← Chapters

အခန်း (၆၀၉-၆၁၀)

Vol. 61 Ch. 609-610

အခန်း (၆၀၉-၆၁၀)

Vol. 61 Ch. 609-610

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၉ + ၆၁၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ပေမင်ဓားဂိုဏ်းသည် လောကီရေးရာများနှင့် ကင်းကွာနေသော်လည်း တာ့နင်အင်ပါယာ၏ ဧကရာဇ်မှာမူ ဤကမ္ဘာကြီး၏ အရှင်သခင်ဖြစ်ပြီး အများစုက သူ့ကို အရှေ့အာရှတိုက်တစ်ခုလုံး၏ အုပ်ချုပ်သူအဖြစ် အသိအမှတ်ပြုထားကြလေသည်။

“ကျွန်တော် တုပိုင်ကို ပေမင်ဓားဂိုဏ်းဆီ ခေါ်သွားလိုက်ပါ့မယ်...”

ကျီလန်ထင်းက လေးလေးနက်နက် လျှောက်တင်လိုက်၏။

“ပေမင်ဓားဂိုဏ်းက သူ့ကို ကယ်ချင်မကယ်ချင် ဆိုတာကတော့ သူ့အပေါ် မူတည်ပါတယ်။ ပေမင်အကြီးအကဲများကောင်စီဝင် အများစုက သူ့ကို သေစေချင်ကြတာ။ ဒါ့အပြင် အခု သူ့ဒန်တျန်ထဲမှာ အသက်ငွေ့လေး နည်းနည်းပဲ ကျန်တော့တာလေ။ သူအသက်ရှင်နိုင်မလား ဆိုတာ လုံးဝ မသေချာပါဘူး”

ထို့နောက် ကျီလန်ထင်းသည် တုပိုင်ကို ပွေ့ချီလိုက်ပြီး နှုတ်ဆက်စကား ဆိုလိုက်သည်။ “ကျွန်တော် သူ့ကို ပေမင်ဓားဂိုဏ်းဆီ ပြန်ခေါ်သွားတော့မယ် ၊ သွားခွင့်ပြုပါဦး”

ရွှီးးးး။ လေတိုးသံတစ်ချက်သာ ကြားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေတော့၏။

ခဏအကြာတွင် ဧကရာဇ်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အိမ်ရှေ့စံမင်းသားကို သွားရောက်တွေ့ဆုံလေသည်။ ဧကရာဇ်၏ မျက်နှာထားမှာ ခန့်မှန်းရခက်ပြီး အေးစက်တည်ငြိမ်နေသည်။

“တုပိုင်က အမှောင်ဒြပ်စင်ရဲ့ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရပြီ။ အခုချိန်မှာ သူ့ကို ပေမင်ဓားဂိုဏ်းဆီ ခေါ်သွားကြပြီ။ ကယ်နိုင်မကယ်နိုင် ဆိုတာကတော့ ဘုရားသခင်ရဲ့ အလိုဆန္ဒအပေါ်ပဲ မူတည်တော့တယ်”

ဧကရာဇ်က ပြတ်သားစွာ မိန့်ကြားလိုက်သည်။

ဘုန်း။ ရုတ်တရက် အိမ်ရှေ့စံသည် ဒူးထောက်ချလိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။ သူ၏ ငိုရှိုက်သံသည် နန်းဆောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

ဧကရာဇ်က သက်ပြင်းချကာ မိန့်သည်။ “မင်း မတရားခံလိုက်ရတာပဲ...”

အိမ်ရှေ့စံသည် ခေါင်းကို အသည်းအသန် ခါလိုက်ပြီး တုန်ရီသောအသံဖြင့် လျှောက်တင်လေ၏။

“ခမည်းတော်... ကျွန်တော် အတွေးလွန်ခဲ့မိတာပါ၊ ကျွန်တော် အတွေးလွန်ခဲ့မိတာပါ။ ဒါပေမဲ့... ခမည်းတော်နဲ့ အင်ပါယာအပေါ်ထားတဲ့ ကျွန်တော့်စိတ်က ညီမတော်နင်းရွှဲ့နဲ့ အတူတူပါပဲ”

ထို့နောက် အိမ်ရှေ့စံသည် မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားပြီး မထနိုင်လောက်အောင် သည်းထန်စွာ ငိုကြွေးနေလေတော့သည်။

**--**--**--**--**--**--**--**

ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီ...။ ဤနေရာသည် ကမ္ဘာ့အမြင့်ဆုံး သိုင်းပညာအာဏာပိုင်အဖွဲ့အစည်း ဖြစ်သင့်ပေသည်။ တာ့အန်ချိုကျွန်းထက် လုံးဝ သာလွန်မြင့်မြတ်သော နေရာတစ်ခုဖြစ်သည်။

သို့သော် စိတ်ကူးထားသလောက် ခမ်းနားထည်ဝါခြင်း မရှိဘဲ သီးခြားကျွန်းတစ်ကျွန်းမျှသာ ဖြစ်နေလေ၏။

ထိုသီးခြားကျွန်းပေါ်တွင် ကျောက်သားဖြင့် ထွင်းထုထားသော လေဟာပြင် ဘုရားကျောင်းတစ်ခု ရှိသည်။ ဘုရားကျောင်းထဲတွင် ထိုင်ခုံထောင်ပေါင်းများစွာ ရှိပြီး ထိုင်ခုံတစ်ခုစီတိုင်းသည် အလွန်ကြမ်းတမ်းကာ အားလုံးကို ကျောက်သားဖြင့် ထွင်းထုထားခြင်း ဖြစ်သည်။

ထို့အပြင် ဤဘုရားကျောင်း၏ ကြီးမားသော တိုင်လုံးကြီးသည်ပင် ပြိုကျပျက်စီးနေ၏။ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီသည် ဤမျှ ရိုးရှင်းပြီး ရှေးဆန်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားမည်မဟုတ်ချေ။

သို့သော် ဤအချက်က အရှေ့တိုင်းကမ္ဘာတစ်ခုလုံး၏ အထွတ်အထိပ် အာဏာပိုင်နေရာ ဖြစ်နေခြင်းကို ပြောင်းလဲသွားစေမည် မဟုတ်ပေ။

“တုပိုင် သေပြီ။ ဒါ ဘုရားသခင်ရဲ့ အလိုဆန္ဒပဲ။ ဘာလို့ သူ့ကို ကယ်ချင်နေရတာလဲ”

