင့်စဉ်ကို ပေးစမ်းပါဆို”
အိပ်မက်စနစ်က လက်မြှောက်လိုက်ရသည့်ဟန်ဖြင့် ဆိုသည်။ “အိုး... လက်ပေါက်ကပ်တဲ့ ကျွန်တော့်သခင်ပါလား”
ထို့နောက် မရေမတွက်နိုင်သော အချက်အလက်များသည် တုပိုင်၏ ခေါင်းထဲသို့ ဝင်ရောက်လာလေ၏။ ဤသည်မှာ ကျင့်စဉ်နည်းလမ်းပင်။ တုပိုင်အနေဖြင့် ပြည့်စုံသော ယောကျာ်း တစ်ယောက် မဖြစ်သေးလျှင်ပင် သူ၏ သွေးစွမ်းအင်ကို အသက်ဇစ်မြစ်ဆီသို့ အတင်းအဓမ္မ ပို့ဆောင်နိုင်မည် ဖြစ်သည်။
တုပိုင် ရှေ့သို့ တိုးသွားပြီး မင်းသမီးနင်းရွှဲ့၏ မျက်နှာဖုံးပဝါကို လှန်တင်လိုက်လေ၏။ လှပ ၊ ကျက်သရေရှိပြီး ရက်ရောဟန်ရှိသော ဖြူဥနေသည့် မျက်နှာလေးတစ်ခု တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာလေ၏။ တုပိုင်၏ အမျိုးသမီးလေးသည် အသက်ရှူမှားလောက်အောင် လှပလွန်းလှပေသည်။
တုပိုင် သူမ၏ လှပသော နှုတ်ခမ်းနီနီလေးကို နမ်းလိုက်သည်။ မင်းသမီးနင်းရွှဲ့ တစ်ချက်တုန်သွားပြီးနောက် တုပိုင်ကို ပြန်လည်ဖက်တွယ်ကာ နမ်းရှိုက်လိုက်လေ၏။ တုပိုင်၏ လမ်းညွှန်မှုအောက်တွင် သူမ လျှာဖျားလေးကို ထုတ်တတ်အောင်ပင် သင်ယူခဲ့ရသည်။
မင်းသမီးနင်းရွှဲ့သည် အမှန်တကယ် ဖြူစင်လွန်းသူ ဖြစ်သည်။ အနမ်းခံရရုံဖြင့် သူမတစ်ကိုယ်လုံး တုန်ရီနေပြီး နှလုံးခုန်သံများ “ဒုန်း... ဒုန်း... ဒုန်း” ဟု မိုးချုန်းသကဲ့သို့ မြည်ဟီးနေကာ အသက်ပင် မရှူနိုင်တော့ပေ။
ထို့နောက် တုပိုင်သည် မင်းသမီးနင်းရွှဲ့၏ အဝတ်များကို ချွတ်လိုက်ရာ ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်လေး ပေါ်ထွက်လာလေတော့သည်။
မင်းသမီးနင်းရွှဲ့က တုန်ရီစွာဖြင့် မေးလိုက်သည်။
“မောင်... မောင် တကယ် လုပ်နိုင်ပါ့မလား”
“ဒါပေါ့” တုပိုင်က ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။
“ဒါနဲ့ ၊ အရင်ဆုံး ဝိုင်တစ်ခွက် သောက်လိုက်ရအောင်”
ထို့နောက် တုပိုင်သည် ဝိုင်ကောင်းနှစ်ခွက်ကို ယူလာခဲ့သည်။ နှစ်ယောက်သား လက်ချင်းချိတ်ကာ ထိုဝိုင်နှစ်ခွက်ကို သောက်လိုက်ကြသည်။
ရုတ်တရက် တုပိုင်၏ မျက်နှာသည် ချက်ချင်းပင် အလွန်အမင်း နီရဲလာလေ၏။
“အ... အားးး...”
နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာသည်။
“အဟွတ်...”
ရုတ်တရက်ဆိုသလိုပင် တုပိုင်၏ ပါးစပ်ပွင့်သွားပြီး သွေးတစ်လုပ် အန်ထွက်လာ၏။ ထို့နောက် သွေးများ ဆက်တိုက်ဆိုသလို အန်ထွက်လာလေ၏။ အစပိုင်းတွင် သွေးနီရောင်ဖြစ်ပြီး နောက်ပိုင်းတွင် သွေးမည်းများ အန်ထွက်လာသည်။
ထို့နောက် တုပိုင်သည် ရုတ်တရက် ပက်လက်လန် လဲကျသွားလေ၏။ မင်းသမီးနင်းရွှဲ့ ချက်ချင်း ရှေ့သို့ ပြေးသွားလိုက်သည်။ ထို့နောက် တုပိုင်၏ အသက်ရှူသံ ပျောက်ဆုံးသွားပြီး နှလုံးခုန်သံ လုံးဝ ရပ်တန့်သွားသည်ကို တွေ့လိုက်ရလေ၏။
မင်းသမီးနင်းရွှဲ့၏ စိတ်အာရုံသည် ချက်ချင်း ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး လုံးဝ ဗလာကျင်းသွားတော့သည်။
အစောက စိတ်လှုပ်ရှားမှု ၊ ရင်ခုန်မှု ၊ တင်းမာမှုနှင့် ရှက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ယခုအချိန်တွင်တော့ လုံးဝ အေးစက်သွားရပြီ ဖြစ်သည်။
သူမသည် တုပိုင်၏ ရင်ဘတ်ပေါ်သို့ နားကပ်လိုက်ပြီး နှလုံးခုန်သံ သဲ့သဲ့လေးဖြစ်ဖြစ် ရှာဖွေရန် မျှော်လင့်ချက်မဲ့စွာ ကြိုးစားလိုက်လေ၏။ လက်ချောင်းများဖြင့် လည်ပင်းကို စမ်းသပ်ကာ သွေးခုန်နှုန်းကို ရှာဖွေကြည့်သည်။
သို့သော် ဘာမျှ မရှိတော့ချေ။ မျက်ရည်များ အထိန်းအကွပ်မဲ့ စီးကျလာလေတော့သည်။
“အကောင်ပေါက်လေး... ငါ့ကို မခြောက်ပါနဲ့ဟ...”
မင်းသမီးနင်းရွှဲ့ တုပိုင်ကို ပွေ့ဖက်ကာ နောက်ဆုံးတွင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။
“အကောင်ပေါက်လေး... ငါ့ကို မခြောက်ပါနဲ့...”
နင်းရွှဲ့၏ တုပိုင်အပေါ်ထားရှိသော ခံစားချက်မှာကား အနည်းငယ် ရှုပ်ထွေးလှပေသည်။.သွေးကွမ်ရင်မယ်တော်ကဲ့သို့ လေးစားမှုမျိုး မဟုတ်သလို ၊ လီတောက်ယွဲ့ကဲ့သို့ လွမ်းဆွတ်တမ်းတမှုမျိုးလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးနှစ်ဦးနှင့် တုပိုင်သည် အစပိုင်းတွင် ရန်သူများ ဖြစ်ခဲ့ကြပြီး တုပိုင်၏ ဆိုးသွမ်းသော ဘက်ကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။
ဆိုးသွမ်းသော ယောကျာ်းတစ်ယောက်နှင့် တွေ့ဆုံပြီးနောက် အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာသောအခါ အချစ်အဖြစ်သို့ ပြောင်းလဲရန် အလွန်လွယ်ကူပြီး ၊ ထိုသည်က ယောကျာ်းနှင့် မိန်းမကြားရှိ အလွန်ပြင်းပြသော အချစ်မျိုး ဖြစ်တတ်သည်။ မင်းသမီးနင်းရွှဲ့၏ မျက်လုံးထဲတွင်တော့ တုပိုင်သည် အမြဲတမ်း လိမ္မာသည့် ကလေးတစ်ယောက်သာ ဖြစ်သည်။
ချောမော ၊ ထူးချွန်ပြီး အလွန်ဆော့ကစားတတ်သော ကောင်လေးတစ်ယောက်ပင်ဖြစ်လေ၏။ နင်းရွှဲ့သည် သူနှင့် အလွန်ရင်းနှီးပြီး ဆွေမျိုးတစ်ယောက်အနေဖြင့် သူ့ကို မောင်လေးတစ်ယောက်လို ခံစားရသည်။