အကြီးအကဲတစ်ဦးက ဒေါသတကြီး ထအော်လိုက်သည်။

“ဟုတ်တယ် ၊ သူ့ကို ကယ်လိုက်ရင် ဘာလုပ်မှာလဲ။ ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ အနာဂတ် ပြီးဆုံးသွားမှာလား”

နောက်ထပ် အကြီးအကဲတစ်ဦးကလည်း ထောက်ခံလိုက်၏။ “အရင်တုန်းက အကြီးအကဲတွေက ငွေရောင်ဝတ်ရုံ တရားသူကြီးတွေကို စေလွှတ်ပြီး လီလျန်တင်းနဲ့ တုပိုင်ကို သတ်ခိုင်းခဲ့တယ်။ ရလဒ်ကတော့ လီတောက်ယွဲ့ သစ္စာဖောက်သွားပြီး ကျီယင်ယင် ရူးသွပ်သွားလို့ ငါတို့ဘက်က မဟာဆရာသခင်အဆင့် စွမ်းအားရှင် ၄ ယောက် ဆုံးရှုံးလိုက်ရတယ်။ အဲဒီနောက်ပိုင်း ငါတို့ တုပိုင်ကို ဆက်ပြီး လိုက်မသတ်ခဲ့တာက တချို့လူတွေ အသည်းအသန် ကြိုးပမ်းပေးခဲ့လို့ပဲ။ အခု ငါတို့က တုပိုင်ကို ကယ်ပြီး သူ့ရဲ့ နွေဦးနဲ့ ဆောင်းဦး အိပ်မက်တွေကို ဆက်မက်စေချင်သေးတာလား”

ထိုစဉ် နီရှန်နတ်မိမယ်သည် အားနည်းနေသေးသော်လည်း ရုတ်တရက် ထရပ်လိုက်ပြီး မခံမရပ်နိုင်စွာ တုံ့ပြန်လိုက်၏။

“ကျွန်မတို့ ပေမင်ဓားဂိုဏ်းက လောကီရေးရာနဲ့ ကင်းကွာနေတာပါ။ ကျွန်မတို့က ဘယ်တုန်းက သူများရဲ့ လက်ပါးစေ ခွေးတစ်ကောင်ဖြစ်ပြီး ဧကရာဇ်ရဲ့ လူယုံတစ်ယောက်ကို လိုက်သတ်ပေးရတဲ့ အဆင့်ရောက်သွားတာလဲ”

ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲက မျက်မှောင်ကြုတ်ကာ ဟန့်တားလိုက်သည်။

“နီရှန်... ငါမင်းကို လေးလေးနက်နက် သတိပေးလိုက်မယ်။ အရှေ့ဘက် ပြည်ထောင်စုက ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ အရေးအကြီးဆုံး မဟာမိတ်ပဲ။ ပြိုင်ဘက်မရှိဘူး”

နီရှန်က နှာခေါင်းရှုံ့ကာ ပြန်ပြော၏။

“မဟာမိတ် ဟုတ်လို့လား။ လက်ပါးစေခွေး ဖြစ်နေတာ မဟုတ်ဘူးလား။ အဲဒီလိုမှ မဟုတ်ရင် ဘာလို့ ဂုဏ်သိက္ခာရှိတဲ့ ငွေရောင်ဝတ်ရုံ တရားသူကြီးက ​လုပ်ကြံသတ်ဖြတ်သူ ဖြစ်သွားရမာလဲ”

ဝုန်းးး။ ရုတ်တရက် အကြီးအကဲများကောင်စီတစ်ခုလုံး ငြင်းခုံသံများဖြင့် ဆူညံပွက်လောရိုက်သွားပြန်သည်။

ဤသည်မှာ အရှေ့တိုင်းကမ္ဘာတစ်ခုလုံး၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း ဖြစ်ပြီး မြင့်မြတ် ၊ စွမ်းအားကြီးကာ ခန့်ညားထည်ဝါသည်။

သို့သော် လက်တွေ့တွင်မူ ဤနေရာသည် ကြက်မွှေးများ ပြန့်ကျဲနေသော ဈေးခင်းတစ်ခုပမာ ဖြစ်နေလေသည်။ ဤနေရာရှိ လူတိုင်းသည် သိုင်းပညာတွင် အလွန်စွမ်းအားကြီးပြီး အံ့မခန်း အာဏာများကို ပိုင်ဆိုင်ထားကြသော်လည်း အစည်းအဝေးတိုင်းတွင် ဆူညံပွက်လောရိုက်ခြင်း ၊ စားပွဲခုံများ ရိုက်ခွဲခြင်း ၊ ထိုင်ခုံများ ကန်ကျောက်ခြင်းတို့ ရှိနေတတ်သည်။ သို့သော် သူတို့သည် တိုက်ခိုက်ခြင်းကား မပြုကြပေ။ တိုက်ခိုက်လိုစိတ် မရှိ၍ မဟုတ်ဘဲ သိုင်းပညာအဆင့် မြင့်မားလွန်းနေကြသောကြောင့် အချင်းချင်း ထိန်းချုပ်ထားကြခြင်း ဖြစ်၏။

“ပေမင်ဘိုးဘေးက ကမ္ဘာ့အက်ကွဲကြောင်းကို စောင့်ကြပ်ဖို့နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ မြင့်မြတ်တဲ့ တာဝန်ကို ကာကွယ်ဖို့ ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့တာပါ”

နီရှန်နတ်မိမယ်က အေးစက်စွာ ပြောလိုက်၏။ သူမ၏ အသံတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။

“ကျွန်မ ကိုယ်ကျိုးအတွက် မသေနိုင်ဘူး ၊ ဒီမှာရှိတဲ့ လူတိုင်းရဲ့ အာဏာလိုချင်စိတ်အတွက် မသေနိုင်ဘူး။ ပေမင်ဘိုးဘေးရဲ့ ဟောကိန်းက ရှင်းလင်းပြီးသားပါ။ တုပိုင်က ဒီဟောကိန်းထဲက လူပဲ ၊ တာဝန်ကို ထမ်းဆောင်မယ့် ကောင်းကင်သခင်ပဲ။ ဒါပေမဲ့ ရှင်တို့ထဲက တချို့လူတွေက ကိုယ့်အကျိုးအတွက် ပေမင်ဓားဂိုဏ်းရဲ့ အာဏာကို လျစ်လျူရှုပြီး တုပိုင်ကို သေခွင့်ပေးလိုက်ရုံမက ၊ သူ့ကို ထပ်ခါထပ်ခါ သတ်ဖို့တောင် ကြိုးစားနေကြတယ်”

“ကိုယ်ကျိုးအတွက်နဲ့ ပေမင်ဓားဂိုဏ်း တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကို လျစ်လျူရှုတော့မှာလား...”

“ကိုယ်ကျိုးအတွက်နဲ့ ပေမင်ဘိုးဘေးရဲ့ မူလရည်ရွယ်ချက်ကို လျစ်လျူရှုတော့မှာလား...”

နီရှန်နတ်မိမယ် အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

လူတိုင်း တိတ်ဆိတ်သွားကြသော်လည်း စိတ်ထဲတွင်တော့ အထင်သေးနေကြသည်။

‘ကိုယ်ကျင့်တရား၏ အမြင့်ဆုံးနေရာတွင် ရပ်တည်နေရသည်မှာ မပင်ပန်းပါသလော။ ခါးမညောင်းပါသလော’

သူတို့သည် ပေမင်ဘိုးဘေးကို နှုတ်ဖြင့်သာ ရိုသေပြနေကြခြင်း ဖြစ်သည်။ သူ့စကားများကို နှစ်ထောင်ချီပြီး အမှန်တရားအဖြစ် အမှန်တကယ် ယူချင်နေကြပါသလော။ ထိုအရာသည် နှစ်တစ်ထောင် သက်တမ်းရှိသော အမှန်တရားပါလော။

တာ့နင်အင်ပါယာ၏ ဧကရာဇ်ထိုက်ကျူ ချမှတ်ခဲ့သော စည်းမျဉ်းများ အများကြီးရှိသော်လည်း မည်သည့်စည်းမျဉ်းက ပြောင်းလဲမသွားဘဲ ကျန်ရစ်ခဲ့ပါသနည်း။ ဘိုးဘွားစဉ်ဆက် စနစ်ဆိုသည်မှာ မည်သည့်နေရာတွင် ရှိပါသနည်း။

ပေမင်ဘိုးဘေးသည် အလွန်ကြီးမြတ်ပါသည် ၊ သို့သော် သူ့စကားအချို့ကိုမူ အတည်ယူ၍ မရနိုင်ပေ။ နေ့တိုင်း သူ့စကားများကို ရွတ်နေရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသလော။

မူလရည်ရွယ်ချက်ကို မေ့မပစ်ဘဲ အမြဲတမ်း ဆုပ်ကိုင်ထားရမည် ဆိုသည်မှာ အဘယ်ကြောင့်နည်း။

အားလုံး လိမ်ညာနေကြခြင်းသာဖြစ်၏။ အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်ပြီး ရေလိုက်ငါးလိုက် နေထိုင်ခြင်းကသာ အမှန်တရား ဖြစ်သည်။

ဤသည်တို့မှာ ပေမင်ဓားဂိုဏ်း အကြီးအကဲများ၏ ရင်ထဲရှိ စကားများ ဖြစ်ပြီး သူတို့ လုံးဝ ထုတ်ဖော်မပြောရဲကြပေ။ ပေမင်ဘိုးဘေးသည် ဘုရားသခင်သဖွယ် ဖြစ်ပြီး သူ့ကို နှုတ်ဖြင့် ဆန့်ကျင်ရုံနှင့်ပင် ကြီးလေးသော ပြစ်မှုကျူးလွန်ရာ ရောက်သည်။ သို့သော် စိတ်ထဲတွင် မည်သို့တွေးတွေး ကိစ္စမရှိပေ။

“တုပိုင်က ပေမင်ဘိုးဘေး ဟောကိန်းထုတ်ထားတဲ့ တာဝန်ရှင် ကောင်းကင်သခင်မို့လို့ မဖြစ်မနေ ကယ်ရမယ်”

နီရှန်နတ်မိမယ်က အေးစက်စွာ အဆိုပြုလိုက်၏။

“တုပိုင်ကို ကယ်ဖို့ သဘောတူရင် လက်မြှောက်”

ထို့နောက် သူမ လက်ကို မြင့်မြင့်မြှောက်လိုက်သည်။

သို့သော်... လူအနည်းငယ်သာ သူမကို ထောက်ခံကြသည်။ ရောက်ရှိနေသော လူဒါဇင်ပေါင်းများစွာထဲတွင် ၁၀ ရာခိုင်နှုန်းအောက်သာ တုပိုင်ကို ကယ်တင်ရန် လက်မြှောက်ကြသည်။

ဤမြင်ကွင်းကို ကြည့်ရှုပြီး နီရှန်နတ်မိမယ် စိတ်ပျက်အားငယ်သွားရသည်။ ပေမင်ဓားဂိုဏ်းသည် လုံးဝ ယိုယွင်းပျက်စီးသွားခဲ့ပြီ ၊ လောကီနှင့် ကင်းကွာသော အဖွဲ့အစည်း မဟုတ်တော့ပေ။ ဤအကြီးအကဲများသည် အာဏာ၏ အရသာတွင် နစ်မြုပ်သွားလေပြီ။ သူတို့လက်ထဲရှိ အာဏာအတွက် ပေမင်ဓားဂိုဏ်း၏ တာဝန်ကို လုံးဝ လျစ်လျူရှုလိုက်ကြလေပြီ။ တုပိုင်ကို မကယ်တင်ဘဲ သေခွင့်ပေးရန် ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီက ဆုံးဖြတ်လိုက်ပြီဖြစ်လေ၏။

နီရှန်နတ်မိမယ်က နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်၏။

“ရှင်တို့အတွက် ကျွန်မ တကယ် ရှက်မိတယ်”

ထို့နောက် နီရှန်က လေဟာပြင်သို့ မော့ကြည့်ကာ အော်ပြောလိုက်သည်။

“ဆရာသခင်... ၊ အရှင်မင်းကြီး... ၊ ရှင်ကြားနေရတယ်ဆိုတာ ကျွန်မ သိပါတယ် ၊ မထွက်လာသေးဘူးလား”

တိတ်ဆိတ်နေသည်... မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

နီရှန်နတ်မိမယ် ထပ်မံ အော်ဟစ်လိုက်၏။ “ဂိုဏ်းချုပ် နင်တောက်ရွှမ်... အရှင်မင်းကြီး နင်တောက်ရွှမ်...”