သို့သော် ဤကဲ့သို့သော ရင်းနှီးမှုသည် မရေရာမှုများနှင့် ကျီစယ်မှုများကြောင့် ယောကျာ်းနှင့် မိန်းမကြားရှိ ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ တုပိုင်သည် မင်းသမီးယွီကျိန်းကို ကျီစယ်ခဲ့သော်လည်း မင်းသမီးနင်းရွှဲ့ကိုမူ တစ်ခါမျှ မကျီစယ်ဖူးပေ။ သူအမြဲတမ်း အလွန်လေးနက်ခဲ့သည်။
ဧကရာဇ်က နင်းရွှဲ့ကို တုပိုင်နှင့် လက်ထပ်ပေးရန် ဆုံးဖြတ်လိုက်သောအခါ ဧကရီသည် သူမနစ်နာသွားမည်ကို စိုးရိမ်သဖြင့် လာရောက် နှစ်သိမ့်ပေးခဲ့သည်။
သို့သော် သူမသည် တကယ်ကို မနစ်နာဟု ခံစားရဘဲ အနည်းငယ် စိုးရိမ်စိတ် ၊ အနည်းငယ် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုများသာ ရှိခဲ့သည်။
ထို့ပြင် သူမသည် မဟာဆရာသခင် နင်ဇောင်ဝူထံသို့ ချက်ချင်း သွားရောက်ပြီး တုပိုင် ပြည့်စုံသော ယောကျာ်း တစ်ယောက် တကယ်ပြန်ဖြစ်လာနိုင်သလားဟု မေးမြန်းခဲ့သည်။
သေချာကြောင်း အဖြေရပြီးနောက် မင်းသမီးနင်းရွှဲ့၏ စိတ်ထဲတွင် တုပိုင်က သူမအပေါ် ဖိကပ်နေသည့် ပုံရိပ်ကို အလိုအလျောက် မြင်ယောင်လာမိသည်။
မရယ်ပါနှင့် ၊ မည်သည့်အမျိုးသမီးမဆို လက်မထပ်မီ ဤမြင်ကွင်းကို စိတ်ကူးယဉ်တတ်ကြသည်။ သို့သော် ယခုကမ္ဘာကြီးတွင်တော့ ခြွင်းချက် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့် လက်မထပ်မီ အကြိမ်များစွာ ဖိနှိပ်ခံခဲ့ရပြီး ဖြစ်သောကြောင့်ပင်။
ဤမြင်ကွင်းကို စိတ်ကူးယဉ်မိတိုင်း မင်းသမီးနင်းရွှဲ့ စိတ်လှုပ်ရှားရပြီး နှလုံးခုန်သံ မြန်ဆန်လာကာ အပြစ်ရှိသလို အနည်းငယ် ခံစားရတတ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အမြဲတမ်း တုပိုင်၏ အစ်မတော် ဖြစ်ခဲ့ပြီး ၊ ဤမျှ ရင်းနှီးသော ဆက်ဆံရေးတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ရှိနေသောကြောင့် ဖြစ်သည်။
မင်းသမီးနင်းရွှဲ့သည် တရားမျှတသည်။ သိုင်းလောကသား ပီသသည်။ ထို့အပြင် ဖြူစင်ရိုးသားလွန်းသည်။ သူမသည် ယခုအချိန်အထိ မည်သည့်အချစ်ကိုမျှ မကြုံတွေ့ဖူးသော်လည်း ယောကျာ်းနှင့် မိန်းမကြားရှိ ဆက်ဆံရေး၏ သဘောသဘာဝကို အလိုအလျောက် သဘောပေါက်နိုင်သည်။
ထိုယောကျာ်းက သင့်အပေါ် ဖိကပ်နေသည့် ပုံရိပ်ကို စိတ်ကူးကြည့်သည့်အခါ သင်ပျို့အန်ချင်သလား၊ သို့တည်းမဟုတ် ပျော်ရွှင်စွာ ခုန်ပေါက်ချင်သလား။
အကယ်၍ သင်ပျော်ရွှင်နေတယ်ဆိုရင် ဂုဏ်ယူပါတယ်။သင်ဒီယောကျာ်းကို ကြိုက်နေပါပြီ။ အဖြေကို သင်မသိသလို ထင်ရပေမဲ့ သင့်ခန္ဓာကိုယ်ကတော့ သူ့ကို ပေါင်းဖက်ခွင့်ပေးဖို့ ဆန္ဒရှိနေပြီဆိုတာ ပြောပြနေပါပြီ။
“ငါက ကံဆိုးစေတဲ့ မိန်းမလား”