“ဟူးးး”

ရှည်လျားသော သက်ပြင်းချသံ သဲ့သဲ့ ထွက်ပေါ်လာသည်။ ထို့နောက် နင်တောက်ရွှမ်၏ ပုံရိပ်သည် လေထဲတွင် ခြေချလိုက်သကဲ့သို့ ဘုရားကျောင်းအထက်၌ လူတိုင်း၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ပေါ်လာလေသည်။

နီရှန်နတ်မိမယ်က မေးလိုက်၏။

“အရှင်မင်းကြီး ၊ ပေမင်ဘိုးဘေးရဲ့ ဆန္ဒကို လိုက်နာသင့်တယ်လို့ ထင်ပါသလား။ တုပိုင်ကို ကယ်သင့်ပါသလား”

နင်တောက်ရွှမ် ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်မေးလိုက်သည်။ “ဘယ်လို ကယ်မှာလဲ”

နီရှန်နတ်မိမယ်က ချက်ချင်း ဖြေသည်။

“စွမ်းအားအကုန်သုံးပြီးပေါ့။ တုပိုင်ရဲ့ အသက်စွမ်းအင်နဲ့ ခွန်အားအားလုံးက အမှောင်ဒြပ်စင်ရဲ့ ဝါးမြိုတာ ခံလိုက်ရတယ်။ ပြီးတော့ လီရူဟိုင်ကို သတ်လိုက်တဲ့ အချိန်မှာ အကုန် ထုတ်သုံးလိုက်ရတယ်။ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို တုပိုင်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်ရင် ဟန်ချက်ညီသွားပြီး အသက်ပြန်ရှင်လာနိုင်ပါတယ်”

နင်တောက်ရွှမ်က မျက်ခုံးပင့်ကာ မေးလိုက်၏။

“မင်းဆိုလိုတာက မဟာဆရာသခင် အများအပြားရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေနဲ့ တုပိုင်ရဲ့ ခန္ဓာကိုယ်ထဲက ဟာကွက်ကို ဖြည့်ပေးရမယ် ဆိုတဲ့ သဘောလား”

နီရှန်နတ်မိမယ်က ပြတ်သားစွာ ပြန်ဖြေသည်။

“အဲဒီတော့ ဘာဖြစ်လဲ။ ကျွန်မ ပထမဆုံး စလုပ်ဖို့ ဆန္ဒရှိပါတယ်”

နင်တောက်ရွှမ်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ဒီနည်းလမ်းနဲ့ တုပိုင် အသက်ပြန်ရှင်လာမယ်ဆိုတာ မင်းဘယ်လိုသိလဲ။ အခု သူ့နှလုံးခုန် ရပ်သွားပြီ ၊ အသက်ရှူ ရပ်သွားပြီ ၊ ဦးနှောက်တောင် အလုပ်မလုပ်တော့ဘူး။ သူ့ဒန်တျန်ထဲမှာ အသက်ငွေ့လေး နည်းနည်းပဲ ကျန်တော့တာ။ လူသားတစ်ယောက်ရဲ့ အမြင်အရ ကြည့်မယ်ဆိုရင် သူသေနေပြီလို့ သတ်မှတ်လို့ ရတယ်”

နီရှန်နတ်မိမယ်က မျက်ရည်ဝဲလျက် မေးလိုက်၏။

“ဆရာသခင် ၊ ရှင်တောင်မှ တုပိုင်ကို မကယ်ချင်တော့ဘူးလား ၊ ဘိုးဘေးရဲ့ တာဝန်ကို မထမ်းဆောင်ချင်တော့ဘူးလား”

နင်တောက်ရွှမ်သည် နီရှန်နတ်မိမယ်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် အမိန့်တစ်ခု ချမှတ်လိုက်သည်။

“အားလုံး အမိန့်ကို နာခံကြလော့”

ဝုန်းးး။ ချက်ချင်းပင် ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ဒါဇင်ပေါင်းများစွာ အားလုံး မတ်တတ်ရပ်ကာ တညီတညွတ်တည်း ဦးညွှတ်ပြီး ဟစ်အော်လိုက်ကြသည်။

“ဂိုဏ်းချုပ်ကြီး အမိန့်ပေးပါ...”

နင်တောက်ရွှမ်က အမိန့်ပေးလိုက်၏။

“တုပိုင်ဟာ ဘိုးဘေးဟောကိန်းထုတ်ထားတဲ့သူ ၊ တာဝန်ရှင် ကောင်းကင်သခင် ဖြစ်တယ်။ ထုံးတမ်းစဉ်လာအရ သူ့ကို ယခင်မျိုးဆက် ဂိုဏ်းချုပ်တွေလိုပဲ ကမ္ဘာ့အက်ကွဲကြောင်းထဲမှာ မြှုပ်နှံလိုက်ကြ”

“မလုပ်ပါနဲ့...” နီရှန်နတ်မိမယ် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကမ္ဘာ့အက်ကွဲကြောင်းကား မည်သည့်နေရာတွင် ရှိသနည်း။ ကမ္ဘာ့အက်ကွဲကြောင်းဆိုသည်မှာ အဘယ်နည်း။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က လောကနှစ်ခု ပေါင်းဆုံခဲ့ပြီး မရေမတွက်နိုင်သော ကမ္ဘာခြားစွမ်းအင်များသည် ဥက္ကာခဲများအဖြစ် ပြောင်းလဲကာ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုကမ္ဘာနှစ်ခု ဆုံမှတ်တွင် ကမ္ဘာ့အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထို့ကြောင့် ကမ္ဘာ့အက်ကွဲကြောင်း ဆိုသည်မှာ အလွန်စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ စုတ်ပြဲထွက်နေသည့် အပေါက်ဝကြီးပင် ဖြစ်သည်။

ပေမင်ဓားဂိုဏ်း၏ တာဝန်မှာ အရှေ့တိုင်းကမ္ဘာရှိ ဤအက်ကွဲကြောင်း ၊ ဤကမ္ဘာ့အက်ကွဲကြောင်းကို စောင့်ကြပ်ရန် ဖြစ်သည်။

ဤတာဝန်ကို ထမ်းဆောင်ရန်အတွက် ပေမင်ဓားဂိုဏ်း၏ မျိုးဆက်တစ်ခုစီမှ ဂိုဏ်းချုပ်များကို ကမ္ဘာ့အက်ကွဲကြောင်းထဲတွင် မြှုပ်နှံကြရသည်။ မြှုပ်နှံသည်ဟု ဆိုရာတွင် အမှန်တကယ်တော့ ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

အထဲသို့ ဝင်သွားလျှင် အကျိုးဆက်တစ်ခုသာ ရှိသည် ၊ ကြီးမားသော စွမ်းအင်အောက်တွင် ပြာမှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွားရခြင်း ဖြစ်သည်။

နင်တောက်ရွှမ်၏ အမိန့်မှာ အလွန်ရိုးရှင်းသည်။ တုပိုင် သေဆုံးသွားပြီ ဖြစ်သောကြောင့် သူသည် ပေမင်မသေမျိုးဂိုဏ်း၏ ဟောကိန်းထုတ်ထားသူ ဖြစ်သည့်အတွက် ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့အက်ကွဲကြောင်းထဲတွင် အတူတကွ မြှုပ်နှံလိုက်ရန် ဖြစ်သည်။

“မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ ၊ မလုပ်ကြပါနဲ့...”

“ပေမင်ဓားဂိုဏ်းက နာမည်ဂုဏ်သတင်းကိုပဲ မက်မောကြတာလား”

“ပေမင်ဓားဂိုဏ်းက ဘိုးဘေးရဲ့ ရည်ရွယ်ချက်ကို သစ္စာဖောက်လိုက်ပြီ”

နီရှန်နတ်မိမယ် အသည်းအသန် အော်ဟစ်ရုန်းကန်လိုက်သည်။ သို့သော် သူမသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ပြန်မကောင်းသေးပေ။ ငွေရောင်ဝတ်ရုံ တရားသူကြီး အနည်းငယ်က သူမကို မြဲမြံစွာ ချုပ်နှောင်ထားလိုက်သည်။ ထို့ကြောင့် သူမ လုံးဝ မတားဆီးနိုင်တော့ပေ။

ငွေရောင်ဝတ်ရုံ တရားသူကြီး လေးဦးသည် တုပိုင်ကို ထမ်းလျက် ပင်လယ်ဘက်သို့ လျှောက်သွားကြသည်။

သူတို့သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် နင်းလျှောက်ရင်း လီပေါင်း ထောင်ချီ ခရီးနှင်ခဲ့ကြသည်။ နောက်ဆုံးတွင် ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံး နေရာသို့ ရောက်ရှိလာခဲ့ကြလေ၏။

ကမ္ဘာ့အက်ကွဲကြောင်း...။ ပေမင်ဓားဂိုဏ်းက နှစ်ထောင်ချီ စောင့်ကြပ်ခဲ့သော ကြီးမားသည့် စွမ်းအင်အက်ကွဲကြောင်းကြီး။ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ က လောကနှစ်ခု၏ ကမ္ဘာများ ပေါင်းစည်းပြီး စုတ်ပြဲထွက်သွားရာမှ ကမ္ဘာ့အက်ကွဲကြောင်း ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ အရှေ့တိုင်းကမ္ဘာတစ်ခုလုံး၏ အဆုံးစွန် လျှို့ဝှက်ချက် ဖြစ်သည်။

နင်တောက်ရွှမ်က တစ်ဘဝစာ အမိန့်ကို ပေးလိုက်လေ၏။

“မြှုပ်နှံလိုက်...”

ထိုအချိန်တွင် ထူးဆန်းသော အလင်းရောင်နှင့် အရိပ်တစ်ခု တုပိုင်၏ ခန္ဓာကိုယ်မှ လွင့်ပျံထွက်လာသည်။ နင်တောက်ရွှမ်သည် တုပိုင်ကို ဖြေရှင်းရခက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်၏။

“မြှုပ်နှံလိုက်...”

ရုတ်တရက် ငွေရောင်ဝတ်ရုံ တရားသူကြီး လေးဦးသည် လက်ကို လွှတ်လိုက်ပြီး တုပိုင်၏ အလောင်းကို အောက်ခြေမဲ့ ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ချက်ချင်း ပစ်ချလိုက်ကြလေ၏။

“ဝှီးးးး”

ဤကမ္ဘာ့အက်ကွဲကြောင်းကား မည်သို့သော ပုံသဏ္ဌာန် ရှိသနည်း။ အတိုင်းအဆမဲ့ ကျယ်ပြောသော သမုဒ္ဒရာထဲတွင် ပေပေါင်း သောင်းချီ ကျယ်ဝန်းသော အက်ကွဲကြောင်းကြီးတစ်ခုဖြစ်၏။ ပင်လယ်ရေများသည် အဆုံးမရှိ နက်ရှိုင်းသော ရေတံခွန်ကြီးတစ်ခုပမာ အောက်သို့ ဒလဟော စီးဆင်းနေသည်။

“ဝုန်းးး... ဝုန်းးး... ရှဲ...”

အက်ကွဲကြောင်း၏ အဆုံးတွင် ပုံပျက်နေသော အလင်းရောင်နှင့် အရိပ်များသာ ရှိပြီး အရောင်များ အဆက်မပြတ် ပြောင်းလဲနေသည်။ နတ်ဆိုး၏ ကြီးမားသော ပါးစပ်ပေါက်ကြီး ပွင့်နေသကဲ့သို့ပင်။ အခြားကမ္ဘာတစ်ခုသို့ သွားရာ မိစ္ဆာတံခါးပေါက်နှင့် တူနေသည်။

တုပိုင်၏ ခန္ဓာကိုယ်သည် အောက်သို့ ဆက်တိုက် ပြုတ်ကျနေလေ၏။ ပေပေါင်း သောင်းချီ ပြုတ်ကျသွားပြီးနောက် နောက်ဆုံးတွင် သူသည် ကမ္ဘာ့အက်ကွဲကြောင်း၏ ပုံပျက်နေသော အလင်းရောင်နှင့် အရိပ်ထဲသို့ ရုတ်တရက် ဝင်ရောက်သွားလေပြီး လုံးဝ ပျောက်ကွယ်သွားတော့၏။

**--**--**--**--**--**--**--**

တုပိုင် ပြုတ်ကျသွားသည့် အခိုက်အတန့်၌ ထူးဆန်းသော အလင်းရောင်နှင့် အရိပ်တစ်ခုသည် တုပိုင်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ခွဲထွက်သွားပြီး ကောင်းကင်ယံထဲသို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

လေဟာပြင်တစ်ခုတွင် ထူးဆန်းသော အလင်းရောင်နှင့် အရိပ်လေးခု ပြန်လည် စုစည်းမိသွားကြသည်။

“အရမ်းစွန့်စားလွန်းတယ် ၊ အရမ်းစွန့်စားလွန်းတယ်”

အစိမ်းရောင်အလင်းရိပ်က စိုးရိမ်တကြီး ရေရွတ်လိုက်၏။ ရွှေရောင်အလင်းရိပ်က ပြန်ပြောသည်။