မင်းသမီးနင်းရွှဲ့ အလွန်အမင်း ဝမ်းနည်းပူဆွေးနေမိလေသည်။ သူမ ဆယ်ကျော်သက် အရွယ်တုန်းက အင်ပါယာတွင် လီယင်းတူဆိုသော ထူးချွန်ပြောင်မြောက်သည့် လူငယ်လေးတစ်ယောက် ပေါ်ထွန်းခဲ့သည်။ ခမည်းတော်က သူမကို လီယင်းတူနှင့် လက်ထပ်ပေးချင်ခဲ့ပြီး အင်ပါယာတစ်ခုလုံးကလည်း သူမတို့အား နတ်ဖက်တဲ့စုံတွဲဟု ထင်မှတ်ခဲ့ကြသည်။
ဧကရာဇ်သည် လီယင်းတူ ထိုတိုက်ပွဲမှ ပြန်လာသောအခါ သူနှင့် နင်းရွှဲ့အတွက် မင်္ဂလာပွဲ ကျင်းပပေးမယ်ဟုပင် ပြောခဲ့သေးသည်။
ထိုအချိန်က မင်းသမီးနင်းရွှဲ့သည် ငယ်ရွယ်နုနယ်ပြီး အပြစ်ကင်းစင်ကာ ဘာမှမသိသေးဘဲ လူများစွာနှင့်အတူ စစ်တပ်ကို လိုက်ပို့ခဲ့သည်။ သူမသည် လီယင်းတူကို ရှက်သွေးဖြာကာ ငေးမောကြည့်နေခဲ့ဖူးသည်။
ရလဒ်အနေဖြင့် လီယင်းတူ ပြန်မလာခဲ့ပေ။ အစပိုင်းတွင် သူသေဆုံးသွားကြောင်း သတင်းရရှိခဲ့ပြီး ၊ နောက်ပိုင်းတွင် သူသစ္စာဖောက်သွားကြောင်း သတင်းရရှိခဲ့သည်။ သူသည် ဂျာချင်အင်ပါယာ၏ ခေါင်းဆောင်ပင် ဖြစ်လာခဲ့သည်။
လက်ရှိတစ်ကြိမ်တွင် ဧကရာဇ်က သူမကို တုပိုင်နှင့် လက်ထပ်ပေးခဲ့ပြီး သူတို့ လက်ထပ်လိုက်ကြသော်လည်း မင်္ဂလာဦးခန်းဆောင်ထဲတွင် သေဆုံးသွားခဲ့ရသည်။
နင်းရွှဲ့သည် ကံဆိုးစေသူ မဟုတ်ပါလော။ နင်းရွှဲ့သည် ကိုယ်လုံးတီးဖြင့် တုပိုင်ကို ရင်ခွင်ထဲထည့်ကာ မရပ်မနား ငိုကြွေးနေလေသည်။ ခဏကြာမှ ဝိုင်တွင် အဆိပ်ပါနေသလောဟု သူမ တွေးမိလိုက်သည်။
တုပိုင်သည် ဝိုင်တစ်ခွက် သောက်ပြီးသည်နှင့် ချက်ချင်း သွေးအန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မင်းသမီးနင်းရွှဲ့သည် တုပိုင်၏ ခွက်ကို ကောက်ယူလိုက်ပြီး ဝိုင်ထပ်ထည့်ကာ တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်လေသည်။
ယခုအချိန်တွင် သူမ၌ အဆိပ်စစ်ဆေးရန် အခြားနည်းလမ်းများ ရှိနေသော်လည်း ရလဒ် ပိုမိုမြန်ဆန်စေရန်အတွက် ဖြစ်နိုင်ချေရှိသော အဆိပ်ဝိုင်ကို အလိုအလျောက် သောက်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ အဆိပ်ဝိုင်ဖြစ်ခဲ့လျှင် သူမလည်း သေဆုံးသွားမည်ဆိုသည်ကို သူမ မေ့လုနီးပါး ဖြစ်နေသည်။ သို့သော် သူမ ဂရုမစိုက်တော့ပေ၊ အကယ်၍ အဆိပ်ဝိုင်ဖြစ်ခဲ့လျှင် အတူတူသေဆုံးရခြင်းကပင် အဆင်ပြေသည်ဟု စိတ်ထဲ တွေးနေမိသည်။
အချစ်အတွက် သေဆုံးမည်ဟု သူမ မဆိုလိုသော်လည်း အနည်းဆုံးတော့ ဤအခိုက်အတန့်အတွက် သူမ သေရမည်ကို အမှန်တကယ် မကြောက်တော့ပေ။
သူမ ခွက်အနည်းငယ် သောက်လိုက်သော်လည်း မည်သို့မျှ မဖြစ်ဘဲ ဘေးကင်းနေဆဲပင်။ သို့သော် ဝိုင်အများကြီး သောက်ပြီးနောက်တွင်တော့ သူမ ပို၍ ငိုချင်လာတော့သည်။ ရုတ်တရက် ပုံရိပ်တစ်ခု အပြေးဝင်လာသည်။ အပြင်ဘက်မှ လီလျန်တင်းက မေးလိုက်၏။