“တစ်နည်းအားဖြင့် ပြောရရင် အရာအားလုံးက ငါတို့ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားပြီ။ စနစ်ရှင်က အမှောင်ဒြပ်စင်ကို သောက်ပြီး လီရူဟိုင်ကို သတ်လိုက်တဲ့ အချိန်ကတည်းက ဒီနေ့ဖြစ်လာမယ့်ကိစ္စက သေချာပေါက် ဖြစ်လာတော့မှာ။ ကမ္ဘာ့အက်ကွဲကြောင်းထဲ သွားတာကလွဲပြီး တခြားနည်းလမ်း မရှိသလောက်ပါပဲ”

အစိမ်းရောင်အလင်းရိပ်က ထပ်ပြောသည်။

“မင်းတို့ အရမ်းရူးသွပ်လွန်းတယ်။ စနစ်ရှင်က အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက်ပဲ ရှိသေးတာ ၊ မင်းတို့က ပျိုးပင်ကို ဆွဲဆန့်သလို လုပ်နေတာ မဟုတ်တော့ဘူး။ ပြိုင်ဘက်ကင်း မြေအောက်မြို့တုန်းက ယူရေနီယမ်စွမ်းအင်တွေနဲ့ သွေးမျိုးဆက် ပြောင်းလဲတာကို ငါကန့်ကွက်ခဲ့တယ်။ မင်းတို့က သူ့ကို သေမင်းနှုတ်ခမ်းဝဆီ ထပ်ခါထပ်ခါ တွန်းပို့ခဲ့လို့ နောက်ဆုံးတော့ ဒီအခြေအနေအထိ ရောက်လာရတာပဲ”

အနီရောင်အလင်းရိပ်က ဖြတ်ပြောလိုက်သည်။

“အချိန်မရှိတော့ဘူး။ ငါတို့မှာ အချိန်မရှိတော့ဘူး။ အမြန်ဆုံးနဲ့ အန္တရာယ်အများဆုံး လမ်းကြောင်းကိုပဲ ရွေးချယ်နိုင်တော့မယ်”

အစိမ်းရောင်အလင်းရိပ်က ဆိုသည်။

“လက်ရှိ အရှင်သခင်က အခြေခံအားဖြင့် ခြေတစ်လှမ်း ငရဲထဲ ရောက်နေပြီ။ ငါတို့သာ မပါရင် အရှင်သခင်က ကမ္ဘာ့အက်ကွဲကြောင်းကို လုံးဝ ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး”

“ငါတို့က ကမ္ဘာ့အက်ကွဲကြောင်းထဲ လိုက်သွားလို့ မရဘူး။ သွားလိုက်တာနဲ့ ရန်သူတွေက ငါတို့ကို ရှာတွေ့သွားလိမ့်မယ်။ အဲဒီကျရင် စနစ်ရှင်က ငါတို့ကမ္ဘာမှာ ပေါ်သွားပြီး တကယ် သေသွားလိမ့်မယ်” အနီရောင်အလင်းရိပ်က သတိပေးလိုက်၏။

အစိမ်းရောင်အလင်းရိပ်က မေးသည်။

“ငါတို့မပါဘဲ သူဘယ်လို ဆက်သွားမှာလဲ”

ရွှေရောင်အလင်းရိပ်က ယုံကြည်မှုရှိစွာ ပြောသည်။

“ငါတို့မပါရင်တောင် သူက အရမ်းထက်မြက်တဲ့သူ ၊ ကံတရားက ရွေးချယ်ထားတဲ့သူ ဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့ပဲ ရှိတော့တယ်။ တစ်နေ့ကျရင် သူက ငါတို့ကို ဆုံးရှုံးပြီး တစ်ယောက်တည်း ရှေ့ဆက်ရမှာပဲလေ။ ဒါက လေ့ကျင့်ခန်းတစ်ခုပါပဲ။ တကယ်လို့ သူသာ လုံးဝ ကျရှုံးသွားရင်လည်း ဒါက သူ့ကံတရားပဲပေါ့”

ထို့နောက် အနီရောင်အလင်းရိပ်က ဆက်ပြောသည်။

“ပြီးတော့ သူက ကမ္ဘာ့အက်ကွဲကြောင်းထဲကို ဘယ်လိုပဲဖြစ်ဖြစ် သွားရမှာပဲလေ။ ဒါက ကံတရားရဲ့ အရှင်သခင်အဖြစ် သူ့ရဲ့ တာဝန်ပဲ”

အစိမ်းရောင်အလင်းရိပ်က ဆိုသည်။

“သွားရမှာက သေချာပါတယ်။ ဒါပေမဲ့ အဲဒါက သူအရမ်း ၊ အရမ်း စွမ်းအားကြီးလာတဲ့ အချိန်ကျမှလေ ၊ အခု မင်းတို့က သူ့ကို လွှတ်လိုက်ပြီ”

ရွှေရောင်အလင်းရိပ်က ပြတ်သားစွာ ပြောလိုက်သည်။

“ထားလိုက်ပါတော့ ၊ ငါတို့ရဲ့ ပထမဆုံး စနစ်ရှင်က ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပြီးပြီ ၊ တုပိုင်အတွက် လမ်းကြောင်းရှည်ကြီး ခင်းပေးထားပြီးသားပါ”

ပထမဆုံး စနစ်ရှင်။ ပေမင်ဘိုးဘေးလော။

ရွှေရောင်အလင်းရိပ်က ကြေညာလိုက်၏။

“စနစ်ရှင်တုပိုင် ၊ မသေမျိုးကို ဖျက်ဆီးမယ့် တာဝန်အသစ် စတင်ပါပြီ”

“တာဝန် ၁ - စနစ်ရှင် ပြန်လည်ရှင်သန်ခြင်း။”

“တာဝန် ၂ - စနစ်ရှင်၏ ယန်စွမ်းအင် ၁၀၀ ပြည့်ပြီး သာမန်ယောကျာ်းတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိခြင်း။”

“တာဝန် ၃ - စနစ်ရှင် ပေမင်မဟာအတတ်ကို သင်ယူခြင်း။”

“တာဝန် ၄ - မဟာဆရာသခင်အဆင့်ကို ချိုးဖျက်ခြင်း။”

“တာဝန် ၅...”

“တာဝန်အောင်မြင်နိုင်ချေ...”