“မင်းသမီးလေး ဘာဖြစ်လို့လဲ။ တု... တုပိုင် ဘာဖြစ်လို့လဲ”
မင်းသမီးနင်းရွှဲ့ ငိုကြွေးလျက် ပြောလိုက်သည်။
“အဘိုး... ဝင်လာပြီး ကြည့်ပါဦး ၊ တုပိုင်... တုပိုင် တစ်ခုခု ဖြစ်နေပြီ”
လီလျန်တင်း၏ ဦးနှောက်သည် ချက်ချင်း ပေါက်ကွဲလုမတတ် ဖြစ်သွားရလေ၏။ အလိုအလျောက် အပြေးဝင်သွားမိမလို ဖြစ်သော်လည်း ချက်ချင်း ပြန်ရပ်လိုက်ပြီး ပြောသည်။
“မင်းသမီးလေး... ကျွန်တော်မျိုးကြီး ဝင်လာတော့မယ်နော်”
မင်းသမီးနင်းရွှဲ့သည် သူမ၏ အဝတ်များကို တုပိုင် ချွတ်ထားသည်ကို သတိရသွားပြီး အဝတ်အစားများကို အမြန်ပြန်ဝတ်လိုက်သည်။ ခဏအကြာတွင် လီလျန်တင်း အပြေးဝင်လာသည်။ ထို မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတစ်ကိုယ်လုံး ချက်ချင်း ပေါက်ကွဲတော့မလို ဖြစ်သွားရလေ၏။ သူ့ခြေလှမ်းများ ယိုင်နဲ့သွားပြီး ရှေ့တွင် မူးဝေလာကာ မြေပြင်ပေါ်သို့ မူးမေ့လဲကျလုနီးပါး ဖြစ်သွားသည်။
ထို့နောက် သူသည် တုပိုင်၏ အသက်ရှူသံနှင့် နှလုံးခုန်သံကို အမြန်စမ်းသပ်ကြည့်လိုက်သည်။
လုံးဝ မရှိတော့ချေ။
“သွားပြီ... သွားပြီ... အကုန်သွားပြီ...”
မဟာဆရာသခင်များထဲမှ တစ်ဦးဖြစ်သော လီလျန်တင်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားပြီး မျက်ရည်များဖြင့် ရေရွတ်လိုက်သည်။
“ငါ... ငါ ဝမ်ဟွေ့ကို ဘယ်လို ရှင်းပြရပါ့မလဲ...”
မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေမင်ဓားဂိုဏ်းမှ နင်ဇောင်ဝူနှင့် ကျီလန်ထင်းတို့ အပြေးဝင်လာကြသည်။
နောက်ဆုံးတွင် ဧကရာဇ် ဝင်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရလေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် လုံးဝ သတိလစ် မေ့မြောသွားလေတော့သည်။
နင်ဇောင်ဝူသည် ဧကရာဇ်ကို ဆေးလုံးတစ်လုံး တိုက်ကျွေးလိုက်ပြီးနောက် ဧကရာဇ်၏ နှာခေါင်းအောက်တွင် အမွှေးတိုင်တစ်မျိုး ထွန်းပေးလိုက်သည်။
ဧကရာဇ် သတိပြန်ရလာရန် အချိန်အတော်ကြာလိုက်သည်။ သတိရလာပြီးနောက် သူသည် ဝမ်းနည်းပူဆွေးစွာဖြင့် တစ်လုံးချင်း မိန့်လိုက်လေ၏။
“ဒါ... ဒါက ငါ့ရဲ့ အပျော်နဲ့ အမောလား။ ဘုရားသခင်က ငါတို့ကို ဖျက်ဆီးတော့မှာလား”
“ငါက သေမယ့်သူ ၊ သေနေတဲ့သူလေ ၊ ဘာလို့ ကောင်းကင်ဘုံက ငါ့ကို မသေခိုင်းတာလဲ”
ဧကရာဇ်သည် မျက်ရည်ပင် မကျနိုင်တော့ဘဲ အသံတုန်တုန်ဖြင့် ဆက်ပြောသည်။
“ဘာလို့ သူ့လို လူငယ်လေးကို ခေါ်သွားရတာလဲ။ ဘာလို့ ငါ့ကို အသေမပေးတာလဲ”
ထို့နောက် ဧကရာဇ်သည် ရုတ်တရက် ထထိုင်လိုက်ပြီး အမိန့်ပေးလိုက်၏။
“လီလျန်တင်း ၊ သွား... အိမ်ရှေ့စံကို ဖမ်းထားလိုက်၊ ပြီးတော့ ဒီည စားပွဲသောက်ပွဲ တက်ရောက်သူ အားလုံးကို ဖမ်းထားလိုက်”
လီလျန်တင်း ချက်ချင်း ပြေးထွက်သွားလေသည်။
ထိုအချိန်တွင် အိမ်ရှေ့စံသည် ဝိုင်အနည်းငယ် သောက်ထားပြီး အိမ်ရှေ့စံအိမ်တော်သို့ ပြန်ရန် ပြင်နေသည်။
“အိမ်ရှေ့စံမင်းသား... ခဏလေးပါဘုရား”
လီလျန်တင်းက တားလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော်မျိုးနောက် လိုက်ခဲ့ပါဘုရား”
အိမ်ရှေ့စံ အံ့ဩသွားပြီး သူ့ဘေးမှ ကိုယ်ရံတော်များက ပို၍ပင် အံ့ဩသွားကြသည်။ လီလျန်တင်းသည် ပုံမှန်အားဖြင့် အိမ်ရှေ့စံအပေါ် အလွန်လေးစားသမှု ရှိသော်လည်း ယနေ့ မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်နေရသနည်း။
“ကောင်းပြီလေ ၊ အဘိုး လမ်းပြပါ”
အိမ်ရှေ့စံက ခွင့်ပြုလိုက်သည်။
ထို့နောက် သူတစ်ယောက်တည်း လီလျန်တင်းနောက်မှ အခန်းတစ်ခန်းထဲသို့ လိုက်သွားခဲ့သည်။
“အဘိုး ၊ အခု ကျွန်တော်တို့နှစ်ယောက်တည်း ရှိတာဆိုတော့... အဘိုးမျက်နှာ မကောင်းပါလား ၊ ဘာဖြစ်လို့လဲ”
အိမ်ရှေ့စံက မေးလိုက်သည်။
လီလျန်တင်း သည်းမခံနိုင်တော့ဘဲ အံကိုကြိတ်ကာ တုန်ရီစွာ ပြောလိုက်၏။
“တုပိုင်... သူ ဝိုင်တစ်ခွက် သောက်ပြီးပြီးချင်း သွေးတွေ အန်တော့တာပဲ၊ အခု... သူ အသက်မရှူတော့ဘူးဘုရား”
“ဘာ...”
အိမ်ရှေ့စံ ပျော့ခွေသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် စားပွဲခုံကို မှီလိုက်ရသည်။ သူက ကုလားထိုင်ပေါ် ထိုင်ချချင်သော်လည်း အကြိမ်ကြိမ် လျှောကျနေပြီး ငြိမ်ငြိမ်ထိုင်ရန်ပင် မတတ်နိုင်ဖြစ်နေသည်။
ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရတော့ဘဲ လုံးဝ ပျော့ခွေသွားသည့်အလား။ ထို့နောက် သူလည်း မူးဝေလာပြီး အာခေါင်ခြောက်လာသည်။
‘စိတ်အေးအေးထားရမယ်... စိတ်အေးအေးထားရမယ်’
သူ့စိတ်ကို ငြိမ်သက်အောင် ကြိုးစားရင်း ခေါင်းကို အသည်းအသန် ခါလိုက်သည်။ သို့သော် ဦးနှောက်တစ်ခုလုံး လုံးဝ ဗလာဖြစ်နေပြီး နှာခေါင်းနှင့် ပါးစပ်တို့ ပြိုင်တူ ဟောဟဲလိုက်နေသည်။
“သွားပြီ... သွားပြီ... ငါ့တာ့နင်အင်ပါယာကြီး တစ်ဝက်လောက် ပြိုလဲသွားပြီလား”
အိမ်ရှေ့စံ သူ့ဘာသာ ရေရွတ်လိုက်သည်။
ခဏအကြာတွင် အိမ်ရှေ့စံက မေးလိုက်၏။
“အဘိုး ၊ ခမည်းတော်က ကျွန်တော့်ကို ထိန်းသိမ်းထားဖို့ ခိုင်းလိုက်တာလား”
လီလျန်တင်းက တိတ်ဆိတ်စွာ ဝန်ခံလိုက်သည်။
အိမ်ရှေ့စံ၏ မျက်နှာသည် နာကျင်မှုကြောင့် တုန်ရီသွားသည်။ သူ့ခမည်းတော်က သံသယစိတ်ဖြင့် တုပိုင်ကို အဆိပ်ခတ်ခဲ့သည်ဟု ထင်နေကြောင်း သူသိလိုက်ရသဖြင့် ရင်ထဲတွင် ကွဲအက်မတတ် ခံစားလိုက်ရသည်။
သို့သော်... သူ အမှန်တကယ် မလုပ်ခဲ့ပေ။ သူ အရူးတစ်ယောက် မဟုတ်ပေ။ တုပိုင်သည် အင်ပါယာ အနောက်တောင်ပိုင်း၏ အားကိုးရာ တံတိုင်းကြီး ဖြစ်လာပြီ။ မည်သည့်အတွက်ကြောင့် ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်းတို့က တော်ဝင်မိသားစု၏ ခြေရင်းတွင် ပြန်လည် ဒူးထောက်လာကြသနည်း။
တုပိုင်မရှိလျှင် သူ့အိမ်ရှေ့စံနေရာသည်လည်း မတည်မငြိမ် ဖြစ်သွားလိမ့်မည်။
မြောက်ပိုင်းတွင် အဆုံးအဖြတ်တိုက်ပွဲ ဖြစ်ပွားတော့မည်ဖြစ်ပြီး တုပိုင်၏ အနောက်တောင်ပိုင်းဒေသသည် တော်ဝင်မိသားစုအတွက် နောက်တန်းနယ်မြေ၊ အကြီးမားဆုံး ထွက်ပေါက် ဖြစ်လာခဲ့သည်။
အကယ်၍ မြောက်ပိုင်းတွင် ရှုံးနိမ့်ခဲ့လျှင် ယန်မင်းသားသည် နန်ကျင်းတွင် ထီးနန်းစိုးစံနိုင်ခြေ အလွန်များပြီး အိမ်ရှေ့စံကတော့ အနောက်တောင်ပိုင်းသို့ သွားရောက်ကာ ဧကရာဇ် လုပ်ရပေလိမ့်မည်။
သူ့အိမ်ရှေ့စံမင်းသားသည် မည်မျှပင် သဘောထားသေးသိမ်ရမည်နည်း။ သူသည် ယခုအချိန်တွင် တုပိုင်ကို သတ်ဖြတ်ရလောက်အောင် မည်မျှပင် တုံးအ ၊ ရမည်နည်း။
‘ခမည်းတော်... ခမည်းတော်ရဲ့ စိတ်ထဲမှာ ကျွန်တော်... ကျွန်တော်က အဲဒီလောက်တောင် တုံးအပြီး နေရာမရှိတော့ဘူးလား’
‘ခမည်းတော်... တုပိုင်က လျှို့ဝှက်စာကို ထုတ်ပြလိုက်တဲ့အချိန်မှာ ကျွန်တော် ဝမ်းသာပြီး စိတ်သက်သာရာ ရသွားခဲ့တယ်ဆိုတာ ခမည်းတော် မသိခဲ့ဘူးလား။ ဒါက တုပိုင်ရဲ့ သစ္စာရှိမှုကို သက်သေပြနေတာလေ။ ကျွန်တော် သူ့ကို အပြစ်တင်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပါဘူး ၊ တကယ်ပါ’
အိမ်ရှေ့စံသည် စိတ်နှလုံး ထဲတွင် အော်ဟစ်နေပြီး မည်သူမျှ နားမလည်နိုင်သော စကားများကို တိုးတိုးလေး ရေရွတ်နေလေ၏။
အကယ်၍ ယခု တုပိုင်သာ မြို့တော်တွင် သေဆုံးသွားပါက အနောက်တောင်ပိုင်းသည် သေချာပေါက် ပုန်ကန်လိမ့်မည် ၊ အနည်းဆုံးတော့ တော်ဝင်မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်လိမ့်မည်။ လီဝမ်ဟွေ့ပင် တားဆီးနိုင်မည် မဟုတ်ပေ။ အနောက်တောင်ပိုင်းရှိ စစ်သည်နှစ်သိန်းနီးပါးသည် တုပိုင်ကို ဘုရားသခင်သဖွယ် မှတ်ယူထားကြသည်။
အခြေအနေသည် အလွန်ဆိုးရွားလာပြီဖြစ်လေ၏။
“ဘုရားသခင် ၊ ကျွန်တော် ဘုရားသခင်ကို မယုံကြည်ပေမဲ့ အခုချိန်မှာတော့ တကယ် ဆုတောင်းနေမိပါပြီ၊ တုပိုင်ကို အသေမပေးပါနဲ့ ၊ အဲဒီလိုမှ မဟုတ်ရင်... အရာအားလုံး တကယ် ပြီးဆုံးသွားပါလိမ့်မယ်”
**--**--**--**--**--**--**--**
မင်္ဂလာဦးခန်းဆောင် အတွင်း၌ ရုတ်တရက် ကျီလန်ထင်းက ပြောလိုက်၏။
“တုပိုင် မသေသေးဘူး...”