ရွှေရောင်အလင်းရိပ်သည် စကားမဆုံးခင်မှာပင် တိတ်ဆိတ်သွားလေ၏။ ထို့အပြင် တုပိုင် သူ့ကို လုံးဝ မကြားရတော့ပေ။

“စနစ်ရှင်တုပိုင်... မင်းအဆုံးထိ လျှောက်လှမ်းနိုင်မယ်လို့ ငါယုံကြည်တယ် ၊ ငါတို့မရှိရင်တောင် မင်းက ကံတရားရဲ့ အရှင်သခင်ပဲ”

**--**--**--**--**--**--**--**

အချိန်မည်မျှ ကြာမြင့်သွားမှန်း မသိတော့ဘဲ တုပိုင် ပြန်လည်နိုးထလာသည်။ ထို့နောက် သူအသက်မရှူတော့ကြောင်း ၊ နှလုံးမခုန်တော့ကြောင်းနှင့် ခန္ဓာကိုယ်အပူချိန် မရှိတော့ကြောင်း တွေ့လိုက်ရလေ၏။ သူသည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ခုပမာ ဖြစ်နေသည်။

သူ လမ်းလျှောက်နိုင်သည်။ လက်နှင့်ခြေထောက်များကို ထိန်းချုပ်နိုင်သည်။ သို့သော် ခန္ဓာကိုယ်၏ အာရုံခံစားမှု လုံးဝ မရှိတော့သကဲ့သို့ ခံစားရသည်။ သူ့ခန္ဓာကိုယ် လုံးဝ သေဆုံးသွားသကဲ့သို့ပင်ဖြစ်နေ၏။

ထို့အပြင် သူသည် အလွန်ထူးဆန်းသော ကမ္ဘာတစ်ခုထဲ ရောက်နေသည်။ ကမ္ဘာတစ်ခုလုံးကို အလင်းနှင့် အရိပ်များဖြင့်သာ ဖွဲ့စည်းထားပြီး အဆက်မပြတ် ပုံပျက်ရှုံ့တွကာ ပြောင်းလဲနေသည်။ ထူးခြားသော စွမ်းအင်ဥမင်လိုဏ်ခေါင်းတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားရသည်။

မည်သည်သို့ ဖြစ်ပျက်သွားသနည်း။ သူဘာမှမသိတော့ပေ။ မင်းသမီးနင်းရွှဲ့နှင့် မင်္ဂလာဦးည ဆီမီးရောင်အောက်တွင် သူ့မှတ်ဉာဏ်များ ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။

ထိုအချိန်က သူသည် မင်းသမီးနင်းရွှဲ့၏ အဝတ်များကို ချွတ်ပြီး ဝိုင်တစ်ခွက် သောက်လိုက်သည်။ ထို့နောက် သွေးများ အထိန်းအကွပ်မဲ့ ပန်းထွက်လာသည်။ အစပိုင်းတွင် သွေးနီရောင် ၊ နောက်ပိုင်းတွင် သွေးမည်းများ ဖြစ်သည်။ နောက်ဆုံးတွင် သူလုံးဝ သတိလစ်သွားခဲ့သည်။

နောက်ပိုင်း မည်သို့ဆက်ဖြစ်သည်ကို လုံးဝ မသိတော့ပေ။ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ ဤနေရာကား မည်သည့်နေရာဖြစ်သည်နည်း။

တုပိုင် ငြိမ်သက်စွာ ရပ်နေပြီး ခဏမျှ စဉ်းစားလိုက်သည်။ အနည်းဆုံးတော့ မင်းသမီးနင်းရွှဲ့နှင့် မင်္ဂလာဦးည ကိစ္စတွင် စနစ်က မှန်ကန်ကြောင်း သူတွေ့ရှိလိုက်ရသည်။ ဤကဲ့သို့သော လူမှုဆက်ဆံရေးကိစ္စမျိုးသည် ရေလိုက်ငါးလိုက် ဖြစ်သင့်သည်မှာ အမှန်ပင်။ ထိုအချိန်က သူသည် အတ္တကြီးခဲ့သည်မှာ အမှန်ပင်။ မာနကြီးသည်ဟု မဆိုလိုသော်လည်း အတ္တတော့ အလွန်ကြီးခဲ့သည်။

“စနစ်... ငါမင်းနဲ့ စကားပြောချင်တယ်”

တုပိုင် ပြောလိုက်သည်။

သို့သော် စိတ်ထဲတွင် ဘာမှမရှိတော့။ မည်သည့် တုံ့ပြန်မှုမှ မရှိတော့ဘဲ မူလက စနစ်၏ အလင်းနှင့် အရိပ်ရှိနေသော နေရာသည် လုံးဝ မှောင်မိုက်နေလေ၏။ တုပိုင် အကြိမ်ကြိမ် ခေါ်သော်လည်း စနစ်က မတုံ့ပြန်ပေ။

မည်သို့ ဖြစ်ပျက်နေသနည်း။ စနစ်က သူ့ကို စွန့်ပစ်သွားပြီလော။ မဖြစ်နိုင်ပေ။ တုပိုင်သည် သူ့စိတ်ထဲရှိ မည်သည့် သတင်းအချက်အလက်ကိုမဆို ရူးသွပ်မတတ် လိုက်ရှာတော့သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်ကမ္ဘာ၏ ထောင့်တစ်နေရာတွင် စာတစ်စောင်ကို တွေ့လိုက်ရလေ၏။

“တောင်းပန်ပါတယ် စနစ်ရှင်... ငါတို့ရဲ့ ရူးသွပ်တဲ့ စွန့်စားခန်းကြောင့် မင်းသေလုနီးပါး ဖြစ်ခဲ့ရတယ်။”

“ယူရေနီယမ်စွမ်းအင်တွေက မင်းခန္ဓာကိုယ်ကို ဖြာထွက်ပြီး သွေးမျိုးဆက် ပြောင်းလဲဖို့ ကြိုးစားကတည်းက ငါတို့ ထိန်းချုပ်မရတဲ့ လမ်းကြောင်းပေါ် ရောက်နေခဲ့တာပါ။”

“တချို့ကိစ္စတွေက မသိနိုင်တာတွေနဲ့ ပြည့်နှက်နေပေမဲ့ ငါတို့ မင်းကို လုပ်ခိုင်းခဲ့မိတယ်။”

“မင်းအခု ကမ္ဘာ့အက်ကွဲကြောင်းထဲ ရောက်နေပါပြီ။ ငါတို့ မင်းနောက်ကို လိုက်မလာနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ လိုက်လာရင် ငါတို့ရဲ့ စွမ်းအားကြီးတဲ့ ရန်သူတွေက ငါတို့ကို အာရုံခံမိသွားပြီး လိုက်လာကြလိမ့်မယ်။ ပြီးရင် မင်းရော ငါတို့ကိုပါ လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်။”

“ဒါကြောင့် ဒီငရဲအက်ကွဲကြောင်း ခရီးစဉ်ကို မင်းဘာသာမင်း ဖြတ်ကျော်ရပါလိမ့်မယ်။”

“ဒီခရီးစဉ်အတွင်း မင်းပြန်လည်မွေးဖွားရမယ် ၊ ပြီးတော့ မင်းရဲ့ အဆုံးစွန်တာဝန်ကို နားလည်သဘောပေါက်ရမယ်”

“ရှေ့ဆက်သွားပါ... ရှေ့ဆက်သွားပါ...”