“သူ အသက်မရှူတော့ဘူး၊ နှလုံးမခုန်တော့ဘူး ဆိုပေမဲ့ သူ့ဒန်တျန်ထဲမှာ အသက်ငွေ့လေး နည်းနည်း ကျန်နေသေးတယ်”
ဧကရာဇ်နှင့် မင်းသမီးနင်းရွှဲ့တို့ ထိတ်လန့်သွားပြီး ကျီလန်ထင်းကို ကြည့်လိုက်ကြသည်။
မင်းသမီးနင်းရွှဲ့က လှပသော မျက်ဝန်းများဖြင့် ကျီလန်ထင်းကို ကြည့်ကာ မေးလိုက်၏။
“ဆရာကြီးကျီ ၊ သူ့ကို ကယ်ဖို့ နည်းလမ်းရှိလားဟင် ၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ၊ ကျွန်မတို့ ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်”
ကျီလန်ထင်းက ရှင်းပြသည်။
“အခုက သူ့ဘာသာ ရှာတဲ့လမ်းပဲ။ အဲဒီနေ့က လီရူဟိုင်ကို သူဘာလို့ သတ်နိုင်ခဲ့တာလဲ။ သူက အရမ်းကြောက်စရာကောင်းတဲ့ အမှောင်ဒြပ်စင်တစ်ခုကို သောက်ခဲ့လို့ပဲ။ အဲဒါက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း အဆမတန် တိုးပွားသွားစေပြီး လီရူဟိုင်ကို တစ်ချက်တည်းနဲ့ သတ်နိုင်စေခဲ့တာ။ ဒါပေမဲ့ အဲဒါအတွက် သူ့ရဲ့ အသက်စွမ်းအင်နဲ့ ခွန်အားတွေက ကြောက်စရာကောင်းလောက်အောင် ကုန်ခမ်းသွားခဲ့ရတယ်”
ကျီပြောင်ပြောင်က ငိုလျက် ဖြည့်စွက်ပြောလိုက်သည်။
“ဟုတ်တယ် ၊ လီရူဟိုင်ကို သတ်ပြီးတဲ့နောက် တုပိုင် ရုတ်တရက် မူးမေ့လဲကျသွားပြီး သတိလစ်သွားခဲ့တယ်။ မူးလဲတဲ့ အကြိမ်အရေအတွက်ကလည်း ပိုပိုစိတ်လာတယ်။ ကျွန်မကလွဲပြီး ဘယ်သူမှ ဒီအကြောင်းကို မသိခဲ့ကြဘူး”
ကျီလန်ထင်းက မှတ်ချက်ချလိုက်၏။
“တကယ့်ကို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ သေမင်းတံခါးဝနဲ့ တဖြည်းဖြည်း နီးကပ်လာတာတောင် ပေမင်ဓားဂိုဏ်းကို မသွားသေးဘူး။ မြို့တော်ကို ဆက်ချီတက်ဖို့တောင် ဇွတ်အတင်း လုပ်ခဲ့သေးတယ်။ လုံးဝကို ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ”
ဧကရာဇ်က ကျီလန်ထင်းကို ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။
“ဆရာကြီးကျီ... ကျေးဇူးပြုပြီး တုပိုင်ကို ကယ်ဖို့ ဆရာကြီးတို့အဖွဲ့ ကူညီပေးကြပါဗျာ”
ကျီလန်ထင်းက ဘေးသို့ ရှောင်လိုက်ပြီး ဧကရာဇ်၏ ဂါရဝပြုမှုကို ရှောင်ရှားလိုက်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၇ + ၆၀၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team