ထိုစာကို ဖတ်ပြီးနောက် စနစ်က ပြောချင်သော်လည်း မပြောခဲ့သည့် အရာများစွာ ကျန်နေသေးကြောင်း တုပိုင် သိလိုက်ရသည်။

ကမ္ဘာ့အက်ကွဲကြောင်း ဤသည်မှာ အမှန်တကယ်ပင် ကမ္ဘာ့အက်ကွဲကြောင်းလား။ ပေမင်ဓားဂိုဏ်း စောင့်ကြပ်နေသည့် နေရာ ၊ ကမ္ဘာ့ဝင်ပေါက်ဟု ခေါ်ဆိုသည့် နေရာလား။

ရှေ့ဆက်သွားရမည်...။ အမှန်စင်စစ် ရှေ့ဆက်သွားမည့် လမ်းကြောင်းတစ်ခုသာ ရှိပေသည်။ ဤဥမင်လိုဏ်ခေါင်းကဲ့သို့သော ကမ္ဘာကြီးထဲတွင် တုပိုင် ဆက်သွားရင်း ၊ ဆက်သွားရင်း အချိန်မည်မျှ ကြာသွားမှန်း မသိတော့ပေ။

ရုတ်တရက် ရှေ့တွင် အိမ်တစ်လုံး ပေါ်လာသည်။ ကျောက်အိမ်တစ်လုံး ဖြစ်သည်။ အိမ်က အလွန်သေးငယ်ပြီး စတုရန်းမီတာ ဒါဇင်အနည်းငယ်သာ ရှိပုံရသည်။

တုပိုင် ရှေ့တိုးသွားပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

ဒေါက်... ဒေါက်...

ပြန်ထူးသံ မရှိ။ တုပိုင် တံခါးကို ထပ်ခေါက်လိုက်သော်လည်း တုံ့ပြန်မှု မရှိသေးပေ။ သူ တံခါးကို အသာတွန်းဖွင့်လိုက်သည်။

ကျွီ.....။ အထဲတွင် စားပွဲတစ်လုံး ရှိပြီး စားပွဲပေါ်တွင် ဖယောင်းတိုင်တစ်တိုင် ထွန်းထားသည်။ မုတ်ဆိတ်မွေး ၊ ဆံပင်မွေး အားလုံး ဖြူဖွေးနေသော အဘိုးအိုတစ်ဦး တင်ပျဉ်ခွေ ထိုင်နေလေ၏။

သူ့နားရွက်များ လုံးဝ ပိတ်ထားပြီး နားသီးများမှာ အလွန်ကြီးမားကာ မျက်လုံးများကိုပင် ဖုံးအုပ်ထားသည်။

တုပိုင် ရှေ့တိုးသွားပြီး တိုးညှင်းစွာ ခေါ်လိုက်၏။

“စီနီယာ...”

တစ်ဖက်လူက မလှုပ်မယှက်။ တုပိုင် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ပြီး တွန်းလိုက်သည်။

“စီနီယာ...”

အဘိုးအို၏ နားသီးများ လျော့ရဲသွားပြီး ပုံမှန်နားရွက်များအဖြစ် ပြန်ပြောင်းသွားသည်။ ထို့နောက် သူမျက်လုံးဖွင့်လိုက်ပြီး တုပိုင်ကို အံ့ဩသော အကြည့်ဖြင့် ကြည့်ကာ ရေရွတ်လိုက်၏။

“ထူးဆန်းလိုက်တာ ၊ ထူးဆန်းလိုက်တာ... မင်းမှာ ဘာလို့ ခန္ဓာကိုယ် ရှိနေတာလဲ။ ဒီနေရာကို လူသေတွေပဲ လာနိုင်တာလေ”

ထိုအဘိုးအို၏ ခန္ဓာကိုယ်သည် အလင်းနှင့် အရိပ်သာ ဖြစ်သော်လည်း အစစ်အမှန်ခန္ဓာကိုယ်ကဲ့သို့ တည်ရှိနေကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။

ထို့နောက် အဘိုးအိုသည် တုပိုင်၏ အသက်ရှူသံကို နမ်းရှိုက်ကြည့်ပြီး အတည်ပြုလိုက်သည်။

“မင်း... မင်းလည်း သေနေပုံရတာပဲ”

ခဏအကြာတွင် သူ့မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။

“မင်းက ပေမင်ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်ရှင် ကောင်းကင်သခင်လား”

တုပိုင် ကြောင်အမ်းသွားရသည်။

ထို့နောက် အဘိုးအိုက မိတ်ဆက်လိုက်သည်။ “ငါက ပေမင်ဓားဂိုဏ်းရဲ့ ၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန် ပဲ”

တုပိုင် ထိတ်လန့်သွားလေ၏။

နင်တောက်ရွှမ် ၊ ကျီယင်ယင်နှင့် ကျီကျန်ယန်တို့၏ ဆရာသခင် ၊ ယခင်မျိုးဆက် ပေမင်ဂိုဏ်းချုပ် ရန်ထျန် လား။

သူ့အထောက်အထားကို မဆိုထားနှင့်ဦး ၊ နင်တောက်ရွှမ်နှင့် ကျီယင်ယင်ဆိုသော ပါရမီရှင် တပည့်နှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြင့်ပင် သူသည် ကောင်းကင်ကို အန်တုနိုင်သူ ဖြစ်နေပြီဖြစ်၏။

“မြန်မြန်... မင်းရဲ့ အထောက်အထားကို သက်သေပြစမ်း”

၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်က အလျင်စလို အမိန့်ပေးလိုက်၏။

“ငရဲမီးတောက်ကို ထုတ်ဖော်လိုက်... ငရဲမီးတောက်ကို ထုတ်ဖော်စမ်း...”

တုပိုင် စိတ်လှုပ်ရှားသွားပြီး ပုံမှန်အတိုင်း ငရဲမီးတောက်ကို ထုတ်လွှတ်ရန် အတွင်းအားကို စုစည်းလိုက်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀၉ + ၆၁၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters